## Trang 31

အကုသိုလ်စိတ် အဟိတ်စိတ် မည်မျှစီရှိသနည်း, ၎င်းစိတ် ၂ မျိုးလုံးကိုအဘယ်သို့ နာမည်ခေါ်ကြသေးသနည်း၊

ဈ ။ <mark>သော</mark>ဘနစိတ်အကျဉ်း မည်မျှ, အကျယ် မည်မျှရှိသနည်း။

ည။ ကာမ<mark>သော</mark>ဘနစိတ် မည်မျှရှိသနည်း။

ဋ ။ မဟဂ္ဂုတ်စိတ် မည်မျှရှိသနည်း။

ဌ ။ လောကီစိတ် မည်မျှရှိသနည်း။

ဍ ။ လောကုတ္တရာစိတ် အကျဉ်းမည်မျှ, အကျယ်မည်မျှရှိသနည်း။

၁ ။ စိတ် ၁၂၁ တွင် သုခသဟဂုတ် မည်မျှရှိသနည်း၊ [ လောကီ သုခသဟဂုတ် လောကုတ္တရာ သုခသဟဂုတ် ခွဲပြပါ။]

ဏ။ ဥပေက္ခာသဟဂုတ် မည်မျှရှိသနည်း၊ [ လောကီ ဥပေက္ခာသဟဂုတ်လောကုတ္တရာ ဥပေက္ခာသဟဂုတ် ခွဲပြပါ။]

တ။ သင်္ဂြိုဟ်ပါဠိအတိုင်း သမ္ပယုတ် အမည်ရ<mark>သော</mark>စိတ်, ဝိပ္ပယုတ် အမည်ရ<mark>သော</mark>စိတ်, သမ္ပယုတ် ဝိပ္ပယုတ် အမည်ရ<mark>သော</mark>စိတ် မည်မျှစီရှိသနည်း။

ထ။ အသင်္ခါရိက သသင်္ခါရိက အမည်ရ<mark>သော</mark>စိတ် မည်မျှ, အမည်မရ<mark>သော</mark>စိတ်က မည်မျှရှိသနည်း။

ဒ ။ ဤစိတ်ပိုင်း တပိုင်းလုံးဖြင့် အဘယ်ကို ပြသနည်း။

---

စိတ်ပိုင်းနိဿယနှင့်အဓိပ္ပါယ် ပြီး၏။

---

### စေတောယုတ္တ

**<mark>စေတသိက်ပိုင်း</mark>နိဿယ**

> ဧကုပ္ပါဒနိရောဓာ – တူ<mark>သော</mark> ဖြစ်ခြင်း,
> လက္ခဏာ ၄ ပါး တူ<mark>သော</mark> ချုပ်ခြင်း ရှိကုန်သည်၊ (ဟုတွာစ-
> ဖြစ်ကုန်၍၎င်း၊ ) ဧကာလမ္ဗနဝတ္ထုကာ – တူ<mark>သော</mark> အာရုံ, တူ
> <mark>သော</mark> မှီရာ ရှိကုန်သည်၊ (ဟုတ္ထာစ-ဖြစ်ကုန်၍၎င်း၊) စေတော
> ယုတ္တာ- စိတ်၌ယှဉ်ကုန်<mark>သော</mark>၊ ဒွိပညာသ-ငါးဆယ့်နှစ်ပါး<mark>သော</mark>၊
> ဓမ္မာ-သဘောတရားတို့ကို၊ စေတသိကာ-<mark>စေတသိက်တို့</mark>ဟူ၍၊
> မတာ-သိအပ်ကုန်၏။

**<mark>စေတသိက်ပိုင်း</mark>အဓိပ္ပါယ်**

> "စိတ္တံ <mark>စေတသိကံ</mark> ရူပံ နိဗ္ဗာနမိတိ သဗ္ဗထာ" ဟု အကျဉ်းဥဒ္ဒေသ
ခေါင်းစဉ်၍ပြအပ်<mark>သော</mark> မာတိကာစကားရပ်တွင် "<mark>စေတသိကံ</mark>" ဟူသောဥဒ္ဒေသ၏ အကျယ် နိဒ္ဒေသကို ပြတော်မူလို<mark>သော</mark>ကြောင့် ဧကုပ္ပါဒ-အစရှိ<mark>သော</mark>ပါဌ်ကို မိန့်သည်၊ ဤဂါထာကား စေတောယုတ္တလက္ခဏာ ၄ ပါးကိုပြ<mark>သော</mark> ဂါထာတည်း။

