## Trang 176

ဇာတိရူပမေဝ - ဇာတိရုပ် တစ်ခုထည်းကိုပင်၊ ဥပစယသန္တတိ
နာမေန - ဥပစယ သန္တတိ အမည်ဖြင့်၊ ပဝုစ္စတိ – နှစ်မျိုး ခွဲ၍
ဆိုအပ်၏။ ဣတိ-ဤသို့၊ ဧကာဒသဝိဓမ္ပိ-တစ်ဆဲ့တစ်ပါး အပြား
ရှိသည်လည်းဖြစ်သော၊ ဧတံရူပံ- ဤရုပ်သည်၊ သရူပဝသေန-
သရုပ် သကောင်၏ အပြားအားဖြင့်၊ အဋ္ဌဝီသတိဝိဓံ - နှစ်ဆဲ့
ရှစ်ပါး အပြားရှိသည်၊ ဟောတိ-ဖြစ်၏။
သင်္ဂဟဂါထာ
ဘူတ-ပသာဒ ဝိသယာ- ဘူတရုပ် ပသာဒရုပ်
ဝိသယရုပ်တို့၎င်း၊ ဘဝေါ- ဘာဝရုပ်၎င်း၊ ဟဒယံ – ဟဒယ
ဝတ္ထု၎င်း၊ ဣစ္စဝိ-ဤသို့လည်း၊ ဇီဝိတာဟာရ ရုပေဟိ-ဇီဝိတ
အာဟာရရုပ်တို့နှင့်တကွ၊ အဋ္ဌာရသဝိဓံ - တစ်ဆဲ့ရှစ်ပါးအပြား
ရှိသော နိပ္ဖန္နရုပ်၎င်း၊ တထာ – ထိုမှ တစ်ပါး၊ ပရိစ္ဆေဒေါစ –
ပရိစ္ဆေဒရုပ်၎င်း၊ ဝိညတ္တိ-ဝိညတ်ရုပ်၎င်း၊ ဝိကာရော-ဝိကာရ
ရုပ်၎င်း၊ လက္ခဏံ-လက္ခဏရုပ်၎င်း၊ ဣတိစ-သို့လည်း၊ ဒသ-
ဆယ်ပါးကုန်သော၊ အနိပ္ဖန္နာစ - အနိပ္ဖန္နရုပ်တို့၎င်း၊ ဣတိ -
ဤသို့၊ အဋ္ဌဝီသဝိဓံ-နှစ်ဆဲ့ရှစ်ပါး အပြားရှိသည်၊ ဘဝေ-ဖြစ်၏။
အယံ-ဤသည်ကား၊ ဆဋ္ဌ- ရူပပရိစ္ဆေဒ၌၊ ရူပသမုဒ္ဒေသော-
ရူပသမုဒ္ဒေသတည်း။
က။ လေ့ကျင့်ခဏ်း မေးခွန်းများ
အဘယ်ကို ပရိစ္ဆေဒရုပ် ဟု သမုတ်သနည်း။
ခ။ အဘယ်ကို ဝိညတ်ရုပ် ဟု သမုတ်သနည်း၊ မည်မျှပြားသနည်း။
ဂ။ အဘယ်ကို ဝိကာရရုပ် ဟု သမုတ်သနည်း၊ မည်မျှ ပြားသနည်း။
ဃ။ လဟုတာ စသော ၃ ပါး၏ သဘောကို ပြပါ။
င။ အဘယ်ကို လက္ခဏရုပ် ဟု သမုတ်သနည်း၊ မည်မျှ ပြားသနည်း။
စ။ ဥပစယနှင့် သန္တတိအထူးကို လင်္ကာထောက်၍ ပြပါ။
ဆ။ ဥပစယနှင့် သန္တတိကို သုတ္တန်ပါဠိအလို ဘယ်ရုပ် ဟု ဆိုမည်နည်း။
ဇ။ သင်္ဂဟဂါထာကို အနက်ပေး၍ ရုပ်အမျိုးအမည် ၁၁ ကိုရေတွက်ပါ။
ဈ။ ဘူတရုပ် ၄၊ ပသာဒရုပ် ၅ စသည်ဖြင့် ၂၈ ပါးသရုပ်ကို ရေတွက်ပါ။
ည။ ရုပ် ၂၈ ပါးသရုပ်ကို ရေတွက်ရာ၌ ဝိသယရုပ် ၇ ပါး ဝိကာရရုပ် ၅ ပါး
