## Trang 126

### ဝီထိပိုင်း

၂။ တထာ – ထိုမှတပါး၊ သုဂတိယံ-သုဂတိဘုံ၌၊ ဉာဏ
သမ္ပယုတ္တဝိပါကာနိ – ဉာဏသမ္ပယုတ် ဝိပါက်စိတ်တို့ကို
လည်း၊ နလဗ္ဘန္တိ-ကုန်။

၃။ ပန−ကား၊ ဒုဂ္ဂတိယံ−ဂ္ဂတိဘုံ၌၊ ဉာဏဝိပ္ပယုတ္တာနိ-
ဉာဏဝိပ္ပယုတ် ဖြစ်ကုန်သော၊ မဟာဝိပါကာနိစ-မဟာဝိပါက်
စိတ်တို့ကိုလည်း၊ နလဗ္ဘန္တိ-ကုန်။

၎င်းပုဂ္ဂိုလ် ၃ ယောက်သည် ထို ဘဝအတွက် ဈာန် မဂ် ဖိုလ်ကိုရဘို့ရန် မျှော်
လင့်ချက် မရှိရ၊ [ မဟဂ္ဂုတ် ဝိပါက်များကား (ဒွါရဝိမုတ်) ဝီထိမုတ် ဖြစ်၍
ဤ ဝီထိခဏ်းနှင့် မဆိုင်။]

၂။ တထာဉာဏ၊ပေ၊သုဂတိယံ-သုဂတိဘုံ၌ ထို ၃ ယောက်တွင်
သုဂတိအဟိတ်နှင့် ဒွိဟိတ် ၂ ယောက်သာဖြစ်ခွင့်ရှိ၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်
၂ ယောက် သန္တာန်၌ (ယခင်စိတ်များအပြင် မဟာဝိပါက် ဉာဏသမ္ပယုတ်
၄ ကို ထပ်၍နှုတ် ) ၄၁ ပါးသော စိတ်များသာ ရနိုင်သည်၊ ၄၁ ပါးကား
အသောဘနစိတ် ၃၀ တွင် ဟသိတုပ္ပါဒ်ကြဉ် ၂၉၊ မဟာကုသိုလ် ၈၊ မဟာ
ဝိပါက်ဉာဏဝိပ္ပယုတ် ၄ တည်း။

[ဆောင်] သု ဒွိ-ပုဂ္ဂလော, စိတ်ရဟောကား, အသောဘန – သုံးဆယ်
မှလျှင် . ဟသိကြဉ်မှု, မဟာကု ရှစ်, ဝိပါက်စစ်တွေး, ဉာဏ်
ဝိပ်လေး, မှတ်ရေး လေးဆဲ့တပါးတည်း။

၃။ ဒုဂ္ဂတိယံ၊ပေ၊မဟာဝိပါကာနိစ-ဒုဂ္ဂတိဘုံ၌ ပဋိသန္ဓေနေသူကား
ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်တည်း၊ ထိုပုဂ္ဂိုလ်သန္တာန်၌ မဟာဝိပါက် ဉာဏဝိပ္ပယုတ်
၄ ပါးလည်း မရ၊ ထို့ကြောင့် ယခင် ၄၁ ပါးတွင် ၄ ပါးထပ်နှုတ်, ၃၇ ပါး
သာ ရသည်။

---

## Trang 127

### နိဿယနှင့်အဓိပ္ပါယ်

၄။ တိဟေတုကေသုခ – တိဟိတ်ပုဂ္ဂိုလ် ၉ ယောက်တို့
တွင်ကား၊ ခီဏာသဝါနံ-ရဟန္တာပုဂ္ဂိုလ်တို့၏ ( သန္တာန်၌ )၊
ကုသလာကုသလဇဝနာနိ – ကုသိုလ် အကုသိုလ် ဇောတို့ကို၊
နလဗ္ဘန္တိ-ကုန်။

[ဆောင်] ဒု'ပုဂ္ဂလော, စိတ်ရ ဟောလျှင်, ယခင် လေးဆယ်, တပါး
ကယ်မှ, လေးသွယ်ဝိပါက်, ဉာဏ်ဝိပ်ဖျက်, မှတ်ချက် သုံးဆဲ့
ခုနစ်တည်း။

