## Trang 1

**အရှင်ဇနကာဘိဝံသ**
၏
**<mark>ဒုတိယကျမ်းစာ</mark>**

အငယ်-အလတ်တန်း စာမေးပွဲများကို အောင်မြင်ရန်နှင့်
အခြေရဘို့ရန် တာဝန်ခံနိုင်လောက်အောင်
အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာကို
တန်ဆာဆင်ထားသော
**အခြေပြုသင်္ဂြိုဟ်**

၁၃၁၄, ခု
ဆဋ္ဌအကြိမ်
နယူးဘားမား ပိဋကတိုက်
အမရပူရမြို့။

---

## Trang 2

### နိဒါန်းအချီ

> "အခြေပါဒ, <mark>သင်ဦးစဉ်</mark>, ချနည်းမကျယ်, ဓိပ္ပါယ်ကောင်းစွာ,
> လိုရုံသာဖြင့်, အပ်ရာမသည်း, နားထွင်းနည်းသို့, ညံ့ဖြည်းမွေ
> မွေ, တရွေ့ရွေ့လျှင်, တနေ့ထူး, ကျေးဇူးချဲ့ထွင်, ကျမ်းရိုး
> ငင်လျက်, သင်သင်အံအံ့, ကြံကြံကြည့်ကြည့်"
> — (အရှင်မဟာရဋ္ဌသာရ)

မည်သည့်ကျမ်းစာ မဆို <mark>ရှေးဦးစွာ</mark> အခြေပျိုးစ၌"ဋီကာက ဘယ်နည်း,
ဆရာ့ဆရာကြီးတို့က ဘယ်လို, မိမိ အဆိုက ဘယ်အသုံး " ဟု စကားလုံး
ပြောင်ပြောင်နှင့် တဖေါင်ဖေါင်မပြောသေးဘဲ ခက်ခဲနက်နဲသော အဓိပ္ပါယ်
များကို မြှုပ်ထားလျက် လွယ်ကူသော အနက် အဓိပ္ပါယ်ကိုသာ လက်ထပ်
ကျန သင်ပြသင့်ပေသည်၊ ဥပမာ – နားထွင်းရာ၌ သိမ်မွေ့ သေးငယ်သော
အပ်ကလေးဖြင့် ထွင်းဖေါက်ပြီးမှ တဖြည်းဖြည်း ချဲ့ကာချဲ့ကာ စိန်နားကပ်
ကြီးများပန်ဆင်သာအောင် ကျယ်ဝန်းလာသကဲ့သို့ <mark>ထို့အတူ</mark>လွယ်ကူသော
အနက်အဓိပ္ပါယ်မျိုးဖြင့် အခြေ ပျိုးပါလျှင် တဖြည်းဖြည်း ကျမ်းရိုးထိမိလျက်
လေးနက်သော အဓိပ္ပါယ်ကိုပင် လွယ်ကူသည် ဟု ထင်လာပါလိမ့်မည်။

ဤကဲ့သို့သော အကြောင်းအရာကို ကောင်းစွာ မြှော်မြင်တော်မူသော
အရှင်အနုရုဒ္ဓါ ထေရ်မဟာသည် အဘိဓမ္မာဆိုင်ရာဝယ် အခြေပါဒ – ရနိုင်
လောက်အောင် ရည်မှန်း၍ အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းကို ကြိုးပမ်း စီရင်တော်
<mark>မူခဲ့ပေ</mark>သည်၊ ထို သင်္ဂြိုဟ်ကျမ်းသည် ယခု အခါ ဤ မြန်မာနိုင်ငံနှင့် တကွ
သီဟိုဠ် အင်္ဂလန် စသော နိုင်ငံများတွင် အပြစ် ကင်းစင်သော ယုဝတီပမာ
အဘိဓမ္မာ လေ့လာ သူတို့၏ စက္ခု၌ ကြည့်ရှုတိုင်း ရွှင်လန်းသဖြင့် စန်းပွင့်
လျက် ရှိ၏။