ရှိပါလျက် အဘယ့်ကြောင့် ဝိသယရုပ် ၅ ပါး ဝိကာရရုပ် ၃ ပါးဟုသာ
ရေတွက်ရသနည်း။
ဋ။ နိပ္ဖန္နရုပ် အနိပ္ဖန္နရုပ်တို့ မည်မျှစီ ရှိသနည်း၊ ရေတွက်ပါ။
ရူပသမုဒ္ဒေသ ပြီး၏။

---

## Trang 177

ပန-အဘို့တစ်ပါးကား၊ ဣစ္စေဝံ – ဤဆိုအပ်ပြီး
နည်းဖြင့်၊ ဂဟိတပဋိသန္ဓိကာနံ-ယူအပ်
ပြီးသော ပဋိသန္ဓေ ရှိသူတို့၏၊ ပဋိသန္ဓိ နိရောဓာနန္တရတော-
ပဋိသန္ဓေစိတ် ချုပ်ခြင်း၏ အခြားမဲ့မှ၊ ပဘုတိ – စ၍၊ တမေဝ
အာရမ္မဏံ-ထို ပဋိသန္ဓေစိတ်၏ အာရုံကိုပင်၊ အာရဗ္ဘ – အာရုံ
ပြု၍၊ တဒေဝစိတ္တံ-ထိုပဋိသန္ဓေစိတ်သည်ပင်၊ ယာဝ စုတိစိတ္တုပ္ပါဒါ – စုတိစိတ် ဖြစ်ရာကာလ တိုင်အောင်၊ ပဝတ္တတိ-
ဘဝင်နှင့် စုတိ။ ။ ဣစ္စေဝံ ဂဟိတ၊ပေ၊ပဝတ္တတိ-ဤစကားကား ပဋိ
သန္ဓေနောက်မှစ၍ ဘဝင်စိတ် ဖြစ်ပုံကိုပြသော စကားတည်း၊ ဤ ဆိုခဲ့သည့်
အတိုင်း ပဋိသန္ဓေနေသူတို့ သန္တာန်၌ ( ဥပါဒ် ဌီ ဘင် စေ့၍ ) ပဋိသန္ဓေစိတ်
ချုပ်သည်၏ အခြားမဲ့၌ ၁၅ကြိမ် ၁၆ ကြိမ်ခန့် ဘဝင်ဆက်လက်၍ ဖြစ်သည်။
တဒေဝ အာရမ္မဏံ အာရဗ္ဘ — ထို ဘဝင်များသည် ပဋိသန္ဓေစိတ် ယူအပ်
သော အာရုံကိုပင် လိုက်၍ယူကြသည်၊ ပဋိသန္ဓေစိတ်က ကံကိုအာရုံပြုလျှင် ထို
ဘဝအတွက် ဘဝင်တို့လည်း ကံကိုချည်း အာရုံပြုရမည်-စသည်ဖြင့် သိလေ။
===
တဒေဝ စိတ္တံ = ပဋိသန္ဓေစိတ်နှင့် ဘဝင်စိတ်သည် တစ်မျိုးထည်းဖြစ်သော
ကြောင့် သဒိသူပစာနည်းဖြင့် "တဒေဝစိတ္တံ-ထို ပဋိသန္ဓေစိတ်"ဟု ဆိုသည်၊
စင်စစ်မှာ ပဋိသန္ဓေစိတ်က ချုပ်ပြီးဖြစ်၍ ထိုဘဝ၌ ထပ်၍ မဖြစ်နိုင်တော့ပြီ၊
ထို ပဋိသန္ဓေစိတ်နှင့် အလားတူ စိတ်သာလျှင် ဘဝင်ကိစ္စ တပ်၍ ဖြစ်ခွင့်ရှိ
တော့သည်၊ ဥပမာ – ခြောက်ပါးဆေးကို ဘုဉ်းပေးလေ့ရှိသော ဘုဉ်းတော်
ကြီးသည် မနေ့ကစားပြီးနောက် ယနေ့တစ်ဖန် "မနေ့တုန်းက ဆေးကလေးကို
