## Trang 156

အသင်္ခါရံ - အသင်္ခါရိက ကုသိုလ်ကံသည်၊ သကေစိဝါဒ သင်္ခါရဝိပါကာနိ- သသင်္ခါရိက ဝိပါက်စိတ်တို့ကို၊ နပစ္စတိ-မရင့်ကျက်စေ၊ သသင်္ခါရံ-သသင်္ခါရိက ကုသိုလ်ကံသည်၊ အသင်္ခါရဝိပါကာနိ - အသင်္ခါရိကဝိပါက်စိတ်တို့ကို၊ နပတ္တံတိ-မရင့်ကျက်စေ၊ ဣတိ-ဤသို့၊ ကေစန - အချို့ဆရာတို့ ဆိုကြကုန်၏။

တေသံ – ထိုဆရာတို့၏(အယူ၌)၊ ဒွါဒသ-တစ်ဆယ့်နှစ်ပါးကုန်သော၊ ပါကာနိ - ဝိပါက်စိတ်တို့ကို၎င်း၊ ဒသ - ဆယ်ပါးကုန်သော၊ ပါကာနိ-တို့ကို၎င်း၊ အဋ္ဌ-ရှစ်ပါးကုန်သော၊ ပါကာနိစ-တို့ကို၎င်း၊ ယထာဝုတ္တာနုသာရေန-အကြင်အကြင်ဆိုအပ်ပြီးကို အစဉ်လျှောက်သဖြင့်၊ ယထာသန္တဝံ – ဖြစ်သင့်သည်အားလျှော်စွာ၊ ဥဒ္ဒေသေ–ပြရာ၏။

ဥပေက္ခာ သန္တိရဏ <mark>ပဋိသန္ဓေ</mark>ကျိုးကို ပေး၍ ပဝတ္တိအခါ၌ အဟိတ်ကုသလဝိပါက် ၈ ပါးကိုသာ ဖြစ်စေသည်။

[ဆောင်] ကုသိုလ်ပြုစဉ်, ကံကျိုးမြင်သိ, ဥာဏ်ယှဉ်ဘိက, တိဟိတ်ကုသိုလ်, ခေါ်ဆိုကြရိုး၊ အကျိုးမမြင်, ဥာဏ်မယှဉ်သော်, ခေါ်တွင်ဒွိဟိတ်’ကုသိုလ်စိတ်တည်း၊ ကြိတ်လိပ်သေသပ် ရှေ့နောက် နှစ်ရပ်ဝယ်, ညှပ်မူကုသိုလ်-ဥက္ကဌဆို၏၊ ထိုဇိုနှစ်တန်, အကုခြံလျှင်, တဘန်ဩမက – မည့်တံ့ကြသည်မှတ်ကြလွယ်ဘို့ အချုပ်တည်း။

**ကေစိဝါဒ။** — ဆိုခဲ့ပြီးသော စကားရပ်ကား အများသဘောတူဆုံးဖြတ်အပ်သော သမာနဝါဒတည်း၊ ကေစိဆရာ (မောရဝါဝီမည်သောအရပ်၌ သီတင်းသုံးသော မဟာဒတ္ထထေရ်)တို့ကမူ “အသင်္ခါရိက ကုသိုလ်ကံသည် သသင်္ခါရိက အကျိုးကို မပေး၊ သသင်္ခါရိက ကုသိုလ်ကလည်း အသင်္ခါရိကအကျိုးကို မပေးနိုင်”ဟုဆို၏၊ ထိုအယူအတိုင်း ရေတွက်လျှင်....

