## Trang 131

### နိဂုံးချုပ်

ဣစ္စေဝံ-ဤဆိုအပ်ပြီးသော အစီအစဉ်ဖြင့်၊ ဆဒွါရိက စိတ္တပ္ပဝတ္တိ-ခြောက်ဒွါရ၌ဖြစ်သော စိတ်တို့၏ ဖြစ်ပုံသည်၊ ယထာသန္တာနံ-ထိုထိုဒွါရ၌ ဖြစ်ထိုက်သည်အားလျော်စွာ၊ ဘဝင်္ဂန္တရိတာ-ဘဝင်သည် ခြားကွယ်သမျှ ပြုအပ်သည်၊ (ဟုတွာ-၍၊) ယာဝတာယုကံ-အသက်ရှည်သမျှ ကာလပတ်လုံး၊ အဗ္ဗောစ္ဆိန္နံ-မပြတ်မစဲ၊ ပဝတ္တတိ-ဖြစ်၏။

အဘိဓမ္မတ္ထသင်္ဂဟေ-၌၊ ဝီထိသင်္ဂဟဝိဘာဂေါ နာမ-ဝီထိသင်္ဂဟဝိဘာဂ မည်သော၊ စတုတ္ထော-လေးပိုင်းတို့၏ ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-သည်၊ ဣတိ-ပြီးပြီ။

**နိဂုံးချုပ်။** ။ ဣစ္စေဝံ၊ ပေ၊ ပဝတ္တတိ'ကား "ကထံ ဥပ္ပါဒဋ္ဌိတိဘင်္ဂဝသေန" စသော ဝီထိကျပုံနှင့်စပ်သည့် စကားရပ် အားလုံးကို အုပ်ဖုံးသော နိဂုံးစကားတည်း၊ ဆိုအပ်ပြီးသောနည်းအရ ဝီထိစိတ်များသည့် တဝီထိနှင့် တဝီထိအကြား၌ ဘဝင်ခြားလျက် ဆက်ကာဆက်ကာ အသက်ရှည်သမျှ ဖြစ်ကြသည့် ဟူလို။

### ပုဂ္ဂိုလ်၌ စိတ်ရအကျယ်

ဤပုဂ္ဂိုလ်စိတ်ရကို ဆရာမြတ်တို့ ပိဋကသင်္ချာခေါ် က-ခ-စသော အက္ခရာသင်္ချာဖြင့် ပြခဲ့သောကြောင့် ရှေးဦးစွာ ပိဋကသင်္ချာကို နားလည်စေရမည်။

> ကာဒီ ဋာဒီ ယကာရာဒီ၊ နဝသင်္ချာ ပကာသိတာ၊
> ပဉ္စသင်္ချာ ပကာရာဒီ၊ သုညာနာမ သရ-ည-နာ။

ကာဒီ-က အစ၊ ဈ အဆုံး၊ အက္ခရာ ၉ လုံးတို့ကို၎င်း၊ ဋာဒီ-ဋ အစ၊ ဓ အဆုံး၊ အက္ခရာ ၉ လုံးတို့ကို၎င်း၊ ယကာရာဒီ-ယ အစ၊ ဠ အဆုံး၊ အက္ခရာ ၉ လုံးတို့ကို၎င်း၊ နဝသင်္ချာ-၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ သင်္ချာတို့ ဟူ၍၊ ပကာသိတာ-ပြအပ်ကုန်၏၊ ပကာရာဒီ-ပ အစ၊ မ အဆုံး၊ အက္ခရာ ၅ လုံးတို့ကို၊ ပဉ္စသင်္ချာ-၁၊ ၂၊ ၃၊ ၄၊ ၅ သင်္ချာတို့ဟူ၍၊ ပကာသိတာ-ပြအပ်ကုန်၏၊ သရ-ည-နာ-သရရှစ်သွယ်၊ နငယ်နှင့် ညတို့သည်၊ သုညာနာမ-သုညတို့ မည်၏။

