## PAGE 11

၃။ မောဟမူစိတ်

ဥပေက္ခာသဟဂတံ – သော၊ ဝိစိကိစ္ဆာသမ္ပယုတ္တံ – ဝိစိကိစ္ဆာ သမ္ပယုတ် ဖြစ်သော၊ ဧကံ-တစ်ပါးသောစိတ်၎င်း၊ ဥပေက္ခာသဟဂတံ-သော၊ ဥဒ္ဓစ္စသမ္ပယုတ္တံ-ဥဒ္ဓစ္စသမ္ပယုတ်ဖြစ်သော၊ ဧကံ-၎င်း၊ ဣတိ-ဤသို့၊ ဒွေပိ – နှစ်ပါးလည်း ဖြစ်ကုန်သော၊ ဣမာနိ – ဤစိတ်တို့သည်၊ မောဟမူလစိတ္တာနိနာမ-မောဟမူစိတ်တို့ မည်၏။

မောဟမူလစိတ္တာနိနာမ = [မောဟ + မူလ။ မောဟ = သဒ္ဒါလည်း တွေဝေခြင်း အနက် --- မူလ = သဒ္ဒါလည်း တွေဝေခြင်း အနက်ကို ဟောသောကြောင့် "တွေဝေ တွေဝေသောစိတ်, ဝါ အလွန်တွေ့သော စိတ်" ဟူလို၊ မောဟမူလစိတ် ဟု ဆိုလိုလျက် ရှေ့ဟကို ချေ၍ "မောမူလ" ဟု ဆိုထားသည်၊ မောဟမူလ ရှိသောကြောင့် "မောဟမူလစိတ်" လ-ကို ဖြုတ်၍ "မောဟမူစိတ်"ဟုလည်းခေါ်စမှတ်ပြုကြသည်။

ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာ သမ္ပယုတ်စိတ် ၁, ဥပေက္ခာ သဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ် ၁, ပေါင်း ၂ ပါးဟု ပါဠိရှိတိုင်း သရုပ်ခွဲလေ၊ ဥပေက္ခာ သဟဂုတ်ချည်းဖြစ်၍ ဝေဒနာအားဖြင့် မကွဲပြား၊ ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ် ဟု ယောဂအားဖြင့် ၂ ပါးပြား၏။

သင်္ခါရ အားဖြင့်လည်း မကွဲပြား၊ ထိုစကား မှန်၏— သသင်္ခါရိကကို ထောက်၍ အသင်္ခါရိကစိတ် ဟူသော နာမည်, အသင်္ခါရိကစိတ်ကို ထောက်၍ သသင်္ခါရိကစိတ် ဟူသော နာမည်များ ဖြစ်ပေါ်လာရလေသည်၊ ဤစိတ်၌ ထိုကဲ့သို့ အချင်းချင်း ထောက်စရာ မရှိရကား နာမည် ၂ မျိုးလုံးပင် မရထိုက်၊ ရှေးဆရာအချို့ က ၎င်းစိတ် ၂ပါးကို အသင်္ခါရိက ဟု နာမည်တပ်ကြသေး၏၊ ကျမ်းဆရာ၏ အလိုကျမည် မထင်။ [အကျယ်ကို ဘာသာဋီကာမှာရှု။]

### နိဿယနှင့်အဓိပ္ပါယ်

၄။ နိဂုံး

ဣစ္စေဝံ-ဤသို့၊ သဗ္ဗထာပိ – ခပ်သိမ်းသော အပြားအားဖြင့်လည်း၊ ဒွါဒသ – တစ်ဆယ့်နှစ်ပါး ကုန်သော၊ အကုသလ စိတ္တာနိ - အကုသိုလ်စိတ် တို့သည်၊ သမတ္တာနိ- ပြီးကုန်ပြီ။

၅။ သင်္ဂဟဂါထာ

လောဘမူလာနိ-လောဘမူစိတ်တို့သည်၊ အဋ္ဌ-ရှစ်ပါး ပြားကုန်၏၊ ဒေါသမူလာနိ စ – ဒေါသမူ စိတ်တို့သည်ကား၊ ဒွေ-နှစ်ပါး ပြားကုန်၏၊ မောဟမူလာနိ စ မောဟမူ စိတ်တို့သည်ကား၊ ဒွေ-နှစ်ပါးတို့တည်း၊ ဣတိ - ဤသို့၊ အကုသလာ - အကုသိုလ်စိတ်တို့သည်၊ ဒွါဒသ တစ်ဆယ့်နှစ်ပါးတို့သည်၊ သိယုံ – ဖြစ်ကုန်၏။