**ဒွါဒသ** — တိဟိတ်ဥက္ကဋ္ဌကုသိုလ်သည် အသင်္ခါရိက(မဟာကုသိုလ်ဥာဏသမ္ပယုတ် ၂ ပါး)ဖြစ်အံ့, အဟိတ်ကုသလဝိပါက် ၈, မဟာဝိပါက်အသင်္ခါရိက ၄, ၁၂ ပါးသော အကျိုးပေး၏၊ သသင်္ခါရိကဖြစ်အံ့, အဟိတ်ကုသလဝိပါက် ၈, မဟာဝိပါက်သသင်္ခါရိက ၄, ဤ ၁၂ ပါးကို ဖြစ်စေ၏၊ [အဟိတ်ဝိပါက်ကား အသင်္ခါရိက သသင်္ခါရိက ဟု မဆိုရ၍ နှစ်ဘက်လုံးဖြစ်သည်။]

**ဒသ** — တိဟိတ်သြမကနှင့် ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်လည်း အသင်္ခါရိကဖြစ်အံ့, အဟိတ်ကုသလဝိပါက် ၈, မဟာဝိပါက်ဉာဏဝိပ္ပယုတ်အသင်္ခါရိက ၂, ၍ ၁ဝ ပါးသောအကျိုးကို ဖြစ်စေ၏၊ သသင်္ခါရိကဖြစ်အံ့, အဟိတ်ကုသလဝိပါက် ၈, ဉာဏဝိပ္ပယုတ်သသင်္ခါရိက ၂, ဤဆယ်ပါးသော အကျိုးကိုပေး၏။

**အဋ္ဌ** — ဒွိဟိတ်သြမကကုသိုလ်ကား အသင်္ခါရိက သသင်္ခါရိက ၂ မျိုးလုံးပင် အဟိတ်ကုသလဝိပါက် ၈ ပါးကိုသာ ဖြစ်စေသည်၊ ဤသို့လျှင် ဆိုခဲ့ပြီးသော သမာနဝါဒနည်းကို အစဉ်လိုက်၍ ဖြစ်ထိုက်သလို ပြရာ၏။

**ကုသိုလ် — သမာနဝါဒ — ကေစိဝါဒ (ဝိပါက်အကျဉ်းချုပ်)**

| အမျိုးအစား | သမာနဝါဒ ဝိပါက် | ကေစိဝါဒ ဝိပါက် |
|---|---|---|
| တိဟိတ်ဥက္ကဋ္ဌ (အသင်္ခါရိက) | ၁၆ | ၁၂ |
| တိဟိတ်ဥက္ကဋ္ဌ (သသင်္ခါရိက) | — | ၁၂ |
| တိဟိတ်သြမက + ဒွိဟိတ်ဥက္ကဋ္ဌ (အသင်္ခါရိက) | ၁၂ | ၁၀ |
| တိဟိတ်သြမက + ဒွိဟိတ်ဥက္ကဋ္ဌ (သသင်္ခါရိက) | — | ၁၀ |
| ဒွိဟိတ်သြမက (အသင်္ခါရိက + သသင်္ခါရိက) | ၈ | ၈ |

---

## Trang 157

**ရူပကံ၏ အကျိုးပေးရာဘုံ**

၁။ ပန- ကား၊ ရူပါဝစရကုသလံ - ရူပါဝစရကုသိုလ်ကို၊ ပဋ္ဌမာနံ-ပဌမဈာန်ကို၊ ပရိတ္တံ-ပရိတ္တဈာန်ဖြစ်အောင်၊ ဘာဝေတွာ-ဖြစ်စေ၍ (ဖြစ်စေခြင်းကြောင့်၊) ဗြဟ္မပါရိသဇ္ဇေသု-ဗြဟ္မပါရိသဇ္ဇဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏၊ (၂)တဒေဝ-ထိုပဌမဈာန်ကိုပင်၊ မဇ္ဈိမံ-မဇ္ဈိမဈာန်ဖြစ်အောင်၊ ဘာဝေတွာ–၍၊ ဗြဟ္မပုရောဟိတေသု-ဗြဟ္မပုရောဟိတဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၃)ပဏီတံ-ပဏီတဈာန်ဖြစ်အောင်၊ ဘာဝေတွာ-၍၊ မဟာဗြဟ္မေသု-မဟာဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။