၄။ တိဟေကေသု၊ပေ၊န လ ဘ န္တိ – အလောဘ အဒေါသ အမောဟ
ဟိတ်သုံးပါးရှိသော မဟာဝိပါက် ဉာဏသမ္ပယုတ်, သို့မဟုတ် မဟဂ္ဂုတ်ဝိပါက်
စိတ်ဖြင့် ပဋိသန္ဓေနေသူကို "တိဟိတ်ပုဂ္ဂိုလ်" ဟု ခေါ်၏၊ ထိုတိဟိတ်ကား
ပုထုဇဉ် ၁, အရိယာ ၈ အားဖြင့် ၉ ယောက်ရှိ၏၊ ထိုတွင် ရဟန္တာသန္တာန်၌
ကုသိုလ် ၂၁, အကုသိုလ် ၁၂ မရထိုက်၊ အကုသိုလ်ကို အားလုံးပင် ပယ်ခဲ့ပြီ၊
ကုသိုလ်ဖြစ်ရမည့်အရာ၌ ကြိယာစိတ်များသာဖြစ်၏။

ထို့ကြောင့် ဝီထိစိတ် ၈၀ တွင် ၃၃ ကြဉ် ၄၇ ဖြစ်၏၊ နောက်၌
"လောကုတ္တရဇဝနာနိစ ယထာသကံ အရိယာနမေဝ သမုပ္ပန္တိ"ဟု ဆိုလတံ့
ဖြစ်သောကြောင့် အရိယာ ၁ ပါးလျှင် ကိုယ့်ဆိုင်ရာ လောကုတ္တရာစိတ်တပါး
သာ ရနိုင်ရကား, ယခင် ၄၇ တွင် အောက်ဖိုလ် ၃ ပါးကြဉ်, ၄၄ ပါးသာ
ရနိုင်၏၊ ၄၄ ပါး သရုပ်ကား အဟိတ် ၁၈, မဟာဝိပါက် မဟာကြိယာ ၁၆,
မဟဂ္ဂုတ်ကြိယာ ၉, အရဟတ္တဖိုလ် ၁ တည်း။

[ဆောင်] အရဟံ တိဟိတ်, ရသည့်စိတ်ကား, အဟိတ်မဟာ – ဝိပါကြိ
မဟဂ်ကြိဆို, အရဟတ္တဖိုလ်, မှတ်သိုလေးဆဲ့လေးပါးတည်း။

---

## Trang 128

### ဝီထိပိုင်း

၅။ တထာ-ထိုမှတပါး၊သေက္ခပုထုဇ္ဇနာနံ-သေက္ခပုဂ္ဂိုလ်
ပုထုဇဉ်ပုဂ္ဂိုလ် တို့၏(သန္တာန်၌)၊ ကြိယဇဝနာနိ-ကြိယာဇော
တို့ကို၊ နလဗ္ဘန္တိ-ကုန်။

၆။ သေက္ခာနံ-သေက္ခပုဂ္ဂိုလ်တို့၏ (သန္တာန်၌)၊ ဒိဋ္ဌိဂတ
သမ္ပယုတ္တဝိစိကိစ္ဆာဇဝနာနိစ - ဒိဋ္ဌိဂတသမ္ပယုတ်ဝိစိကိစ္ဆာ
ဇောတို့ကိုလည်း၊ နလဗ္ဘန္တိ-ကုန်။

၅။ တထာသေက္ခ၊ပေ၊ကြိယဇဝနာနိ- သေက္ခပုဂ္ဂိုလ်အရ အောက်
ဖလဋ္ဌပုဂ္ဂိုလ် ၃ ယောက်ကိုသာယူ၊ ဖလဋ္ဌပုဂ္ဂိုလ်များ သန္တာန်၌ မိမိဆိုင်ရာ
မဂ်စိတ် ၁ ပါးစီသာ ရ၏။ ပုထုဇ္ဇနာနံ-ဟု သာမညဆိုသော်လည်း တိဟိတ်
ပုထုဇဉ်ကိုယူ၊ ဤ တိဟိတ်ပုထုဇဉ်နှင့် သေက္ခ ၃ ယောက်သန္တာန်၌ ကြိယာ
ဇော ၁၈ ပါးလုံး မရထိုက်၊ တိဟိတ်ပုထုဇဉ်၌ လောကုတ္တရာ ၈ ပါးလည်း
မရထိုက်၊ ထို့ကြောင့်တိဟိတ်ပုထုဇဉ်၌ ဟသိတုပ္ပါဒ်ကြဉ် အသောဘန ၂၉,
မဟာကုသိုလ် မဟာဝိပါက် ၁၆, မဟဂ္ဂုတ် ကုသိုလ် ၉, ပေါင်း ၅၄ ပါး
ရသည်။