စေတောယုတ္တလက္ခဏာ ၄ ပါး။ ။စိတ်၌ယှဉ်ခြင်း၏အမှတ်အသားအင်္ဂါများကို " စေတောယုတ္တလက္ခဏာ " ဟု ခေါ်၏– ဧကုပ္ပါဒ၊ ဧကနိရောဓ၊ ဧကာလမ္ဗန၊ <mark>ဧကဝတ္ထုက</mark>" ဖြင့် ထို စေတောယုတ္တလက္ခဏာကိုပြသည်၊ စေတောယုတ္တအင်္ဂါများကား (၁) ဧကုပ္ပါဒ=စိတ်နှင့်တူ<mark>သော</mark> ဖြစ်ခြင်း, (၂) ဧကနိရောဓ=တူ<mark>သော</mark>ချုပ်ခြင်း, (၃) ဧကာလမ္ဗန=တူ<mark>သော</mark>အာရုံ, (၄) <mark>ဧကဝတ္ထုက</mark>=

---

## Trang 32

တူ<mark>သော</mark> မှီရာ ဝတ္ထုရှိခြင်းအားဖြင့် လေးပါးရှိ၏၊ မည်သည့်စေတသိက် မဆိုစိတ်၌ ယှဉ်သည့်အခါ ( ကာမရူပဘုံ၌ ) ဤ အင်္ဂါ ၄ ပါးနှင့် ညီညွတ်ကြရလေသည်။ ဤ လက္ခဏာ ၄ ပါးကို သမ္ပယုတ္တလက္ခဏာ ဟု ၎င်း, စေတသိက်လက္ခဏာ ၄ ပါးဟု၎င်း ခေါ်စမှတ်ပြုကြသေး၏။

(၁) တူ<mark>သော</mark>ဖြစ်ခြင်း=စိတ်ဖြစ်သည်နှင့်တပြိုင်နက် အတူတကွ ဖြစ်ခြင်း။

(၂) တူ<mark>သော</mark>ချုပ်ခြင်း=စိတ်ချုပ်သည်နှင့်တပြိုင်နက် အတူ ချုပ်ခြင်း။

(၃) တူ<mark>သော</mark>အာရုံ=စိတ်ယူ<mark>သော</mark> အာရုံကိုသာ အတူတကွယူခြင်း။

(၄) တူ<mark>သော</mark>မှီရာ=စိတ်၏မှီရာ ဝတ္ထုကိုသာ အတူတကွမှီခြင်း။

---

က ံ။ ။အရှင်အနုရုဒ္ဓါဆရာသည် ၅၂ ပါး<mark>သော</mark> စေတသိက် တို့ကို၁-အညသ<mark>မာန</mark>ရာသိ=အညသမာန်း<mark>စေတသိက်တို့</mark>၏ အစုံ, ၂-အကုသလရာသိ = အကုသိုလ် စေတသိက် အစု, ၃- <mark>သော</mark>ဘနရာသိ = သောဘန<mark>စေတသိက်တို့</mark>၏အစုံဟု သုံးပုံ သုံးစု ပိုင်းခြား၍ မိန့်တော်မူလို<mark>သော</mark>ကြောင့်"ကထံ" ဟူ<mark>သော</mark> ပုစ္ဆာကို ကိုယ်တိုင် ထုတ်တော်မူသည်။

### အညသ<mark>မာန</mark>်းစေတသိက်

**သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇**

[သဗ္ဗစိတ္တ = အလုံးစုံ<mark>သော</mark> စိတ် + သာဓာရဏ = ဆက်ဆံ<mark>သော</mark>စေတသိက်။] အလုံးစုံ<mark>သော</mark> စိတ်နှင့်ဆက်ဆံ<mark>သော</mark> စေတသိက်၊ " စိတ်အားလုံးနှင့် ယှဉ်နိုင်<mark>သော</mark>, စိတ်ဖြစ်တိုင်းပါကြရ<mark>သော</mark> စေတသိက်များ" ဟူလို။

