## Trang 16

### သောဘနစိတ်များ

ပါပါ ဟေတုက မုတ္တာနိ – အကုသိုလ်စိတ် အဟိတ်စိတ်တို့မှ လွတ်ကုန်သော၊ ဧကူနသဋ္ဌိ- တခုယုတ် ခြောက်ဆယ်သော၊ စိတ္တာနိ- စိတ်တို့ကို၊ သောဘနာနီတိ-သောဘနစိတ်တို့ဟူ၍၊ ဝုစ္စရေ-ဆိုအပ်ကုန်၏၊

အထဝါ - အကျယ် တနည်းကား၊ ပါပါဟေတုက မုတ္တာနိ- အကုသိုလ်စိတ် အဟိတ်စိတ်တို့မှ လွတ်ကုန်သော၊ ဧကနဝတီပိ - ကိုးဆယ့်တစ်ပါးလည်း ဖြစ်သော၊ စိတ္တာနိ-စိတ်တို့ကို၊ သောဘနာနီတိ-သောဘနစိတ်တို့ဟူ၍၊ ဝုစ္စရေ-ဆိုအပ်ကုန်၏။

### သောဘနစိတ်များ

ဤဂါထာကား အကုသိုလ်စိတ် အဟိတ်စိတ်မှ တစ်ပါး ကြွင်းကျန်သော အကျဉ်း ၅၉ အကျယ် ၉၁ ပါးသော စိတ်တို့ကို "သောဘန" မည်၏ ဟု နာမည်ပေးသော ဂါထာတည်း၊ ထိုဂါထာ၌ "ပါပါဟေတုကမုတ္တာနိ၊ ပေ၊ ဧကူနသဋ္ဌိစိတ္တာနိ" ဖြင့် သောဘနစိတ် အကျဉ်းကိုပြသည်။ "အထဧကနဝတီပိဝါ" ဖြင့် သောဘနစိတ် အကျယ်ကို ပြသည်၊ အထနှင့် ဝါကို ပေါင်း၍ "အထဝါ" ဟု ဆိုသည်၊ ဤဂါထာသည် အဟိတ်စိတ်တွင် ပါဝင်သော ဂါထာမဟုတ်၊ ဆိုအပ်လတံ့သော သောဘနစိတ်များ၏ ရှေ့တော်ပြေး အချီ ဂါထာသာတည်း။

#### သောဘနအမည်

သောဘန အမည်မရသော အကုသိုလ်စိတ်နှင့် အဟိတ်စိတ်ကို ဗျတိရေက – အဝုတ္တသိဒ္ဓိနည်း အရ "အသောဘနစိတ်" ဟု အမည် ပေးကြသေး၏၊ [ ဗျတိရေက = ပြောင်းပြန် ယူရသော နည်း၊ သောဘနမဟုတ်လျှင် အသောဘန ဟူလို။ အဝုတ္တသိဒ္ဓိ = ကျမ်းဆရာက အသောဘန ဟု တိုက်ရိုက်မဆိုအပ်သော်လည်း ပြီးနိုင်သောနည်း။]

#### နိဿယနှင့်အဓိပ္ပါယ်

**ဧကဝုစ်အနက်။** ဧကူနဝီသတိ (တစ်ခုယုတ်နှစ်ဆယ်) အစ, နဝနဝုတိ (၉၉) အဆုံးရှိသော သင်္ချာသဒ္ဒါတို့သည် များသောအားဖြင့် ဣတ္ထိလိန် ဧကဝုစ်ချည်သာတည်း၊ ထို့ကြောင့် … "ဧကူနသဋ္ဌိ … တစ်ခုယုတ် ခြောက်ဆယ်သော၊ ဧကနဝုတိ ကိုးဆယ့်တစ်ပါးသော"ဟု ဧကဝုစ်အနက် သုံးလိုက်သည်၊ နောက်နောက်သင်္ချာတို့၌လည်း ဤနည်းချည်တည်း။