၄။ နိဂုံး။ ။အိမ်စသည်ကို ကာရံသည့်အခါ အစွန်အဖျား၌ အနားသတ် ကမ္ပတ်ဖုံး ရှိသကဲ့သို့, ထို့အတူ စကားတစ်ရပ် အဆုံး၌လည်း ပြန်၍ ဖုံးသော စကားကို "နိဂုံး"ဟု ခေါ်သည်၊ ထို့ကြောင့် "ဣစ္စေဝံ၊ပေ၊သမတ္တာနိ"ကား နိဂုံးစကားတည်း၊ "ဤသို့ (ဤ ဆိုအပ်ခဲ့ပြီးသော စကားအရ) အစွမ်းကုန် အပြားအားဖြင့် ၁၂ ပါးသော အကုသိုလ်စိတ်များ ပြီးကုန်ပြီ" ဟူလို။

အကုသလစိတ္တာနိ [အ+ ကုသလ။ အ = မဟုတ် - ကုသလ = အပြစ်ကင်းသည်၊ အကုသလ = အပြစ်ကင်းသည် မဟုတ်, အပြစ်မကင်း သော တရား ဟူလို။] ဤစကားအရ လောဘ ဒေါသ စသော အပြစ်မှ မကင်းသောစိတ်ကို "အကုသလစိတ်" ခေါ်သည်ဟု မှတ်။

၅။ သင်္ဂဟဂါထာ။ [သံ+ဂဟ။ သံ=အကျဉ်းချုံး၍+ဂဟ= ယူကြောင်းစကား၊] (အလွယ်တကူ ဆောင်ယူဘို့ရာ အကျဉ်းချုပ်စကားကို "သင်္ဂဟ" ဟု ခေါ်သည်။) ထို့ကြောင့် ဤ "အဋ္ဌဓာ လောဘမူလာနိ" ဂါထာသည် သင်္ဂဟ ဂါထာတည်း။ ထိုတွင်.....

"အဋ္ဌဓာလောဘမူလာနိ" = ကား "သောမနဿ သဟဂတံ ဒိဋ္ဌိဂတ သမ္ပယုတ္တံ အသင်္ခါရိကမေကံ" စသော လောဘမူစိတ် ၈ ပါးကို အကျဉ်းချုပ်သော စကားတည်း။

"ဒေါသမူလာနိစ ဒွိဓာ" = ကား "ဒေါမနဿ သဟဂတံ" စသော ဒေါသမူစိတ် ၂ ပါးကို အကျဉ်းချုပ်သော စကားတည်း။

"မောဟမူလာနိစ ဒွေ" = ကား "ဥပေက္ခာသဟဂတံ" စသော မောဟမူ စိတ် ၂ ပါးကို အကျဉ်းချုပ်သော စကားတည်း။

"ဣတိ ဒွါဒသာ ကုသလာ သိယုံ" = ကား ဣစ္စေဝံ စသော နိဂုံးအကျယ်ကို အကျဉ်းပြသော (နိဂုံးကျဉ်း)စကားတည်း၊ နောက် သင်္ဂဟဂါထာ များ၌လည်း ဤနည်းချည်း ခွဲစိတ်လေ။

### လေ့ကျင့်ခဏ်း မေးခွန်းများ

က။ စိတ်ပိုင်း၏ အစကား အဘယ်စကားရနည်း။

ခ။ ကာမာဝစရစသော စိတ် ၄ မျိုးကို အဘယ်သဘောအားဖြင့် ရှေ့နော် စဉ်ထားသနည်း။

ဂ။ အဘယ့်ကြောင့် ကာမာဝစရစိတ် ဟု ခေါ်သနည်း။

ဃ။ အဘယ့်ကြောင့် လောဘမူစိတ် ဟု ခေါ်သနည်း။

င။ လောဘမူစိတ်၌ သောမနဿ သဟဂုတ် ဥပေက္ခာ သဟဂုတ် စိတ် မည်မျှစီ ရှိသနည်း ပါဠိထောက်၍ သရုပ်ကောက်ပြပါ။

