## Trang 61

၁ဝ။ စတ္တာရော – လေးပါးကုန်သော၊ သင်္ချာရဟ ၁၈-အကုသလ သာဓာရဏ စေတသိက်တို့၎င်း၊ အပရေ – အကုသလ သာဓာရဏ စေတသိက်တို့မှ တပါးကုန်သော၊ ဒသ-ဆယ်ပါးကုန်သော၊ သမာနာ စ - အညသမာန်း စေတသိက်တို့၎င်း၊ ( ဣတိ - သို့၊ ) စုဒ္ဒသ-၁၄ ပါးကုန်သော၊ ဧတေ – ဤစေတသိက်တို့ကို၊ သဗ္ဗာကုသလယောဂေါ – အလုံးစုံသော အကုသိုလ်စိတ်နှင့် ယှဉ်ကုန်၏ ဟူ၍၊ ပဝုစ္စန္တိ-ဆိုအပ်ကုန်၏၊ ( – အပရေ-ဆန္ဒ ပီတိ အဓိမောက္ခမှ တပါးကုန်သော " ဟုရှေးနက်ရှိ၏, ဆင်ခြင်။)

### သင်္ဂဟဂါထာ

၁၀။ "သာဓာရဏာစ စတ္တာရော" စသော ဤဂါထာသည် အကုသိုလ်စိတ်အားလုံး၌ အမြဲယှဉ်လေ့ရှိသော စေတသိက်ကို အကျဉ်းချုပ်ပြသော သင်္ဂဟ ဂါထာပင်တည်း၊ (သဗ္ဗာကုသလ သာဓာရဏ ၄, ဆန္ဒ ပီတိ အဓိမောက္ခကြ၌ အညသမာန်း ၁၀, ဤ ၁၄ ကား အကုသိုလ်စိတ်အားလုံး၌ အမြဲ ယှဉ်ကြသည့်) [ဆန္ဒသည် မောဟမူ၌ မယှဉ်, ပီတိကား ဥပေက္ခာသဟဂုတ်နှင့် ဒေါသမူ၌ မယှဉ်, အဓိမောက္ခမှာ ဝိစိကိစ္ဆာ သဟဂုတ်၌ မယှဉ်။]

### လေ့ကျင့်ခဏ်း မေးခွန်းများ

[ ၍ အကုသိုလ်စိတ်၌ သင်္ဂြိုဟ်ပါဠိကိုကြည့်လျှင် သရုပ်ကွဲဘို့ရန် မခဲယဉ်းဟုထင်ရသော်လည်း, နောင်ခါ အစဉ်သဖြင့် သရုပ်မြင်ဘို့ရာမှာ လွန်စွာ ခက်၏၊ ညဝါဆိုသည့်အခါ ယောင်လည်လည် နေကြသည်သာများ၏၊ ထို့ကြောင့်၍ လေ့ကျင့်ခဏ်း၌ အစွမ်းကုန် လေ့လာကြပါကုန်။ ]

က။ ဧကူနဝီသာဋ္ဌာရသ စသော သင်္ဂဟ ဂါထာကို အနက်ပေးပါ။

ခ။ အကုသိုလ်စိတ်၌ သင်္ဂဟနည်း မည်မျှ ရှိသနည်း, ရေတွက်ပါ။

ဂ။ ဧကူနဝီသကား အဘယ် စိတ်များ၌ သင်္ဂဟနည်းလဲ, (က) ဧကူနဝီသ (ခ) ဧကူနဝီသခွဲ၍ အကျယ်ပါဠိနှင့်ဆက်စပ်လျက် သရုပ်ရေတွက်ပါ။

ဃ။ အဋ္ဌာရသကား အဘယ်စိတ်များ၌ သင်္ဂဟနည်းလဲ, အကျယ်ပါဠိနှင့်ဆက်စပ်ပြီးလျှင် သရုပ် ရေတွက်ပါ။

င။ ပီသကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ပါဠိနှင့်စပ်၍ သရုပ်ရေတွက်ပါ။