> **[ဆောင်]** ဝီသာတျာဒိ, နဝုတိ, ဣတ္ထိဧကဝုစ်။

ထို့ပြင် ယခုကာလ သင်္ချာပုဒ်တွေကို အနက်ပြန်ရာ၌ သဒ္ဒါစည်းမျဉ်းကို ကျူးလွန်နေတတ်ကြသည်၊ ဥပမာ- "သတ္တ-ခုနစ်ပါး အပြားရှိကုန်၏" ဟု အနက်ပြန်လျှင် "အပြား+ရှိ" ဟူသော အနက်များသည် "သတ္တ"ဟူသော ပါဠိ၌မရနိုင်၊ ဓာတ်ပစ္စည်း ဝိဘတ်ပုဒ်တို့နှင့် တွဲဘက်နေမှသာ "သတ္တဓာ-ခုနစ်ပါး ပြားကုန်၏" ဟု၎င်း "သတ္တဝိဓော-ခုနစ်ပါး အပြားရှိ၏" ဟု၎င်း အနက်ပြန်နိုင်သည်။ ထို့ကြောင့် သင်္ချာပုဒ်များ၏ အနက်ကို ဤကျမ်းအဆိုအတိုင်း သတိထားကြပါကုန်။

#### လေ့ကျင့်ခန်းမေးခွန်းများ

က။ အသောဘနစိတ် မည်မျှရှိသနည်း။

ခ။ အသောဘနစိတ်၌ သုခ ဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာ သဟဂုတ်စိတ်တို့ မည်မျှစီ ရှိသနည်း။ သမ္ပယုတ် ဝိပ္ပယုတ် မည်မျှစီရှိသနည်း။ အသင်္ခါရိက သသင်္ခါရိက အမည်ရသောစိတ်က မည်မျှရှိ၍, အမည်မရသောစိတ်က မည်မျှရှိသနည်း။

ဂ။ ဧကူနသဋ္ဌိ ဧကနဝုတိ တို့ကို အရေအတွက် များပါလျက် အဘယ့်ကြောင့် ဧကဝုစ်အနက် ပေးရသနည်း, ထောက်ပြပါ။

---

## Trang 17

၁။ သောမနဿ သဟဂတံ – သောမနဿနှင့်တကွဖြစ်သော၊ ဉာဏသမ္ပယုတ္တံ - ဉာဏသမ္ပယုတ် ဖြစ်သော၊ အသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သောမနဿသဟဂတံ-သောမနဿနှင့်တကွဖြစ်သော၊ ဉာဏဝိပ္ပယုတ္တံ – ဉာဏဝိပ္ပယုတ်ဖြစ်သော၊ အသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သသင်္ခါရိကံ – သော၊ ဧကံ-၎င်း၊ ဥပေက္ခာသဟဂတံ – ဥပေက္ခာနှင့်တကွဖြစ်သော၊ ဉာဏသမ္ပယုတ္တံ-သော၊ အသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သသင်္ခါရိကံ – သော၊ ဧကံ - ၎င်း၊ ဥပေက္ခာ သဟဂတံ-ဥပေက္ခာနှင့်တကွဖြစ်သော၊ ဉာဏဝိပ္ပယုတ္တံ-သော၊ အသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သသင်္ခါရိကံ – သော၊ ဧကံ – ၎င်း၊ ဣတိ - ဤသို့၊ အဋ္ဌဝိ – ရှစ်ပါးလည်း ဖြစ်ကုန်သော၊ ဣမာနိ-ဤစိတ်တို့သည်၊ ကာမာဝစရကုသလစိတ္တာနိနာမ-ကာမာဝစရကုသိုလ်စိတ်တို့ မည်၏။

### ကာမသောဘနစိတ်

**၁။ မဟာကုသိုလ်စိတ်။** ကာမ ရူပ အရူပ လောကုတ္တရာကုသိုလ်တို့တွင် ကာမကုသိုလ်စိတ်က အရေအတွက် များသောကြောင့် ဤ ကာမကုသိုလ်စိတ်ကို "မဟာကုသိုလ်စိတ်" ဟုလည်း ခေါ်စမှတ်ပြုကြ၏။ (မဟာ-များသော+ကုသလ= ကုသိုလ်) မဟာဝိပါက် မဟာကြိယာ ဟု ခေါ်ရာ၌လည်း ဤနည်းပင်၊ [အချို့ ဆရာတို့အဆိုကို ဘာသာဋီကာမှာရှု။]

သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ် ၁, စသည်ဖြင့် မဟာကုသိုလ်စိတ် ၈ ပါး၏ သရုပ်ကို ပါဠိ ရှိတိုင်း ရေတွက် ပြီးလျှင် သောမနဿသဟဂုတ်စိတ် ၄, ဥပေက္ခာသဟဂုတ်စိတ် ၄, ပေါင်း ၈ ပါး။

#### နိဿယနှင့်အဓိပ္ပါယ်

**၂။ မဟာဝိပါက်။** သောမနဿသဟဂတံ – သောမနဿနှင့်တကွဖြစ်သော၊ [ကုသိုလ်အတိုင်း အနက်ဆို။] သဟေတုက ကာမာဝစရဝိပါကစိတ္တာနိနာမ-သဟိတ်ကာမာဝစရဝိပါက်စိတ်တို့ မည်၏။

**၃။ မဟာကြိယာ။** သောမနဿသဟဂတံ- သောမနဿနှင့်တကွဖြစ်သော၊ [ကုသိုလ်အတိုင်း အနက်ဆို။] သဟေတုက ကာမာဝစရ ကြိယစိတ္တာနိနာမ-သဟိတ်ကာမာဝစရ ကြိယာစိတ်တို့ မည်၏။

**၄။ နိဂုံး။** ဣစ္စေဝံ-ဤသို့၊ သဗ္ဗာဝိ-ခပ်သိမ်းလည်း၊ စတုဝီသတိ-နှစ်ဆယ့်လေးပါးသော၊ သဟေတုကကာမာဝစရ ကုသလဝိပါကကြိယစိတ္တာနိ-ကာမာဝစရကုသိုလ်, သဟိတ်ကာမာဝစရ ဝိပါက်, သဟိတ် ကာမာဝစရ ကြိယာ စိတ်တို့သည်၊ သမတ္တာနိ-ပြီးကုန်ပြီ။

သမ္ပယုတ် စိတ် ၄, ဝိပ္ပယုတ် စိတ် ၄, ပေါင်း ၈ ပါး, အသင်္ခါရိကစိတ် ၄, သသင်္ခါရိက စိတ် ၄, ပေါင်း ၈ ပါးဟု ဝေဒနာ ယောဂ သင်္ခါရ အပြားအားဖြင့်လည်း ခွဲလေ။

**၂။ သဟေတုက ကာမာဝစရဝိပါကစိတ္တာနိနာမ** (အဟိတ်ကုသလဝိပါက်ကို တားမြစ်လို၍ "သဟေတုက" ဟု ဝိသေသန ကူမရသည်) ၎င်းဝိပါက်ကို "မဟာဝိပါက်စိတ်" ဟုလည်း ခေါ်စမှတ် ပြုသေး၏။

**၃။ သဟေတုက ကာမာဝစရကြိယစိတ္တာနိနာမ** "အဟိတ်ကြိယာကို တားမြစ်လို၍ "သဟေတုက"ဟု ဝိသေသနကူမရသည်။ ဤကြိယာစိတ်ကို "မဟာကြိယာစိတ်"ဟုလည်း ခေါ်စမှတ် ပြုသေး၏၊ ဤ မဟာဝိပါက် မဟာကြိယာစိတ်တို့၌ သရုပ်ခွဲပုံမှာ ကုသိုလ်နှင့်တူပြီ။

---

## Trang 18

**၅။ သင်္ဂဟ။** သဟေတု ကာမာဝစရ ပုညပါက ကြိယာ – ကာမာဝစရ ကုသိုလ်, သဟိတ် ကာမာဝစရ ဝိပါက်, သဟိတ် ကာမာဝစရ ကြိယာစိတ်တို့ကို၊ ဝေဒနာ ဉာဏသင်္ခါရ ဘေဒေန-ဝေဒနာအပြား, ဉာဏ်အပြား, သင်္ခါရအပြားအားဖြင့်၊ စတုဝီသတိ- နှစ်ဆယ့်လေးပါးဟူ၍၊ မတံ-သိအပ်ကုန်၏။

