## Trang 171

၁။ စတ္တာရိ – လေးပါးကုန်သော၊ မဟာဘူတာမှိ – မဟာဘုတ်တို့၎င်း၊ စတုန္နံ လေးပါးကုန်သော၊ မဟာဘူတာနံ မဟာဘုတ်တို့ကို၊ ဥပါဒါယရူပံစ-မှီ၍ ဖြစ်သော ရုပ်၎င်း၊ ဣတိ – ဤသို့၊ ဒုဝိဓမ္ပိ – နှစ်ပါး အပြားရှိသည်လည်း ဖြစ်သော၊ ဧတံရူပံ – ဤ ရုပ်သည်၊ ဧကာဒသဝိဓ တစ်ဆယ့်တစ်ပါး အပြားအားဖြင့်၊ သင်္ဂဟံ – ပေါင်းယူအပ်သည်၏ အဖြစ်သို့၊ ဂစ္ဆတိ-ရောက်၏။

ရူပသမုဒ္ဒေသ — [သံ+ဥဒ္ဒေသ၊ သံ = အကျဉ်းချုပ် + ဥဒ္ဒေသ = ထုတ်ပြခြင်း။] ရုပ် ၂၈ ပါးကို အကျဉ်း သရုပ်မျှ ထုတ်ပြရာ စကားရှင်ကို "ရူပသမုဒ္ဒေသခဏ်း" ဟု ခေါ်သည်။

မဟာဘုတ်နှင့် ဥပါဒါရုပ်ခွဲ
၁။ စတ္တာရိမဟာဘူတာနိ− [မဟာ+ဘူတ။ မဟာ='ကြီးကျယ်သည်ဖြစ်၍'+ဘူတ = ထင်ရှားဖြစ်သော ရုပ်များ။] အခြားသော ရုပ်များထက် သဘောလက္ခဏာ အားဖြင့်၎င်း၊ အထည်ဒြဗ် အားဖြင့်၎င်း၊ ကြီးကျယ် ထင်ရှားသော ရုပ်ကို "မဟာဘူတ=မဟာဘုတ်" ခေါ်သည်။

စတုန္နဉ္စ ၊ ပေ ၊ ဥပါဒါယရူပံ — ဤ ဥပါဒါရုပ်များကား ၂၄ ပါးရှိ၏။ ယခင် မဟာဘုတ်စုကို ခြယ်လှယ်သော အမွှန်းတင် ရုပ်များပေတည်း။
ဣတိ ဒုဝိဓမ္ပိ ၊ ပေ ၊ ဂစ္ဆတိ — ဤသို့ အချုပ်အားဖြင့် မဟာဘုတ်-ဥပါဒါရုပ်ဟု ရုပ် ၂ မျိုး ပြား၏၊ ၎င်း နှစ်မျိုးကို သဘောတူပေါင်း၍ ခွဲလျှင် ၁၁ ပါး ပြားပြန်၏၊ ၁၁ ပါး သရုပ်ကို ယခုပင် ထုတ်ပြလိုသည်ဖြစ်၍ ကထံ ဟူသော ပုစ္ဆာကို ထုတ်ပြတော်မူသည်။

နိဿယနှင့်အဓိပ္ပါယ်

၃၃၇
၂။ ပထဝီဓာတု - ပထဝီဓာတ်သည်၎င်း၊ အာပေါဓာတု-အာပေါဓာတ်သည်၎င်း၊ တေဇောဓာတု-တေဇောဓာတ်သည်၎င်း၊ ဝါယောဓာတု ဝါယောဓာတ်သည်၎င်း၊ ဘူတရူပံနာမ-ဘူတရုပ် မည်၏။ [မဟာဘုတ်လည်း ခေါ်၏။]

၃။ စက္ခု-စက္ခုသည်၎င်း၊ သောတံ-သောတသည်၎င်း၊ ဃာနံ – ဃာနသည်၎င်း၊ ဇိဝှါ – ဇိဝှါသည်၎င်း၊ ကာယော-ကာယသည်၎င်း၊ ပသာဒရူပံနာမ-ပသာဒရုပ် မည်၏။