---

## PAGE 12

### နိဿယနှင့်အဓိပ္ပါယ်

စ။ သမ္ပယုတ် ဝိပ္ပယုတ်စိတ် မည်မျှစီ ရှိသနည်း, ပါဠိကိုထောက်၍ သရုပ် ကောက်ပြပါ။

ဆ။ အသင်္ခါရိက သသင်္ခါရိကစိတ် မည်မျှစီ ရှိသနည်း, ပါဠိကိုထောက်၍ သရုပ်ကောက်ပြပါ။

ဇ။ ဒေါသမူစိတ်၌ အသင်္ခါရိက သသင်္ခါရိကစိတ် မည်မျှစီရှိသနည်း။

ဈ။ မောဟမူစိတ်၌ သမ္ပယုတ် ဝိပ္ပယုတ်စိတ် မည်မျှစီရှိသနည်း။

ည။ မောဟမူဒွေးသည် အသင်္ခါရိကလော, သသင်္ခါရိကလော။

ဋ။ အချို့က အဘယ်သို့ ယူကြသနည်း၊ ထိုအယူသည် ကျမ်းဆရာ၏ အာတော် ဟုတ်နိုင်မည်လော။

ဌ။ ဣစ္စေဝံ စသော စကားကို နာမည်ဘယ်သို့ ခေါ်သနည်း။

ဍ။ အဘယ့်ကြောင့် အကုသိုလ်စိတ် ဟု ခေါ်သနည်း။

ဎ။ အဋ္ဌဓာ လောဘမူလာနိ ဂါထာကို နာမည်ဘယ်သို့ခေါ်သနည်း။

ဏ။ ထိုဂါထာကို အနက်ပေး၍ အကျဉ်းချုပ် ယူပုံကို ပြောပြပါ။

တ။ အကုသိုလ်စိတ် ၁၂ ၌ သောမနဿ သဟဂုတ် ဒေါမနဿသဟဂုတ် ဥပေက္ခာသဟဂုတ် မည်မျှစီ ရှိသနည်း ရေတွက်ပြပါ။

ထ။ သမ္ပယုတ်, ဝိပ္ပယုတ် မည်မျှစီရှိသနည်း။

ဒ။ အသင်္ခါရိက သသင်္ခါရိက အမည်ရသော စိတ် မည်မျှစီ ရှိသနည်း။

ဓ။ အသင်္ခါရိက သသင်္ခါရိက အမည် မရှိသော သင်္ခါရဝိမုတ် စိတ်ကား မည်မျှရှိသနည်း။

---

## PAGE 13

၁။ အကုသလဝိပါက်

ဥပေက္ခာသဟဂတံ-ဥပေက္ခာ သဟဂုတ်ဖြစ်သော၊ စက္ခုဝိညာဏံ – စက္ခု ဝိညာဏ်စိတ်၎င်း၊ တထာ – ထို ဥပေက္ခာသဟဂုတ် ဖြစ်သော၊ သောတဝိညာဏံ-၎င်း၊ ဃာနဝိညာဏံ-၎င်း၊ ဇိဝှါဝိညာဏံ- ၎င်း၊ ဒုက္ခသဟဂတံ-ဒုက္ခသဟဂုတ်ဖြစ်သော၊ ကာယဝိညာဏံ-၎င်း၊ ဥပေက္ခာသဟဂတံ-သော၊ သမ္ပတိစ္ဆနစိတ္တံ – သမ္ပတိစ္ဆန်းစိတ် ၎င်း၊ ဥပေက္ခာသဟဂတံ – သော၊ သန္တီရဏစိတ္တံစ-သန္တီရဏစိတ်၎င်း၊ ဣတိ-ဤသို့၊ သတ္တဝိ-ခုနစ်ပါးလည်း ဖြစ်ကုန်သော၊ ဣမာနိ - ဤစိတ်တို့သည်၊ အကုသလဝိပါကစိတ္တာနိနာမ-အကုသလဝိပါက်စိတ်တို့ မည်၏။