**၅။ သင်္ဂဟဂါထာ။** ဤ "ဝေဒနာဉာဏသင်္ခါရ"စသောဂါထာကား ကာမသောဘနစိတ်ကို အကျဉ်းချုပ် ရေတွက်ပြသော သင်္ဂဟဂါထာတည်း။

ဝေဒနာဉာဏ၊ ပေ၊ စတုဝီသတိ – သောမနဿသဟဂတံ (ဝေဒနာ) ဉာဏသမ္ပယုတ္တံ (ဉာဏ်) အသင်္ခါရိကမေကံ (သင်္ခါရ) ဟု အစဉ်အတိုင်း ရှု၍ ကုသိုလ် ဝိပါက်ကြိယာ ၃ ပါးကို သောမနဿ ဥပေက္ခာဝေဒနာ ၂ပါး အပြားအားဖြင့် မြှောက်ပွားလျှင် ၆ ပါးဖြစ်၏။

၎င်းကို ဉာဏ်ယှဉ် မယှဉ် (သမ္ပယုတ် ဝိပ္ပယုတ်) ၂ ပါး အပြားအားဖြင့် မြှောက်ပွားလျှင် ၁၂ ပါး ဖြစ်၏။

၎င်းကို သင်္ခါရရှိ မရှိ(သသင်္ခါရိက အသင်္ခါရိက) ၂ ပါး အပြားအားဖြင့် မြှောက်ပွားလျှင် ၂၄ ပါးဖြစ်၏။

ဤကား ဂါထာ အဆို အတိုင်း ကုသိုလ် ဝိပါက် ကြိယာ ၃ ပါးလုံးကို ပေါင်း၍ မြှောက်ပွားခြင်းတည်း။

ကုသိုလ်ချည်းသက်သက် ရေတွက်လိုလျှင် ကုသိုလ်ကို ဝေဒနာ အပြားအားဖြင့် မြောက် ၂, ၎င်းကိုတစ်ဖန် ဉာဏ်အပြားအားဖြင့်မြောက် ၄, ၎င်းကိုတစ်ဖန် သင်္ခါရအပြားအားဖြင့် မြှောက် ၈ ပါးဖြစ်၏၊ ဝိပါက် ကြိယာတို့ကိုလည်း ဤနည်းအတိုင်း မြောက်ပွားလေ။

### ကာမစိတ်ပေါင်း

#### နိဿယနှင့်အဓိပ္ပါယ်

ကာမေ-ကာမတစ်ဆယ့်တစ်ဘုံ၌၊ (အဝစရာနိ-သက်ဝင်၍ ဖြစ်သော စိတ်တို့သည်)၊ တေဝီသ – နှစ်ဆယ့် သုံးပါးသော၊ ပါကာနိ-ဝိပါက်စိတ်တို့၎င်း၊ ဝီသတိ – နှစ်ဆယ်သော၊ ပုညာပုညာနိ – ကုသိုလ် အကုသိုလ် စိတ်တို့၎င်း၊ ဧကဒသ - တစ်ဆယ့်တစ်ပါးကုန်သော၊ ကြိယာစ' ကြိယာ စိတ်တို့၎င်း၊ ဣတိ- ဤသို့၊ သဗ္ဗထာ - ခပ်သိမ်းသော အပြား အားဖြင့်၊ စတုပညာသ – ငါးဆယ့် လေးပါးသည်၊ ဟောန္တိ ဖြစ်ကုန်၏။

**ကာမသောဘနီအမည်။** ဤကုသိုလ် ဝိပါက်ကြိယာ ၂၄ ပါးသည် ကာမစိတ်တွင် ပါဝင်သောကြောင့် "ကာမ" လည်း မည်၏၊ သောဘနစိတ်များတွင် ပါဝင်သောကြောင့် "သောဘန"လည်း မည်၏၊ အမည်နှစ်ရပ်ကို ပေါင်းစပ်၍ "ကာမသောဘနစိတ်"ဟု ခေါ်စမှတ်ပြုကြ၏။

**ကာမစိတ်ပေါင်း။** ဤ "ကာမေ တေဝီသ ပါကာနိ" ဂါထာကား ကာမစိတ် ၅၄ ပါးလုံးကို ပေါင်းရုံး ရေတွက်ခြင်းနှင့်တကွ နိဂုံးကို ပြသော "သင်္ဂဟနိဂုံး" ဂါထာတည်း။