စ။ ဧကဝီသကား အဘယ်စိတ်များ၌ သင်္ဂဟနည်းလဲ, သရုပ်ရေတွက်ပါ။

ဆ။ ဝီသတိကား အဘယ်စိတ်များ၌ သင်္ဂဟနည်းလဲ, သရုပ် ရေတွက်ပါ။

ဇ။ ဒွါဝီသကား အဘယ်စိတ်များ၌ သင်္ဂဟနည်းလဲ, သရုပ်ရေတွက်ပါ။

ဈ။ ပန္နရသကား အဘယ်စိတ်များ၌ သင်္ဂဟနည်းလဲ, အကျယ် ပါဠိနှင့်ဆက်စပ်၍, သရုပ် ရေတွက်ပါ။

ည။ သာဓာရဏာစ စတ္တာရောကား ဘာကိုပြသော ဂါထာနည်း။

ဋ။ လောဘမူစိတ် ၈ ပါးလုံး၌ စေတသိက် မည်မျှ ယှဉ်သနည်း, သရုပ်ရေတွက်ပါ။

ဌ။ လောဘမူ သောမနဿ သဟဂုတ်စိတ် ၄ ၌ စေတသိက်ပေါင်းမည်မျှ ဥပေက္ခာသဟဂုတ် ၄ ၌ မည်မျှယှဉ်သနည်း။

ဍ။ ဒေါသမူဒွေး၌ စေတသိက် မည်မျှ ယှဉ်သနည်း, သရုပ်ရေတွက်ပါ။ ဒေါသမူစိတ်၌ အများဆုံး တပြိုင်နက် မည်မျှ ယှဉ်သနည်း, အမြဲတန်း မည်မျှ ယှဉ်သနည်း, သရုပ်ရေတွက်ပါ။

ဏ။ မောဟမူဒွေး၌ စေတသိက် မည်မျှ ယှဉ်သနည်း, သရုပ်ရေတွက်ပါ။

---

## Trang 62

### အဟိတ်စိတ်၌ သင်္ဂဟနည်း

၁။ ပန - အဘို့တပါးကား၊ အဟေတုကေသု - အဟိတ်စိတ် တို့တွင်၊ တတ္ထ-ဝုဋ္ဌောစသည်တို့မှ ရှေးဦးစွာ၊ (နိဒ္ဒိသိတဗ္ဗေ - ညွှန်ပြထိုက်သော၊) ဟသနစိတ္တေ-ဟသိတုပ္ပါဒ်စိတ်၌၊ ဆန္ဒဝဇ္ဇိတာ-ဆန္ဒသည်ကြဉ်အပ်ကုန်သော၊ အညသမာနာ-အညသမာန်းဟုဆိုအပ်သော၊ ဒွါဒသ-၁၂ ပါးကုန်သော၊ ဓမ္မာ-သဘောတရားတို့သည်၊ သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

၂။ ဝေါဋ္ဌပနေ - ဝုဋ္ဌောစိတ်၌၊ ဆန္ဒ ပီတိဝဇ္ဇိတာ – ဆန္ဒ ပီတိသည် ကြဉ်အပ်ကုန်သော၊ တထာ - ထို အညသမာန်း စေတသိက်တို့သည်၊ သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ – ရောက်ကုန်၏။

၃။ သုခသန္တီရဏေ - သုခသန္တီရဏစိတ်၌၊ ဆန္ဒဝီရိယဝဇ္ဇိတာ – ဆန္ဒဝီရိယသည် ကြဉ်အပ်ကုန်သော၊ တထာ - ထို အညသမာန်းစေတသိက်တို့သည်၊ သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

