## Trang 301

ဩဘာသော-ကိုယ်ရောင် ကိုယ်ဝါ၎င်း၊ ပီတိ – နှစ်သက်ခြင်း၎င်း၊ ပဿဒ္ဓိ - ကိုယ်စိတ်နှစ်ပါး၏ ငြိမ်းခြင်း၎င်း၊ အဓိမောက္ခော-သက်ဝင် ယုံကြည်သော သဒ္ဓါ၎င်း၊ ပဂ္ဂဟော-စိတ်ကို ချီးမြှောက်တတ်သော ဝီရိယ၎င်း၊ သုခံ - သုခဝေဒနာ၎င်း၊ ဉာဏံ - ထက်မြက်လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်၎င်း၊ ဥပဋ္ဌာနံ - အာရုံ၌ စွဲမြဲစွာတည်သော သတိ၎င်း၊ဥပေက္ခာစ - တတြ မဇ္ဈတ္တုပေက္ခာ, အာဝဇ္ဇနုပေက္ခာ ၎င်း၊နိကန္တိစ - ဝိပဿနာကို နှစ်သက်မှု နူးညံ့သော တဏှာ၎င်း၊ဣတိ-သို့၊ ဩဘာသာဒိ ဝိပဿနုပက္ကိလေသ ပရိဗန္ဓ ပရိဂ္ဂဟဝသေန – ဩဘာသ အစရှိသော ဝိပဿနာ၏ ညစ်ညူးကြောင်း ဘေးရန်ကို ပိုင်းခြား၍ ယူခြင်း၏ အစွမ်းဖြင့်၊ မဂ္ဂါမဂ္ဂလက္ခဏာဝဝတ္ထာနံ - ဝိပဿနာ၏ လမ်းမှန် လမ်းမမှန်လက္ခဏာကို ပိုင်းခြား သတ်မှတ် ဆုံးဖြတ်တတ်သော ဉာဏ်သည်၊ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ နာမ – မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိ မည်၏။

ခဏဝသေန— ဥပါဒ်ခဏ ဘင်ခဏကို – ခဏခဏ ဘင်ခဏကို “ ခဏ ” ဟု မှတ်] ဤသို့အကြောင်းနှင့် တွဲဘက်၍ နာမ်ရုပ်တို့၏ အဖြစ်အပျက်ကို ရှုပွားများလျှင်ဥပါဒ်ခဏ ဘင်ခဏအားဖြင့် အဖြစ်အပျက်တွေ အလိုလို ထင်လာလေ၏၊ထိုအခါ အကြောင်းကို မစဉ်းစားတော့ဘဲ ဥပါဒ်ခဏ ဘင်ခဏကိုသာ သတိထား၍ ဤ ခဏသမနုပဿနာနည်းဖြင့် ကြိုးစား ပွားများလေသော်, အဖြစ်အပျက်တွေ အလွန်ထင်ရှားသည့်အတွက် စိတ်အားတက်ကြွ၍ စိတ် အလွန်ကြည်လင်ရကား, ဥဒယဗ္ဗယဉာဏ်အဆုံးမသတ် လမ်းခုလတ်မှာပင် ဩဘာသစသော ဥပက္ကိလေသ ဘေးရန်နှင့် အမှန် တွေ့ရတတ်လေသည်။

၁။ ဝိပဿနုပက္ကိလေသ ၁ဝ ပါး

၁။ ဩဘာသ— [ ကိုယ်ရောင် ကိုယ်ဝါ၊ ] စိတ်ဓာတ်၏ ကြည်လင်မှုကြောင့် ကိုယ်မှ အရောင် အဝါတို့သည် စိတ်အစွမ်းအားလျော်စွာ အချို့ မိမိထက်ဝန်းကျင် အနားတွင် ၎င်း, အချို့ <mark>တစ်</mark>ခမ်းလုံးလင်းအောင် ၎င်း, အချို့<mark>တစ်</mark>ကျောင်းလုံး <mark>တစ်</mark>တိုက်လုံး <mark>တစ်</mark>နယ်လုံးမှစ၍ စကြာဝဠာ<mark>တစ်</mark>ခုလုံး လင်းအောင်၎င်း ထွက်ကုန်၏။