> <mark>ဖဿော</mark>-ဖဿ ၎င်း၊ ဝေဒနာ-ဝေဒနာ၎င်း၊ သညာ-သညာ၎င်း၊
> စေတနာ-<mark>စေတနာ၎င်း</mark>၊ ဧကဂ္ဂတာ-<mark>ဧကဂ္ဂတာ၎င်း</mark>၊ ဇီဝိတိန္ဒြေ-
> ဇီဝိတိန္ဒြေ ၎င်း၊ မနသိကာရာစ-မနသိကာရ ၎င်း၊
> ဣတိ-ဤသို့၊ သတ္တ-ခုနစ်ပါးကုန်<mark>သော</mark>၊ ဣမေစေတသိကာ-ဤ
> <mark>စေတသိက်တို့</mark>သည်၊ သဗ္ဗစိတ္တသာဓာရဏာ နာမ-သဗ္ဗစိတ္တ
> သာဓာရဏ <mark>စေတသိက်တို့</mark> မည်၏။

၁။ ဖဿ=အာရုံကို တွေ့ထိခြင်း သဘော။

၂။ ဝေဒနာ=အာရုံအရသာကို ခံစားခြင်း သဘော။

၃။ သညာ=အာရုံကို မှတ်သားခြင်း သဘော။

၄။ စေတနာ=ယှဉ်ဘက် တရားတို့ကို ဆိုင်ရာကိစ္စ၌ ဆောင်ရွက်ကြဘို့ရာ စေ့ဆော်ခြင်း (တိုက်တွန်းနှိုးဆော်ခြင်း) သဘော။

၅။ ဧကဂ္ဂတာ=အာရုံတခု၌ တည်တံ့ခြင်း, တည်ကြည်ခြင်းသဘော။

၆။ ဇီဝိတိန္ဒြေ=ယှဉ်ဘက် တရားတို့ကို စောင့်ထိန်းခြင်း သဘော။[ဤ ဇီဝိတိန္ဒြေသည် နာမ်တရားတို့၏ အသက်တည်း။]

၇။ မနသိကာရ = <mark>စိတ်ထဲ</mark>၌ အာရုံ ပေါ်လာအောင် ပြုပေး<mark>သော</mark>သဘော၊ [စိတ်ကို အာရုံသို့ ရောက်၍ ရောက်၍ နေအောင် နှလုံးသွင်းခြင်း သဘော။]

> [ဆောင်] တွေ့ထိ ၁, ခံစား ၂, မှတ်သား ၃, လေ့ခေါ် စေ့ဆော် ၄, တည့်ကြည် ၅,
> နာမ်သက်မည်လျှင် စောင့်ထိန်းခြင်းမှ ၆, အာရုံပြု
> မှတ်ရှု ၇, သဗ္ဗစိတ်။

---

## Trang 33

### ပကိဏ်းစေတသိက် ၆

> ဝိတက္ကော-ဝိတက်၎င်း၊ ဝိစာရော-ဝိစာရ ၎င်း၊
> အဓိမောက္ခော-အဓိမောက္ခ၎င်း၊ ဝီရိယံ-ဝီရိယ၎င်း၊
> ပီတိ-ပီတိ၎င်း၊ ဆန္ဒောစ-ဆန္ဒ၎င်း၊
> ဣတိ-ဤသို့၊ ဆ-ခြောက်ပါးကုန်<mark>သော</mark>၊ ဣမေစေတသိကာ-ဤ
> <mark>စေတသိက်တို့</mark>သည်၊ ပကိဏ္ဏကာ နာမ-ပကိဏ်း<mark>စေတသိက်တို့</mark>
> မည်၏။

> ဧဝံ-ဤသို့၊ တေရသ-<mark>တစ်ဆယ့်</mark>သုံးပါးကုန်<mark>သော</mark>၊ ဣမေ
> စေတသိကာ-ဤ <mark>စေတသိက်တို့</mark>ကို၊ အညသ<mark>မာန</mark>ာတိ-အည
> သမာန်း<mark>စေတသိက်တို့</mark> ဟူ၍၊ ဝေဒိတဗ္ဗာ-သိအပ်ကုန်၏။

**၂။ ပကိဏ်းစေတသိက်** (ပကိဏ္ဏက။ ပ=အပြားဖြင့် + ကိဏ္ဏ=ရောပြွမ်း<mark>သော</mark> စေတသိက်=အနက်ရှိ)။ အပြားဖြင့် ရောပြွမ်း<mark>သော</mark>စေတသိက် "စိတ်အားလုံး၌ မယှဉ်နိုင်ဘဲ, <mark>ဟိုတစ်ချို့</mark> သည်တစ်ချို့ရောရောပြွမ်းပြွမ်း ယှဉ်<mark>သော</mark> စေတသိက်များ" ဟူလို။