၁။ ဟသိတုပ္ပါဒ်စိတ်၌ ဆန္ဒကြာ အညသမာန်းစေတသိက် ၁၂ ယှဉ်၏။

၂။ (မနောဒွါရာဝဇ္ဇန်းစိတ်ကို ဝေါဋ္ဌပန ( ဝုဋ္ဌော ) စိတ်ဟု ခေါ်သည်။ ၎င်း ဝုဋ္ဌောစိတ်၌ ဆန္ဒပီတိကြ၌ အညသမာန်း ၁၁ ယှဉ်၏၊ [ ဝေါဋ္ဌပန== ပုဒ်၌ ဝိ+အဝ+ရှေးရှိသော . ဌာဓာတ်, ဏာပေပစ္စည်း, ယု ပစ္စည်းတည်း၊ ထိုကြောင့် ဝေါဋ္ဌဗ္ဗန-ဟု မရေးဘဲ "ဝေါဋ္ဌပန" ဟု ရေးသည်။ ])

၃။ သုခသန္တီရဏစိတ်၌ ဆန္ဒဝီရိယကြဉ် အညသမာန်း ၁၁ ယှဉ်၏။

၄။ မနောဓာတုတ္တိကဟေတုကပဋိသန္ဓိယုဂန္ဓေ-မနောဓာတ်သုံးပါး, အဟိတ်ပဋိသန္ဓေအရံ၌၊ ဆန္ဒ ပီတိ ဝီရိယ ဝဇ္ဇိတာ-ဆန္ဒ ပီတိ ဝီရိယသည် ကြဉ်အပ်ကုန်သော၊ တထာ-ထို အညသမာန်းစေတသိက်တို့သည်၊ သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

၅။ ဒွိပဉ္စဝိညာဏေ-ဒွေးပဉ္စဝိညာဏ် ၁ဝ ၌၊ ပကိဏ္ဏကဝဇ္ဇိတာ - ပကိဏ်းစေတသိက်သည် ကြဉ်အပ်ကုန်သော၊ တေ ယေဝ – ထို အညသမာန်းစေတသိက် တို့ကိုပင်၊ သင်္ဂဟံ ဂစ္ဆန္တိ' ပေါင်းယူအပ်ကုန်၏၊ ဣတိ-သို့၊ သဗ္ဗထာ-လည်း၊ အဋ္ဌာရသ သု−၁၈ ပါးကုန်သော၊ အဟေတုကေသု - အဟိတ်စိတ်တို့၌၊ ဂဏနဝသေန – အရေအတွက်အားဖြင့်၊ စတုဓာ-လေးပါး အပြားအားဖြင့်သာလျှင်၊ သင်္ဂဟော - ပေါင်းယူခြင်းသည်၊ ဟောတိ - ဖြစ်၏၊ ဣတိ-ဤသို့ မှတ်အပ်ကုန်၏။

၄။( ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိန်း ဒွေးကို"မနောဓာတ် ၃ ပါး"ဟု ခေါ်၏။) (ဥပေက္ခာသဟဂုတ် သန္တီရဏ ၂ ပါးကို" အဟိတ်ပဋိသန္ဓေအစုံ"ဟု ခေါ်၏၊) ခေါ်ဝေါ်ခြင်း၏ အကြောင်းမှာ နောက်၌ ထင်ရှားလတံ့၊ ၎င်းစိတ်များ၌ ဆန္ဒ ပီတိ ဝီရိယကြ၌ အညသမာန်း ၁ဝ ယှဉ်၏။

၅။ စက္ခုဝိညာဏ်ဒွေး-သောတ'ဃာန'ဇိဝှါ-ကာယဝိညာဏ်ဒွေး ဤ ဝိညာဏ်ဒွေး ၅ ပါးကို"ဒွေးပဉ္စဝိညာဏ်"ဟု ခေါ်၏။"နှစ်ခုဖြင့် မြောက်အပ်သော ၅ ပါးသော ဝိညာဏ်" ဟူလို၊ ၎င်းဒွေးပဉ္စဝိညာဏ်စိတ် ၁ဝ ၌ ပကိဏ်းစေတသိက် ၆ ပါး ကြဉ်သော အညသမာန်း ၇ ယှဉ်၏, သဗ္ဗစိတ္တသာဓာရဏ ၇ ပါးပင်တည်း။