၂။ ပီတိ---ဝိပဿနာဉာဏ်နှင့် ယှဉ်သော ပီတိ စေတသိက်၊ ဤ ပီတိအတွက် ယောဂီပုဂ္ဂိုလ်သည် အလွန်နှစ်သက် မွေ့လျော်၏။

၃။ ပဿဒ္ဓိ — ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ စေတသိက်၊ ဤ ပဿဒ္ဓိတို့အတွက် ယောဂီပုဂ္ဂိုလ်၏ ကိုယ် စိတ် ၂ ပါးသည် ထူးထူး ခြားခြား ငြိမ်သက်လေတော့၏၊[ ပဿဒ္ဓိသာမက, လဟုတာ မုဒုတာ ကမ္မညတာ ပါဂုညတာဥဇုကတာ စေတသိက် များလည်း ထူးထူး ခြားခြား ဖြစ်ပေါ် လာကြသည်။

၄။ အဓိမောက္ခ—[သဒ္ဓါစေတသိက်၊] ကမ္မဋ္ဌာန်းအာရုံ၌ စူးစိုက်စွာသက်ဝင်ယုံကြည်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်လာ၏။

၅။ ပဂ္ဂဟ—[ဝီရိယ၊ ဝိပဿနာ စိတ်ဓာတ်ကို နောက်မဆုတ်နိုင်အောင်အားပေး ချီးမြှောက်တတ်သော ဝီရိယလည်း ဖြစ်ပေါ်လာ၏။

၆။ သုခ—[သုခဝေဒနာ၊ ] မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် <mark>တစ်</mark>ကိုယ်လုံးထုံမွှမ်း၍ ချမ်းမြစေသော သုခဝေဒနာလည်း ဖြစ်ပေါ်လာ၏။

၇။ ဉာဏ— [ဝိပဿနာဉာဏ်၊] ဝဇီရစိန်လက်နက် မိုဃ်းကြိုးစက်သို့သွက်လက် လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်လာ၏၊ထိုဉာဏ်ကြောင့် သင်္ခါရတို့၌ ရှုလိုက်တိုင်း ရှုလိုက်တိုင်း အဖြစ် အပျက်ကိုကွက်ကွက်ကွင်းကွင်း ရှင်းလင်းစွာ သိမြင်လေ၏။

၈။ ဥပဋ္ဌာန – [ သတိစေတသိက်၊ ] ကမ္မဋ္ဌာန်းအာရုံ၌ စွဲမြဲစွာတည်သော သတိတရားလည်း ဖြစ်ပေါ်လာ၏။

၉။ ဥပေက္ခာ--- [တတြမဇ္ဈတ္တုပေက္ခာ, အာဝဇ္ဇနုပေက္ခာ ၂ မျိုး၊]ဖြစ်မှု ပျက်မှု (ဥဒယဗ္ဗယ) သဘောတွေ အလွန် ထင်နေလေရကား, မထင်ထင်အောင် ရှုဘို့ရာ ဗျာပါရ မများတော့ဘဲ, အသင့်အားဖြင့် ရှုစားတတ်သော တတြမဇ္ဈတ္တတာ စေတသိက်ကို“ တတြမဇ္ဈတ္တုပေက္ခာ ” ဟု ခေါ်၏၊ဖြစ်မှ ပျက်မှုကို ဆင်ခြင်သည့်အခါ အလွန် လျင်မြန်စွာ ဆင်ခြင်နိုင်သောအာဝဇ္ဇန်းနှင့် ယှဉ်သော စေတနာကို “အာဝဇ္ဇနုပေက္ခာ”ဟု ခေါ်၏၊ [ပီတိ-မှ စ၍ ဤ ဥပေက္ခာ တိုင်အောင်သော တရားတို့ကား ဝိပဿနာဉာဏ်၏ယှဉ်ဘက် စေတသိက်များတည်း။]

---

## Trang 302

၁၀။ နိကန္တိ— [သိမ်မွေ့သောတဏှာ၊ ] ထို ဩဘာသ စသည့်ဖြင့်တန်ဆာ ဆင်အပ်သော ဝိပဿနာဉာဏ်ကို နှစ်သက်နေမှု တဏှာလည်းဖြစ်ပေါ်လာ၏၊ ထို တဏှာသည် အလွန် သိမ်မွေ့ရကား တဏှာမှန်းပင်မသိသာချေ, ဝိပဿနာ၌ မွေ့လျော်မှု ( ဝိပဿနာရတိ ) ဟုသာ ယောဂီပုဂ္ဂိုလ်က မှတ်ထင်နေသည်။