ရူပါဝစရကုသိုလ်ကံ၏ အကျိုးပေးရာဘုံ။ ။ ရူပကုသိုလ်ကံ၏ ပါကဋ္ဌာနကို သင်္ဂြိုဟ်ပါဌ်အတိုင်း သိနိုင်လောက်ပြီ၊ ဗြဟ္မပါရိသဇ္ဇေသု စသည့်တို့၌ သဒ္ဒါနည်းက “သတ္တမေသု”ဟု ပုလ္လိန်ဖြင့် နေသောကြောင့် “ဗြဟ္မပါရိသဇ္ဇာဘုံတို့၌” ဟု အနက်မပေးဘဲ, ဗြဟ္မပါရိသဇ္ဇဗြဟ္မာတို့၌ (ဗြဟ္မာတို့အထံ၌) ဟု အနက်ပေးသည်၊ ဘုံဟောဖြစ်လျှင် “ဗြဟ္မပါရိသဇ္ဇာယံ” ဟု ဣတ္ထိလိင်ဧကဝုစ်ဖြင့် ရှိရသည်။

**ပရိတ္တ မဇ္ဈိမ ပဏီတ အထူး။** ။ ဆန္ဒ-စိတ္တ-ဝီရိယ-ဝီမံသ (ပညာ) ဟူသော ဈာန်နှင့် ယှဉ်ဘက်တရားတို့တွင် တပါးပါးသည် အဓိပတိ (အကြီးအကဲ)ဖြစ်ရိုးတည်း၊ ထိုအဓိပတိဖြစ်ထိုက်သော တရားသည် ညံ့နေ လျှော့နေလျှင် ပရိတ္တဈာန်ဖြစ်၏, ထိုအဓိပတိက အလတ်တန်းစားသို့ ရောက်နေလျှင် မဇ္ဈိမဈာန်ဖြစ်၏, ထိုအဓိပတိက ထက်မြက်လျှင် ပဏီတဈာန်ဖြစ်၏။

[ဆောင်] ဓိပတိထိုက်ငြား, တပါးပါးပင်, ယုတ်လျှင် ပရိ, လယ် မဇ္ဈိ ထက်ဘိ ပဏီတ၊

၄။ တထာ-ထိုမှတပါး၊ ဒုတိယာနံ-ဒုတိယဈာန်ကို၎င်း၊ တတိယဈာနဉ္စ-တတိယဈာန်ကို၎င်း၊ ပရိတ္တံ-အောင်၊ ဘာဝေတွာ-၍၊ ပရိတ္တာဘေသု-ပရိတ္တာဘဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၅)မဇ္ဈိမံ-အောင်၊ ဘာဝေတွာ-၍၊ အပ္ပမာဏာဘေသု – အပ္ပမာဏာဘဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၆)ပဏီတံ-အောင်၊ ဘာဝေတွာ-၍၊ အာဘဿရေသု-အာဘဿရဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။

၇။ စတုတ္ထာနံ - စတုတ္ထဈာန်ကို၊ ပရိတ္တံ-အောင်၊ ဘာဝေတွာ-၍၊ ပရိတ္တသုဘေသု-ပရိတ္တသုဘဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၈)မဇ္ဈိမံ-အောင်၊ ဘာဝေတွာ-၍၊ အပ္ပမာဏသုဘေသု-အပ္ပမာဏသုဘဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၉)ပဏီတံ-အောင်၊ ဘာဝေတွာ-၍၊ သုဘကိဏှေသု-သုဘကိဏှဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။

၁၀။ ပဉ္စမာနံ – ပဉ္စမဈာန်ကို၊ ဘာဝေတွာ - ဖြစ်စေ၍၊ ဝေဟပ္ဖလေသု-ဝေဟပ္ဖိုလ်ဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၁၁)တဒေဝ-ထိုပဉ္စမဈာန်ကိုပင်၊ သညာဝိရာဂံ - သညာ၌ စက်ဆုပ်အောင်၊ ဘာဝေတွာ–၍၊ အသညသတ္တေသု - အသညသတ်ဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။