၁။ ဝိတက် = ယှဉ်ဘက် တရားတို့ကို အာရုံသို့ တင်ပေးခြင်း(ကြံစီခြင်း) သဘော။

၂။ ဝိစာရ=အာရုံကိုသုံးသပ်ခြင်း (ထပ်၍ ထပ်၍ ယူခြင်း) သဘော။

၃။ အဓိမောက္ခ =အာရုံကို ဆုံးဖြတ်ချက်ချခြင်း သဘော။

၄။ ဝီရိယ=အားထုတ်ခြင်း (အားတက်သရောရှိခြင်း) သဘော။

၅။ ပီတိ=နှစ်သက်ခြင်း သဘော။

၆။ ဆန္ဒ=လိုလားတောင့်တခြင်း သဘော။

> [ဆောင်] ကြံစီ ၁, သုံးသပ် ၂, ဆုံးဖြတ် ၃, အားတက် ၄, နှစ်သက် ၅,
> တောင့်တ ၆, ဤ ခြောက်ဝ, မှတ်ကြ ပကိဏ်းတည်း။

**ဝိတက်, စေတနာ, မနသိကာရ အထူး။** (ဝိတက်သည် သမ္ပယုတ်တရားစုကို အာရုံသို့ ရှေးရှုတင်၏၊ စေတနာကား ဝိတက် တင်အပ်<mark>သော</mark>သမ္ပယုတ် တရားစုကို အာရုံ၌ယှဉ်ပေး၏၊ မနသိကာရသည်ကား သမ္ပယုတ်တရားစုကို အာရုံသို့ ဖြောင့်ဖြောင့်မတ်မတ် ရောက်အောင် ပြုပေး၏၊ဤသို့သဘောသကံအားဖြင့် ထူးခြားကြသည်။

> [ဆောင်] ဝိတက်အမှာ, သမ္ပယုတ်စုကို ရှေးရှုတင်ကာ၊ စေတနာဓာတ်,
> သေချာမှတ်မူ, တင်အပ်တရား, ယှဉ်စပ်ထား၏၊ မနသိဘုံ, အာရုံ
> ရှေးရှူဖြောင့်အောင်ပြုသည်, ခွဲမှု သဘောသကံတည်း။

အညသ<mark>မာန</mark>ာတိ-သဗ္ဗစိတ္တသာဓာရဏ ၇, ပကိဏ်းစေတသိက် ၆ပေါင်း ၁၃ ကို အညသ<mark>မာန</mark>်းစေတသိက်ဟု ခေါ်၏။ [အညသ<mark>မာန</mark>်းအမည်ရကြောင်းကို ဘာသာဋီကာ၌ ဆိုထားပြီ။]