[ က ဋ ပ ယတို့သည့် ၁ ဂဏန်းကိုပြ၏၊ ခ ဌ ဖ ရ တို့သည် ၂ ဂဏန်းကိုပြ၏၊ ဤသို့ စသည်ဖြင့်သိလေ၊ အဆုံး၌ ဈ ဓ ဠ တို့သည့် ၉ ဂဏန်းကို ပြ၏၊ ယကာရာဒီ၌ သက္ကတကျမ်းများဝယ် တာလုဇ-သ၊ မုဒ္ဓဇ-သ၊ ဒန္တဇ-သ၊ ဟု သ သုံးလုံးပါသောကြောင့် "ယ ရ လ ဝ သ သ သ ဟ ဠ" ဟု အက္ခရာ ၉ လုံးပြရမည့်၊ ရှေးဆရာတို့ကား ရှေး သ သ အစား ယူ ရှ ဟု သုံးစွဲကြလေ၏၊ အ အာ စသည်တို့သည့် ဝ ဂဏန်းကိုပြ၏။ – ပိဋကသင်္ချာ၊ ဟူသမျှ၊ နောက်ပြန်စဉ်၍ချ "ဆ လာ" ဟု တွေ့လျှင် "ဆ=၇၊ လ=၃" နောက်ပြန်စဉ်၍ ၃၇ ဟု ချလေ ဟူလို။]

မဂ္ဂဋ္ဌပုဂ္ဂိုလ်များ၌ မဂ်စိတ် ၁ ပါးစီသာ ရှိသည်၊ ကာမပုဂ္ဂိုလ်များအတွက် ပုဂ္ဂလဘေဒ၌ ကောက်ခဲ့ပြီ၊ ဈာန်မရသော ကာမပုဂ္ဂိုလ်အတွက် မဟဂ္ဂုတ်ဈာန် ၉ ကိုနှုတ်၍ ရေတွက်လေ၊ ဈာန်ရ ဟူရာ၌ ၁ ပါးရသူ-၂ ပါးရသူစသည်ဖြင့် အမျိုးမျိုး ရှိသော်လည်း သရုပ်ခွဲလွယ်အောင် မဟဂ္ဂုတ်ဈာန် ၉ ပါးလုံးရသူအတွက် ပြထားသည်။

> **[ဆောင်]** ဈာန်မရသည့်၊ ကာမသတ္တာ၊ စိတ်သင်္ချာကား၊ ဆလာ-ကဝံ့၊ မ-ယုဝါ၊ ဈလာ-မလံ၊ (ဈာန်ဟုံလျှံမူ)၊
> ဝါမံ-သြမေ၊ ဝေ-ဘဝါ၊ ရူပမှာကား၊ ဂဝါ-ဈလ၊ မလ မှတ်လေ၊ အရူပေမှာ၊ ဆခေ-လ ခ၊ ဟ (နှင့်) က သည် ရွေးမျှဆံခြည် မတိမ်းတည်း။

[ဤလင်္ကာ၏ အဓိပ္ပါယ်ကို ဇယားကွက်ဖြင့် ထင်ရှားစေအံ့။]

---

## Trang 132

### ပုဂ္ဂိုလ်စိတ်ရ ဇယား

| ပုဂ္ဂိုလ် | သင်္ချာ | စိတ်ရ |
|-----------|----------|--------|
| ဒုဂ္ဂတိအဟိတ် | ဆလာ | ၃၅ |
| သုဂတိအဟိတ်-ဒွိဟိတ် | ကဝံ | ၄၁ |
| တိဟိတ်ပုထုဇဉ် | မ | ၄၅ |
| သောတာပန် | ယုဝါ | ၄၁ |
| သကဒါဂါမ် | ဝါး | ၅၄ |
| အနာဂါမ် | ရလာ | ၃၉ |
| ရဟန္တာ | မလံ | ၃၅ |

| ဘုံအလိုက် | သင်္ချာ | စိတ်ရ |
|-------------|----------|--------|
| ဈာန်မရ ကာမပုဂ္ဂိုလ် | ဆလာ-ကဝံ၊ မ-ယုဝါ၊ ဝါး-ရလာ၊ မလံ | — |
| ဈာန်ရ ကာမပုဂ္ဂိုလ် | ဝါမံ-သြမေ၊ ဝေ-ဘဝါ | — |
| ရူပပုဂ္ဂိုလ် | ဂဝါ-ဈလ၊ မလ | — |
| အရူပပုဂ္ဂိုလ် | ဆခေ-လ ခ၊ ဟ (နှင့်) က | — |