[ သီဟိုဠ်အက္ခရာဖြင့် နိဿယအဓိပ္ပါယ်နှင့် တကွ ရှိ၏၊ ယစ်မျိုး
မင်းကြီး <mark>ဦးရွှေဇံအောင်</mark> ( အမ် အေ ) သည် အင်္ဂလိပ်လို ပြန်ထားသဖြင့်
အင်္ဂလန်မှာလည်း ထင်ရှားလျက် ရှိပေသည်။ ]

---

## Trang 3

ထိုမျှလောက် တွင်ကျယ်လျက်ရှိသော သင်္ဂြိုဟ်ကျမ်း၌ စည်းကမ်း ကျန၍
လှအောင် ဆင်ပြင်ဘို့ရာ မိမိတို့ တာဝန်သာ ဖြစ်သောကြောင့် ခေတ်နှင့်
လျော်အောင် ဆင်ပြင်ဘို့ရန် စဉ်းစားသည့်အခါ ၁−အခြေပြုသူတို့နှင့်သာ
ထိုက်တန်သော နိဿယ သရုပ်ခွဲ ပါဌ်လျှောက် အဓိပ္ပါယ်တို့က တခဏ်း,
၂ – သင်္ဂြိုဟ်ပါဠိနှင့် ဆက်စပ်၍ အခြေရပြီးသူ တို့သာ သိမှတ် ထိုက်သော
အဓိပ္ပါယ် အလေးအနက်တို့က တခဏ်း, ဤသို့ ၂ ခဏ်းမျှ ပေါ်ထွက်လာ
ပေသည်။

ထို ၂ ခဏ်းတွင် အခြေ မရသေးသူတို့ အတွက်မှာ လေးနက်သော
အဓိပ္ပါယ် တို့ကို ကြည့်ရှုဘွယ်ရာ မဟုတ်သေး,အခြေရပြီးသူတို့မှာ လည်း
နိဿယ သရုပ်ခွဲ ပါဌ်လျှောက် အဓိပ္ပါယ်တို့မှာ အပိုသာ ဖြစ်တော့သည်၊
ထို့ကြောင့် အခြေမရသေးသူတို့အတွက် မှန်း၍ အခြေပြုသင်္ဂြိုဟ်ကျမ်းကို
ပို့ချသော ဆရာလည်း <mark>မပင်ပန်း၊ သင်ယူ</mark>သော တပည့်များလည်း ရွှင်လန်း
အောင် ယဉ်ဆန်းသော စည်းစနစ် တို့ဖြင့် နည်းအသစ် တည်ထွင်၍ စီစဉ်
ဖွင့်ပြပေအံ့။

[ အခြေရပြီးသူတို့အတွက် လေးနက်သော အဓိပ္ပါယ်များကို မြန်မာ
ဘာသာဖြင့် ကျနစွာ ဖွင့်ပြထားသော ဘာသာဋီကာ၌ တွေ့ရပါလိမ့်
မည်၊ ဤအခြေပြုသင်္ဂြိုဟ်၌ အများ၏ အယူအဆနှင့် မတူမျှသော အချက်
များကိုလည်း ထို ဘာသာဋီကာက ရှင်းလင်းပြပါလတံ့။ ]