[ဆောင်] တိဟိတ်ပုဂ္ဂလော, စိတ်ရဟောကား, အသောဘန,
သုံးဆယ်မှလျှင်, ဟသိကြဉ်ခွါ,မဟာဟုဆို,ကုသိုလ်ဝိပါက်,
ဆဲ့ခြောက်ချက်နှင့်, မဂ်ကုကိုး, ဖြစ်ကြမျိုး, မှတ်ရိုးငါးဆဲ့
လေးပါးတည်း။

၆။ ဒိဋ္ဌိဂတ၊ပေ၊သေက္ခာနံ−အောက်ဖလဋ္ဌသေက္ခ ၃ ယောက်သန္တာန်၌
ကြိယာဇောများအပြင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄, ဝိစိကိစ္ဆာ သဟဂုတ်စိတ်
များလည်းမရထိုက်၊ ထို့ကြောင့် တိဟိတ်ပုထုဇဉ်၌ ရထိုက်သောစိတ် ၅၄ ပါး
တွင် ဤ ၅ ပါးကို ထပ်၍ ကြဉ်ပြီးလျှင် မိမိဖိုလ်စိတ် ၁ ကို ထပ်၍ ထည့်သော်,

### နိဿယနှင့်အဓိပ္ပါယ်

၇။ အနာဂါမိပုဂ္ဂလာနံပန-အနာဂါမ်ပုဂ္ဂိုလ်တို့၏(သန္တာန်
၌)ကား၊ ပဋိဃဇဝနာနိစ – ဒေါသမူဇောတို့ကိုလည်း၊ နလ
ဗ္ဘန္တိ-မရအပ်ကုန်။

၈။ လောကုတ္တရဇဝနာနိစ – လောကုတ္တရာဇောတို့သည်
ကား၊ ယထာသကံ-မိမိဥစ္စာအားလျော်စွာ၊ အရိယာနမေဝ–
သောတာပတ္တိဖလဋ္ဌနှင့် သကဒါဂါမိဖလဋ္ဌ ပုဂ္ဂိုလ် ၂ မျိုးလုံး၏ စိတ်ရ ဖြစ်
သည်။ [အနာဂါမ်အတွက် ထပ်၍ ကြဉ်ဦးလတံ့။]

[ဆောင်] သကဒါဂါမ်, သောတာပန် ဟု, နှစ်တန် ပုဂ္ဂလော, စိတ်ရ
ဟောလျှင်, ယခင်ငါးဆယ်, လေးပါးကယ်မှ, ငါးသွယ်ဒိဋ္ဌိ–
ဝိစိသဟဂုတ် , ပယ်ကြဉ် နှုတ်ဘိ,ကိုယ့်ဖိုလ်ထည့်, မှတ်သိ
ငါးဆယ် နှင်းနှင်းတည်း။

၇။ အနာဂါမိ၊ပေ၊ပဋိဃဇဝနာနိ-အနာဂါမ်ပုဂ္ဂိုလ်၏သန္တာန်၌
ကား ယခင် ၅၀ တွင် ဒေါသမူဇောကိုထပ်နှုတ်,သောတာပတ္တိဖိုလ်အရာ၌
အနာဂါမိဖိုလ်စိတ်ကို လဲ၍ထည့်, ၄၈ ပါးသော စိတ်များ ရ၏။

[ဆောင်] နာဂါမ် ပုဂ္ဂလော, စိတ်ရ ဟောလျှင်, ယခင် ငါးဆယ်,
ဒေါသမူ ပယ်၍ , လဲလှယ် ကိုယ့်ဖိုလ်, ထည့်သိပ်သို, မှတ်လို
လေးဆယ့် ရှစ်ပါးတည်း။