၁၁။ တဒေဝသညာဝိရာဂံ ၊ ပေ ၊ အသညသတ္တေသု- ပဉ္စမဈာန်ကို ရပြီးသောပုဂ္ဂိုလ်သည် “အမှတ်သညာရှိနေ (စိတ်စေတသိက်ရှိနေ)သောကြောင့်သာ စားချင် သောက်ချင် လိုချင်မှု ဒေါသဖြစ်မှု မာနဖြစ်မှုတွေ ဖြစ်ရသည်, ရုပ်ခန္ဓာချည်းနေလျှင် အပြစ်တစုံတရာ မရှိဘဲ အမြဲငြိမ်းချမ်းဖွယ်ရှိသည့်” ဟု သညာစေတသိက်နှင့်တကွ စိတ်စေတသိက်အားလုံးပေါ်မှာ များစွာ အပြစ်မြင်၍ ပဉ္စမဈာန်ကိုပင် ထပ်ကာထပ်ကာ ဝင်စားလျှင် ထိုပဉ္စမဈာန်သည် သညာကို (စိတ်စေတသိက်အားလုံးကို) စက်ဆုပ်သော “သညာဝိရာဂဘာဝနာ”အဖြစ်သို့ ရောက်၏၊ ထိုပုဂ္ဂိုလ်စုတေလျှင် သူ့အလိုကျအောင် သညာမရှိသော အသညသတ်ဘုံသို့ ရောက်ရလေသည်။

---

## Trang 158

၁၂။ ပန-အထူးကား အနာဂါမိနော-ပဉ္စမဈာန်ရပြီးသော အနာဂါမ်ပုဂ္ဂိုလ်တို့သည်၊ သုဒ္ဓါဝါသေသု-သုဒ္ဓါဝါသဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇန္တိ–ဖြစ်တတ်ကုန်၏။

၁၂။ အနာဂါမိနော၊ပေ ၊ သုဒ္ဓါဝါသေသု-—ပဉ္စမဈာန်ရပြီးသောသူသည် အနာဂါမ်ပုဂ္ဂိုလ်ဖြစ်လျှင် သုဒ္ဓါဝါသဘုံ၌ ဖြစ်ရ၏။ သို့သော် အမြဲမဟုတ်၊ ပဉ္စမဈာန်ရပြီးသော အနာဂါမ်ပုဂ္ဂိုလ်တစ်ချို့မှာ ဝေဟပ္ဖိုလ်၌လည်း ဖြစ်ခွင့်ရှိသေး၏၊ သုဒ္ဓါဝါသဘုံ၌ကား အနာဂါမ်ပုဂ္ဂိုလ်မှတပါး အခြားပုဂ္ဂိုလ်များ <mark>ပဋိသန္ဓေ</mark>မနေနိုင်။ [သုဒ္ဓါဝါသဘုံ၌ အနာဂါမိဖလဋ္ဌ အရဟတ္တမဂ္ဂဋ္ဌနှင့် အရဟတ္တဖလဋ္ဌ ၃ ယောက်သာရှိ၏၊ ထိုတွင် မဂ္ဂဋ္ဌပုဂ္ဂိုလ်အဖြစ် ရဟန္တာအဖြစ်တို့၌ <mark>ပဋိသန္ဓေ</mark>နေခွင့်မရှိရကား အနာဂါမိဖလဋ္ဌတစ်ယောက်သာ <mark>ပဋိသန္ဓေ</mark>နေခွင့်ရှိသည်-ဟူလို။]

ထိုသို့ <mark>ပဋိသန္ဓေ</mark>နေကြရာဝယ် ဣန္ဒြေငါးပါး ထက်မြက်မှုအစဉ်အားဖြင့် သုဒ္ဓါဝါသ ၅ ဘုံ၌ ဖြစ်ကြရသည်၊ သဒ္ဓိန္ဒြေထက်သူသည် အဝိဟာဘုံ၌, ဝီရိယိန္ဒြေထက်သူသည် အတပ္ပါဘုံ၌, သတိန္ဒြေထက်သူသည် သုဒဿာဘုံ၌, သမာဓိန္ဒြေထက်သူသည် သုဒဿီဘုံ၌, ပညိန္ဒြေထက်သူသည် အကနိဋ္ဌာဘုံ၌ ဖြစ်၏။