---

## Trang 63

### သင်္ဂဟ

၆။ အဋ္ဌာရသ သုဟေတုကေသု-တစ်ဆယ့် ရှစ်ပါးသော အဟိတ် ဟု ဆိုအပ်ကုန်သော၊ စိတ္တုပ္ပါဒေသု-ဥပါဒ်သောစိတ်တို့၌၊ သင်္ဂဟော-သင်္ဂဟနည်းသည်၊ ဒွါဒသ-ဒွါဒသသင်္ဂဟ၎င်း၊ ဧကာဒသ – ဧကာဒသသင်္ဂဟ၎င်း၊ ဒသ - ဒသသင်္ဂဟ၎င်း၊ သတ္တ စ-သတ္တသင်္ဂဟ၎င်း၊ ဣတိ - ဤသို့၊ စတုဗ္ဘေဒါ-လေးပါး အပြားရှိ၏၊ သင်္ဂဟဂါထာတို့၌ ရှိသော သင်္ချာပုဒ်တို့ကို "ဒွါဒသ ၁၂ ပါးတို့၎င်း" စသည်ဖြင့် ရှေးက အနက်ပေးကြ၏, ဆင်ခြင်လေ။

### သင်္ဂဟနှင့် နိဂုံး

သဗ္ဗတ္ထ-အလုံးစုံကုန်သော၊ အဟေတုကေသု-အဟိတ်စိတ်တို့၌၊ သတ္တ - ခုနစ်ပါးသော သဗ္ဗစိတ္တသာဓာရဏစေတသိက်တို့သည်၊ (ယုဇ္ဇန္တိ-ယှဉ်ကုန်၏၊) ဂဏနံဝသေန စတုဓာဝ'ပြခဲ့သော အစဉ်အားဖြင့် သင်္ဂဟ ၅ နည်းဖြစ်သင့်သော်လည်း ဝုဋ္ဌောနှင့် သုခသန္တိရဏစိတ်တို့၌ ၁၁ ချင်း ဂဏန်းတူသောကြောင့် သင်္ဂဟပြု(ပေါင်းစုရေတွက်) ရာ၌ ၄ နည်းသာ ထွက်သည်။

### သင်္ဂဟဂါထာ

၁။ ဒွါဒသ (၁၂) ကား ဟသိတုပ္ပါဒ်စိတ်၌ သင်္ဂဟနည်းတည်း။

၂။ ဧကာဒသ(၁၁)ကား ဝုဋ္ဌောနှင့် သုခသန္တီရဏ တို့၌ သင်္ဂဟနည်းတည်း။

၃။ ဒသ (၁ဝ) ကား မနောဓာတ် ၃, အဟိတ်ပဋိသန္ဓေအစုံ၌ သင်္ဂဟနည်းတည်း။

၄။ သတ္တ (၇) ကား ဒွေးပဉ္စဝိညာဏ် ၁ဝ၌ သင်္ဂဟနည်းတည်း။

သေသာ - သဗ္ဗစိတ္တ သာဓာရဏမှ ကြွင်းသော ပကိဏ်းစေတသိက်တို့သည်၊ ယထာရဟံ-ယှဉ်ထိုက်သည်အားလျော်စွာ၊ (ယုဇ္ဇန္တိ-ယှဉ်ကုန်၏၊) ဣတိ-သို့၊ ဝိတ္ထာရတော-အကျယ်အားဖြင့်၊ တေတ္တိံသဝိဓသင်္ဂဟော-၃၃ ပါး အပြားရှိသော သင်္ဂဟနည်းကို၊ ဝုတ္တော-ဆိုအပ်ပြီ။

### သင်္ဂဟနှင့် နိဂုံး

"အဟေတုကေသု သဗ္ဗတ္ထ, သတ္တသေသာ ယထာရဟံ" ကား အဟိတ်စိတ်အားလုံး၌ ယှဉ်နိုင်သော စေတသိက်, တချို့ တချို့၌သာ ထိုက်သည်အားလျော်စွာ ယှဉ်နိုင်သောစေတသိက်တို့ကို အကျဉ်းချုပ်ပြသော သင်္ဂဟစကားတည်း။