### ရူပပုဂ္ဂိုလ်၌ စိတ်ရ

ဈာန်ရသော ကာမပုဂ္ဂိုလ်၏ ရရှိသော စိတ်များတွင် ဘုံအားဖြင့် မရထိုက်သော ဒေါသမူ ၂၊ ဃာနဝိညာဏ်စသော ၆၊ မဟာဝိပါက် ၈ တို့ကို နှုတ်၍ ရူပဘုံဖြစ်သောကြောင့် ရူပဝိပါက် ၅ ခု ထည့်လျှင်၊ ရူပပုဂ္ဂိုလ်များ၏ စိတ်ရဖြစ်၏၊ ထို့ကြောင့် ဈာန်ရ ကာမတိဟိတ်၌ ရသောစိတ် ၅၄ တွင် ဒေါသမူစသော ၁၆ နှုတ်-ရူပဝိပါက်စိတ် ၅ ထည့်လျှင် ရူပတိဟိတ်စိတ်အရ ၄၃ ဖြစ်၏၊ ဈာန်ရ သောတာပန် သကဒါဂါမ်တို့၏ စိတ်ရ ၅ဝ တွင် ယခင်အတိုင်း နှုတ်-ထည့်က၊ ရူပသောတာပန် သကဒါဂါမ် စိတ်ရ ၃၉ ဖြစ်၏၊ အနာဂါမ် စိတ်ရလည်း ၃၉ ပင်၊ ဈာန်ရ ကာမရဟန္တာ၏ စိတ်ရ ၄၄ တွင် ယခင်အတိုင်း နှုတ်-ထည့်က ရူပရဟန္တာ၏ စိတ်ရ ၃၅ ဖြစ်၏။ [ အနာဂါမ် ရဟန္တာတို့ ဒေါသမူကို ပယ်ပြီးဖြစ်၍ ဘုံအတွက် နှုတ်ဘွယ် မလို။]

### အရူပပုဂ္ဂိုလ်၌ စိတ်ရ

ရူပတိဟိတ် စိတ် ၄၃ တွင် ဘုံအားဖြင့် မရထိုက်သော ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သောတဝိညာဏ် သမ္ပဋိစ္ဆန်း သန္တီရဏ ၁ဝ၊ ရူပကုသိုလ်နှင့် ဝိပါက် ၁ဝ နှုတ်လျှင် ၂၃ ကျန်၏၊ အရူပဘုံသား ဖြစ်သောကြောင့် ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်ဘို့ရာ အရူပဝိပါက် ၄ ထည့်လျှင် အရူပတိဟိတ်စိတ်ရ ၂၇ ဖြစ်၏။

ရူပသောတာပန် သကဒါဂါမ် အနာဂါမ်တို့၏ စိတ်ရ ၃၉ တွင် ယခင်အတိုင်းပင် နှုတ်ထည့်လျှင် အရူပပုဂ္ဂိုလ်များ၏ စိတ်ရဖြစ်၏၊ ရူပရဟန္တာ၏ စိတ်ရ ၃၅ တွင် ယခင် ၂ဝ နှင့်တကွ ဟသိတုပ္ပါဒ်ကို နှုတ် ၁၄ ကျန်၏၊ အရူပဝိပါက် ၄ ထည့်လျှင် အရူပရဟန္တာ၏ စိတ်ရ ၁၈ ဖြစ်၏။

ရူပဝိပါက် အရူပဝိပါက် များသည့် တဘုံလျှင် ပဋိသန္ဓေ စသော ကိစ္စတပ်ဘို့ရာ ၁ ပါးစီသာ ရနိုင်၏၊ ယခုပြခဲ့သည့်ကား အားလုံးဘုံအတွက် ပေါင်း၍ ပြခြင်းတည်း၊ ထို့ကြောင့် နေဝသညာနာသညာယတန ဘုံသား ရဟန္တာအတွက် ဆိုလျှင် ယခင် ၁၈ မှ အောက်အရူပဝိပါက် ၃ ပါးကို နှုတ်ရလိမ့်မည်၊ ထို့ပြင် "ဟေဋ္ဌိမာ ရုပ္ပဝဇ္ဇိတာနိ" အရ အောက်အောက် အရူပကြိယာ ၃ ပါးကိုလည်း ကြဉ်ရလိမ့်မည်၊ ထို့ကြောင့် အောက်ဝိပါက်ကြိယာ ၆ ပါးကြဉ်၍ ၁၂ ပါးသာ ရတော့၏၊ အခြားပုဂ္ဂိုလ်များ၌လည်း ဤနည်းအတိုင်း စိစစ်လေ။