၂။ မဟာဘုတ် ၄။ ။မိမိသဘောကို ဆောင်နိုင်သော (မိမိသဘောအတိုင်း ထင်ရှားသော) အရာကို "ဓာတု=ဓာတ်" ဟု ခေါ်သည်။
ပထဝီ … မြေဓာတ်။
အာပေါ = ရေဓာတ်။
တေဇော=အငွေ့ဓာတ်။ ဝါယော = လေဓာတ်။
တေဇောကို မီးဓာတ် ဟု ပြောဆိုရိုး ရှိကြ၏၊ သီတတေဇော-အအေးငွေ့၊ ဥဏှတေဇော-အပူငွေ့ ဟု နှစ်မျိုး ရှိရကား "အငွေ့ဓာတ်" ဟု ရေးသည်။

၃။ ပသာဒရုပ် ၅။ ။အကြည်ဓာတ်ကို "ပသာဒ" ဟု ခေါ်၏။
စက္ခုပသာဒ = မျက်စေ့အကြည်။ [မျက်လုံးအတွင်း မျက်နက်ဝန်း အလယ်၊ သူငယ်ရိပ်ထင်ရာအရပ်၌ စက္ခုပသာဒရုပ်ပေါင်းများစွာ ပြန့်နှံ့လျက်ရှိသည်။]
သောတပသာဒ = နားအကြည်။ [နားပေါက်အတွင်း လက်စွပ်ကွင်းနှင့် သဏ္ဌာန်တူသော အရပ်၌ သောတပသာဒရုပ်ပေါင်း များစွာ ပြန့်နှံ့လျက်ရှိသည်။]
ဃာနပသာဒ = နှာခေါင်းအကြည်။ [နှာခေါင်းအတွင်း ဆိတ်သတ္တဝါ၏ ခွါနှင့် သဏ္ဌာန်တူသော အရပ်၌ ဃာနပသာဒရုပ်ပေါင်း များစွာ ပြန့်နှံ့လျက် ရှိသည်။]

---

## Trang 172

၄။ ရူပံ-အဆင်း အရောင်သည်၎င်း၊ သဒ္ဒေါ- အသံသည်၎င်း၊ ဂန္ဓော – အနံ့သည်၎င်း၊ ရသော – အရသာသည်၎င်း၊ အာပေါဓာတု ဝိဝဇ္ဇိတံ-အာပေါဓာတ်သည် ကြဉ်အပ်သော၊ ဘူတတ္တယသင်္ခါတံ-ဘူတရုပ် သုံးခုတို့၏ အပေါင်းဟု ဆိုအပ်သော၊ ဖေါဋ္ဌဗ္ဗံ – တွေ့ထိအပ်သော အတွေ့သည်၎င်း၊ ဂေါစရရူပံနာမ-ဂေါစရရုပ် မည်၏။

ဇိဝှါပသာဒ = လျှာအကြည်။ [လျှာ၏အလယ်၌ ကြာပွင့် အဖတ်ဖျားနှင့် အလားတူသော အရပ်၌ ဇိဝှါပသာဒရုပ်ပေါင်းများစွာ ပြန့်နှံ့လျက်ရှိသည်။]
ကာယပသာဒ = ကိုယ်အကြည်။ [အသားမာ အရေခြောက်နှင့် ခြေသည်းလက်သည်းဖျား ဆံပင်အမွေးဖျားမှ တစ်ပါး တစ်ကိုယ်လုံး၌ ကာယပသာဒရုပ်ပေါင်းများစွာ ပြန့်နှံ့လျက် ရှိသည်။]