[ ဩဘာသာဒိ ဝိပဿနုပက္ကိလေသ ပရိဗန္ဓပရိဂ္ဂဟ—ဝိပဿနာ – ဝိပဿနာဉာဏ် + ဥပက္ကိလေသ = ညစ်နွမ်းကြောင်း ဖြစ်သောပရိဗန္ဓ =ဘေးရန်များ၊ ] ဆိုခဲ့ပြီးသော ဩဘာသစသည့် ၁ဝ ပါးကို ဝိပဿနာဉာဏ်၏ ညစ်နွမ်းကြောင်း ဖြစ်သော ဘေးရန်အန္တရာယ်များဟု ဆိုသည်၊ထိုတွင် ဩဘာသ စသော ၉ ပါးကား အကုသိုလ် မဖြစ်၍ ဘေးရန် အစစ်မဟုတ်၊ နိကန္တိ <mark>တစ်</mark>ခုသာ ဘေးရန်အစစ် တည်း၊ သို့သော် ဩဘာသစသည့်တို့ ဖြစ်ပေါ်လာသည့်အခါ ပရိယတ်၌ မကျွမ်းကျင်သော အချို့ ယောဂီ၌“ငါ့မှာ ရှေးအခါက ဤကိုယ်ရောင် ကိုယ်ဝါမျိုး မထွက်ဘူးချေ, အရောင်အဝါကို ဖြစ်စေနိုင်သော စိတ်သည် မဂ်စိတ် ဖိုလ်စိတ်ပင် ဖြစ်၏ , ငါသည်မဂ်ဖိုလ်ကို ရပြီ” ဟု၎င်း, …… “ ငါ့မှာ ရှေးက ဤကဲ့သို့ ပီတိပဿဒ္ဓိ စသည်တို့ မဖြစ်ဘူးချေ, ငါသည် မဂ်ဖိုလ်ကို ရပြီ” ဟု၎င်း........ဤသို့ အထင်ကြီးကာဝိပဿနာ လမ်းလွဲ၍ သာယာမှု ( တဏှာ ), အထင်ကြီးမှု (မာန), ငါဟုစွဲလမ်းမှု ( ဒိဋ္ဌိ ) တို့ ဖြစ်လေကုန်၏၊ ထို တဏှာ မာန ဒိဋ္ဌိတို့ကား ဝိပဿနာကို ညစ်နွမ်းစေတတ်သော ဘေးရန်အစစ်တည်း၊ ထို တဏှာ မာန ဒိဋ္ဌိတို့သည် ဩဘာသ စသည့်တို့ကို စွဲ၍ ဖြစ်သောကြောင့် ( လူမိုက် အားပေးဆိုသလို)ဩဘာသ စသည်ကိုလည်း ဖလူပစာ ဌာနူပစာအားဖြင့် ဝိပဿနာ၏ ညစ်နွမ်းကြောင်း ဘေးရန် ဟု ဆိုရလေသည်။

ပရိယတ်၌ ကျွမ်းကျင်သော ယောဂီသည်ကား....ထို ဩဘာသစသည့်တို့သည် တဏှာ မာန ဒိဋ္ဌိတို့၏ တည်ရာ ဖြစ်၍ ဝိပဿနာဉာဏ်ကို ညစ်နွမ်းစေတတ်သော ဘေးရန်များတည်း၊ ထို ဩဘာသ စသည်ကို နှစ်သက် စွဲလမ်းနေမှုသည် မဂ်ဖိုလ်ရကြောင်း လမ်းကောင်း လမ်းမှန် မဟုတ်သဖြင့် အမဂ္ဂတည်း၊ အစဉ်အတိုင်း ဆက်လက်၍ တိုးတက် အားထုတ်မှုသည်သာ မဂ်ဖိုလ်ရကြောင်း လမ်းကောင်း လမ်းမှန် ဖြစ်၍ မဂ္ဂအစစ် ဖြစ်သည်--ဟု ပိုင်းခြားသတ်မှတ်နိုင်၏၊ ထိုကဲ့သို့ ဝိပဿနာ၏ဘေးရန်ကို အမှန်အတိုင်းသိမ်းဆည်း၍လမ်းမှန် လမ်းမမှန် လက္ခဏာကို ပိုင်းခြား သတ်မှတ် တတ်သော ဉာဏ်ကို“မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ” ဟု ခေါ်သည်။