သောတူနံ ပါဒဘာဝါယ, အဘိဓမ္မတ္ထသင်္ဂဟံ၊
မဏေ သာဓိပ္ပါယေန, နိဿယေန သဒ္ဒါ သုံဘုံ။

-

သောတူနံ – သင်ယူလေ့ကျက်, ဆောင်ရွက်ကြလို, စာသင်ပျို တို့၏၊
ပါဒဘာဝါယ-အရှေ့ကျစ်လစ်, အခြေဖြစ်ဘို့ အကျိုးငှါ၊ အဘိဓမ္မတ္ထသင်္ဂဟံ-
အင်္ဂလိပ်လို, သီဟိုဠ်သဏ္ဌန်, မြန်မာ့ဟန်ဖြင့်, နိုင်ငံလှည့်လည်, အဘိဓမ္မတ္ထ
သင်္ဂဟမည်သော ယုဝတီကို၊ သဓိပ္ပါယေန-ကျမ်းဂန်အသို, ပင်ကိုယ်အရှိ,
ထိမိစဘွယ်, အဓိပ္ပါယ်နှင့်တကွဖြစ်သော၊ နိဿယေန-သဒ္ဒါမပျက်, မြန်မာ
နက်ဟုညက်ညက်ညောညော, ချောမောသော နိဿယဖြင့်၊ သဒါသုဘံ-
သူ့အပိုင်းဖြင့်, ရှုတိုင်းတင့်အောင်၊ မဏ္ဍ'အပြစ်လည်း ကင်း, ခေတ်
နည်းသွင်းလျက်, ရှင်းရှင်းယဉ်ယဉ်, ဆင်ပြင်ပေအံ့သတည်း။

### ရေးသားပုံ အစီအစဉ်

#### ပါဠိ

။ ။ ဤ အခြေပြု သင်္ဂြိုဟ်ကျမ်း၌ ပါဠိ နိဿယ အဓိပ္ပါယ် ဟု
အချုပ်အားဖြင့် ၃ ခဏ်း ရှိ၏၊ ထိုတွင် ပါဠိကို ဆိုလိုရင်းအဓိပ္ပါယ် ပေါ်လွင်
အောင် စာလုံးမဲကလေးများဖြင့် ခေါင်းတပ်၍, ရွတ်ဘတ်သည့် အခါ
ဝိဘတ်အဆုံး အဆုံးမှာ ရပ်ဆိုင်းဘို့ အဖြတ်အပိုင်းဖြင့် သေသပ်စွာ တအုပ်
သီးခြား စီစဉ်ထားသည်။

#### နိယ

။ ။ နိဿယကို အလွန် လွယ်ကူအောင် သဘောထား၍
အကျဉ်းဆုံး စီစဉ်ပါသော်သည်း, အချို့ အရာ၌ သဒ္ဒါနက် မတိမ်မြုပ်စေလို
သောကြောင့် " ယထာက္ကမံ – အကြင် အကြင် အစဉ်ရှိတိုင်း စသော
အနက်များမှာ ကျဉ်းသင့်သလောက် မချဉ်းသာဘဲ ရှိလေသည်။

#### အဓိပ္ပါယ်

။ အဓိပ္ပါယ်ကိုကား ၁-သရုပ်ခွဲခြင်း, ၂ - တပုဒ် တဝါကျ၏
ဆိုလိုရင်း အဓိပ္ပါယ်, ၃ − လေ့ကျင့်ဘွယ်ရာ မေးခွန်းများ ဟု ၃ ခဏ်း
ပိုင်းခြားထား၏၊ ရှေးတုန်းက အချို့ သရုပ်ခွဲကြပုံမှာ - ပါဠိကို ကျက်
အနက်ကို ထင်စေပြီးနောက် သရုပ်ကောက်ကိုလည်း တမျိုး ကြည့်ရှုရသဖြင့်
အချိန်ကုန် လူပန်း၍ စည်းကမ်းလည်း မကျချေ။ ဤကျမ်း၌ကား ပါဠိကို
ကျက်၍ အနက်ထင်လျှင် သရုပ် မြင်လေခံသော စည်းကမ်းကို အခဏ်းတိုင်း
ညွှန်ပြထားသည်။

---

## Trang 4

#### ဆောင်ပုဒ်

။ ။တပုဒ်တဝါကျ၏ ဆိုလိုရင်းအဓိပ္ပါယ်ကို <mark>မသွယ်မဝိုက်</mark>
တိုက်ရိုက်ကြီး ပြထားသည့်ပြင်, မှတ်သားချင်ဘွယ် မလွယ်ကူတတ်သော
အချက်များ၌ လင်္ကာ ဆောင်ပုဒ် တို့ဖြင့် တုတ်တုတ်တိုတို လိုရာကို ပြထား
သည်မှာအခြေပြုတို့ဥာဏ်နှင့် အထူးလျော်ကန်ကြောင်းကို အများပင် ဝန်ခံ
ကြပါလိမ့်လတ္တံ့။