### လေ့ကျင့်ခန်း မေးခွန်းများ

က။ ဧကုပ္ပါဒနိရောဓာစ-ဂါထာသည် ဘာကိုပြ<mark>သော</mark> ဂါထာနည်း။

ခ ။ စေတောယုတ္တ လက္ခဏာ ၄ ပါးကို ပြပါ။

ဂ ။ ဖဿ စသည့်ကို အဘယ့်ကြောင့် "သဗ္ဗစိတ္တသာဓာရဏ" ခေါ်သလဲ။

ဃ။ ဖဿစ<mark>သော</mark> ၇ ပါး၏ သဘောကို ပြပါ။

င ။ ဝိတက် စသည့်ကို အဘယ့်ကြောင့် "ပကိဏ်း စေတသိက်" ဟု ခေါ်သနည်း။

စ ။ ဝိတက် စ<mark>သော</mark> ၆ ပါး၏ သဘောကိုပြပါ။

ဆ။ ဘယ် စေတသိက်အစုကို "အညသ<mark>မာန</mark>်းရာသိ" ဟု ခေါ်သနည်း။

အညသ<mark>မာန</mark>်း စေတသိက်စု ပြီး၏။

---

## Trang 34

### အကုသိုလ် စေတသိက် ၁၄

> မောဟော-မောဟ၎င်း၊ အဟိရိကံ-အဟိရိက၎င်း၊
> အနောတ္တပ္ပံ-အနောတ္တပ္ပ၎င်း၊ ဥဒ္ဓစ္စံ-ဥဒ္ဓစ္စ၎င်း၊
> <mark>လောဘ</mark>ော-<mark>လောဘ</mark>၎င်း၊ ဒိဋ္ဌိ-ဒိဋ္ဌိ၎င်း၊
> <mark>မာန</mark>ော-မာန၎င်း၊ ဒေါ<mark>သော</mark>-ဒေါသ၎င်း၊
> ဣဿာ-ဣဿာ၎င်း၊ မစ္ဆရိယံ-မစ္ဆရိယ၎င်း၊
> ကုက္ကုစ္စံ-ကုက္ကုစ္စ၎င်း၊ <mark>ထိနံ</mark>-ထိန၎င်း၊
> မိဒ္ဓံ-မိဒ္ဓ၎င်း၊ <mark>ဝိစိကိစ္ဆာ</mark> စ-<mark>ဝိစိကိစ္ဆာ</mark>၎င်း၊
> ဣတိ-ဤသို့၊ စုဒ္ဒသ-၁၄ ပါးကုန်<mark>သော</mark>၊ ဣမေစေတသိကာ-ဤ <mark>စေတသိက်တို့</mark>
> သည်၊ အကုသလာ နာမ-အကုသိုလ်<mark>စေတသိက်တို့</mark> မည်၏။

**၃။ အကုသိုလ် စေတသိက်စု**

၁။ မောဟ = အာရုံ၏ အမှန်သဘောကို ဖုံးကွယ်ခြင်းသဘော။

၂။ အဟိရိက=ဒုစရိုက်မှ မရှက်ခြင်း သဘော။

၃။ အနောတ္တပ္ပ=ဒုစရိုက်မှ မကြောက်လန့်ခြင်းသဘော၊ [ ကောင်း<mark>သော</mark>လုပ်ငန်း၌ မရှက်မရွံ့မှုကား ဤ စေတသိက် ၂ ပါးမဟုတ်။]

၄။ ဥဒ္ဓစ္စ=ပျံ့လွင့်ခြင်း သဘော။

၅။ <mark>လောဘ</mark> = လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်ခြင်း သဘော၊[ကုသိုလ်အရာ၌ လိုချင်ခြင်း, စွန့်ကြဲ ပေးကမ်းဘို့ရာ ပစ္စည်းကို လိုချင်ခြင်းကား <mark>လောဘ</mark>မဟုတ်, ကုသိုလ်ဆန္ဒ တည်း။]

**<mark>လောဘ</mark>နှင့် ဆန္ဒ အထူး။** အစေးဖြင့် ကပ်သကဲ့သို့ အာရုံ၌ ငြိကပ်တွယ်တာခြင်း သဘောပါ<mark>သော</mark> လိုချင်မှုသည် <mark>လောဘ</mark>တည်း။ ငြိကပ်တွယ်တာခြင်းမရှိဘဲ အာရုံ တခုကို ရလိုရုံမျှသည် ဆန္ဒတည်း။

> [ဆောင်] က။ ငြိကပ်တွယ်တာ, အစေးပါ၍, ဆိုင်ရာအာရုံ, စုံစုံ မက်
> မက်, နှစ်သက်တောင့်တူ, လိုချင်က, <mark>လောဘ</mark> သဘောတည်း။
>
> ခ။ ငြိကပ်တွယ်တာ, စေးမပါဘဲ, ဆိုင်ရာ အာရုံ, ပြုလိုရုံမျှ
> လိုချင်က, ဆန္ဒသဘောတည်း။

၆။ ဒိဋ္ဌိ=မှားမှားယွင်းယွင်း သိမြင်ခြင်း (အယူမှားခြင်း) သဘော။

၇။ <mark>မာန</mark>=ထောင်လွှားတက်ကြွခြင်းသဘော။

၈။ ဒေါသ=ခက်ထန် ကြမ်းတမ်းခြင်း သဘော။

၉။ ဣဿာ=<mark>သူတစ်ပါး</mark>၏ ဂုဏ်သိရ် စည်းစိမ် ချမ်းသာကို ငြူစူခြင်းစောင်းမြောင်းခြင်း သဘော၊ [ နှုတ်ခမ်း ဟူ၍ မျက်စောင်း ထိုး၍ပြောဆို ကြည့်ရှုကြောင်းတရား။ ]