[ဆောင်] သဒ္ဓါ-ဝီရိ သတိ-သမာ, မိပညာ, ငါးဖြာ ဣန္ဒြေခင်း၊ သုဒ္ဓါဘုံငါး, ထက်သူများ, စံစား စဉ်တိုင်းသွင်း။

**အရူပကံ၏ အကျိုးပေးရာဘုံ**

အရူပါဝစရကုသလဉ္စ- အရူပါဝစရကုသိုလ်ကိုလည်း၊ ယထာက္ကမံ-အစဉ်အတိုင်း၊ ဘာဝေတွာ-ဖြစ်စေ၍၊ အရူပေသု-အရူပဘုံတို့၌၊ ဥပ္ပဇ္ဇန္တိ-ဖြစ်ကုန်၏။

**နိဂုံးချုပ်**

ဣတိ-ဤဆိုအပ်ပြီးသော အပြားအားဖြင့် မဟဂ္ဂတံ-မဟဂ္ဂုတ်ဖြစ်သော၊ ပုညံ-ကုသိုလ်ကံသည်၊ ယထာဘူမိဝဝတ္ထိတံ-အကြင်အကြင်ပိုင်းခြားအပ်သောဘုံ၌၊ သဒိသံ-တူသော၊ ပါကံ-အကျိုးကို၊ <mark>ပဋိသန္ဓေ</mark>ပဝတ္တိယံ – <mark>ပဋိသန္ဓေ</mark>အခါ ပဝတ္တိအခါ၌၊ ဇနေတိ-ဖြစ်စေ၏။

ဣဒံ - ဤသည်ကား၊ ဧတ္ထ - ဤဝီထိမုတ္တသင်္ဂဟ၌၊ ကမ္မစတုက္ကံ-ကမ္မစတုက္ကတည်း။

**အရူပါဝစရကံ၏ အကျိုးပေးရာဘုံ။** ။ အာကာသာနဉ္စာယတနဈာန်ကိုရလျှင် အာကာသာနဉ္စာယတနဘုံ၌, ဝိညာဏဉ္စာယတနဈာန်ကိုရလျှင် ဝိညာဏဉ္စာယတနဘုံ၌ ဖြစ်၏ စသည်ဖြင့် ယထာက္ကမံအရ အစဉ်အတိုင်းဖြစ်ပုံကို သိလေ။

**နိဂုံးချုပ်။** ။ ဣတိ မဟဂ္ဂတံ ပုညံ-ကား ရူပါရူပကံတို့၏ ပါကဌာနကို နိဂုံးချုပ်ပြသော သင်္ဂဟဂါထာတည်း၊ “ဇနေတိ သဒိသံ ပါကံ”အရ ပဌမဈာန်ကုသိုလ်က ပဌမဈာန်ဝိပါက်အကျိုးကို ပေး၏, စသည့်ဖြင့် နေဝသညာနာသညာယတနကုသိုလ်တိုင်အောင် သိလေ။ [ကာမကုသိုလ်များတွင် ပဌမမဟာကုသိုလ်သည် မိမိနှင့်တူသော ပဌမမဟာဝိပါက်အကျိုးကို၎င်း, မတူသော ဒုတိယမဟာဝိပါက်စသော သဟိတ်ဝိပါက် ၇ ပါးနှင့် အဟိတ်ကုသလဝိပါက်ကို၎င်း ပေးနိုင်၏၊ ဤသို့စသည်ဖြင့် မိမိနှင့်တူသော အကျိုးမတူသော အကျိုးကို ပေးနိုင်ရကား၊ မဟာကုသိုလ်များ၌ “ဇနေတိ သဒိသံ ပါကံ” ဟု မဆိုဘဲ မဟဂ္ဂုတ်ကုသိုလ်များကိုသာ “ဇနေတိ သဒိသံ ပါကံ” ဟုဆိုရသည်။