တေဝီသပါကာနိ-အရကား အဟိတ်ဝိပါက်၁၅, မဟာဝိပါက် ၈ တည်း။

ပုညာပုညာနိ ဝီသတိ— အရကား အကုသိုလ် ၁၂, မဟာ ကုသိုလ် ၈ တည်း။

ဧကာဒသ ကြိယာ အရကား အဟိတ် ကြိယာ ၃, မဟာ ကြိယာ ၈ တည်း။

အားလုံးပေါင်းလျှင် စတုပညာသအရ ကာမစိတ် ၅၄ ဖြစ်၏။

---

## Trang 19

#### လေ့ကျင့်ခန်းမေးခွန်းများ

က။ မဟာဝိပါက် မဟာကြိယာစိတ်တို့၏ နိဂုံး၌ ဘာ့ကြောင့် သဟေတုက သဒ္ဒါကို ထည့်ရသနည်း။

ခ။ ကာမသောဘန သင်္ဂဟဂါထာကို အနက်ပေး၍ အဓိပ္ပါယ်ပြပါ။

ဂ။ ကာမသောဘနစိတ် မည်မျှရှိသနည်း, အကျဉ်းချုပ် ရေတွက်ပါ။

ဃ။ ထို ကာမသောဘနစိတ်၌ သောမနဿ ဥပေက္ခာ သဟဂုတ် စိတ်တို့ မည်မျှစီ ရှိသနည်း။ သမ္ပယုတ် ဝိပ္ပယုတ် အသင်္ခါရိက သသင်္ခါရိက စိတ်တို့ကား မည်မျှစီ ရှိသနည်း။

င။ ကာမေ တေဝီသ ပါကာနိ – စသော ဂါထာသည် ဘာကိုပြသော ဂါထာနည်း။

စ။ ကာမာဝစရစိတ် (သို့မဟုတ် ကာမစိတ်) မည်မျှရှိသနည်း။ ကာမစိတ်တွင် ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ စိတ်တို့ မည်မျှစီ ရှိသနည်း။

ဆ။ သုခဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာသဟဂုတ်စိတ်တို့ မည်မျှစီ ရှိသနည်း။

ဇ။ သမ္ပယုတ် ဝိပ္ပယုတ် အမည်ရသော စိတ်တို့ မည်မျှစီ ရှိ၍, သမ္ပယုတ် ဝိပ္ပယုတ် အမည်မရသောစိတ်တို့ မည်မျှစီ ရှိသနည်း။

ဈ။ အသင်္ခါရိက သသင်္ခါရိက အမည် ရသော စိတ်တို့က မည်မျှစီ ရှိ၍, အသင်္ခါရိက သသင်္ခါရိက အမည်မရသော စိတ်က မည်မျှရှိသနည်း။

ကာမစိတ် ၅၄ ပြီး၏။

---

#### နိဿယနှင့်အဓိပ္ပါယ် — ရူပကုသိုလ်

ဝိတက္က ဝိစာရ ပီတိသုခေကဂ္ဂတာ သဟိတံ - ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ ငါးပါးနှင့်တကွ ဖြစ်သော၊ ပဌမဇ္ဈာနကုသလစိတ္တံ-ပဌမဈာန် ကုသိုလ်စိတ်၎င်း၊ ဝိစာရ ပီတိသုခေကဂ္ဂတာသဟိတံ-ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ လေးပါးနှင့် တကွ ဖြစ်သော၊ ဒုတိယဇ္ဈာန ကုသလစိတ္တံ - ဒုတိယဈာန် ကုသိုလ်စိတ်၎င်း၊ ပီတိ သုခေကဂ္ဂတာ သဟိတံ-ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ သုံးပါးနှင့် တကွ ဖြစ်သော၊ တတိယဇ္ဈာနကုသလစိတ္တံ-တတိယဈာန်ကုသိုလ်စိတ်၎င်း၊ သုခေကဂ္ဂတာသဟိတံ-သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့် တကွ ဖြစ်သော၊ စတုတ္ထဇ္ဈာန ကုသလစိတ္တံ-စတုတ္ထဈာန် ကုသိုလ်စိတ်၎င်း၊ ဥပေက္ခေကဂ္ဂတာသဟိတံ- ဥပေက္ခာ ဧကဂ္ဂတာ ဈာန်အင်္ဂါ နှစ်ပါးနှင့် တကွ ဖြစ်သော၊