၄။ ဂေါစရရုပ် ၇။ ။အာရုံဖြစ်သော ရုပ်တရားကို "ဂေါစရ" ရုပ် ဟု ခေါ်သည်။ "ဝိသယရုပ်" ဟုလည်း ခေါ်၏၊ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖေါဋ္ဌဗ္ဗာရုံ ဟု ပါဠိရှိတိုင်း ရေတွက်လေ။
အာပေါဓာတု ၊ ပေ ၊ ဖေါဋ္ဌဗ္ဗံ — ဖေါဋ္ဌဗ္ဗာရုံကား ရုပ် သီးခြား မဟုတ်၊ ပထဝီ တေဇော ဝါယော ဓာတ်ကြီး ၃ ပါးကိုပင် တွေ့ထိကောင်းသောကြောင့် ဖေါဋ္ဌဗ္ဗာရုံ ဟု ခေါ်၏၊ အာပေါဓာတ်ကား အလွန် သိမ်မွေ့သည့်အတွက် တွေ့ထိ၍ မရကောင်းသောကြောင့် ဖေါဋ္ဌဗ္ဗာရုံအဖြစ်မှ ကြဉ်ရ၏၊ အကျယ်ကို ဘာသာဋီကာမှာ ရှု။
[ဆောင်] အာပေါဓာတ်လေ့၊ လွန်သိမ်မွေ့သဖြင့်၊ ထိတွေ့စမ်းသပ်၊ မရအပ်၊ ဖေါဋ္ဌဗ် မမည်ထိုက်။

နိဿယနှင့်အဓိပ္ပါယ်

၃၃၉
၅။ ဣတ္ထိတ္တံ-ဣတ္ထိ၏ဖြစ်ကြောင်းရုပ်သည်၎င်း၊ ပုရိသတ္တံ-ပုရိသ၏ ဖြစ်ကြောင်း ရုပ်သည်၎င်း၊ ဘာဝရူပံနာမ-ဘာဝရုပ် မည်၏။
၆။ ဟဒယဝတ္ထု – ဟဒယဝတ္ထုသည်၊ ဟဒယရူပံနာမ-ဟဒယရုပ် မည်၏။
၇။ ဇီဝိတိန္ဒြိယံ-ဇီဝိတိန္ဒြေသည်၊ ဇီဝိတရူပံနာမ-ဇီဝိတရုပ် မည်၏။

၅။ ဘာဝရုပ် ၂။ ။အထီး အမ ဖြစ်ဘို့ရန် အကြောင်းခံ ဖြစ်သော ရုပ်ကို "ဘာဝ" ရုပ် ဟု ခေါ်သည်၊ ဣတ္ထိဘာဝရုပ်သည့် အမ သတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပြန့်နှံ့၍ တည်၏၊ ပုရိသဘာဝရုပ်သည့် အထီး သတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပြန့်နှံ့၍တည်၏၊ [အထီး အမတို့၏ အင်္ဂါဇာတ်ကို ဘာဝရုပ်ဟု မှတ်မှားတတ်သည်။ ထို အရာဝတ္ထုကား ဘာဝရုပ် မဟုတ်၊ ဘာဝရုပ်အတွက် ထင်ရှားသော အကျိုးဆက်သာတည်း။]

၆။ ဟဒယဝတ္ထုရုပ် ၁။ ။သားမြတ်နှစ်ခု အလယ် နှလုံးအိမ်၏ အတွင်း၌ ပုန်းညက်စေ့ခန့် ကျယ်သော တွင်းငယ်ရှိ၏၊ ထို တွင်းငယ်၌ သွေးများစွာရှိ၏၊ ထိုသွေးများကို ပြန့်နှံ့လျက် ၍ ဟဒယဝတ္ထုရုပ်ပေါင်း များစွာ ရှိသည်၊ ဆိုင်ရာ စိတ် စေတသိက်များ၏ မှီရာ ဝတ္ထုရုပ်ပေတည်း။