---

## Trang 159

**လေ့ကျင့်ခန်း မေးခွန်းများ**

က။ အကုသိုလ်ကံ ၁၂ ပါးတွင် <mark>ပဋိသန္ဓေ</mark>ကျိုးကို ပေးနိုင်သောကံ မည်မျှ, ပဝတ္တိကျိုးကို ပေးနိုင်သောကံ မည်မျှနည်း, သင်္ဂြိုဟ်ထောက်ပါ။

ခ။ တိဟိတ်ကုသိုလ်ဖြစ်အောင် အဘယ်သို့ ကုသိုလ်ပြုရမည်နည်း, လင်္ကာထောက်ပါ။

ဂ။ ထိုတိဟိတ်ကုသိုလ်၏ ဥက္ကဋ္ဌ-ဩမကဖြစ်ပုံကို လင်္ကာထောက်၍ ပြပါ။

ဃ။ တိဟိတ်ဥက္ကဋ္ဌကုသိုလ်သည် <mark>ပဋိသန္ဓေ</mark>ကျိုး ပဝတ္တိကျိုးကို မည်မျှစီပေးသနည်း, သမာနဝါဒအရ သင်္ဂြိုဟ်ထောက်ပါ။

င။ တိဟိတ်ကုသိုလ်၏ <mark>ပဋိသန္ဓေ</mark> ပဝတ္တိကျိုးကို ကေစိဝါဒအရ အသင်္ခါရိက သသင်္ခါရိက ခွဲခြားရေတွက်ပါ။

စ။ ဒွိဟိတ်ဩမကကုသိုလ်သည် ဘယ်ပုဂ္ဂိုလ်များအတွက် ဘယ်ဘုံ၌ <mark>ပဋိသန္ဓေ</mark>ကျိုးကို ပေးသနည်း။

ဆ။ အဘယ်ဈာန်မျိုးကို ပရိတ္တ မဇ္ဈိမ ပဏီတဈာန်ဟု အသီးအသီးခေါ်သနည်း, လင်္ကာထောက်ပါ။

ဇ။ အသညသတ်ဘုံသို့ ရောက်ဘို့ရာ အဘယ်ဈာန်ကို အဘယ်သို့ အားထုတ်ရမည်နည်း။

ဈ။ အဘယ်တရားလွန်ကဲသူသည် အဘယ်သုဒ္ဓါဝါသဘုံ၌ ဖြစ်သနည်း, လင်္ကာထောက်ပါ။

ည။ ဣတိမဟဂ္ဂတံစသော ဂါထာကိုအနက်ပေး၍ “ဇနေတိ သဒိသံ ပါကံ”အရ အဓိပ္ပါယ်ကို ပြပါ။

**ကမ္မစတုက္က ပြီး၏။**

**စုတေခြင်း အကြောင်း ၄ ပါး**

အာယုက္ခယေန - အသက်တမ်း၏ ကုန်မှုကြောင့် စုတေရခြင်း၎င်း၊ ကမ္မက္ခယေန-ကံစွမ်း၏ ကုန်မှုကြောင့် စုတေရခြင်း၎င်း၊ ဥဘယက္ခယေန - အသက်တမ်း ကံစွမ်း ၂ ပါးစုံ၏ ကုန်မှုကြောင့် စုတေရခြင်း၎င်း၊ ဥပစ္ဆေဒကကမ္မုနာ – ကပ်၍ဖြတ်တတ်သောကံကြောင့် စုတေရခြင်း၎င်း၊ ဣတိ - ဤသည်တို့ကား၊ စတုဓာ - လေးပါးပြားသော၊ မရဏုပ္ပတ္တိနာမ – မရဏုပ္ပတ္တိမည်၏။