**လေ့ကျင့်ခန်း မေးခွန်းများ**

က။ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ – ပုဒ်၌ မဂ္ဂ+အမဂ္ဂ + ဉာဏ + ဒဿနပုဒ်နက်ကို ပြပါ။

ခ။ အဘယ်ဉာဏ်ကို “သမ္မသနဉာဏ်” ဟု ခေါ်သနည်း, ထို ဉာဏ်သည်ဝိသုဒ္ဓိ ၇ ပါးတွင် ဘယ် ဝိသုဒ္ဓိစခန်း၌ ဖြစ်သနည်း။

ဂ။ တထာ ပရိဂ္ဂဟိတေသု သပ္ပစ္စယေသု၏ အဓိပ္ပါယ်ကို ပြောပြပါ။

ဃ။ ဝိပဿနာ အားထုတ်ရာ၌ လောကုတ္တရာကို အာရုံပြုနိုင်-မပြုနိုင် ဆိုင်ရာပါဌ်ကို ထောက်ပြပါ။

---

## Trang 303

၄။ အတီတာဒိဘေဒဘိသု၌ အာဒိဖြင့် ယူရသော အနက်ကို ပြပါ။

၅။ ခန္ဓာဒိနယ၌ အာဒိအရ လင်္ကာကို ပြပါ။

၆။ ကလာပဝသေန သံခိပိတွာ အရ ကလာပသမ္မသန နည်းဖြင့် ပွားများပုံကို ပြပါ။

၇။ အဒ္ဓါနဝသေနအရ “အဒ္ဓါနသမ္မသန” ပွားများနည်းကို ပြပါ။

၈။ သန္တတိဝသေနအရ “သန္တတိသမ္မသန”ပွားများနည်းကို ပြပါ။

၉။ ခဏဝသေန အရ “ခဏသမ္မသန” ပွားများနည်းကို ပြပါ။

၁၀။ ဥဒယဗ္ဗယ၌ ဥဒယပုဒ် ဝယပုဒ်တို့၏ အနက်ကို ပြပါ။

၁၁။ ဥဒယဗ္ဗယဉာဏ်သည် ဘယ်ဝိသုဒ္ဓိစခန်း၌ ဖြစ်သနည်း။

၁၂။ ပစ္စယဝသေန အရ အကြောင်းဟူသည် အဘယ်တရားများနည်း။

၁၃။ ခဏဝသေန၌ ခဏဟူသည် အဘယ်နည်း။

၁၄။ ဝိပဿနုပက္ကိလေသ ဘေးရန်သည် ဉာဏ် ၁၀ ပါးတွင် အဘယ်ဉာဏ်အခိုက်မှာ ဖြစ်သနည်း။

၁၅။ ဩဘာသ ပီတိ ပဿဒ္ဓိ တရားတို့ကို ခွဲခြားပြပါ။

၁၆။ အဓိမောက္ခ ပဂ္ဂဟ သုခ ဟူသည် အဘယ်တရားများနည်း။

၁၇။ ဉာဏ ဥပဋ္ဌာန ဟူသည် အဘယ်တရားများနည်း။

၁၈။ ဥပေက္ခာ နိကန္တိ ဟူသည် အဘယ်တရားများနည်း။

၁၉။ ဩဘာသ စသော ၉ ပါးသည် အပြစ်မဟုတ်ဘဲလျက် ဘယ့်ကြောင့်“ဝိပဿနုပက္ကိလေသ”ဟု ခေါ်သနည်း။

၂၀။ အဘယ်ကို မဂ္ဂ·အမဂ္ဂ ဟု ခေါ်၍, အဘယ်ဉာဏ်ကို “မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ”ဟု ခေါ်သနည်း။