၇။ ဇီဝိတရုပ် ၁။ ။ဤ ဇီဝိတကား ကံကြောင့်ဖြစ်သော ရုပ်တို့၏ အသက်ပေတည်း၊ ဤရုပ်လည်း တစ်ကိုယ်လုံးမှာ ပြန့်နှံ့လျက် တည်သည်။
[ဆောင်] ဘော-ပသာဒ၊ ဇီဝိတ၊ သုက္က သွေး သည်းခြေ၊ အစိုကာယ၊ ရှိသမျှ၊ မုချ အနှံ့နေ။
[ဘော=ဘာဝရုပ်။ ။ပသာဒ=ကာယပသာဒ။ ။ဇီဝိတရုပ်။ ။သုက္က = သုက်ရည်။ သွေး။ သည်းခြေ။ ဤအရာဝတ္ထုများသည့် ခြောက်

---

## Trang 173

သွေ့သော အသားအရေမှ တစ်ပါး စိုစိုဖတ်ဖတ်ရှိသော တစ်ကိုယ်လုံး၌ ပြန့်နှံ့နေသည်၊ သုက်သွေး သည်းခြေ တို့ကား ရုပ် သီးခြား မဟုတ်၊ အာပေါဓာတ် လွန်ကဲသော ရုပ်အပေါင်းတည်း။]

၈။ ကဗဠီကာရော – အလုပ်အထွေး ပြုအပ်သော၊ အာဟာရော – အစာအာဟာရသည်၊ အာဟာရရူပံနာမ – အာဟာရရုပ် မည်၏။

၈။ အာဟာရရုပ် ၁။ ။ကဗဠ = အလုပ်+ကာရ = ပြုအပ်သော အစာ၊ ကဗဠီကာရ = အလုပ်ပြုအပ်သော အစာ။ (၎င်းအလုပ်ကို ခံတွင်းသို့ ဆောင်ယူခြင်းကို "အသွေး" ဟုလည်း ရှေးက သုံး၏၊) အလုပ် အဆုပ် အလွေးပြု၍ ရကောင်းသော အဖတ်ဖြစ်စေ အရည်ဖြစ်စေ အစာ ဟူသမျှကို "ကဗဠီကာရ" ဟု ခေါ်၏၊ ထို အစာအဟာရအတွင်း၌ ပါသော အဆီအနှစ် အစေးကို ပါဠိလို "သြဇာ" ဟု ခေါ်၏၊ ထိုသြဇာကိုမှ အာဟာရရုပ် ဟု ခေါ်သည်။

ငယ်ရွယ်သူများ၌ "ရသာရုံနှင့် သြဇာကို သဘောတူ" ဟု အထင်မှားတတ်၏၊ ရသာ ဟူသည် ချို ချဉ် စပ် ဖန် အငန် အခါး ဟူသော အရသာ ခြောက်ပါးတည်း၊ သြဇာကား ထိုထို အစာ၌ ပါသော အဆီ အနှစ် အစေးတည်း။

၉။ ဣတိစ၊ ပေ၊ သင်္ခံ ဂစ္ဆတိ — ဘူတရုပ် ၄၊ ပသာဒရုပ် ၅၊ ဝိသယ (ဂေါစရ)ရုပ် ၄၊ [၇ ရှိသော်လည်း ဖေါဋ္ဌဗ္ဗာရုံအတွက် ဘူတရုပ်၌ ပါပြီးဖြစ်၍ ၄ ပါးသာ ရေတွက်သည်၊] ဘာဝရုပ် ၂၊ ဟဒယ ဇီဝိတ အာဟာရရုပ် ၁ စီ၊ ပေါင်း ၁၈ ပါးတည်း၊ ဤ ၁၈ ပါးကို "သဘာဝရုပ်" စသည်ဖြင့် ခေါ်ဝေါ်ရသည်။ [သ = မိမိဥစ္စာဖြစ်သော+ဘာဝ-လက္ခဏာရှိသည်။]