---

## Trang 133

### လေ့ကျင့်ခဏ်း မေးခွန်းများ

[ပုဂ္ဂလဘေဒနှင့် ဘူမိဝိဘာဂကို ရောနှော၍ အစဉ်အတိုင်း မဟုတ်ဘဲ သင့်သလို လေ့ကျင့်ခဏ်း ထုတ်မည့်၊ ဆလာ ကဝံ စသော သင်္ချာကို သတိထား၍ ပုဂ္ဂိုလ်စိတ်ရကို ကြိုးစားရေတွက်ပါ။]

**က။** အဘယ်အခဏ်းကို ပုဂ္ဂလဘေဒ ဟု ခေါ်သနည်း။

**ခ။** အဘယ်အခဏ်းကို ဘူမိဝိဘာဂ ဟု ခေါ်သနည်း။

**ဂ။** ပုဂ္ဂိုလ်အပြား မည်မျှနည်း၊ ရေတွက်ပြပါ။

**ဃ။** အဘယ်ပုဂ္ဂိုလ်မျိုးကို အဟိတ် ဒွိဟိတ် တိဟိတ် ဟု ခေါ်သနည်း။

**င။** ထိုထိုဘဝ၌ ဈာန်မရထိုက်သူတို့ကား ဘယ်ပုဂ္ဂိုလ်များနည်း။

**စ။** ကာမဘုံ၌ စိတ်ပေါင်း မည်မျှ ရထိုက်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။

**ဆ။** ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၏ စိတ်ရကို လက်ထောက်၍ သရုပ်ကောက်ပါ။

**ဇ။** သုဂတိအဟိတ် ဒွိဟိတ်ပုဂ္ဂိုလ်ဘို့၏ စိတ်ရကို လင်္ကာထောက်၍ သရုပ်ကောက်ပါ။

**ဈ။** ဈာန်ရသော ကာမတိဟိတ်ပုဂ္ဂိုလ်၏ စိတ်ရကို လင်္ကာထောက်၍ သရုပ်ကောက်ပါ။

**ဉ။** ဈာန်မရသော ကာမတိဟိတ်၏ စိတ်ရကို သရုပ်ကောက်ပါ။

**ည။** ရူပဘုံ၌ ဝီထိစိတ်ပေါင်း မည်မျှနည်း၊ သင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပါ။

**ဋ။** ဝီထိမုတ်စိတ်ပါ ရေတွက်လျှင် ရူပဘုံ၌ မည်မျှ ရနိုင်သနည်း။

**ဌ။** ရူပတိဟိတ်ပုဂ္ဂိုလ်၏ စိတ်ရကို ကောက်ပါ။

**ဍ။** အရူပဘုံ၌ ဝီထိစိတ်ပေါင်း မည်မျှနည်း၊ သင်္ဂြိုဟ်ထောက်၍ ကောက်ပါ။

**ဎ။** ဝီထိမုတ်စိတ်ပါ ရေတွက်လျှင် မည်မျှ ရနိုင်သနည်း။

**ဏ။** အရူပတိဟိတ်ပုဂ္ဂိုလ်၏ စိတ်ရကို ကောက်ပြပါ။

**တ။** မဂ္ဂဋ္ဌ ၄ ယောက်၌ စိတ်ပေါင်း မည်မျှစီ ရနိုင်ကြသနည်း။

**ထ။** ဈာန်ရသော ကာမသောတာပန် သကဒါဂါမ်တို့၏ စိတ်ရကို လင်္ကာထောက်၍ ကောက်ပါ။

**ဒ။** ဈာန်မရသော ကာမသောတာပန် သကဒါဂါမ်၏ စိတ်ရကို ကောက်ပါ။

**ဓ။** ဈာန်ရသော ကာမအနာဂါမ်၏ စိတ်ရကို လင်္ကာထောက်၍ ကောက်ပြပါ။

**န။** ဈာန်မရသော ကာမအနာဂါမ်၏ စိတ်ရကို ကောက်ပြပါ။