၈။ လောကုတ္တရဇဝနာ၊ ပေ ၊ သမုပ္ပဇ္ဇန္တိ — သောတာပတ္တိ မဂ္ဂဋ္ဌ
ပုဂ္ဂိုလ်၌ မိမိဥစ္စာဖြစ်သော သောတာပတ္တိမဂ်ဇော ဖြစ်၏၊ သောတာပတ္တိ
ဖလဋ္ဌပုဂ္ဂိုလ်သန္တာန်၌ မိမိဥစ္စာ ဖြစ်သော သောတာပတ္တိ ဖိုလ်ဇော ဖြစ်၏၊
ဤသို့စသည်ဖြင့် အရိယာ ၈ ယောက်တို့သန္တာန်၌ မိမိဥစ္စာဖြစ်သောလောကုတ္တရာ
ဇောများ စောကြသည်-ဟူလို။

---

## Trang 129

### ဝီထိပိုင်း

အရိယာပုဂ္ဂိုလ်တို့၏(သန္တာန်၌)သာလျှင်၊ သမုပ္ပဇ္ဇန္တိ-ကောင်း
စွာ ဖြစ်ကုန်၏၊ ဣတိ-ဤတွင် ပုဂ္ဂလဘေဒ အပြီးတည်း။

**သင်္ဂဟ**

၁။ အသေက္ခာနံ-ရဟန္တာပုဂ္ဂိုလ်တို့၏(သန္တာန်၌)၊
သမ္ဘဝါ-ဖြစ်သင့်သည်အားလျော်စွာ၊ စတုစတ္တာလီ
သ-လေးဆဲ့လေးပါးသော ဝီထိစိတ်ကို၊ ဥဒ္ဒိသေ-ညွှန်ပြရာ၏၊
သေက္ခာနံ − သေက္ခပုဂ္ဂိုလ်တို့၏ ( သန္တာန်၌ )၊ ဆပ္ပညာသ-
ငါးဆဲ့ခြောက်ပါးသောဝီထိစိတ်ကို၊ သမ္ဘဝါ-စွာ၊ ဥဒ္ဒိသေ-၏၊

[ သင်္ဂြိုဟ်ပါဠိ၌ ယထာရဟံ ——— ဟု ရှိသော်လည်း အဖွင့် ဋီကာများကို ၎င်း
ကမ္မဋ္ဌာန်းပိုင်း၌ လာမည့် "ယထာသက ဖလဝသေန သာဓာရဏာဝ"ဟူသော
ပါဌ်ကို၎င်း ထောက်၍ "ယထာသကံ"ဟု ပြင်လိုက်သည်။]

၉။ သင်္ဂဟဂါထာ

အသေက္ခာနံစတုစတ္တာလီသ — အသေက္ခပုဂ္ဂိုလ်သန္တာန်၌ စိတ်ပေါင်း
၄၄ ပါး ရနိုင်၏၊သို့သော် "သမ္ဘဝါ"ဟု ဆိုသောကြောင့် ၄၄ ပါးလုံးဖြစ်သင့်မှ
ဖြစ်ရမည်, မဖြစ်သင့်လျှင် မဖြစ်ရ၊ မဟဂ္ဂုတ်ဈာန် ၉ ပါးလုံးကိုရသော ရဟန္တာ
သန္တာန်၌သာ ၄၄ ပါးဖြစ်သင့်သည်၊ မဟဂ္ဂုတ်ဈာန် မရလျှင် (၁ ပါးမရလျှင်
၁ ပါးအတွက်, ၂ ပါးမရလျှင် ၂ ပါးအတွက်စသည် လျှော့၍ ၉ ပါးလုံး မရ
လျှင်) ၃၅ ပါးသာ ဖြစ်သင့်သည်။

သေက္ခာနံ ဆ ပညာသ-ဤဆပညာသကား သေက္ခပုဂ္ဂိုလ် ၇ ယောက်
လုံး အတွက် ပေါင်း၍ ပြသော သင်္ချာတည်း၊ သောတာပတ္တိဖလဋ္ဌ ပုဂ္ဂိုလ်
အတွက် ပြခဲ့သော ၅၀ ၌ မဂ်စိတ် ၄ ပါးနှင့် သကဒါဂါမိ ဖိုလ်စိတ် အနာ
ဂါမိဖိုလ်စိတ်ကို ထပ်၍ထည့်လျှင် ၅၆ ပါးဖြစ်၏၊သမ္ဘဝါ-ဟု ဆိုသောကြောင့်
သောတာပတ္တိ မဂ္ဂဋ္ဌပုဂ္ဂိုလ်၌ ရထိုက်သောစိတ် (သောတာပတ္တိ မဂ်စိတ် ၁ )