### အကုသလ ဝိပါက်စိတ်

တထာသောတဝိညာဏံ— ဤ၌ တထာ သဒ္ဒါဖြင့် သောတဝိညာဏ် ဃာန ဇိဝှါဝိညာဏ်စိတ်တို့လည်း စက္ခုဝိညာဏ်ကဲ့သို့ ဥပေက္ခာသဟဂုတ် များ ဖြစ်ကြောင်းကို ညွှန်ပြသည်။

အကုသလဝိပါကစိတ္တာနိ = [အကုသလ = အကုသိုလ် + ဝိပါက = အကျိုး။] "အကုသိုလ်၏အကျိုးဖြစ်သော စိတ်များ" ဟူလို။

ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ၁, ဥပေက္ခာသဟဂုတ် သောတ ဝိညာဏ်စိတ် ၁ စသည်ဖြင့် အကုသလဝိပါက်စိတ် ၇ ပါး၏ သရုပ်ကို ပါဠိ ကြည့်၍ ရေတွက်ပြီးလျှင် ဥပေက္ခာသဟဂုတ်စိတ် ၆, ဒုက္ခသဟဂုတ်စိတ် ၁, ပေါင်း ၇ ပါးဟု ဝေဒနာ အပြားအားဖြင့်သာ ခွဲပြနှင့်ပါဥုး။

### နိဿယနှင့်အဓိပ္ပါယ်

၂။ အဟိတ်ကုသလဝိပါက်

ကုသလဝိပါကံ – ကုသိုလ်၏ အကျိုးဖြစ်သော၊ စက္ခုဝိညာဏံ – ၎င်း၊ တထာ-ထို ဥပေက္ခာ သဟဂုတ်ဖြစ်သော၊ သောတဝိညာဏံ-၎င်း၊ ဃာနဝိညာဏံ- ၎င်း၊ ဇိဝှါဝိညာဏံ-၎င်း၊ သုခသဟဂတံ- သုခသဟဂုတ်ဖြစ် သော၊ ကာယဝိညာဏံ - ၎င်း၊ ဥပေက္ခာသဟဂတံ – သော၊ သမ္ပတိစ္ဆနစိတ္တံ-၎င်း၊ သောမနဿသဟဂတံ- သော၊ သန္တီရဏစိတ္တံ-၎င်း၊ ဥပေက္ခာသဟဂတံ-သော၊ သန္တီရဏစိတ္တံစ- ၎င်း၊ ဣတိ-ဤသို့၊ အဋ္ဌဝိ-ရှစ်ပါးလည်းဖြစ်ကုန်သော၊ ဣမာနိ- ဤစိတ်တို့သည်၊ ကုသလဝိပါကာ အဟေတုကစိတ္တာနိ နာမ- ကုသလဝိပါက် အဟိတ်စိတ်တို့မည်၏။

၂။ အဟိတ်ကုသလဝိပါက်စိတ်

ကုသလဝိပါကာ အဟေတုကစိတ္တာနိ — [ကုသလဝိပါက – ကုသိုလ်၏ အကျိုး + အဟေတုက = အလောဘ စသော ယှဉ်ဘက် ဟိတ် မရှိ၊] "ကုသိုလ်အကျိုးဖြစ်သော ယှဉ်ဘက်ဟိတ် မရှိသောစိတ်"ဟူလို။

ဤ ကုသလဝိပါက်အဟိတ်စိတ် ၈ ပါး၏ သရုပ်ကို ပါဠိကြည့်၍ ရေတွက် ပြီးလျှင် ဥပေက္ခာသဟဂုတ် စိတ် ၆, သုခသဟဂုတ် စိတ် ၁, သောမနဿ သဟဂုတ်စိတ် ၁, ပေါင်း ၈ ပါးဟု ဝေဒနာအပြားအားဖြင့်သာ ခွဲနှင့်ပါ။