**ပ။** ရူပအောက်ဖလဋ္ဌပုဂ္ဂိုလ် ၃ ယောက်၏ စိတ်ရကို ကောက်ပြပါ။

**ဖ။** အရူပအောက်ဖလဋ္ဌ သုံးယောက်၏ စိတ်ရကို ကောက်ပြပါ။

**ဗ။** ဈာန်ရသော ကာမရဟန္တာ၏ စိတ်ရကို လင်္ကာထောက်၍ ကောက်ပြပါ။

**ဘ။** ဈာန်မရသော ကာမရဟန္တာ၏ စိတ်ရကို ကောက်ပြပါ။

**မ။** ရူပရဟန္တာ၏ စိတ်ရကို ကောက်ပြပါ။

**ယ။** အရူပရဟန္တာ၏ စိတ်ရကို ကောက်ပြပါ။

**ရ။** ဝိညာဏဉ္စာယတနဘုံသား ရဟန္တာ၏ စိတ်ရကို ကောက်ပြပါ။

**လ။** နေဝသညာနာသညာယတန ဘုံသား ရဟန္တာ၏ စိတ်ရကို ကောက်ပြပါ။

---

**ဝီထိပိုင်း နိဿယနှင့် အဓိပ္ပါယ် ပြီးပြီ။**

---

## Trang 134

### အနုသန္ဓေနှင့် ဝီထိမုတ်ပိုင်းနိဿယ

ဧဝံ-ဤဆိုအပ်ပြီးသောနည်းဖြင့်၊ ဝီထိစိတ္တဝသေန-ဝီထိစိတ်တို့၏အစွမ်းဖြင့်၊ ပဝတ္တိယံ-ပဝတ္တိအခါ၌၊ ပဝတ္တိသင်္ဂဟော နာမ-ဖြစ်ပုံကိုပြသော ပဝတ္တိမည်သောသင်္ဂဟကို၊ ဥဒီရိတော-မိန့်ဆိုအပ်ပြီ။ ဣဒါနိ-ယခုအခါ၌၊ ပဋိသန္ဓိယံ-ပဋိသန္ဓေအခါ၌၊ ပဝတ္တိသင်္ဂဟော နာမ-ဖြစ်ပုံကိုပြသော ပဝတ္တိမည်သောသင်္ဂဟကို၊ ဝုစ္စတိ-ဆိုအပ်၏။ (ဆိုအပ်လတ္တံ့၊ ဆိုပေအံ့-ဟူလို။)

### ဝီထိမုတ်ပိုင်း အဓိပ္ပါယ်

**ဝီထိမုတ်ပိုင်း။** ။ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်သော စိတ် ၁၉ ပါးကို (ပြခဲ့သော ဝီထိစိတ်တို့မှ အလွတ်ဖြစ်သောကြောင့်) "ဝီထိမုတ္တ=ဝီထိမုတ်" ဟု ခေါ်၏၊ ထိုဝီထိမုတ်စိတ်တို့ကိုပြရာ အပိုင်းအခဏ်းကို "ဝီထိမုတ်ပိုင်း" ဟု ဤကျမ်းပြုဆရာကိုယ်တိုင် အမည်ပေးသည်။

ဘုံပိုင်း၎င်း ဝီထိမုတ်ပိုင်း၌ ဘုံနှင့်စပ်သောအခဏ်းလည်း ကျယ်ဝန်းစွာ ပါသောကြောင့် နောက်ဆရာများက "ဘုံပိုင်း" ဟုလည်း ခေါ်စမှတ် ပြုကြ၏။

**အနုသန္ဓေနှင့် ပဋိညာဉ်။** ။ ဝီထိစိတ္တဝသေနဝံ၊ ပေ၊ ဒါနိ ဝုစ္စတိ'၍ ဂါထာဖြင့် အနုသန္ဓေနှင့် ပဋိညာဉ်ကို ပြသည်။ "ပြအပ်ပြီးသောနည်းဖြင့် ပဝတ္တိအခါဝယ် ဝီထိစိတ်တို့၏ ဖြစ်ပုံကို ပြသော ပဝတ္တိသင်္ဂဟကို ဆိုပြီး၍ ယခုအခါ ပဋိသန္ဓေအခါဝယ် ပဋိသန္ဓေစိတ်၏ ဖြစ်ပုံကို ပြသော ပဝတ္တိသင်္ဂဟကို ဆိုပေအံ့" ဟူလို။