[ဆောင်] ကိုယ်စီ, စသည့် မပျက်၊ ကိုယ့်လက္ခဏာ၊ ကိုယ်စီပါကြ၊ ဆယ့်နှစ်ဝ၊ သဘာဝရုပ် ခေါ်။

[အနိစ္စတာ၊ ဒုက္ခတာ၊ အနတ္တတာ စသော အများဆိုင်ရာ လက္ခဏာရှိသောကြောင့် "သလက္ခဏ" ရုပ် ဟုလည်း ခေါ်ရ၏။]
[ဆောင်] အနိစ္စတာ၊ အစဖြာသည့်၊ လက္ခဏာရှိကြ၊ ဆယ့်ရှစ်၊ သလက္ခဏ ခေါ်။

[ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်း တရားတို့သည် ဖြစ်စေအပ်သောကြောင့် "နိပ္ဖန္န" ရုပ် ဟုလည်း ခေါ်ရသည်။]
[ဆောင်] အကြောင်းတရား၊ ဆိုင်ရာများက၊ ဖြစ်ပွားစေအပ်၊ ပြီးစေအင်ကြ၊ ဆယ့်ရှစ်ဝ၊ နိပ္ဖန္န ဟု ခေါ်။

[ရုပ်ဆိုသည့်အတိုင်း ဖေါက်ပြန်တတ်သောကြောင့် ရူပရုပ်လည်း ခေါ်၏။]
[ဆောင်] ရုပ် ဆိုတိုင်းလျှင်၊ အဟုတ်ပင်တည်း၊ ရှေးအစဉ်၊ အသွင်ထူးခြား၊ ဖေါက်ပြားတတ်လှ၊ ဆယ့်ရှစ်ဝ၊ ရူပရုပ်ဟု ခေါ်။

[သံ = ကောင်းစွာ+မသန = သုံးသပ်အပ်သည်။ အနိစ္စ ဒုက္ခ အနတ္တ ဟူသော လက္ခဏာယာဉ် ၃ ပါးသို့တင်၍ သုံးသပ်ကောင်း-ကမ္မဋ္ဌာန်း စီးဖြန်း၍

---

## Trang 174

ရကောင်းသောကြောင့် "သံမသန" ရုပ် ဟု ခေါ်သည်၊ ကျန် ရုပ်များကား ထိုကဲ့သို့ မဟုတ်၍ အသဘာဝရုပ်၊ အလက္ခဏရုပ်၊ အနိပ္ဖန္နရုပ်၊ အရူပရုပ်၊ အသံမသန ရုပ်များတည်း။]
[ဆောင်] လက္ခဏာယာဉ်၊ တင်၍တပ်တပ်၊ သုံးသပ်အပ်စွ၊ ဆယ့်နှစ်ဝ၊ သံမသန ခေါ်။