အဟေတုက ထည့်ရကျိုး။ အကုသလဝိပါက်သည် အဟိတ်ဝိပါက် တစ်မျိုးသာရှိရကား "အဟိတ်လေလား, သဟိတ်လေလား"ဟု ယုံမှားဘွယ် မရှိသောကြောင့် အကုသလဝိပါက်၏ အဆုံး (နိဂုံး) ၌ အဟေတုကသဒ္ဒါ မထည့်ဘဲ "အကုသလဝိပါကစိတ္တာနိနာမ" ဟုဆိုခဲ့သည်၊ ကုသလဝိပါက် ကားနောက်၌ (မဟာဝိပါက် ရူပဝိပါက် အရူပဝိပါက် လောကုတ္တရာ ဝိပါက် ဟု) သဟိတ်ဝိပါက်တွေ ရှိသေးသောကြောင့် ဤ ကုသလဝိပါက်သည် သဟိတ်လေလား အဟိတ်လေလား ဟု ယုံမှားဘွယ် ရှိရကား "သဟိတ်ဝိပါက် မဟုတ်"ဟု သဟိတ်ဝိပါက်ကို တားမြစ်ဘို့ရာ ဤကုသလ ဝိပါက်၏ အဆုံး (နိဂုံး) ၌ အဟေတုက သဒ္ဒါ ထည့်၍ "ကုသလဝိပါကာ အဟေတုကစိတ္တာနိနာမ"ဟု မိန့်သည်။

> **[ဆောင်]**
> (၁) အကုသလ, ဝိပါကဆုံး, ထိုနိဂုံးငယ်ပယ်ချဘွယ်ရိပ်, သဟိတ်ဝိပါက်, မရှိ တွက်ကြောင့်, ထည့်စွက် သမျှ, အဟေတုက, ထူးမပြ, သဒ္ဒထုံးစံနည်း။
> (၂) ကုသလဝိပါက်, နိဂုံးတွက်မှာ တစ်ဖြာသဟိတ်-ဝိပါက် စိတ်တွေ, မပါစေဘို့ အဟေတုက, ထည့်စွက်ပြ ဆရာ့ သုံးဟန်တည်း။

---

## PAGE 14

၃။ အဟိတ်ကြိယာ

ဥပေက္ခာသဟဂတံ – သော၊ ပဉ္စဒွါရာဝဇ္ဇနစိတ္တံ – ပဉ္စဒွါရာဝဇ္ဇန်း စိတ် ၎င်း၊ တထာ – ထို ဥပေက္ခာ သဟဂုတ် ဖြစ်သော၊ မနောဒွါရာဝဇ္ဇန စိတ္တံ – မနောဒွါရာဝဇ္ဇန်း စိတ်၎င်း၊ သောမနဿ သဟဂတံ- သော၊ ဟသိတုပ္ပါဒစိတ္တံစ-ဟသိတုပ္ပါဒ်စိတ်၎င်း၊ ဣတိ-ဤသို့၊ တိဏိဝိ-သုံးပါးလည်းဖြစ်ကုန်သော၊ ဣမာနိ-ဤစိတ်တို့သည်၊ အဟေတုက ကြိယ စိတ္တာနိနာမ - အဟိတ် ကြိယာ စိတ်တို့ မည်၏။

### ၃။ အဟိတ်ကြိယာစိတ်

(အဟေတုက ကြိယစိတ္တာနိ — သဟိတ် ဖြစ်သော မဟာကြိယာ ရူပ အရူပ ကြိယာတို့ကို တားမြစ်လို၍ အဟေတုကဟု ဝိသေသန ကူမ ရသည်)

ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ၁, စသည်ဖြင့် ပါဠိရှိတိုင်း ရေတွက် ပြီးလျှင်, ဥပေက္ခာသဟဂုတ်စိတ် ၂, သောမနဿသဟဂုတ်စိတ် ၁, ပေါင်း အဟိတ်ကြိယာစိတ် ၃ပါးတည်းဟု ဝေဒနာအပြားအားဖြင့်ခွဲလေ။ [နိဂုံးနှင့် သင်္ဂဟဂါထာ အဓိပ္ပါယ်မှာ လွယ်ပြီ။]

၄။ နိဂုံး

ဣစ္စေဝံ-ဤသို့၊ သဗ္ဗထာပိ – ခပ်သိမ်းသော အပြား အားဖြင့်လည်း၊ အဋ္ဌာရသ-တစ်ဆယ့်ရှစ်ပါးကုန်သော၊ အဟေတုက စိတ္တာနိ – အဟိတ်စိတ် တို့သည်၊ သမတ္တာနိ- ပြီးကုန်ပြီ။