**နိဿယနှင့်အဓိပ္ပါယ်**

၆။ ပန - အဘို့<mark>တစ်</mark>ပါးကား၊ တထာ - ဆိုအပ်ပြီးသော အခြင်းအရာဖြင့်၊ ပရိဗန္ဓဝိမုတ္တဿ - ဘေးရန်တို့မှ လွတ်ပြီးသော၊ တဿ-ထို ယောဂီပုဂ္ဂိုလ်၏ (သန္တာန်၌)၊ ဥဒယဗ္ဗယဉာဏတော - ဥဒယဗ္ဗယဉာဏ်မှ၊ ပဋ္ဌာယ - စ၍၊ ယာဝါနုလောမ - အနုလောမဉာဏ် တိုင်အောင်၊ တိလက္ခဏံ –လက္ခဏာယာဉ် သုံးပါးသို့၊ (အာရောပေတွာ-တင်၍၊) ဝိပဿနာပရမ္ပရာယ- ဝိပဿနာဉာဏ် အဆက်ဆက်ဖြင့်၊ ပဋိပဇ္ဇန္တဿ - လွန်စွာကြိုးကုတ် အားထုတ်သည်ရှိသော်၊ နဝ-ကိုးပါးကုန်သော၊ ဝိပဿနာဉာဏာနိ - ဝိပဿနာ ဉာဏ်တို့သည်၊ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ နာမ – ပဋိပဒါ ဉာဏဒဿနဝိသုဒ္ဓိမည်၏။

၆။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ။ ။ပဋိပဇ္ဇတိ ဧတာယာတိ ---ဟူသော ဝစနတ်အရ မဂ်သို့ ရောက်ကြောင်း ဉာဏ်ကို “ပဋိပဒါ”ဟု ခေါ်၏။ဧတာယ—ဤ ဉာဏ်ဖြင့်၊ ပဋိပဇ္ဇတိ-မဂ်သို့ ရောက်၏-ဟု ပေး၊ ဉာဏဒဿနဝိသုဒ္ဓိ မည်ပုံမှာ ရှေးအတိုင်းပင်၊ ထို့ကြောင့် မဂ်သို့ရောက်ကြောင်း စင်ကြယ်သောဉာဏ်အမြင်ကို “ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ” ဟု မှတ်။

တထာ ပရိဗန္ဓဝိမုတ္တဿ-ဆိုခဲ့ပြီးသော မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြင့်ဝိပဿနာ၏ ဘေးရန် ၁ဝ ပါးမှ ကင်းလွတ်ပြီးသော ယောဂီသည်ဥဒယဗ္ဗယဉာဏတော ပဋ္ဌာယ ယာဝါနုလောမ— ဥဒယဗ္ဗယဉာဏ်မှ စ၍ အနုလောမဉာဏ် တိုင်အောင် အစဉ် အတိုင်း တိုးတက်၍အဆက်ဆက် အားထုတ်သည့် ရှိသော် “ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ ” ဖြစ်၏၊ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ၏ အစကား ဥဒယဗ္ဗယဉာဏ်တည်း, အဆုံးကားအနုလောမဉာဏ်တည်း၊ [မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ တုန်းက ဥဒယဗ္ဗယဉာဏ်ဖြစ်ခဲ့သော်လည်း....အပြီးမသတ် လမ်းခုလတ်မှာ ဝိပဿနုပက္ကိလေသဘေးရန်တို့၏ နှောက်ရှက်ခြင်းကြောင့် မသန့်ရှင်းခဲ့သေးချေ၊ ထို့ကြောင့် ယခုအခါ ထို ဘေးရန်မှ လွတ်ကင်းပြီး ဖြစ်၍ ဥဒယဗ္ဗယဉာဏ် ထက်သန် လာအောင် ထပ်မံ အားထုတ်ရပြန်သည်။ ဘင်္ဂဉာဏ် ဘယဉာဏ် စသည်တို့၏ဖြစ်ပုံကို ဘာသာဋီကာမှာ ရှု။ ]