---

## Trang 130

### နိဿယနှင့်အဓိပ္ပါယ်

အဝသေသာနံ-ကြွင်းသော ပုထုဇဉ်ပုဂ္ဂိုလ်တို့၏(သန္တာန်၌၊)
စတုပညသ-ငါးဆဲ့လေးပါးသော ဝီထိစိတ်ကို၊ သမ္ဘဝါ-စွာ၊
ဥဒ္ဒိသေ-ညွှန်ပြရာ၏။

ဧတ္ထ - ဝီထိသင်္ဂဟ၌၊ အယံ - ဤ ဆိုအပ်ပြီးသော စကား
သည်၊ ပုဂ္ဂလဘေဒေါ − ပုဂ္ဂိုလ် အပြားဖြင့် စိတ်တို့ကို ခွဲခြား
ခြင်းတည်း။

သောတာပတ္တိ ဖလဋ္ဌပုဂ္ဂိုလ်၌ ရထိုက်သောစိတ် ၅၀,ဤသို့စသည်ဖြင့်၎င်း ဈာန်
မရသော သောတာပတ္တိ ဖလဋ္ဌပုဂ္ဂိုလ်ဖြစ်လျှင်မဟဂ္ဂုတ်ကုသိုလ် ၉ နှုတ်၍ ၄၀,
ဤသို့ စသည်ဖြင့်၎င်း ခွဲရာ၏။

အဝသေသာနံစတုပညာသ — အဝသေသာအရ သေက္ခ အသေက္ခမှ
ကြွင်းသော ပုထုဇဉ် ၄ ယောက်ကိုယူ၊ စတုပညာသ-ကားတိဟိတ် ပုထုဇဉ်၌
ရထိုက်သော ၅၄ ပါးပင်တည်း၊ သမ္ဘဝါ – ဟု ဆိုသောကြောင့် ဒုဂ္ဂတိ
အဟိတ်ပုဂ္ဂိုလ်၌ ရထိုက်သော စိတ် ၃၇, သုဂတိ အဟိတ်ဒွိဟိတ်တို့၌ ၄၁,
ဈာန်ရ တိဟိတ် ပုထုဇဉ်၌ ၅၄, ဈာန်မရလျှင် ၄၅ ဟုဖြစ်သလို(ရှေ့ကပြခဲ့သည့်
အတိုင်း) ခွဲခြားရာ၏။ ထို့ပြင် ကာမ ရူပ အရူပဘုံအားဖြင့်လည်း ခွဲခြားရလိမ့်
ဦးမည်၊ ယခုခွဲပြသောနည်းကား 'ကာမဘုံသား ပုဂ္ဂိုလ်များ အတွက်သာ
ဖြစ်၏၊ ရူပ အရူပ ဘုံသားတို့အတွက် ဘူမိဘေဒ အဆုံးကျမှ ခွဲပြပေအံ့။

ပုဂ္ဂလဘေဒ ပြီး၏။

---

### ဝီထိပိုင်း

**ဘူမိဝိဘာဂ**

၁။ ပန-ကား၊ကာမာဝစရဘူမိယံ- ကာမာဝစရ
ဘုံ၌၊ သဗ္ဗာနိပိ – အလုံးစုံလည်း ဖြစ်ကုန်သော၊
ဧတာနိဝီထိစိတ္တာနိ - ဤ ဝီထိစိတ်တို့ကို၊ ယထာရဟံ-ပုဂ္ဂိုလ်
အလိုက် ထိုက်သည်အားလျော်စွာ၊ ဥပလဗ္ဘန္တိ-ရအပ်ကုန်၏။

၂။ ရူပါဝစရဘူမိယံ – ရူပါဝစရဘုံ၌၊ ပဋိဃဇဝန တဒါ
ရမဏဝဇ္ဇိတာနိ - ဒေါသမူဇော တဒါရုံသည် ကြဉ်အပ်ကုန်
သော၊ ဧတာနိ ဝီထိစိတ္တာနိ-တို့ကို၊ လဗ္ဘန္တိ-န်၏၊