၅။ သင်္ဂဟ

အကုသလ ဝိပါကာနိ – အကုသလ ဝိပါက်စိတ် တို့သည်၊ သတ္တ – ခုနစ်ပါးတို့ တည်း၊ ပန ကုသလ ဝိပါကာနိ – အဟိတ်ကုသလဝိပါက်စိတ် တို့သည်၊ အဋ္ဌ- ရှစ်ပါးပြားကုန်၏၊ ကြိယစိတ္တာနိ-ကြိယာစိတ်တို့သည်၊ တီဏိ- သုံးပါးတို့တည်း၊ ဣတိ - ဤသို့၊ အဟေတုကာ - အဟိတ်စိတ် တို့သည်၊ အဋ္ဌာရသ-တစ်ဆယ့်ရှစ်ပါးတို့တည်း။

### နိဿယနှင့်အဓိပ္ပါယ်

သမ္ပယုတ် ဝိပ္ပယုတ်။ ။ ဒိဋ္ဌိ ပဋိဃ (ဒေါသ) ဝိစိကိစ္ဆာ ဥဒ္ဓစ္စ ဉာဏ် (ပညာ) ဟူသော စေတသိက် အထူးတို့နှင့် ယှဉ်သောစိတ်ကို သမ္ပယုတ်, ထိုကဲ့သို့ စေတသိက်အထူးနှင့် မယှဉ်သောစိတ်ကို ဝိပ္ပယုတ် ဟု ခေါ်ရကား ဤ အဟိတ်စိတ် ၁၈ ပါးလုံးသည် ထို စေတသိက် အထူး များနှင့် မယှဉ် သောကြောင့် ဝိပ္ပယုတ်ချည်းသာတည်း ဟု ပြောစမှတ်ပြုကြ၏, ဤကျမ်း၏ အယူကို ဘာသာဋီကာမှာရှု။

---

## PAGE 15

### နိဿယနှင့်အဓိပ္ပါယ်

အသင်္ခါရိက သသင်္ခါရိက။ ။ သင်္ခါရ သဒ္ဒါသည် "ပြုပြင်တတ် ဟူသောအနက်ကိုဟော၏၊ ထို့ကြောင့် တစုံတစ်ခုကိစ္စကို မပြုလို၍ တွန့်တို ဆုတ်နစ်သောစိတ် ဖြစ်နေသည့် အခါ ထိုစိတ်မျိုးကို ပြုပြင်ပေးတတ်သော ဆရာ မိဘ စသူတို့၏ ကာယပယောဂ ဝစီပယောဂ, မိမိ၏ ကာယ ဝစီ မနော ပယောဂများသည် သင်္ခါရမည်၏။)

> **[ဆောင်]** တစုံတစ်ခု, ကိစ္စမှုကို မပြုလို၍, တွန့်တိုဆုတ်နစ်, စိတ်ဖြစ်သောခါ, ဆရာ မိဘ, ဟူသမျှတို့, ကာယ – ဝစီ, ဤနှစ်လီဖြင့်, ထို ဤ ခိုင်းစေ, ငေါက်ငန်းလေတည့်, တစ်ထွေတိုက်တွန်း, ကျိုးပြစ်ညွှန်းလျက်, မေးထိုး လက်ပြ, ပယောဂနှင့်, … တက်ကြွ ဘွယ်ရာ, ကိုယ့်ဘာသာလည်း, ကောင်းစွာ ကျိုးပြစ်, ကြံစိစစ်၍, အားသစ်ဘွယ်မြို့, ဂါထာပျို့ကို ရွတ်လို့တစ်ခဏ်း, လက်ရုံးတန်းလျက်, လမ်းလျှောက်မှ, အစုစုသည်, မှတ်ရှု သင်္ခါရချည်တည်း။

ထိုသင်္ခါရမျိုးနှင့် မကင်းစကောင်းသောစိတ်ကို သသင်္ခါရိက, ထို သင်္ခါရ မျိုးနှင့် ကင်း၍ အလို အလျောက် ဖြစ်ကောင်းသောစိတ်ကို အသင်္ခါရိကဟု ခေါ်သည်၊ ထို့ကြောင့် အသင်္ခါရိက အမည်ရသောစိတ်သည် ထက်မြက်၏, သသင်္ခါရိက အမည်ရသောစိတ်ကား မထက်မြက်ချေ။