---

## Trang 304

၇။ မဂ်ရခါနီး စိတ်အစဉ် ဖြစ်ပုံ။ ။ တထာ ဧဝံ ပဋိပဇ္ဇန္တဿ ၊ ပေ ၊ နာမေနပဝတ္တန္တိ- ဤ စကားကား မဂ်ရခါနီး၌ စိတ်အစဉ်ဖြစ်ပုံကို ပြသော စကားတည်း၊ ဆိုခဲ့ပြီးသော အစဉ်ဖြင့် အားထုတ်လာရာ ဝိပဿနာဉာဏ် ရင့်သန်သဖြင့် “ အပ္ပနာ” ခေါ်သော မဂ်ဉာဏ်ဖြစ်ပေါ်ချိန်နီးလေသော် “ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ ”ဟု ဘဝင်အစဉ်ပြတ်၍ မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်၏။ထို မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာသုံးပါးတွင် <mark>တစ်</mark>ပါးပါးသော အနိစ္စ အစရှိသော လက္ခဏာကို အာရုံပြု၍ဝိပဿနာစိတ် ၂ ကြိမ် ၃ ကြိမ်တို့သည် ပရိကမ် ဥပစာ အနုလုံဟူသောအမည်ဖြင့် ဖြစ်ကုန်၏။ [မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ တိက္ခပုဂ္ဂိုလ် ဖြစ်လျှင် ဥပစာအနုလုံ ဟူသော နာမည်ဖြင့် ဝိပဿနာစိတ် ၂ ကြိမ်, မန္တပုဂ္ဂိုလ် ဖြစ်လျှင်ပရိကမ် ဥပစာ အနုလုံ ဟူသော နာမည်ဖြင့် ၃ ကြိမ်ဖြစ်၏။ ၎င်းစိတ်များကို“ ဥပစာရသမာဓိဇော ” ဟုလည်း ခေါ်၏၊ မဂ်၏ အနီး ဥပစာ၌ ဖြစ်သောသမာဓိ အားကောင်းသော ကာမဇောများ--ဟူလို။]

ယံကိဉ္စိ အနိစ္စာဒိလက္ခဏမာရဗ္ဘ— ထို ဝိပဿနာ စိတ်များသည်အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ ၃ ပါးတွင် <mark>တစ်</mark>ပါးပါးကို အာရုံပြု၍ ဖြစ်သည်။

ယာ သိခါပတ္တာ ၊ ပ ၊ ဝုစ္စတိ -- ဤစကားကား ဝုဋ္ဌာနဂါမိနီအမည်ရသော ဝိပဿနာဉာဏ်ကို ကောက်နှုတ်၍ ပြသော အမှာစကားတည်း၊ “ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ”ဟူ၍ ကျမ်းဂန်၌ အတော် အသုံးများသော နာမည်<mark>တစ်</mark>မျိုး ရှိ၏၊ ထို ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ် ဟူသည် ဉာဏ်<mark>တစ်</mark>မျိုး အထူး မဟုတ်၊ ဝိပဿနာဉာဏ် ၁၀ ပါးတွင် အထွဋ် အထိပ်သို့ရောက်သော သင်္ခါရုပေက္ခာ ဉာဏ် နှင့် အနုလောမဉာဏ် ပင် ဖြစ်သည်ဟူလို။ [ သင်္ခါရုပေက္ခာဉာဏ်ကို အစပိုင်း အလယ်ပိုင်း အဆုံးပိုင်း ဟု၃ ပိုင်း ပိုင်းပြီးလျှင် အနုလောမဉာဏ် နှင့် ကပ်နေသော အဆုံးပိုင်းကိုအထွဋ်အထိပ်သို့ ရောက်သော သင်္ခါရုပေက္ခာဉာဏ် ဟုမှတ်၊ အနုလောမဉာဏ် ဟူသည်ကား ပရိကမ် ဥပစာ အနုလုံ အမည်ရသော ဝိပဿနာဉာဏ်များပင်တည်း။ ]

---

## Trang 305

၈။ တတော ၊ ပေ၊ ပဝတ္တတိ - ဤကား ဂေါတြဘုစိတ် ဖြစ်ပုံကိုပြသော စကားတည်း၊ ဂေါတြဘုစိတ်သည် ပရိကမ် ဥပစာ အနုလုံ မည်သောစိတ်တို့ကဲ့သို့ အနိစ္စ စသော လက္ခဏာ <mark>တစ်</mark>ပါးပါးကို အာရုံမပြု နိဗ္ဗာန်ကိုအာရုံပြုသည်။ ထို့ကြောင့် ဤ ဂေါတြဘုကို “မဂ်၏ ရှေ့က နိဗ္ဗာန်ကို ညွှန်ပြသောကြောင့် မဂ်ဇော ဖိုလ်ဇော၏ ရှေ့သွားဖြစ်သော အာဝဇ္ဇန်းနှင့်တူ၏”ဟုပြောစမှတ် ပြုသည်။