ဘူမိဝိဘာဂ။ ။ဘုံအပြားအားဖြင့် ရသင့်သော ဝီထိစိတ်တို့ကို ခွဲခြား
ဝေဘန်ပြရာ အပိုင်း အခဏ်းကို " ဘူမိဝိဘာဂ " ဟု ခေါ်သည်၊ အတိုချုပ်
အားဖြင့်–ဘုံ၌စိတ်ရ"ဟု ခေါ်စမှတ်ပြုကြ၏။

၁။ ကာမာဝစရဘူမိယံ၊ ပေ ၊ ဥပလဗ္ဘန္တိ — ကာမဘုံ၌ ဝီထိစိတ်
၈၀ လုံး ရထိုက်၏။ [ ဝီထိစိတ်ကို ပြရာ ဝီထိပိုင်းဖြစ်၍ ဝီထိမုတ်စိတ် ၉ ပါး
အတွက် အထူး မမြွက်ပြီ။ ]

ယထာရဟံ — ဝီထိစိတ် ၈၀ ရထိုက်သည်ဟု ဆိုရသော်လည်း (ပုဂ္ဂလ
ဘေဒ၌ ပြခဲ့သည့်အတိုင်း) အဟိတ် စသော ပုဂ္ဂိုလ်များအလိုက် ထိုက်သင့်
သလို ရကြသည်-ဟူလို။

၂။ ရူပါဝစရ၊ပေ၊တဒါရမဏဝဇ္ဇိတာနိ-ဈာန်ရပြီးနောက် ဒေါသ
ဖြစ်လျှင် ဈာန် ကွယ်၏၊ တဒါရုံကား ကာမဘုံသား သန္တာန်၌သာရထိုက်၏၊
"ကာမေဇဝနသတ္တာလမ္ဗနာနံ"စသည်ကိုသတိပြု၊ ထို့ကြောင့်(အသညသတ်မှ
တပါးသော ) ရူပဘုံ၌ ဒေါသမူဒွေးနှင့် တဒါရုံကိစ္စ တပ်သော မဟာဝိပါက်
စိတ် ၈ ပါး မရထိုက်၊ [သန္တီရဏ ၃ ကား သန္တီရဏ ကိစ္စ တပ်ခိုက် ရူပဘုံ၌
ဖြစ်ထိုက်သေး၏။]

### နိဿယနှင့်အဓိပ္ပါယ်

၃။ အရူပါဝစရဘူမိယံ- အရူပါဝစရဘုံ၌၊ ပဌမမဂ္ဂ ရူပါ
ဝစရ ဟသန ဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာနိစ- သောတာပတ္တိမဂ် ရူပါ
ဝစရစိတ် ဟသိတုပ္ပါဒ် အောက်အောက်သော အရူပစိတ်တို့
သည်လည်း ကြဉ်အပ်ကုန်သော၊ ဧတာနိ ဝီထိစိတ္တာနိ-တို့ကို၊
လဗ္ဘန္တိ-ကုန်၏။

၄။ စ.- ဆက်ဦးအံ့၊ သဗ္ဗတ္ထာပိ – အလုံးစုံသော ဘုံတို့၌
လည်း၊ တံတံပသာဒ ရဟိတာနံ-ထိုထို ပသာဒမှ ကင်းသော
ပုဂ္ဂိုလ်တို့၏ (သန္တာန်၌၊) တံတံဒွါရိက ဝီထိစိတ္တာနိ – ထိုထို
ဒွါရ၌ ဖြစ်သော ဝီထိစိတ်တို့ကို၊ နလဗ္ဘန္တေဝ - မရအပ်ကုန်
သည်သာလျှင်တည်း။