**စုတေခြင်း၏အကြောင်း ၄ ပါး။** ။ မရဏုပ္ပတ္တိစတုက္က ‘မရဏစုတေခြင်း+ဥပ္ပတ္တိ’ဖြစ်ပုံ။ စုတေရခြင်း၏ဖြစ်ပုံကို ပြသော စတုက္ကကို “မရဏုပ္ပတ္တိစတုက္က”ဟု ခေါ်သည်။ ၄ ပါးသရုပ်ကို အာယုက္ခယ ကမ္မက္ခယ စသည်ဖြင့် ရေတွက်လေ။

ညှိထွန်းထားအပ်သော ဆီမီးသည် ၁ – မီးစာကုန်ခြင်းကြောင့်လည်း ငြိမ်း၏၊ ၂–ဆီကုန်ခြင်းကြောင့်လည်း ငြိမ်း၏၊ ၃–မီးစာနှင့်ဆီ ၂ မျိုးလုံးကုန်ခြင်းကြောင့်လည်း ငြိမ်း၏၊ ၄–မီးစာဆီမကုန်သေးဘဲ လေပြင်းတိုက်ခတ်, သို့မဟုတ် တမင်ငြိမ်းသတ်မှုကြောင့်လည်း ငြိမ်း၏။

ထို့အတူ ၁–အချို့မှာ အသက်တမ်းကုန်မှုကြောင့် စုတေရ၏၊ မီးစာကုန်ခြင်းနှင့်တူ၏၊ [မီးတောက်ကား-သတ္တဝါတို့၏ “အသက်” ခေါ်သော ဇီဝိတနှင့်တူ၏၊ ထိုထိုဘုံဘဝခေတ်ကာလအလျောက် ၁၄၀ ၊ ၇၅ နှစ်တမ်းစသော အသက်တမ်းကို “အာယု”ဟုခေါ်သည်၊ ယခုအခါ အသက်တမ်း ၇၅ နှစ်တမ်းဟု ခန့်မှန်းကြ၏။]

၂–အချို့မှာ ထိုဘဝကို စီမံလိုက်သော ကံစွမ်း၏ကုန်မှုကြောင့် စုတေ၏၊ ဆီကုန်ခြင်းနှင့်တူ၏၊ ၃–အချို့မှာ အသက်တမ်းလည်းကုန်, ကံစွမ်းလည်းကုန် နှစ်ပါးစုံကြောင့် စုတေရ၏၊ မီးစာနှင့်ဆီတို့တပြိုင်နက်ကုန်ခြင်းနှင့် တူ၏၊ ၄–အချို့မှာ အသက်တမ်းကံစွမ်းမကုန်သေးသော်လည်း ရှေးရှေးကပြုအပ်ခဲ့သော ဥပစ္ဆေဒကကံ (ဥပဃာတကကံ) အခွင့်သာ၍ သူတစ်ပါးတို့လက်ချက်, ကိုယ့်ကိုယ်တိုင်နှိပ်စက်, ရောဂါဒဏ်တို့နှိပ်စီးသည့်အတွက်စသော အကြောင်းကြောင့်စုတေရ၏၊ လေပြင်းတိုက်ခတ်မှု-တမင်ငြိမ်းသတ်မှုကြောင့် မီးငြိမ်းခြင်းနှင့်တူ၏၊ ဤသို့လျှင် ထိုထိုဘုံဘဝမှ စုတေဘို့ရာ အကြောင်းလေးမျိုးရှိသည်၊ [ထိုဘဝကို စီမံလိုက်သော မူလဇနကကံကို ကမ္မက္ခယ၌ “ကမ္မ”ဟုခေါ်သည်။]