လေ့ကျင့်ခန်း မေးခွန်းများ
(က)။ အဘယ်အခန်းကို ရူပသမုဒ္ဒေသခဏ်း ဟု ခေါ်သနည်း။
(ခ)။ အဘယ်ရုပ်မျိုးကို မဟာဘုတ် ဟု ခေါ်သနည်း။
(ဂ)။ အဘယ်ရုပ်ကို ဥပါဒါရုပ် ဟု ခေါ်သနည်း၊ မည်မျှရှိသနည်း။
(ဃ)။ အဘယ်ရုပ်ကို "ပသာဒ"ရုပ် ခေါ်သနည်း၊ သရုပ်ရေတွက်ပါ။ ထို ပသာဒရုပ်များ မည်သည့်အရပ်၌ ရှိကြသနည်း။
(င)။ အဘယ်ရုပ်ကို ဂေါစရရုပ် ဟု ခေါ်သနည်း၊ ရေတွက်ပါ။
(စ)။ အာပေါဓာတ်ကို အဘယ့်ကြောင့် ဖေါဋ္ဌဗ္ဗာရုံ အဖြစ်မှ ကြဉ်ရသနည်း၊ လင်္ကာထောက်ပါ။
(ဇ)။ အဘယ်ရုပ်ကို "ဘာဝ" ရုပ် ခေါ်သနည်း၊ ဘယ်မှာရှိသနည်း။
(ဈ)။ "ဟဒယ" ရုပ် "ဇီဝိတ" ရုပ်တို့ ဘယ်မှာ ရှိကြသနည်း။
(ည)။ အဘယ်ရုပ်ကို "အာဟာရ" ရုပ် ခေါ်သနည်း၊ အာဟာရနှင့် ရသကို ခွဲပြပါ။
(ဋ)။ အဘယ့်ကြောင့် သဘာဝရုပ် ခေါ်သနည်း၊ လင်္ကာထောက်ပါ။
(ဌ)။ အဘယ့်ကြောင့် သလက္ခဏရုပ် ခေါ်သနည်း၊ လင်္ကာထောက်ပါ။
(ဍ)။ အဘယ့်ကြောင့် နိပ္ဖန္နရုပ် ခေါ်သနည်း၊ လင်္ကာထောက်ပါ။
(ဎ)။ အဘယ့်ကြောင့် ရူပရုပ် ခေါ်သနည်း၊ လင်္ကာထောက်ပါ။
(ဏ)။ အဘယ့်ကြောင့် သံမသနရုပ် ခေါ်သနည်း၊ လင်္ကာထောက်ပါ။

နိဿယနှင့်အဓိပ္ပါယ်

၃၄၃
၁၀။ အာကာသဓာတု - အာကာသဓာတ်သည်၊ ပရိစ္ဆေဒရူပံနာမ-ပရိစ္ဆေဒရုပ် မည်၏။
၁၁။ ကာယဝိညတ္တိ-ကာယဝိညတ်သည်၎င်း၊ ဝစီဝိညတ္တိ-ဝစီဝိညတ်သည်၎င်း၊ ဝိညတ္တိရူပံနာမ-ဝိညတ်ရုပ် မည်၏။

၁၀။ ပရိစ္ဆေဒရုပ် ၁။ ။ရူပကလာပခဏ်း၌ ပြအပ်လတ္တံ့သော ရုပ်ကလာပ်တို့ကို တစ်ခုနှင့် တစ်ခု မရောယှက်လေအောင် ပိုင်းခြားတတ်သော အာကာသ (အကြား) ကို ပရိစ္ဆေဒရုပ် ဟု ခေါ်သည်၊ ဤ အာကာသဓာတ်သည့် ပရမတ်အစစ် မဟုတ်၊ ရုပ်ကလာပ် ၂ ခု ဖြစ်ပေါ်သည့်အခါ အလိုလို ပေါ်လာသော ပညတ်မျှသာတည်း၊ လက် ၂ ချောင်း ပူးကြည့်စမ်းပါ၊ အလိုလို အကြားတစ်ခု ပေါ်လာလိမ့်မည်၊ နောက် ဆိုလတ္တံ့ ရုပ်များလည်း ပရမတ်စစ် မဟုတ်ကြောင်း သိလေ။

၁၁။ ဝိညတ်ရုပ် ၂။ ။မိမိ အလိုဆန္ဒကို သူတစ်ပါးအား သိစေနိုင်သော အမူအရာ အထူးကို ဝိညတ်ရုပ်ဟု ခေါ်သည်၊ ကာယဝိညတ် ဟူသည့် ကိုယ်ဖြင့် သိစေတတ်သော အမူအရာတည်း၊ ဝစီဝိညတ်ကား နှုတ် (စကားသံ) ဖြင့် သိစေတတ်သော အမူအရာတည်း။
လက်ယပ်၍ ပြရာ၌ "လာစေလိုသည်" ဟု သူတစ်ပါးက သိနိုင်ခြင်းသည့် လက်ယပ်လိုက်သည့်တွင် ပါဝင်နေသော ကာယဝိညတ်ရုပ်၏ အစွမ်းပေတည်း၊ "လာခဲ့ပါ" ဟု အသံကိုပြုရာ၌ "လာစေလိုသည်" ဟု သူတစ်ပါးက သိနိုင်ခြင်းသည့် "လာခဲ့ပါ" ဟူသော စကားသံတွင် ပါဝင်သော ဝစီဝိညတ်ရုပ်၏ အစွမ်းပေတည်း၊ သစ်ပင် လှုပ်ဟန် ရထားခုတ်သံ စသည်တို့၌ ထိုလက်ယပ်မှ စကားပြောမှုနှင့် အလှုပ်ချင်း အသံချင်း တူပါလျက် – ဘာဆိုလိုမှန်း မသိရသည့်မှာ ထို ဝိညတ်မျိုး မပါသောကြောင့်တည်း။