ကပ်စမ်းပါဦး" ဟု ဆိုပြန်ရာ၌ မနေ့တုန်းက ဆေးမှာ စားပြီးဖြစ်ရကား ထို
ဆေးနှင့်တူသော ၆ ပါးဆေးကိုပင် "မနေ့ကဆေး" ဟု ခေါ်သကဲ့သို့တည်း၊
ထို့ကြောင့် ပဋိသန္ဓေစိတ်က မဟာဝိပါက် ပဌမစိတ် ဖြစ်လျှင် တစ်ဘဝလုံး
အတွက် ဘဝင်များလည်း မဟာဝိပါက် ပဌမ စိတ်ချည်း ဖြစ်၏-စသည်ဖြင့်
သိလေ။
---
ဝီထိစိတ် ဖြစ်ခြင်းသည်၊ အသက္က မရှိလျှင်သော်၊ ဘဝဿ-
ဘဝ၏၊ အင်္ဂဘာဝေန – အကြောင်း၏ အဖြစ်ကြောင့်၊ ဘဝင်္ဂ
သန္တတိသင်္ခါတံ-ဘဝင်အစဉ်ဟု ဆိုအပ်သော၊ မာနသ-စိတ်
သည်၊ အဗ္ဗောစ္ဆိန္နံ – မပြတ်မစဲ၊ နဒီသောတော ဝိယ- မြစ်ရေ
အယဉ်ကဲ့သို့၊ ပဝတ္တတိ-ဖြစ်၏၊ ပရိယောသာနေ စ-ဘဝအဆုံး
၌လည်း၊ စဝနဝသေန ရွေ့လျောခြင်း၏အစွမ်းဖြင့်၊ စုတိစိတ္တံ-
စုတိစိတ်သည်၊ ဟုတွာ-ဖြစ်၍၊ နိရုဇ္ဈတိ-ချုပ်၏။
သံသရာစက် လည်ပုံ တတော-ထို စုတိစိတ်မှ၊ ပရဉ္စ-နောက်၌
လည်း၊ ပဋိသန္ဓာဒိဝသေန-ပဋိသန္ဓေ အစရှိ
သော စိတ်တို့သည်၊ ရထစက္ကမိဝ-ရထားစက်ဘီးသည်ကဲ့သို့၊
ပရိဝတ္တန္တိ-အဆက်ဆက်လည်ကုန်လျက်၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။
---
ဘဝဿ အင်္ဂဘာဝေန-ဤကား "ဘဝင်" ပုဒ်၏ အနက်ကို ပြသော
စကားတည်း၊ "ဘဝဿ+အင်္ဂ = ဘဝင်္ဂ" ဝီထိစိတ် ပြတ်သည့်အခါ ဘဝင်
ဆက်၍မဖြစ်လျှင် ဘဝပြတ်၍ စုတေရတော့၏၊ ထိုကြောင့် ဘဝင်ကို "ဘဝ၏
အကြောင်း ဖြစ်သော ( ဘဝ မပြတ်အောင် ဆက်စပ်ပေးသော ) စိတ်" ဟု
ဆိုရသည်၊ ထိုဘဝင်စိတ်များသည် အကြိမ်ပေါင်းများစွာဆက်၍ မြစ်ရေအယဉ်
စီးသကဲ့သို့ ဖြစ်လေသည်။
---
ပရိယောသာနေ စ ၊ ပေ ၊ နိရုဇ္ဈတိ-ဘဝ ဆုံးသည့် အခါ၌လည်း
ထို ပဋိသန္ဓေစိတ်နှင့် အလားတူ စိတ်သည်ပင်လျှင် စုတိစိတ် ဖြစ်၍ ချုပ်၏၊
ဤစကားစဉ်ဖြင့် "တစ်ဘဝ တစ်ဘဝ၌ ပဋိသန္ဓေဘဝင် စုတိစိတ်ဟူ၍ တစ်မျိုးထည်း
သာ ဖြစ်၍ တစ်မျိုးထည်းသော အာရုံကို ယူကြကုန်၏" ဟု ပြသည်၊ "ပဋိသန္ဓေ
ဘဝင်္ဂစုတိ" စသော ဂါထာစကားနှင့် အဓိပ္ပါယ်တူပင်တည်း။