### ရူပစိတ်

**၁။ ရူပကုသိုလ်။** ဈာန်အင်္ဂါ, ဈာန်, ဈာန်စိတ်။ ဈာန = ဈာန်-- အင်္ဂ = အစိတ် အပိုင်း။ (ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စေတသိက် တစ်ပါး တစ်ပါးကို "ဈာန်အင်္ဂါ" ဟု ခေါ်၏။ ဈာန်ဟူသည်ကား အပေါင်းဖြစ်သော ထို စေတသိက်များပင်တည်း၊ ဥပမာ-လက် ခြေ နား နှာ စသော ကိုယ်အင်္ဂါအစိတ်ကို "ကိုယ်အင်္ဂါ"ဟုခေါ်၍ ထို လက် ခြေ နား နှာ စသော ကိုယ်အင်္ဂါအပေါင်းကိုပင် "ကိုယ်" ဟု ခေါ်သကဲ့သို့တည်း။

[ကိုယ်ခေါ်ပုံနှင့် ဈာန်ခေါ်ပုံ, ကိုယ်အင်္ဂါခေါ်ပုံနှင့် ဈာန်အင်္ဂါ ခေါ်ပုံတူ၏၊ ဤစကားအစဉ်အရ ဈာန်, ဈာန်အင်္ဂါ ဟူသော အမည်သည် စိတ်၏အမည် မဟုတ်, စေတသိက်၏ အမည်ဖြစ်သည်-ဟု သိပါ၊] ထိုစေတသိက်အပေါင်းဖြစ်သော ဈာန်နှင့် ယှဉ်သော စိတ်ကို "ဈာန်စိတ်" ဟု ခေါ်သည်။

---

## Trang 20

တကွ ဖြစ်သော၊ ပဉ္စမဇ္ဈာနကုသလစိတ္တံ – ပဉ္စမဈာန် ကုသိုလ်စိတ်၎င်း၊ ဣတိ – ဤသို့၊ ပဉ္စဝိ - ငါးပါးလည်း ဖြစ်ကုန်သော၊ ဣမာနိ – ဤစိတ်တို့သည်၊ ရူပါဝစရ ကုသလ စိတ္တာနိနာမ-ရူပါဝစရကုသိုလ်စိတ်တို့မည်၏။

**၂။ ရူပဝိပါက်။** ဝိတက္က ဝိစာရ ပီတိ သုခေကဂ္ဂတာ သဟိတံ-ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာနှင့်တကွဖြစ်သော၊ ပဌမဇ္ဈာနဝိပါကစိတ္တံ-ပဌမဈာန်ဝိပါက်စိတ်၎င်း၊ [ကုသိုလ်အတိုင်းဆို။] ရူပါဝစရဝိပါကစိတ္တာနိနာမ-ရူပါဝစရဝိပါက်စိတ်တို့ မည်၏။

**၃။ ရူပကြိယာ။** ဝိတက္က ဝိစာရ ပီတိ သုခေကဂ္ဂတာ သဟိတံ-ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာနှင့်တကွဖြစ်သော၊ ပဌမဇ္ဈာနကြိယစိတ္တံ-ပဌမဈာန်ကြိယာစိတ်၎င်း၊ [ကုသိုလ်အတိုင်းဆို။] ရူပါဝစရကြိယစိတ္တာနိနာမ-ရူပါဝစရကြိယာစိတ်တို့မည်၏။

ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါငါးပါးနှင့်တကွဖြစ်သော ပဌမဈာန်ကုသိုလ်စိတ်၁, ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါလေးပါးနှင့် တကွ ဖြစ်သော ဒုတိယဈာန် ကုသိုလ်စိတ် ၁, စသည်ဖြင့် ရူပ ကုသိုလ်စိတ် ၅ ပါးကို ပါဠိကြည့်၍ ရေတွက်လေ။