[ အဓိပ္ပါယ် ဖွင့်ပြရာ၌ မူလ ပါဠိက ရှည်လျား နေပါမူ
ဝေဒနာဥာဏ ၊ ပေ ၊ စတုဝီသတိ"ဟု အလယ်မှာ ပေယျာလ မြှုပ်ထား
ကြောင်းကို သိဘို့ရာ ၊ ပေ ၊ ဟူသော လက္ခဏာကို ပြထားသည့် အပြင်
ဆောင်ပုဒ်များကိုလည်း"ဆောင်"ဟု ပြထားသည်။]

#### လေ့ကျင့်ခဏ်း

။ လေ့ကျင့်ခဏ်း မေးခွန်းများကား တကျမ်းလုံး
အခြေဖြစ်ဘို့ရာ လွန်စွာ အရေးကြီးသော သင်ခဏ်းစာ တရပ်ပင် ဖြစ်၏၊
စာသင်သားတို့ ဥာဏ် တိုးပွားအောင် ကြိုးစား ကြံစီ စေလိုခြင်းကြောင့်
အဖြေကို တိုက်ရိုက် မပြလိုက်သော်လည်း, ဆိုခဲ့ပြီး အဓိပ္ပါယ်များကို သတိ
ပြု၍ ကြည့်ရှုပါမူ အလွယ်တကူ ဖြေဆိုနိုင်ဘို့ အရေး၌ နှောင့်နှေးဘွယ် မရှိ
ကြောင်းကိုလည်း ထပ်လောင်း၍ သတိပေးပါသည်။

### ဆရာများအား မှာထားချက်

စာချဆရာသည် မိမိ တပည့်များကို သင်္ဂြိုဟ် လေ့လာ စေပါလျှင် ကံ
ကတ္တားကရိုဏ်း သမ္ပဒါန် စသော သဒ္ဒါဆိုင်ရာ၌ အတော်အတန် ရိပ်မိ
သူကို လေ့လာစေမှသာ လွယ်ကူစွာဖြင့် လိုရာ ခရီးသို့ ပြီးစီးပေါက်ရောက်
စေနိုင်ပေလိမ့်မည်၊ ထိုမျှလောက်မှ မရိပ်မိသေးသူကို ပို့ချမိလျှင် သဲကန္တာရ
ကြီး၌ နွားအိုကြီးဖြင့် ခရီးလှမ်းသကဲ့သို့ အချိန်သာ ကုန်ခမ်း၍ ပင်ပန်းကျိုး
မနပ်ဘဲ ရှိရာ၏၊ဤအခြေပြုသင်္ဂြိုဟ်၌ ပါဠိ နိဿယ အဓိပ္ပါယ် လေးကျင့်ခဏ်း
ဟု ၄ မျိုး ရှိသည်တွင်, ပဌမနေ့၌...

၁။ စာချဆရာက ပါဠိကို ဂ-ဃ-ဏ-န ဘတ်ပြ၍, တပည့်များကိုလည်း မိမိ
နှုတ်သံအတိုင်း အဘတ်ခိုင်းပါ။

၂။ ထို့နောက် နိဿယတိုင်း အနက်ကို ၁ ခေါက် ၂ ခေါက်မျှ ပို့ချပါ။
[သူတို့ အလိုအလျောက် အနက် ထင်ခဲ့ပါလိမ့်မည်။]

၃။ နက်ဖန် ဒုတိယနေ့၌ ပါဠိကို စာအုပ်အလွတ် အပြန်ခိုင်း၍, ပါဠိ
ကြည့်ပြီးလျှင် သွက်လက်စွာ အနက် ထင်ပါစေ။ [လင်္ကာဆောင်ပုဒ်
ပါလျှင် လင်္ကာဆောင်ပုဒ်ကိုလည်း အပြန်ခိုင်းပါ။]