### ဝီထိမုတ်ပိုင်းဝယ် သိဘွယ်များ

စတဿော-လေးပါးကုန်သော၊ ဘူမိယော-ဘုံတို့၎င်း၊ စတုဗ္ဘိဒါ-လေးပါးအပြားရှိသော၊ ပဋိသန္ဓိ-ပဋိသန္ဓေ၎င်း၊ စတ္တာရိ-လေးပါးကုန်သော၊ ကမ္မာနိ-ကံတို့၎င်း၊ စတုဓာ-လေးပါးပြားသော၊ မရဏုပ္ပတ္တိ-မရဏုပ္ပတ္တိ၎င်း၊ ဣတိ-ဤသို့၊ ဝီထိမုတ္တသင်္ဂဟေ-ဝီထိမုတ္တသင်္ဂဟ၌၊ စတ္တာရိ-လေးပါးကုန်သော၊ စတုက္ကာနိ-စတုက္ကတို့ကို၊ ဝေဒိတဗ္ဗာနိ-သိအပ်ကုန်၏။

### ဘုံ ၄ မျိုးအကျဉ်း

တတ္ထ-ထိုလေးပါးသော စတုက္ကတို့တွင်၊ အပါယဘူမိ-အပါယ်ဘုံ၎င်း၊ ကာမသုဂတိဘူမိ-ကာမသုဂတိဘုံ၎င်း၊ ရူပါဝစရဘူမိ-ရူပါဝစရဘုံ၎င်း၊

---

## Trang 135

အရူပါဝစရဘူမိစ-အရူပါဝစရဘုံ၎င်း၊ ဣတိ-ဤသည်တို့ကား၊ စတဿော-လေးပါးကုန်သော၊ ဘူမိယော နာမ-ဘုံတို့မည်၏။

### အပါယ်ဘုံ ၄ ပါး

တာသူ-ထိုလေးပါးသောဘုံတို့တွင်၊ နိရယော-နိရယ (ငရဲ)၎င်း၊ တိရစ္ဆာနယောနိ-တိရစ္ဆာန်အရအဝေး၎င်း၊ ပေတ္တိဝိသယော-ပြိတ္တာတို့၏နေရာ၎င်း၊ အသုရကာယော-အသုရကာယ်၎င်း၊ ဣတိ-ဤသို့၊ အပါယဘူမိ-အပါယ်ဘုံသည်၊ စတုဗ္ဘိဒေါ-၄ ပါးအပြားရှိသည်၊ ဟောတိ-ဖြစ်၏။

ပြပြန်သော အကျဉ်းချုပ် ဥဒ္ဒေသမာတိကာစကားပင်တည်း၊ ပါဠိရှိတိုင်း ဘုံလေးပါးသရုပ်ကို မှတ်ထားခဲ့ပါ၊ သတ္တဝါတို့၏ ဖြစ်ရာဌာနကို "ဘူမိ-ဘုံ" ဟု ခေါ်သည်။

#### အပါယ်ဘုံ

[အပါယ။ အပ+အယ။ အယ=ကုသိုလ်ကောင်းမှု+အပ=ကင်းသည်။] ကုသိုလ်ကောင်းမှုကင်းသော (ကုသိုလ်ကောင်းမှုပြုခွင့် များစွာမရသော) ဘုံကို "အပါယ်ဘုံ" ဟု ခေါ်သည်။

**နိရယ။** [နိ+အယ။ အယ=ချမ်းသာ+နိ=မရှိ။] ချမ်းသာသုခ ရခွင့်မရှိ၍ "ငရဲ" ဟု ခေါ်ရိုးရှိသော "နိရယ" ဘုံလည်း ၁-သင်္ချိုင်း၊ ၂-ကာဠသုတ်၊ ၃-သံဃာတ၊ ၄-ရောရုဝ၊ ၅-မဟာရောရုဝ၊ ၆-တာပန၊ ၇-မဟာတာပန၊ ၈-အဝီစိ ဟု ၈ ထပ် ရှိ၏၊ ဤမြေပြင်၏ အောက်၌ ယူဇနာပေါင်း တသောင်းငါးထောင်ဝေးကွာသောအရပ်မှစ၍ ၁၅ဝဝဝ စီ ကွာခြားလျက် အထက်အောက် တည်နေ၏၊ ဤနိရယကြီး ၈ ထပ်တွင် တထပ်တထပ်၌ ၁-ဘင်ပုတ်နိရယ၊ ၂-ပြာပူနိရယ၊ ၃-လက်ပန်တောနိရယ၊ ၄-သံလျက်ရွက်တောနိရယ၊ ၅-ကြိမ်ပိုက်ချောင်းနိရယ ဟု "ဥဿဒ" ခေါ် နိရယငယ် ၅ ထပ် (တံတိုင်းခပ်သလို) ရံပတ်၍ နေပြန်လေသတဲ့။ [ဒေဝဒူတသုတ်။]