၁၀။ မစ္ဆရိယ=ကိုယ့်စည်းစိမ်ကို ဝန်တိုခြင်းသဘော၊ [ <mark>သူတစ်ပါး</mark>တို့နှင့်မဆက်ဆံစေလိုခြင်း နှမြောခြင်းသဘော။]

၁၁။ ကုက္ကုစ္စ=ဒုစရိုက်ကို ပြုမိပြီးမှ၎င်း, သုစရိုက်ကို မပြုခဲ့မိ၍၎င်း,နောင်တတဘန် ပူပန်ခြင်းသဘော။

၁၂။ ထိန=စိတ်မလန်းဘဲ ခပ်ထိုင်းထိုင်းဖြစ်နေခြင်း သဘော။

၁၃။ မိဒ္ဓ=ယှဉ်ဘက်စေတသိက်များမလန်းဘဲ မှိုင်းတိုင်းတိုင်း ဖြစ်နေခြင်းသဘော၊ [အိပ်ချင်မူးတူးဖြစ်နေသည့်အခါ ၎င်း ၂ ပါးထင်ရှား၏။]

၁၄။ <mark>ဝိစိကိစ္ဆာ</mark>=ဘုရားတရား စသည်များ၌ ယုံမှားခြင်းသဘော။[အဓိပ္ပါယ်မသိ၍ တွေးတောယုံမှားမှုကား <mark>ဝိစိကိစ္ဆာ</mark>မဟုတ်။ ]

> [ဆောင်] အမှန်ကွယ်ဝှက် ၁, ဒုစရက်ကြောင့် – မရှက် ၂ မလန့် ၃, ပျံ့လွင့်
> သဘော ၄, လိုချင်<mark>သော</mark>အား ၅, အယူမှားလျက် ၆, ထောင်လွှား
> တက်၍ ၇, ခက်ခက်ထန်ထန် ၈, ငြူစူဟန်မှီ ၉,
> နှမြောဟုဆို, ဝန်တိုလေရှိ ၁၀, နောင်တ ပူပင် ၁၁,
> ထိုင်း ၁၂, မှိုင်း ၁၃, ဤနှစ်အင်နှင့်, ထို့ပြင်
> ယုံမှား ၁၄, ဆယ့်လေးပါးသည်, မှတ်သား အကုသိုလ်ချည်တည်း။

အကုသိုလ်စေတသိက်စု ပြီး၏။

---

## Trang 35

### <mark>သော</mark>ဘနသာဓာရဏ စေတသိက် ၁၉

> သဒ္ဓါ-သဒ္ဓါ၎င်း၊ သတိ-သတိ၎င်း၊
> ဟိရီ-ဟိရီ၎င်း၊ ဩတ္တပ္ပံ-ဩတ္တပ္ပ၎င်း၊
> <mark>အလောဘ</mark>ော-<mark>အလောဘ</mark>၎င်း၊ အဒေါ<mark>သော</mark>-အဒေါသ၎င်း၊
> တတြမဇ္ဈတ္တတာ-တတြမဇ္ဈတ္တတာ၎င်း၊
> ကာယပဿဒ္ဓိ-ကာယပဿဒ္ဓိ၎င်း၊ စိတ္တပဿဒ္ဓိ-စိတ္တပဿဒ္ဓိ၎င်း၊
> ကာယလဟုတာ-ကာယလဟုတာ၎င်း၊ စိတ္တလဟုတာ-စိတ္တလဟုတာ၎င်း၊
> ကာယမုဒုတာ-ကာယမုဒုတာ၎င်း၊ စိတ္တမုဒုတာ-စိတ္တမုဒုတာ၎င်း၊
> ကာယကမ္မညတာ-ကာယကမ္မညတာ၎င်း၊ စိတ္တကမ္မညတာ-စိတ္တကမ္မညတာ၎င်း၊
> ကာယပါဂုညတာ-ကာယပါဂုညတာ၎င်း၊ စိတ္တပါဂုညတာ-စိတ္တပါဂုညတာ၎င်း၊
> <mark>ကာယုဇုကတာ</mark>-<mark>ကာယုဇုကတာ</mark>၎င်း၊ စိတ္တုဇုကတာ-စိတ္တုဇုကတာ၎င်း၊
> ဣတိ-ဤသို့၊ <mark>ဧကူနဝီသတိ</mark>-တခုယုတ်နှစ်ဆယ်<mark>သော</mark>၊ ဣမေစေတသိ
> ကာ-ဤ စေတသိက်တို့သည်၊ <mark>သောဘနသာဓာရဏာ နာမ</mark>-
> သောဘနသာဓာရဏ <mark>စေတသိက်တို့</mark>မည်၏။