ပုထုဇ္ဇနဂေါတ္တံ အဘိဘဝန္တိ — ထို ဂေါတြဘုနောက် မဂ်စိတ်ပေါ်လာလျှင် အရိယာအနွယ်သို့ ရောက်ပြီ ဖြစ်၍ ဂေါတြဘုစိတ်သည် ပုထုဇန်အနွယ်ကို လွှမ်းမိုး ( ကျော်လွန် ) သော တရားပေတည်း၊ ဤ စကားအရ“ ဂေါတ္တံ + ဘဝတိ အဘိဘဝတီတိ ဂေါတြဘု” ဟု ဝိဂြိုဟ်ပြု၊ ဂေါတ္တံ=ပုထုဇန်အနွယ်ကို+ဘဝတိ အဘိဘဝတိ=လွှမ်းမိုးတတ်၏-ဟု ပေး။

အရိယဂေါတ္တံ အဘိသမ္ဘောန္တိ —— ဂေါတြဘူ စိတ်သည် အရိယာအနွယ်သို့လည်း ရောက်သည်မည်၏၊ “ ရောက် ” ဟူသည် “ ဖြစ်စေခြင်း ”ပင်တည်း၊ ဤစကားအရ “ ဂေါတ္တံ + ဘဝတိ အဘိသမ္ဘောနာတီတိ ဂေါတြဘု ” ဟု ဝိဂြိုဟ်ပြု၊ ဂေါတ္တံ=အရိယာအနွယ်ကို + ဘဝတိ အဘိသမ္ဘောနာတိ = ရောက်တတ်၏ ဟု ပေ။ [ “ ဘူ=ပတ္တိယံ” ဟူသော ဓာတ်,အဘိသမ္ဘောန္တ-ပါပုဏန္တိဟူသော အဖွင့်ကို ထောက်၍“အဘိသမ္ဘောန္တိ-ရောက်လျက်၎င်း”ဟု အနက် ဆိုခဲ့သည်။]

၉။ မဂ္ဂဝီထိကျပုံ ။ ။ တဿာ အနန္တရမေဝ ၊ ပေ ၊ ဘဝင်္ဂပါတောဟောတိ—ဂေါတြဘု၏ အခြားမဲ့၌ မဂ်စိတ်သည် အပ္ပနာဝီထိသို့ ရောက်၏“မဂ် ဖိုလ် ဖိုလ်”ဟု အပ္ပနာဇောအစဉ် ဖြစ်၏-ဟူလို။

ဒုက္ခသစ္စံ ပရိဇာနန္တော မဂ္ဂသစ္စံ ဘာဝန္တော — မီးသည်မီးစာကို လောင်, အမှောင် ပယ်ရှင်း အလင်းရောင် လွှမ်းခြုံစေမှုဤ ကိစ္စ ၄ ခုကို <mark>တစ်</mark>ပြိုင်နက် ပြုနိုင်သကဲ့သို့,ထို့အတူ မဂ်တရားလည်း ဒုက္ခသစ္စာကို ပိုင်နိုင်စွာ သိခြင်း, သမုဒယသစ္စာကို ပယ်ခြင်း, နိရောဓ သစ္စာကိုမျက်မှောက်ပြု ( တိုက်ရိုက်အာရုံပြု ) ခြင်း, မဂ္ဂသစ္စာကို ဖြစ်ပေါ်လာစေခြင်းဟူသော ကိစ္စ ၄ ချက်ကို <mark>တစ်</mark>ပြိုင်နက် ပြီးစေနိုင်သည်။

ဒွေ တီဏိ ဖလစိတ္တာနိ --- မဂ်စိတ် <mark>တစ်</mark>ကြိမ် ဖြစ်ပြီးနောက် တိက္ခပုဂ္ဂိုလ်ဖြစ်လျှင် ဖိုလ်စိတ် ၃ ကြိမ်, မန္တပုဂ္ဂိုလ် ဖြစ်လျှင် ဖိုလ်စိတ် ၂ ကြိမ် ဖြစ်ပြီး၏။