စက္ခုဝိညာဏ်စိတ်၏ ရူပါရုံကို မြင်ခြင်း သတ္တိသည် သင်္ခါရ ရှိမှုကြောင့် လည်း မညံ့ဖျင်း, သင်္ခါရ မရှိမှုကြောင့်လည်း ထူး၍ မထက်မြက်၊ သောတ ဝိညာဏ် စသည့်လည်း ဤနည်းပင်၊ ဤသို့ အထက် မထက် နှစ်မျိုး မကွဲ ကောင်းသောကြောင့် အဟိတ်စိတ် ၁၈ ပါးလုံးကို အသင်္ခါရိက ဟူ၍၎င်း, သသင်္ခါရိက ဟူ၍၎င်း မဆိုအပ်။ [ရှေးဆရာ အချို့က ၁၈ ပါးလုံး အသင်္ခါ ရိကဟု ဆို၏၊ နောက်ဆရာအချို့က အသင်္ခါရိက သသင်္ခါရိက နှစ်ပါးသင့် ဟု ဆို၏၊ ထိုဆရာတို့ အလိုကို ဘာသာဋီကာ၌ စီစစ်ထားသည်။]

### လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အကုသလဝိပါက်စိတ် မည်မျှရှိ၍, ထိုစိတ်တွင် ဥပေက္ခာသဟဂုတ်စိတ်, ဒုက္ခသဟဂုတ်စိတ်, မည်မျှစီ ရှိသနည်း။

ခ။ အဟိတ်ကုသလဝိပါက်စိတ် မည်မျှရှိ၍, ထိုစိတ်တွင် ဥပေက္ခာသဟဂုတ် သုခသဟဂုတ် သောမနဿ သဟဂုတ်စိတ် မည်မျှစီ ရှိသနည်း။

ဂ။ အကုသလဝိပါက်စိတ်၏ နိဂုံး၌ အဟေတုကသဒ္ဒါမထည့်ဘဲ, အဘယ့် ကြောင့် ကုသလဝိပါက်စိတ်၏ နိဂုံးကျမှ အဟေတုက သဒ္ဒါ ထည့်ရ သနည်း။

ဃ။ အဟိတ်ကြိယာစိတ် မည်မျှရှိ၍ ထို စိတ်တွင် ဥပေက္ခာသဟဂုတ် စိတ် သောမနဿသဟဂုတ်စိတ် မည်မျှစီ ရှိသနည်း။

င။ အဟိတ်စိတ် ၁၈ ပါးလုံး၌ သောမနဿ, ဥပေက္ခာ, သုခ, ဒုက္ခသဟ ဂုတ်စိတ်များ မည်မျှစီ ရှိသနည်း။

စ။ ဣစ္စေဝံ-စသည်ကို အဘယ်သို့ နာမည်ခေါ်သနည်း။

ဆ။ သတ္တာ ကုသလ ဝိပါကာနိ ဟူသော သင်္ဂဟဂါထာကို အနက်ပေးပြီး လျှင်, အကျဉ်းချုပ် ယူပုံကို ပြပါ။

ဇ။ အဟိတ်စိတ် အားလုံးကို သမ္ပယုတ် ဟု ယူကြသလော, ဝိပ္ပယုတ် ဟု ယူကြသလော။

ဈ။ အသင်္ခါရိကလော, သသင်္ခါရိကလော, ရှေးဆရာ အချို့ အချို့က အဘယ်သို့ ယူကြသနည်း။

ည။ အဘယ်ကို သင်္ခါရ ဟု ခေါ်သနည်း, လင်္ကာထောက်ပါ။

ဋ။ အဘယ်စိတ်မျိုးကို အသင်္ခါရိက, သသင်္ခါရိက ဟု ခေါ်သနည်း။

ဌ။ အသင်္ခါရိက, သသင်္ခါရိက ၂ မျိုးတွင် ဘယ်စိတ်က ထက်မြက်သနည်း။