---

## Trang 178

ယထာက္ကမံ ဝ - အကြင်အကြင် အစဉ်ရှိတိုင်း သာလျှင်၊ ပရိ
ဝတ္တန္တိ-အဆက်ဆက်လည်ကုန်လျက်၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။
နိဂုံး
ဣဓ- ပစ္စုပ္ပန် ဘဝ၌၊ ပဋိသန္ဓေ ဘဝင်္ဂစုတိယော – ပဋိ
သန္ဓေ ဘဝင် စုတိစိတ်တို့သည်၎င်း၊ စုတိစ – စုတိစိတ်
သည်၎င်း၊ (ပရိဝတ္တန္တိ ယထာ - ဆက်ကာ ဆက်ကာ ဖြစ်ကုန်
သကဲ့သို့၊ ) တထာ- ထို့အတူ၊ ဘဝန္တရေ- ဘဝတစ်ပါး၌၊ ပုန-
တစ်ဖန်၊ စုတိဘဝင်္ဂါဒိ- ပဋိသန္ဓေဘဝင် အစရှိသော၊ (ဣတိ
သဒ္ဒါ-အာဒိနှင့် အနက်တူ၊) အယံစိတ္တသန္တတိ- ဤ စိတ်အစဉ်
သည်၊ ပရိဝတ္တတိ-ဆက်ကာ ဆက်ကာ ဖြစ်၏။
သံသရာစက် လည်ပုံ
တတော ပရဉ္စ၊ပေ၊ ပဝတ္တန္တိ-ဤစကားကား သံသရာစက် လည်ပုံကို
ပြသောစကားတည်း၊ စုတိစိတ် ချုပ်ပြီးနောက်၌လည်း (ရဟန္တာ မဖြစ်သေး၍
ဘဝဇာတ် မသိမ်းသေးလျှင်) ပဋိသန္ဓေ ဘဝင် စုတိ ဟူသော စိတ်တို့သည်
ရထား၌ တပ်ထားအပ်သော စက်ဘီး၏ လည်ပုံကဲ့သို့ ဆက်ကာ ဆက်ကာ
ချာချာ ရစ်ပတ် မပြတ် ဖြစ်ပြန်တော့သည်။
ဝီထိနှင့် ဝီထိမုတ်ပိုင်း နိဂုံး
"ပဋိသန္ဓိဘဝင်္ဂဝီထိယော"စသော ဂါထာလည်း သံသရာစက်လည်ပုံ
ပြလျက် "ဝီထိပိုင်း-ဝီထိမုတ်ပိုင်း" ၂ ပိုင်းလုံးကိုပင် နိဂုံးအုပ်သော ဂါထာ
တည်း၊ ဤ ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိများ ဆက်ကာ ဆက်ကာ
ဖြစ်ကြသကဲ့သို့ နောင်ခံဘဝ၌လည်း ဤနည်းအတိုင်း (နိဗ္ဗာန် မရမခြင်း) ဖြစ်ပြန်
လေသည်-ဟူလို။
---
ပန-သံသရာစက်ပြတ်ကိန်းကား၊ ဗုဓာ-
သံသရာစက် ပြတ်ကိန်း
တိဟိတ်ပဋိသန်, ပင်ကိုယ်ဉာဏ် ရှိသူ
တို့သည်၊ စိရာယ-ကြာမြင့်စွာသောကာလပတ်လုံး၊ သဗ္ဗတာ-
သီလဖြူစင်, ဓူတင်ကိုဖြည့်, သမာဓိလောင်း, ကောင်းသော
အကျင့်ရှိကုန်သည်ဖြစ်၍၊ ဧသံ- စိတ်စေတသိက်, ပေါင်းကြိတ်
တည်ထွင်, ဤ ဖြစ်ပုံ အစီအစဉ်ကို၊ အဒ္ဓုဝံ-ဖြစ်ချည်ပျက်ချည်,