### <mark>သောဘနစေတသိက်စု</mark>

**၄။ <mark>သော</mark>ဘနသာဓာရဏ** — [<mark>သော</mark>ဘန = <mark>သော</mark>ဘနစိတ် + သာဓာရဏ = ဆက်ဆံ<mark>သော</mark>စေတသိက်] "<mark>သော</mark>ဘနစိတ် အားလုံးနှင့် ဆက်ဆံ<mark>သော</mark> (ယှဉ်နိုင်<mark>သော</mark>) စေတသိက်များ"ဟူလို။

၁။ သဒ္ဓါ = မှန်<mark>သော</mark> ဘုရား တရား သံဃာနှင့် ကံ–ကံ၏ အကျိုးစသည်ကို ကြည်ညိုမှု, ယုံကြည်မှု, ကျေကျေနပ်နပ်ရှိမှု။ [မမှန်<mark>သော</mark>ဘုရား တရား ကောင်းစွာမကျင့်<mark>သော</mark> သံဃာ စသည်၌ ယုံကြည်မှုကား သဒ္ဓါစစ်မဟုတ်။]

၂။ သတိ=ဘုရား တရားစ<mark>သော</mark> ကုသိုလ်နှင့်ဆိုင်ရာကို အောက်မေ့မှု,အမှတ်ရမှု၊ [ အကုသိုလ်ဆိုင်ရာ အမှတ်ရမှု, ထိုထိုကိစ္စ လုပ်ငန်းကိုသတိရမှုကား သတိစစ်မဟုတ်။]

၃။ ဟိရီ=ဒုစရိုက်မှ ရှက်မှု။

၄။ ဩတ္တပ္ပ=ဒုစရိုက်မှ ကြောက်လန့်မှု။[ ကုသိုလ်ကောင်းမှု ဆိုင်ရာ၌ ရှက်မှု ကြောက်ရွံ့နေမှုကား ဟိရီဩတ္တပ္ပ အစစ်မဟုတ်။ ]

၅။ <mark>အလောဘ</mark>=လောကီအာရုံ ကာမဂုဏ်ကို မလိုချင်မှု၊ မစုံမက်မှု။

၆။ အဒေါသ = မခက်ထန် မကြမ်းတမ်းမှု၊ [ မေတ္တာ ဟူသည်လည်းဤစေတသိက်ပင်တည်း။]

၇။ တတြမဇ္ဈတ္တတာ=စိတ် <mark>စေတသိက်တို့</mark>ကို မိမိတို့ ကိစ္စ၌ အပိုအလွန်မရှိစေရအောင် အလယ်အလတ်၌ တည့်မတ်မှု, လစ်လျူရှုမှု။

၈။ ကာယပဿဒ္ဓိ=စေတသိက်အပေါင်း၏ ငြိမ်းအေးမှု၊ [ကာယသဒ္ဒါစေတသိက်အပေါင်း ဟူ<mark>သော</mark> အနက်ကိုဟော၏။]

၉။ စိတ္တပဿဒ္ဓိ=စိတ်၏ ငြိမ်းအေးမှု။

၁၀။ ကာယလဟုတာ=စေတသိက်အပေါင်း၏ လျှင်မြန် ပေါ့ပါးမှု။

၁၁။ စိတ္တလဟုတာ=စိတ်၏ လျင်မြန်ပေါ့ပါးမှု။

၁၂။ ကာယမုဒုတာ=စေတသိက်အပေါင်း၏ နူးညံ့မှု။

၁၃။ စိတ္တမုဒုတာ=စိတ်၏ နူးညံ့မှု။

၁၄။ ကာယကမ္မညတာ = စေတသိက်အပေါင်း၏ ကုသိုလ် ကောင်းမှု၌ခံ့ညားမှု။

၁၅။ စိတ္တကမ္မညတာ=စိတ်၏ ကုသိုလ်ကောင်းမှု၌ ခံ့ညားမှု။

၁၆။ ကာယပါဂုညတာ =စေတသိက်အပေါင်း၏ (ကုသိုလ်ကောင်းမှု၌)ပြွမ်းတီးလေ့လာမှု။

၁၇။ စိတ္တပါဂုညတာ=စိတ်၏ ပြွမ်းတီးလေ့လာမှု။