ပဉ္စမဈာန်စိတ်၌ "ဥပေက္ခေကဂ္ဂတာသဟိတံ" ဟု ဆို၍ ရှေ့ဈာန် ၄ ပါး၌ "သုခေကဂ္ဂတာသဟိတံ" ဟု ဆိုသောကြောင့် ရှေ့ ဈာန်စိတ် ၄ ပါးသည် သုခသဟဂုတ်တည်း, ပဉ္စမဈာန်စိတ်ကား ဥပေက္ခာ သဟဂုတ်တည်း-ဟု ဝေဒနာအပြားအားဖြင့်သာ ခွဲထားနှင့်ဦး။

**၂-၃။ ရူပဝိပါက်, ရူပကြိယာ —** ဤစိတ်များ၌ သရုပ်ခွဲပုံ မထူးပြီ၊ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅ ပါးရှိသော ပဌမဈာန် ဝိပါက်စိတ် ၁, ပဌမဈာန်ကြိယာစိတ် ၁, စသည်ဖြင့် ရေတွက်လေ။

### ၄။ နိဂုံး

#### နိဿယနှင့်အဓိပ္ပါယ်

ဣစ္စေဝံ-ဤသို့၊ သဗ္ဗထာပိ-ခပ်သိမ်းလည်း၊ ပန္နရသ တစ်ဆယ့်ငါးပါးကုန်သော၊ ရူပါဝစရကုသလဝိပါက ကြိယစိတ္တာနိ – ရူပါဝစရ ကုသိုလ် ဝိပါက် ကြိယာစိတ်တို့သည်၊ သမတ္တာနိ ပြီးကုန်ပြီ။

### ၅။ သင်္ဂဟ

ရူပါဝစရမာနသံ – ရူပါဝစရစိတ်သည်၊ ဈာနဘေဒေန ဈာန်တို့၏ အပြား အားဖြင့်၊ ပဉ္စဓာ-ငါးပါးပြားသည်၊ ဘဝေ – ဖြစ်၏၊ တံ ထို ငါးပါး ပြားပြီးသော ရူပါဝစရစိတ်သည်၊ ပုညပါက ကြိယဘေဒါ-ကုသိုလ်ဝိပါက်ကြိယာတို့၏ အပြား အားဖြင့်၊ ပဉ္စဒသဓာ - တစ်ဆယ့်ငါးပါးပြားသည်၊ ဘဝေ-ဖြစ်၏။

**ပဉ္စဓာ ဈာနဘေဒေန, ရူပါဝစရမာနသံ။** ဈာန်အင်္ဂါ ၅ ပါးရှိသော ပဌမဈာန်....ထိုဈာန်နှင့် ယှဉ်သောစိတ်, ဈာန်အင်္ဂါ ၄ ပါးရှိသော ဒုတိယဈာန် ထိုဈာန်နှင့် ယှဉ်သောစိတ်, ဈာန်အင်္ဂါ ၃ ပါးရှိသော တတိယဈာန်… ထိုဈာန်နှင့် ယှဉ်သောစိတ်, ဈာန်အင်္ဂါ ၂ ပါးရှိသော စတုတ္ထဈာန် ... ထိုဈာန်နှင့် ယှဉ်သောစိတ်, တစ်ဖန် ဈာန်အင်္ဂါ ၂ ပါးရှိသော ပဉ္စမဈာန်....ထိုဈာန်နှင့် ယှဉ်သောစိတ်, ဤသို့ ဈာန် ၅ မျိုးပြားခြင်းကြောင့် ထိုဈာန်နှင့် ယှဉ်သောစိတ်လည်း ၅ မျိုး ပြားရလေသည်။

ပုည ပါက ကြိယ ဘေဒါ = ထို ၅ မျိုးကို တစ်ဖန် ကုသိုလ် ဝိပါက် ကြိယာ ၃ မျိုးဖြင့် မြောက်၍ ရူပဈာန်စိတ် ၁၅ ဖြစ်သတည်း၊ ဤ ရူပစိတ် ၁၅ ပါးလုံး၌ သုခ သဟဂုတ် ၁၂, ဥပေက္ခာ သဟဂုတ် ၃, ပေါင်း ၁၅ ဟု ဝေဒနာအပြားအားဖြင့်သာ ခွဲလေ।

---