အမြဲ မတည်ပါတကား ဟူ၍၊ ပဋိသင်္ခါယ – ဝိပဿနာဉာဏ်
ပညာဖြင့်, ထင်စွာသိမျှ, ကြည့်ရှုဆင်ခြင်ကြကုန်သည် ရှိသော်၊
အစ္စုတံ-စုတေရွေ့လျော, သေရခြင်းသဘော မရှိသော၊ ပဒံ-
နိဗ္ဗာန်ကို၊ အဓိဂစ္ဆန္တိ-မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့်, အမှန်သိခြင်း
ကြောင့်၊ သုသမုစ္ဆိန္န သိနေဟဗန္ဓနာ - ကြွင်းမဲ့ သွေ့ခြောက်,
ဖြတ်တောက်အပ်ပြီး, တဏှာ တည်းဟူသော အစေး အဖွဲ့
ရှိကြကုန်သည်ဖြစ်၍၊ သမံ-သင်္ခါရ ခပ်သိမ်းတို့၏, ပြတ်ငြိမ်း
ရာမှန်, ဧကံနိဗ္ဗာန်သို့၊ ဂစ္ဆန္တိ – ဧကန်ထုတ်ချောက်, ရောက်ရ
ကုန်လတ္တံ့။
အဘိဓမ္မတ္ထသင်္ဂဟေ၊ ဝီထိမုတ္တသင်္ဂဟ ဝိဘာဂေါ နာမ-
ဝီထိမုတ္တသင်္ဂဟဝိဘာဂ မည်သော၊ ပဉ္စမော – ငါးခုမြောက် ပိုင်း တို့၏
ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-သည်၊ ဣတိ-ပြီးပြီ။
သံသရာစက် ပြတ်ကိန်း
ပဋိသင်္ခါယ ပနေတံ အဒ္ဓုဝံ-ဂါထာကား သံသရာစက် ပြတ်နိုင်သော ကိန်းကို
ပြညွှန်းလျက် တိုက်တွန်းကြောင်း ဖြစ်သော "ဥယျောဇဉ်" ဂါထာတည်း၊
အဓိပ္ပါယ်ကို အနက်အတိုင်း သိလေ။

---

## Trang 179

၁။ ပန-အဘို့တစ်ပါးကား၊ သဗ္ဗဉ္စ-အလုံးစုံလည်း
ဖြစ်သော၊ ဧတံရူပံ - ဤရုပ်သည်၊ အဟေတုကံ
ဝ-အဟေတုကချည်သာတည်း၊ [အပ္ပဟာတဗ္ဗံ ဝ မှ ဧဝကို
ပုဒ်တိုင်းလိုက်၍ပေး၊ သပ္ပစ္စယံဝ-သပ္ပစ္စယချည်သာတည်း၊
သာသဝံဧဝ – သာသဝချည်သာတည်း၊ သင်္ခတံဧဝ – သင်္ခတ
ချည်သာတည်း၊ လောကိယံဝ - လောကိယချည်သာတည်း၊
ကာမာဝစရံဧဝ – ကာမာဝစရ ချည်သာတည်း၊ အနာရမ္မဏ
ဧဝ-အနာရမ္မဏချည်သာတည်း၊ အပ္ပဟာတဗ္ဗံဧဝ – အပ္ပဟာ
တဗ္ဗချည်သာတည်း၊ ဣတိ - ဤသို့၊ ဧကဝိဓံပိ - တစ်ပါးစီသာ
အဘို့ရှိသော်လည်း၊ အဇ္ဈတ္တိကဗာဟိယာဒိဝသေန-အဇ္ဈတ္တိက
ရုပ် ဗာဟိယရုပ် အစရှိသည်တို့၏ အပြားအားဖြင့်၊ ဗဟုဓာ-