"ဣတိ ဝိတ္ထာရတော ဝုတ္တော, တေတ္တိံသဝိဓသင်္ဂဟော" ကား သင်္ဂဟနည်း ၃၃ ပါးကို ပြန်၍ ဖုံးအုပ်သော နိဂုံးစကားတည်း။ ဆတ္တိံသာ နုတ္တရေ ဓမ္မာ'ဂါထာတုန်းက "ယထာသမ္ဘဝယောဂေန, ပဉ္စဓာတတ္ထ သင်္ဂဟော" ဟု အကျဉ်းချုပ် သင်္ဂဟ ငါးပါး ရှိကြောင်းကို ဆိုပြီးလျှင် ယထာသမ္ဘဝယောဂေန အရ ဖြစ်သင့်သလို ချဲ့ထွင်၍ ယှဉ်ပြရာဝယ် သင်္ဂဟနည်းပေါင်း အကျယ် ၃၃ ပါး ထွက်လာသည် ဟူလို၊ သင်္ဂဟနည်း ၃၃ ပါး ကိုကား လောကုတ္တရာစိတ်၌ ၅, မဟဂ္ဂုတ်စိတ်၌ ၅, စသည်ဖြင့် ရေတွက်လေ။

ဤတွင် သင်္ဂဟနည်း ပြီး၏။

---

## Trang 64

### နိဂုံးနှင့် မှာထားချက်

ဣတ္ထံ – ဤ ဆိုအပ် ပြီးသော အပြား အားဖြင့်၊ စိတ္တာဝိယုတ္တာနံ – စိတ်နှင့် မကွေ မကွာ ယှဉ်ကြကုန်သော စေတသိက်တို့၏၊ သမ္ပယောဂဉ္စ – သမ္ပယောဂနည်းကို၎င်း၊ သင်္ဂဟဉ္စ - သင်္ဂဟနည်းကို၎င်း၊ ဉတွာ-သိပြီးသည်ရှိသော်၊ ယထာယောဂံ- ယှဉ်ထိုက်သည်အားလျော်စွာ၊ စိတ္တေန – ယှဉ်ရာစိတ်နှင့်၊ သမံ - အရေအတွက် ညီမျှသော၊ ဘေဒံ - အပြားကို၊ ဥဒ္ဒိသေ - ထုတ်ပြရာ၏။ ဉတွာ၏ ကတ္တားက စာသင်သား, ဥဒ္ဒိသေ၏ ကတ္တားက ဆရာ ဖြစ်၍ ကတ္တားချင်း မတူသောကြောင့် "ဉတွာ-သိ၍" ဟု အနက်မပေးကောင်း။

**နိဂုံးနှင့် မှာထားချက်။** "ဣတ္ထံ စိတ္တာဝိယုတ္တာနံ—" ဂါထာကား နိဂုံးနှင့် မှာထားချက်ကိုပြသော စကားတည်း၊ ထိုတွင် "ဣတ္ထံ ၊ ပေ ၊ ဉတွာ" ကား နိဂုံး "ဘေဒံ ၊ ပေ ၊ ဥဒ္ဒိသေ"ကား မှာထားချက်တည်း၊ ဤဆိုခဲ့ပြီးသောနည်း အတိုင်း စေတသိက် တို့၏ သမ္ပယောဂနည်း သင်္ဂဟနည်း များကို စာသင်သားတို့ သိပြီးသည်ရှိသော် ယှဉ်ရာစိတ်နှင့် ညီမျှသော စေတသိက်အပြားကိုလည်း စာချဆရာက ထုတ်ပြပါလေ-ဟူလို။