---

## Trang 160

**စုတေခါနီးအာရုံထင်ပုံ။** ။ တထာစ၊ပေ၊ပစ္စုပဋ္ဌာတိ-စကားဖြင့် မရဏာသန္နအခါ ကံ ကမ္မနိမိတ် ဂတိနိမိတ် ထင်လာပုံကို ပြသည်။

**စုတေခါနီး အာရုံထင်ပုံ**

ပန-ဆက်ဦးအံ့၊ တထာစ - ထိုအကြောင်းတို့ကြောင့်သာလျှင်၊ မရန္တာနံ-စုတေရသူတို့၏ မရဏကာလေ - စုတေခါနီးအခါ၌၊ ယထာရဟံ-ထိုက်သည်အားလျော်စွာ၊ အဘိမုခီဘူတံ-ရှေးရှုသကဲ့သို့ဖြစ်သော၊ ဘဝန္တရေ-ဘဝတပါး၌ (နောက်ဘဝ၌၊) <mark>ပဋိသန္ဓေ</mark>ဇနကံ- <mark>ပဋိသန္ဓေ</mark>ကိုဖြစ်စေတတ်သော၊ ကမ္မဝါ - ကုသိုလ်အကုသိုလ်ကံသည်သော်၎င်း၊ တံ ကမ္မကရဏကာလေ - ထိုကံကိုပြုရာအခါ၌၊ ရူပါဒိကံ-ရူပါရုံအစရှိသော၊ ဥပလဒ္ဓပုဗ္ဗ-ကံနှင့်ဆက်စပ်၍ ရအပ်ဘူးသည်လည်းဖြစ်သော၊ ဥပကရဏဘူတဉ္စ- ကံပြီးမြောက်ရုံအဆောက်အအုံဖြစ်၍လည်းဖြစ်သော၊

**တံ ကမ္မကရဏ ၊ ပေ ၊ ကမ္မနိမိတ္တဝါ…** ကံပြုစဉ်တုန်းက တွေ့ကြုံရသမျှအာရုံတွေကို “ကမ္မနိမိတ်” ဟုခေါ်သည်၊ [ကမ္မ=ကံ+နိမိတ္တ=အာရုံ။] ထိုအာရုံများကား ရူပါရုံ သဒ္ဒါရုံ စသည်ဖြင့် အာရုံ ၆ ပါးလုံးပင် ထိုက်သလို ရှိနိုင်၏။ ထိုကမ္မနိမိတ်ကို ဥပလဒ္ဓပုဗ္ဗကမ္မနိမိတ်, ဥပကရဏဘူတကမ္မနိမိတ်ဟု ၂ မျိုးခွဲထားရာ၏။

ထိုတွင် ကံနှင့်ဆက်စပ်၍ တိုက်ရိုက်ရအပ်ဘူးသော ပဓာနအာရုံကို “ဥပလဒ္ဓ”အာရုံဟု ခေါ်၏၊ ကံပြီးမြောက်ဘို့ရာ အဆောက်အအုံအခြံအရံမျှဖြစ်သော အပ္ပဓာနအာရုံကို “ဥပကရဏ”အာရုံဟု ခေါ်၏၊ ဥပမာ– ကျောင်းဆောက်လှူရာ၌ ကျောင်းသည် ဥပလဒ္ဓ, ဆွမ်းသင်္ကန်းစသော အခြံအရံများသည် ဥပကရဏ, ဘုရားကိုပန်းလှူရာ၌ ဘုရားသည် ဥပလဒ္ဓ, ပန်းသည် ဥပကရဏ, သားငါးကိုသတ်ရာ၌ သားငါးသည် ဥပလဒ္ဓ, လှံကန်စသော လက်နက်များသည် ဥပကရဏမည်၏။

[ဆောင်] (က) ကျောင်း ကန် ဘုရား, စေတီများနှင့်, သားငါး ဥစ္စာ, သူ့အိမ်ရာ, များစွာ ဥပ-လဒ်။ (ခ) ကျောင်းဆောက်လှူခမ်း, ဆွမ်းသင်္ကန်းတည့်, ပန်းနှင့်ဘုရား၊ သားငါးတို့တွက်, လက်နက်လှံကန်, ခြံရံဟူသမျှ, အဝဝ, ဥပကရဏမှတ်။

---