များသော အပြားအားဖြင့်၊ ဘေဒံ – ကွဲပြားခြင်းသို့၊ ဂစ္ဆတိ-
ရောက်၏။
ကထံ-အဘယ်သို့ ပြားသနည်း။
---
ရူပဝိဘာဂ။ ။ရုပ် ၂၈ ပါးကို အဇ္ဈတ္တိကရုပ်တစ်မျိုး ဗာဟိယရုပ်
တစ်မျိုးစသည်ဖြင့် ခွဲခြားဝေဘန်ရာ အပိုင်းအခဏ်းကို ရူပဝိဘာဂ ဟု ခေါ်၏။
သဗ္ဗဉ္စ ၊ ပေ ၊ ဘေဒံ ဂစ္ဆတိ-ကား ခွဲခြား ဝေဘန်ဘို့ရာ ရှေးဦးစွာ ပလ္လင်ခံ
အချီစကားတည်း။
---
အဟေတုကံ-အလောဘ စသော ဟိတ်များနှင့် မယှဉ်သောကြောင့် ရုပ်
ဟူသမျှ "အဟေတုက" ချည်သာတည်း၊ အဟေတုကံ ဧဝ၌ ဧဝ
သဒ္ဒါဖြင့် "သဟေတုကရုပ် မရှိ" ဟု ကန့်သည်။
---
သပ္ပစ္စယံ — ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်း ရှိသောကြောင့်
သပ္ပစ္စယ ချည်သာတည်း၊ အပ္ပစ္စယရုပ် မရှိ ဟု ကန့်။ [ ကံ စိတ် ဥတု
အာဟာရ ဟူသော အကြောင်း တစ်ခုခုကြောင့် ဖြစ်ရသည်ကိုပင်
အကြောင်းရှိသည်ဟု ဆိုသည်။]
---
သာသဝံ — [ သ+အာသဝ ] ကာမာသဝ ဘဝါသဝစသော အာသဝေါ
တရားတို့၏ အာရုံ ဖြစ်သောကြောင့် "သာသဝ" ချည်သာတည်း၊
အနာသဝရုပ် မရှိ ဟု ကန့်။
---
သင်္ခတံ-ကံ စသော အကြောင်းတစ်ခုခုသည် ပြုစီမံအပ်သောကြောင့် "သင်္ခတ
ချည်သာတည်း၊ အသင်္ခတရုပ် မရှိ ဟု ကန့်။
---
လောကိယံ — "သဗ္ဗေ သင်္ခါရာ အနိစ္စာ" အရ သင်္ခါရ လောက၌ ပါဝင်
သောကြောင့် "လောကိယ" ချည်းသာတည်း၊ လောကုတ္တရာရုပ် မရှိ
ဟု ကန့်။
---
ကာမာဝစရံ — ကာမတဏှာ၏ ( အာရုံပြုရာ ) ကျင်လည်ရာ ဖြစ်သော
ကြောင့် "ကာမာဝစရ" ချည်းသာတည်း၊ ရူပါဝစရ စသည် မဟုတ်
ဟု ကန့်၊ [ကာမာဝစရ တရားဆိုလျှင် စိတ်တစ်မျိုးသာ ရှိ၏ဟု ထင်
တတ်သည်၊ သတိပြု။]
---
အနာရမ္မဏ-စိတ် စေတသိက်တို့ကဲ့သို့ အာရုံကို မယူနိုင် သောကြောင့်
"အနာရမ္မဏ" ချည်သာတည်း၊ သာရမ္မဏရုပ် မရှိ ဟု ကန့်။
---
အပ္ပဟာတဗ္ဗ — အကုသိုလ် ကိလေသာကဲ့သို့ ပယ်ဘို့ရာ မဟုတ် ( ပယ်၍