၄။ ထို့နောက် ဤစာအုပ်ပါ အဓိပ္ပါယ်များကို ဆရာက အလွတ်မပြောဘဲ,
နှုတ်ရှင်းသော တပည့်ကို အဓိပ္ပါယ် တရပ်စီ တရပ်စီ အဘတ်ခိုင်း၍
ဘာဆိုကြောင်းကို နားလည်ကြသလားဟု မေးပါ၊ နားမလည်
သေးလျှင် ဆရာက ပြောပြပါ၊ ဆိုင်ရာ အဓိပ္ပါယ်ကုန်လျင် တနေ့
အတွက် အစအဆုံး အဓိပ္ပါယ်ကို ပြန်၍ အဘတ်ခိုင်းပါလေ။

၅။ အဓိပ္ပါယ် ပြီးလျှင် ပဌမနေ့ကဲ့သို့ ပါဠိဘတ်ပြ, အနက်ချပါ။

၆။ အနက်ချသည့်အခါ သန္တိပုဒ်စပ်ကို ပုဒ်ဖြတ်ပြ၍, ခက်ခဲသည့်နေရာ
များ၌ ဘယ်ပုဒ်က ဘယ်အနက်ကို ဟောသည် ဟု အစိတ်အစိတ်
ပုဒ်နက်ကိုလည်း ခွဲ၍ ပြောလိုက်ပါ။

၇။ ဤကဲ့သို့ ၂ ရက် ၃ ရက်မျှ ပို့ချမိလျှင် လေ့ကျင့်ခဏ်း မေးခွန်းများ
ပေါ်လာပါလတံ့၊ ထို လေ့ကျင့်ခဏ်း မေးခွန်းများကို တပည့်အား
အဘတ်ခိုင်း၍, မေးလိုရင်း သဘောကို နားမလည်လျှင် ရှင်းလင်း
အောင်ပြောပြပါ၊ အဖြေကို မပြောပါနှင့်, သူ ့ဘာသာ ကြံစီခဲ့ပါစေ။

<mark>၈။</mark> လေ့ကျင့်ခဏ်း မေးခွန်းတို့ ခက်ခဲ များပြားနေပါမူ,တရက် အတွက်
တက်စာ ဟု သဘောထားလျက် ပဌမရက်၌ အဘတ်ခိုင်း၍ မေးခွန်း
သဘောကိုသာ ပြောပြလိုက်ပြီးလျှင်, နောက် တရက်မှ ဖြေဆိုပါစေ၊
မေးခွန်း နည်းနေလျှင်ကား မေးခွန်းအတွက် တရက် မကုန်စေဘဲ,
ရှေ့က အဓိပ္ပါယ်များကို ပြောပြီးရာနေ့မှာပင် ဆက်လက်ဖြေဆိုပါစေ။

---

## Trang 5

၉။ ဖြေဆိုသည့် အခါလည်း စကားသုံး ညက်ညော၍ ချောမောအောင်
ပြုပြင်ပေးပြီးလျှင်, ရံခါ လက်ရေးစာဖြင့် အဖြေခိုင်းပါ။

၁၀။ လေ့ကျင့်ခဏ်းမေးခွန်းများကို"ကြန့်ကြာသည်-အပိုဘဲ"ဟု သဘော
ထား၍ ခုန်ကျော်သွားပါလျှင်, သင်္ဂြိုဟ်အခြေ ဖြစ်ဘို့နှင့် ဆိုင်ရာ
စာမေးပွဲများအတွက် တာဝန် မခံနိုင်ပါကြောင်း။

### စာသင်သားတို့အား တိုက်တွန်းချက်

အို အို – စာသင်သား အပေါင်းတို့………..ပိဋကကျမ်းစာတို့ မည်သည်
ဥာဏ်ကောင်းသူတို့သာ တတ်နိုင်ရာသည် မဟုတ်, လုံ့လဝီရိယဖြင့် စိတ်ပါ
လက်ပါ မှန်မှန်ကြိုးစားပါလျှင် မည်သူမဆို တတ်သိနားလည်စမြဲပင်ဖြစ်၏။

ယခုအခါ တနေ့လျှင် ၅ ဂါထာလောက်မျှသာ အရကျက်နိုင်သော စာချ
ဆရာတော်ကြီးများကို တွေ့မြင် ကြားသိကြရသည်မှာ ဝီရိယ အစွမ်း၏
သက်သေခံပင် မဟုတ်ပါလော၊ တကယ့်အရေးကျလျှင် ဥာဏ်တခုကိုသာ
အားကိုးလေ့ ရှိသူတို့ အောက်တန်းကျ၍, လုံ့လ ဝီရိယရှင်တို့ သာလျှင်
အထက်တန်းသို့ တက်လှမ်းနိုင်ကြပေသည်။

ထို့ကြောင့် ဤကျမ်းကို လေ့လာကြသော စာသင်သားတို့သည်....