> **[ဆောင်]** သင်္ချိုင်း-ကာဠ၊ သံဃာတနှင့်၊ ရောရုဝနှစ်၊ တာပန်နှစ်၊ တွက်စစ် အဝီစိ။
> အထပ်တိုင်းမှာ၊ ဘင်-ပြာ-လက်-သန်၊ ကြိမ်ပိုက်ရံ၊ ငါးတန် ဥဿဒရှိ။

**တိရစ္ဆာနယောနိ။** [တိရော+အစ္ဆာန။ တိရော=ဖီလာ၊ ဝါ-အလျားလိုက်အားဖြင့်+အစ္ဆာန=သွားသည်။] လူ နတ်တို့ကဲ့သို့ မတ်မတ်မသွား၊ အလျားလိုက်သွားသော အခြေ ၄ ချောင်း သားကောင်အပေါင်း၊ အခြေ ၂ ချောင်း ငှက်အပေါင်း၊ အခြေမရှိသော ရေနေ ကုန်းနေ သတ္တဝါတွေကို "တိရစ္ဆာန်" ဟု ခေါ်၏၊ ထိုတိရစ္ဆာန်တို့၏ အပေါင်းအစုကို "တိရစ္ဆာနယောနိ" ဟု ခေါ်သည်၊ တိရစ္ဆာန်ဘုံဟု သီးခြားနေရာမရှိ၊ တိရစ္ဆာန်တမျိုးတမျိုး၏ ပေါင်းစုနေရာ အရပ်ကိုပင် တိရစ္ဆာန်ဘုံဟု ခေါ်အပ်လေသည်။

**ပေတ္တိဝိသယ။** [ပေတ္တိ=ပြိတ္တာ+ဝိသယ=နေရာ။] အိမ်ကြိုအိမ်ကြား၌ သလိပ် သချွဲ ထမင်းလုံး ဟင်းပေါက် ကောက်၍ စားသောက်ရ၊ မြစ်ချောင်းကမ်းနား၌ သစ်ငါးရှာ၍ စားရ၊ တောကြီးတောင်ကြီးများ၌ မီးလောင် နေပူဆူပူ သတ်ဖြတ်ခံရသော တစ္ဆေမှင်စာ ဘီလူး သားရဲ သားဘက် အစိမ်းစသော အမျိုးမျိုးသော သတ္တဝါတွေကို "ပြိတ္တာ" ဟု ခေါ်၏၊ ဘုံလည်း သီးခြားမရှိ၊ ပြိတ္တာတို့နေရာအရပ်ကိုပင် "ပြိတ္တာဘုံ" ဟု ခေါ်ရတော့သည်။

**အသုရကာယ။** [အသုရ=အသုရာ+ကာယ=အပေါင်း။] အသုရာ ဟူသည့် ပြိတ္တာအကြီးစားပင်ဖြစ်၏၊ သမုဒြာ ဂင်္ဂါမြစ်ကမ်းစသော အရပ်၌ နေတတ်ကြ၏၊ ရေနား၌နေသော်လည်း ရေမသောက်ရ၊ ရေထဲသို့ ဆင်းသွားလျှင် ရေတွေပျောက်၍ သဲပူတွေသာ တွေ့ရ၏၊ စားဘွယ်ရာမှာ သာ၍ပင် ဝေးသေး၏၊ ထိုအသုရာ အပေါင်း၏ နေရာကိုပင် "အသုရကာယ်ဘုံ" ဟု ခေါ်သည်၊ ဘုံ သီးခြား မရှိ။