လည်း မဖြစ် ) သောကြောင့် ရုပ်ဟူသမျှ – "အပ္ပဟာတဗ္ဗ"ချည်သာ
တည်း၊ ပဟာတဗ္ဗရုပ်ဟူ၍ မရှိ ဟု ကန့်။
---
ဣတိ ဧကဝိဓံပိ - ဤ နည်းအားဖြင့် စိစစ်လျှင် ရုပ် ဟူသမျှသည် တစ်ပါးစီ
( တစ်ဘို့စီ တစ်မျိုးစီ တစ်ပုံစီ ) သာ ရှိ၏၊ သို့သော် အဇ္ဈတ္တိက ဗာဟိယ
စသည်ဖြင့်ကား အများပင် ကွဲပြားနိုင်၏ ဟူလို။

---

## Trang 180

၂။ ပသာဒသင်္ခါတံ-ပသာဒဟု ဆိုအပ်သော၊ ပဉ္စဓမ္ပိ-
ငါးပါး အပြားရှိသည်လည်း ဖြစ်သောရုပ်သည်၊ အဇ္ဈတ္တိက
ရူပံနာမ – အဇ္ဈတ္တိကရုပ် မည်၏၊ ဣတရံ-ကျန် ၂၃ ပါးသော
ရုပ်သည်၊ ဗာဟိယရူပံနာမ-ဗာဟိယရုပ် မည်၏။
၃။ ပသာဒ ဟဒယသင်္ခါတံ – ပသာဒရုပ် ဟဒယရုပ် ဟု
ဆိုအပ်သော၊ ဆဗ္ဗိဓံ-ခြောက်ပါး အပြားရှိသည်လည်း ဖြစ်
သောရုပ်သည်၊ ဝတ္ထုရူပံနာမ-ဝတ္ထုရုပ်မည်၏၊ ဣတရံ-ကျန်
၂၂ ပါးသောရုပ်သည်၊ အဝတ္ထုရူပံ နာမ-အဝတ္ထုရုပ်မည်၏။
၄။ ပသာဒ ဝိညတ္တိသင်္ခါတံ – ပသာဒရုပ် ဝိညတ်ရုပ် ဟု
ဆိုအပ်သော၊ သတ္တဝိဓမ္ပိ – ခုနစ်ပါး အပြားရှိသည်လည်းဖြစ်
သောရုပ်သည်၊ ဒွါရရူပံနာမ – ဒွါရရုပ် မည်၏၊ ဣတရံ – ကျန်
၂၁ ပါးသော ရုပ်သည်၊ အဒွါရရူပံ နာမ – အဒွါရရုပ် မည်၏။
---
၂။ အဇ္ဈတ္တိက ဗာဟိယရုပ်။ ။အတွင်းဖြစ်သော ရုပ်ကို အဇ္ဈတ္တိက
ရုပ်၊ ပြင်ပဖြစ်သော ရုပ်ကို ဗာဟိယရုပ် ဟု ခေါ်သည်၊ "အတွင်း အပြင်
ဟူရာ၌ – ခန္ဓာကိုယ်၏ အတွင်း၊ ခန္ဓာကိုယ်၏ ပြင်ပ" ဟု မမှတ်လင့်၊ ခန္ဓာ
ကိုယ်၌ အတူတူ ဖြစ်ကြသော်လည်း ခန္ဓာကိုယ်၌ ကျေးဇူး အများဆုံး ဖြစ်
သောရုပ်ကို အဇ္ဈတ္တိက ( အတွင်းရုပ်) ဟု ခေါ်သည်၊ ဥပမာ-အိမ်မှုကိစ္စ၌
ကျေးဇူးအများဆုံးသူကို "အတွင်းလူ" ဟု ခေါ်ရသကဲ့သို့တည်း။
စက္ခု သောတ စသော ပသာဒရုပ် တို့သည် ခန္ဓာကိုယ်၌ ကျေးဇူးများ
ကြ၏။ ၎င်းတို့မပါလျှင် ကိုယ်နှင့်ဆိုင်ရာကိစ္စများ ပြီးစီးနိုင်ဘွယ်မရှိ၊ မျက်စိ နား