### သမ္ပယောဂနည်း သင်္ဂဟနည်း

အရှင် အနုရုဒ္ဓါသည် သမ္ပယောဂနည်းဖြင့် စေတသိက်တို့၏ ယှဉ်ရာစိတ်များကို "ဤ၌ ဤမျှ ရှိ၏" ဟု ပိုင်းခြားသတ်မှတ်၍ ပြ၏၊ "ဝိတက္ကော တာဝ ဒွိပဉ္စဝိညာဏဝဇ္ဇတ ၊ ပေ ၊ ပဉ္စပညာသစိတ္တေသု ဥပ္ပဇ္ဇတိ = ဝိတက်သည် ၅၅ ပါးသော စိတ်၌ ယှဉ်၏" စသော သမ္ပယောဂ နည်းကို ပြန်ကြည့်ပါ၊ (ထို့ကြောင့် – ယှဉ်ရာစိတ်ဓာတ်ကို ပိုင်းခြားသတ်မှတ်လို၍ စေတသိက်တို့၏ စိတ်၌ ယှဉ်ပုံ ယှဉ်ဟန်ကို ပြသော နည်းသည့် သမ္ပယောဂနည်း မည်၏"ဟု မှတ်) ထို သမ္ပယောဂနည်းကား ၁၆ ပါးရှိ၏, ပြန်၍ ရေတွက်ပါလေ။

> **ဆောင်** — ယှဉ်ရာ စိတ်ဓာတ်, ပိုင်းဖြတ် လိုရိပ်, စေတသိက်၏, စိတ်၌ ယှဉ်ဟန်, မိန့်သည်မှန်, နည်းသမ္ပယောဂ,−သောဠသ။

သင်္ဂဟနည်းဖြင့် ထိုထိုစိတ်၌ ယှဉ်ထိုက်သမျှ စေတသိက်တို့ကို "ဤ၌ ဤမျှရှိ၏" ဟု ပေါင်း၍ ( ပိုင်းခြားသတ်မှတ်၍ ) ပြသည်။ "ဆတ္တိံသာနုတ္တရေ ဓမ္မာ'လောကုတ္တရာစိတ်၌ စေတသိက် ၃၆ ပါး ယှဉ်၏"စသည့်ကိုပြန်ကြည့်၊ (ထို့ကြောင့် "ယှဉ်ထိုက်သမျှ စေတသိက်တွေကို ပိုင်းခြား သတ်မှတ်လို၍ စိတ် တမျိုးတမျိုး၌ ပေါင်းစု ရေတွက်ပြသော နည်းသည့် သင်္ဂဟနည်းမည်၏" ဟုမှတ်၊ ထို သင်္ဂဟနည်းကား ၃၃ ပါး ရှိ၏, ပြန်၍ ရေတွက်လေ။

> **ဆောင်** — ယှဉ်သည့် စေတသိက်, ပိုင်းဖြတ်နှိပ်ကြောင့်, စိတ်၌ပေါင်းရုံး, ရေတွက်ကြိုး, နည်းထုံးသင်္ဂဟ, တေတ္တိံသ။

စိတ္တေန သမမုဒ္ဒိသေ — ဖဿသည် စိတ် ၈၉ ပါး၌ ယှဉ်သောကြောင့် "လောဘမူ ပဌမစိတ်၌ ယှဉ်သော ဖဿ, ဒုတိယစိတ်၌ ယှဉ်သော ဖဿ" ဤသို့စသည်ဖြင့် ဖဿပေါင်း ၈၉ ပါး ပြား၏၊ ဝေဒနာစသည်လည်းနည်းတူ၊ ဝိတက်သည် ၅၅ ပါးသောစိတ်၌ ယှဉ်သောကြောင့် "လောဘမူ ပဌမစိတ်၌ ယှဉ်သော ဝိတက်" ဤသို့ စသည်ဖြင့် ဝိတက်ပေါင်း ၅၅ ပါးပြား၏၊ အဆုံး၌ ပညာသည် ၄၇ ပါးသော စိတ်၌ ယှဉ်သောကြောင့် ပညာပေါင်း ၄၇ ပါးပြား၏၊ ဤသို့လျှင် ယှဉ်ရာစိတ်နှင့်ညီမျှစွာ စေတသိက် တခုတခု၏ အပြားကို ထုတ်ပြပါလေ ဟူလို။

---

## Trang 65

### မဟာနိဂုံး

အဘိဓမ္မတ္ထသင်္ဂဟေ-၌၊ စေတသိက သင်္ဂဟဝိဘာဂေါ နာမ-စေတသိက သင်္ဂဟ ဝိဘာဂမည်သော၊ ဒုတိယော-ဒုတိယပိုင်းတို့၏ ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-အခန်းသည်၊ ဣတိ-ပြီးပြီ၊