၁-ပါဠိကို နှုတ်တက်ရွရွ ကျနအောင် ရစေခြင်း, ၂'ပါဠိမြင်လျှင် အနက်
ထင်နိုင်ခြင်း, ၃ - အထူးအားဖြင့် သင်္ဂဟဂါထာ အနက်များကို အလွတ်
ရအောင် ကျက်ထားခြင်း, ၄-လင်္ကာ ဆောင်ပုဒ်များကို နှုတ်တက် ဆောင်
ထားခြင်း, ၅'လေ့ကျင့်ခဏ်း မေးခွန်းများသို့ ရေနံသည့်အခါ စာမတက်မှီ
မိမိတို့ <mark>စာတက်ဘော်ချင်း</mark> မေးကာ ဖြေကာ ကြိုးစားပါလျှင် မကြာခင်
သာသနာ့ ကြက်သရေဆောင်များ ဖြစ်ကြပါလိမ့် သတည်း။

သီတင်းကျွတ်လ

၉ ၅

အရှင် ဇနကာဘိဝံသ

(အခြေပြုသင်္ဂြိုဟ်

ပဏာမ-ပဋိညာဉ်

#### နိဿယနှင့် အဓိပ္ပါယ်

<mark>အဟံ</mark> – ငါသည်၊ အတုလံ - ပြိုင်ဘက်
ရည်တူ, ရှိတော်မမူထသော၊ သသဒ္ဓမ္မ
ဂဏုတ္တမံ - သုံးပါးသော သဒ္ဓမ္မ, မြတ်သော အရိယဂိုဏ်းနှင့်
တကွလည်း ဖြစ်တော်မူထသော၊ သမ္မာသမ္ဗုဒ္ဓံ-မြတ်စွာဘုရား
ကို၊ (အဘိဝန္ဒာမိ-အန္တရာယ်ကင်းပျောက်, ကျမ်းပြီး<mark>မြောက်ဘို့</mark>
ချီးမြှော်ထောမနာ, လွန်စွာကြည်နူး, အထူးအားဖြင့် ရှိခိုးပါ၏)

အဘိဝါဒိယ - အန္တရာယ်ကင်းပျောက်, ကျမ်းပြီး<mark>မြောက်ဘို့</mark>
ချီးထောမနာ, လွန်စွာကြည်နူး, အထူးအားဖြင့် ရှိခိုးပြီး၍၊
အဘိဓမ္မတ္ထသင်္ဂဟံ-အဘိဓမ္မာ, ဒေသနာ၏,လွန်စွာကျယ်ဝင်း,
အနက်ရင်းကို, အကျဉ်းချုံးက၁, သိမ်းယူရာ၏ အဖြစ်ကြောင့်,
အဘိဓမ္မတ္ထသင်္ဂြိုဟ်, ခေါ်ဆိုလက်သန်း, အဋ္ဌကထာကျမ်းကို၊
ဘာသိ–မိန့်ဆိုတည်ထွင်, စီရင်ပေအံ့။

---

( ) ဤသို့ ကွင်း၍ပြအပ်သော ပုဒ်များကို ပါဠိရင်းမှာမပါဘဲ ရသင့်၍
ထည့်အပ်သော ပုဒ်များဟု မှတ်၊ ဟောတိ ဟောန္တိစသော ပုဒ်များကား
ထည့်ပါဌ်ဖြစ်သော်လည်း ထင်ရှားသဖြင့် အထူးကွင်းပြတော့မည် မဟုတ်။

၁