နှာ ပျက်နေသူကို သတိပြုလေ၊ ထို့ကြောင့် စက္ခုစသော ပသာဒရုပ် ငါးပါးကို
ခန္ဓာကိုယ်၌ ကျေးဇူးများသည့် အတွက် အဇ္ဈတ္တိကရုပ် ဟု ဆိုအပ်လေသည်၊
ခန္ဓာကိုယ်၌ အဇ္ဈတ္တိကရုပ် များလောက် ကျေးဇူး မများသောကြောင့် ကျန်
၂၃ ပါးကို ဗာဟိယ ( ပြင်ပ) ရုပ် ဟု ဆိုအပ်လေသည်။
[ဆောင်] (က) ခန္ဓာကိုယ်အား၊ ကျေးဇူးများသဖြင့်၊ မှတ်သားလေဘိ၊
အဇ္ဈတ္တိက၊ မည်နာမ၊ ခေါ်ကြ အတွင်းရုပ်။
(ခ) ကျေးဇူးအင်အား၊ တယ်မများသဖြင့်၊ မှတ်သားဘွယ်
လျှင်း၊ ကြွင်းဗာဟိယ၊ မည်နာမ၊ ခေါ်ကြ အပြင်ရုပ်။
---
၃။ ဝတ္ထု အဝတ္ထုရုပ်။ ။မှီရာရုပ်ကို ဝတ္ထု၊ မှီရာ မဟုတ်သော ရုပ်ကို
အဝတ္ထုရုပ် ဟု ခေါ်သည်၊ "မှီ" ဟူရာ၌ ထပ်၍ ကပ်၍ မှီသော အမှီမျိုး
မဟုတ်၊ ဆရာ မိဘကို တပည့် သားသမီးတို့က မှီခိုနေသည်၊ ဆရာမိဘ မရှိလျှင်
မဖြစ်နိုင် - မကြီးပွားနိုင်၊ ဆရာ မိဘ ရှိမှ ဖြစ်ရ ကြီးပွားရသကဲ့သို့၊ ထို့အတူ
ထို ဝတ္ထုရုပ်များ မရှိလျှင် ဆိုင်ရာ စေတသိက်များ မဖြစ်နိုင်၊ ဝတ္ထုရုပ်များ ရှိမှ
သာ ဖြစ်နိုင်သောကြောင့် စိတ် စေတသိက်တို့က ထို ရုပ်များကို "မှီသည်" ဟု
ဆိုရလေသည်၊ စက္ခု ပသာဒကို စက္ခု ဝိညာဏ် စိတ်နှင့် စေတသိက် တို့က
မှီသည်-စသည်ဖြင့် ဝတ္ထုသင်္ဂဟ ကြည့်၍ သိလေ။
၄။ ဒွါရ အဒွါရ ရုပ်။ ။ပကတိ တံခါးပေါက်သည် လူတို့ ထွက်ဝင်
ကြောင်း ဖြစ်သကဲ့သို့ ထို့အတူ "အကြောင်း" ဖြစ်သော ရုပ်ကို ဒွါရရုပ် ဟု
ခေါ်၏၊ စက္ခုပသာဒသည် စက္ခုဒွါရိက ဝီထိစိတ်တို့၏ ဖြစ်ကြောင်းတည်း၊
သောတ ဃာန ဇိဝှါ ကာယ ပသာဒသည် သောတ ဃာန ဇိဝှါ ကာယ
ဒွါရိက ဝီထိစိတ်တို့၏ ဖြစ်ကြောင်းတည်း၊ ၎င်း ၅ ပါးကို ဥပ္ပတ္တိဒွါရ ( ဝီထိ
စိတ်၏ ဖြစ်ကြောင်း) ဟု ဆို၏။
ကာယဝိညတ်သည် ကာယကံ ၃ ပါး၏ ဖြစ်ကြောင်းတည်း၊ များသော
အားဖြင့် ကိုယ်လက် လှုပ်ရှားမှုကို ပြုမှသာ ကာယကံများ ထမြောက်နိုင်၏၊