၃။ အရူပါဝစရ၊ပေ၊ဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာနိ-အရူပဘုံ၌ သောတာ
ပတ္တိမဂ်စိတ် ၁, (ဝိပါက်များကား ဝီထိမုတ်ဖြစ်၍ ကြဉ်ပြီးဖြစ်သောကြောင့်)
ရူပစိတ် ၁၀, ဟသိတုပ္ပါဒ်နှင့် အောက်အောက် အရူပစိတ်များမရ၊ ဥပမာ--
ဝိညာဏဉ္စာယတန ( ဒုတိယ ) ဘုံ၌ အာကာသာနဉ္စာယတန ကုသိုလ်နှင့်
ကြိယာစိတ် မရ, နေဝသညာ နာသညာယတန ( စတုတ္ထ) ဘုံ၌ အာကာသာ
နဉ္စာယတန ဝိညာဏဉ္စာယတန အာကိဉ္စညာယတန ကုသိုလ်ကြိယာများ
မရနိုင်ဟူလို။

၄။ သဗ္ဗတ္ထာပိစ၊ ပေ ၊ နလဗ္ဘန္တေဝ-- ဘယ်ဘုံ၌မဆို ထိုထို ပသာဒ
မရှိသူ့ သန္တာန်၌ ထိုထို ပသာဒ( ဒွါရ) နှင့် စပ်သော ဝီထိစိတ်များ မရထိုက်၊
ဥပမာ'စက္ခုပသာဒ ချို့နေလျှင် (မျက်စိ မမြင်လျှင် ) ကာမဘုံသားပင် ဖြစ်
သော်လည်း စက္ခုဒွါရိက ဝီထိစိတ်များ မရနိုင် စသည်ဖြင့် သိလေ။

" ရူပလောကေပန ဃာနာဒိတ္တယံ နတ္ထိ" ဟု ဆိုခဲ့သည့်အတိုင်း ရူပဘုံ၌
ဃာန ဇိဝှါ ကာယပသာဒတို့ မရှိသောကြောင့် ထို ပသာဒ ( ဒွါရ) နှင့်
စပ်သော ဃာနဝိညာဏ် ၂, ဇိဝှါဝိညာဏ် ၂, ကာယဝိညာဏ် ၂, ပေါင်း
၆ ပါးလည်း မရထိုက်၊

---

### ဝီထိပိုင်း

၅။ ပန−ကား၊ အသညသတ္တာနံ-အသညသတ်ပုဂ္ဂိုလ်တို့
၏(သန္တာန်၌၊) သဗ္ဗထာပိ-အလုံးစုံသောအပြားအားဖြင့်လည်း၊
စိတ္တပ္ပဝတ္တိ - စိတ်၏ ဖြစ်ခြင်းသည်၊ နတ္ထေဝ – မရှိသည်သာ
တည်း၊ ဣတိ-ဤတွင် ဘူမိဝိဘာဂ အပြီးတည်း။

**သင်္ဂဟ**

၆။ ကာမေ-ကာမဘုံ၌၊ အသိတိ-၈၀ သော၊ ဝီထိ
စိတ္တာနိ-ဝီထိစိတ်တို့ကို၊ ယထာရဟံ – ထိုထို ပုဂ္ဂိုလ်
အလိုက် ထိုက်သည်အားလျော်စွာ၊ လဗ္ဘရေ – ရအပ်ကုန်၏၊
ရူပေ-အသညသတ်ကြဉ်သော ရူပတဆဲ့ငါးဘုံ၌၊ စတုသဋ္ဌိ-
ခြောက်ဆဲ့လေးပါးသော၊ ဝီထိစိတ္တာနိ-တို့ကို၊ ယထာရဟံ-စွာ၊

အရူပဘုံ၌ ပသာဒရုပ် ငါးပါးလုံး မရှိသောကြောင့် ပဉ္စ
ဒွါရ၌ ဖြစ်လေ့ရှိသော ပဉ္စဒွါရာဝဇ္ဇန်း ဒွေးပဉ္စဝိညာဏ် ၁၀ သမ္ပဋိစ္ဆိုင်း ၂ နှင့်
သန္တီရဏ ၃ တို့လည်း မရထိုက်။

၅။ အသညသတ္တာ၊ပေ၊နတ္ထေဝ" [အသည = သညာ မရှိသော+
သတ္တ = သတ္တာ။] သညာ မရှိသော ဗြဟ္မာ သတ္တာကို "အသညသတ္တ" ဟု
ခေါ်၏၊ သညာတခုကို ခေါင်းတပ်၍ "အသည" ဟု ဆိုသည်၊ အသညသတ်
ဘုံသားတို့မှာ (သညာစေတသိက်သာ မက) စိတ်စေတသိက် ဟူသမျှ မရှိ။