**မဟာနိဂုံး။** "ဣတိ အဘိဓမ္မတ္ထသင်္ဂဟေ –" စသည်ကား စေတသိက်တပိုင်းလုံးကို အုပ်ဖုံးသော မဟာနိဂုံးတည်း၊ "စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ သဗ္ဗထာ" ဟူသော အကျဉ်းချုပ် ခေါင်းစဉ် ဥဒ္ဒေသ မာတိကာဝယ် စေတသိကံ-ဟူသော ဥဒ္ဒေသ၏ အကျယ်နိဒ္ဒေသ ဤတွင် ပြီးဆုံးပြီ ဟူလို။

### လေ့ကျင့်ခဏ်း မေးခွန်းများ

က။ ဒွါဒသေကာဒသ ဒသ ဂါထာသည် ဘာကို ပြသော ဂါထာနည်း, အနက်ပေး၍ အဟိတ်စိတ်၌သင်္ဂဟနည်း မည်မျှရှိကြောင်းကို ပြပါ။

ခ။ ဒွါဒသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, အကျယ် ပါဠိနှင့်ဆက်စပ်၍ သရုပ်ရေတွက်ပါ။

ဂ။ ဧကာဒသကား အဘယ်စိတ်များ၌ သင်္ဂဟနည်းလဲ, အကျယ် ပါဠိနှင့် ဆက်စပ်၍ သရုပ်ရေတွက်ပါ။

ဃ။ ဒသကား အဘယ် စိတ်များ၌ သင်္ဂဟနည်းလဲ, အကျယ် ပါဠိနှင့် ဆက်စပ်၍ သရုပ်ရေတွက်ပါ။

င။ သတ္တကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, အကျယ်ပါဠိနှင့်ဆက်စပ်၍ သရုပ်ရေတွက်ပါ။

စ။ အဟေတုကေသု သဗ္ဗတ္ထ ဂါထာသည် ဘာကို ပြသော ဂါထာနည်း။

ဆ။ ဣတ္ထံ စိတ္တာဝိယုတ္တာနံ ဂါထာသည် ဘာကို ပြသော ဂါထာနည်း။

ဇ။ အရှင်အနုရုဒ္ဓါသည် သမ္ပယောဂနည်းဖြင့် ဘယ်တရားများကို ပိုင်းခြား သတ်မှတ်၍ ပြသနည်း။

ဈ။ သင်္ဂဟနည်းဖြင့် ဘယ်တရားများကို ပိုင်းခြားသတ်မှတ်၍ ပြသနည်း။

ည။ အဘယ်သို့သော နည်းကို သမ္ပယောဂနည်းဟု မှတ်ရမည်နည်း, ထိုသမ္ပယောဂနည်း မည်မျှရှိသနည်း, လင်္ကာထောက်ပါ။

ဋ။ အဘယ်သို့သော နည်းကို သင်္ဂဟနည်းဟု မှတ်ရမည်နည်း, ထို သင်္ဂဟနည်း မည်မျှရှိသနည်း, လင်္ကာထောက်ပါ။

ဌ။ စိတ္တေန သမံ ဥဒ္ဒိသေ အရ ဖဿပေါင်း မည်မျှရှိသနည်း။

ဍ။ ဝိတက်ပေါင်း ဝိစာရပေါင်း မည်မျှစီရှိသနည်း။

ဏ။ မောဟပေါင်း လောဘပေါင်း ဒေါသပေါင်း မည်မျှစီရှိသနည်း။

တ။ သဒ္ဓါပေါင်း အပ္ပမညာပေါင်း ပီတိပေါင်း မည်မျှစီရှိသနည်း။

ထ။ ဣတိ အဘိဓမ္မတ္ထသင်္ဂဟေ ကား ဘာကိုပြသော စကားနည်း။

**စေတသိက်ပိုင်း နိဿယနှင့် အဓိပ္ပါယ် ပြီး၏။**

---