၆။ သင်္ဂဟဂါထာ

အသီတိ ဝိထိစိတ္တာနိကာမ−ကာမဘုံ၌ ဝီထိစိတ် ၈၀ လုံး ထိုက်သလို
ရနိုင်၏၊ ထိုက်သလို ရပုံကို ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်၌ ၃၇, သုဂတိ အဟိတ်
ပုဂ္ဂိုလ်၌ ၄၁ စသည်ဖြင့် ပုဂ္ဂလဘေဒ၌ ပြခဲ့သည့်အတိုင်း သိလေ။

### နိဿယနှင့်အဓိပ္ပါယ်

လဗ္ဘရေ-န်၏၊ တထာ-ထိုမှတပါး၊ အရူပေ-အရူပလေးဘုံ၌၊
ဒွေစတ္တာလီသ – လေးဆဲ့ နှစ်ပါးသော၊ ဝီထိစိတ္တာနိ − တို့ကို၊
ယထာရဟံ-စွာ၊ လဗ္ဘရေ-န်၏။

ဧတ္ထ-ဤဝီထိသင်္ဂဟ၌၊ အယံ-ဤ ဆိုအပ်ပြီးသော စကား
သည်၊ ဘူမိဝိဘာဂေါ – ဘုံအားဖြင့် ဝီထိစိတ်တို့ကို ခွဲခြား
ဝေဘန်ခြင်းတည်း။

ရူပေ စတုသဋ္ဌိ — ရူပဘုံကား ယခင် ၈၀ တွင် ဒေါသမူ ၂, မဟာ
ဝိပါက် ၈, ဃာန ဇိဝှါ ကာယဝိညာဏ် ၆ ကို ကြဉ် ( ကြဉ်ရပုံကို စုဏ္ဏိယ
ပြန်ကြည့် ) ၆၄ ပါးသော ဝီထိစိတ်များ ရနိုင်၏၊ "ယထာရဟံ"အရ တိဟိတ်
ပုထုဇဉ်နှင့် ဖလဋ္ဌ ၄ ယောက်အတွက် နောက်၌ ခွဲပြလတံ့။

ရူပဘုံ၌ ဈာန်ရပုဂ္ဂိုလ်များချည်းသာ ဖြစ်ရသောကြောင့် ဒု သု ဒွိ ပုဂ္ဂိုလ်
၃ ယောက်မရှိ၊ မဂ္ဂဋ္ဌပုဂ္ဂိုလ်၌ မိမိဆိုင်ရာ မဂ်စိတ် ၁ သာ ဖြစ်ခွင့်ရှိ၍ အထူး
စိစစ်ဘွယ် မလို။

အရူပေဒွေစတ္တာလီသ — အရူပဘုံ၌ကား ရူပဘုံ၌ ရထိုက်သော ၆၄
တွင် သောတာပတ္တိမဂ် ၁, ရူပစိတ်(ကုကြိ)၁၀, ဟသိတုပ္ပါဒ် ၁, [ ၎င်း ၁၂
ပါးကြဉ်ရပုံကို စုဏ္ဏိယ ကြည့်၊] ပဉ္စဒွါရာဝဇ္ဇန်း ၁,စက္ခုဝိညာဏ်ဒွေး သောတ
ဝိညာဏ်ဒွေး သမ္ပဋိစ္ဆိုင်းဒွေး, သန္တီရဏ ၃, [ ၎င်း ၁၀ ကိုကား အရူပဘုံ၌
ပသာဒရုပ်လည်း မရှိ, တဒါရုံကိစ္စလည်း မတပ်နိုင်သောကြောင့် "သဗ္ဗတ္ထာပိ
တံတံပသာဒရဟိတာနံ"စသော စကားအရ ကြဉ်ရသည်။] ဤ ၂၂ ပါးသော
စိတ်များကိုကြဉ်, ကြွင်း ၄၂ ပါးရ၏၊ [ ဝတ္ထုသင်္ဂဟ၌ပြခဲ့သော"ဒွေစတ္တာလီသ"
အရနှင့် အတူပင်တည်း။]

ဘူမိဝိဘာဂ ပြီး၏။