---

## Trang 175

၁၂။ ရူပဿ-တိဇနိပ္ဖန္နရုပ်၏၊ လဟုတာ = ပေါ့ပါးသည်၏ အဖြစ်သည်၎င်း၊ မုဒုတာ – နူးညံ့သည်၏ အဖြစ်သည်၎င်း၊ ကမ္မညတာ-အမှု၌ ကောင်းသည်၏ အဖြစ်သည်၎င်း၊ ဝိညတ္တိဒွယံ-ဝိညတ်ရုပ် နှစ်ပါးအပေါင်းသည်၎င်း၊ ဝိကာရရူပံနာမ-မည်၏။

၁၂။ ဝိကာရရုပ် ၅။ ။ဝိ+ကာရ။ ဝိ = အထူး+ကာရ = အမူအရာ။ ထူးထွေခြားနားသော အမူအရာကို "ဝိကာရ" ရုပ်ဟု ခေါ်သည်။
တိဇနိပ္ဖန္နရုပ်၏ ထူးခြားသော အမူအရာသည် ရှေးကံကြောင့် ဖြစ်ရသော (ကမ္မဇ) ရုပ်များ၌ မရှိ၊ ယခု ဘဝတွင် စိတ် ဥတု အာဟာရ အကြောင်း ၃ ပါးကြောင့် ဖြစ်ရသော နိပ္ဖန္နရုပ်တို့၌သာ ရှိ၏၊ ထို့ကြောင့် "တိဇနိပ္ဖန္နရုပ်၏" ဟု ဆိုခဲ့ပေသည်၊ [တိ = အကြောင်း ၃ ပါးကြောင့်+ဇ = ဖြစ်သောရုပ်များ။]

လဟုတာ — စိတ်ချမ်းသာသည့်အခါ၊ အာဟာရ မျှတသည့်အခါ၊ ဥတု သာယာသည့်အခါတို့၌ ရုပ်ခန္ဓာ၏ ပေါ့ပေါ့ပါးပါး ရှိမှုသည့် ရိုးရိုးသာရာမှ ထူးခြားသော အမူအရာတည်း၊ ၎င်းအမူအရာကို "လဟုတာ" ဟု သမုတ်ရလေသည်။ [ရုပ်စစ် မဟုတ်။]

မုဒုတာ — ထို ဆိုအပ်ခဲ့သော အခါများ၌ ရုပ်ခန္ဓာ၏ နူးညံ့မှုသည် ထူးခြားသော အမူအရာပေတည်း၊ ထို အမူအရာကို "မုဒုတာ"ရုပ်ဟု သမုတ်ရလေသည်။

ကမ္မညတာ — ယခင်အခါတို့၌ ထိုထိုကိုယ်မှ နှုတ်မှဝယ် ရုပ်ခန္ဓာ၏ ကောင်းမွန်ခံ့ညားခြင်း ဖြတ်လတ် သွက်လက်ခြင်းသည့် ထူးခြားသော အမူအရာပေတည်း၊ ထို အမူအရာကို "ကမ္မညတာ" ရုပ် ဟု သမုတ်ရလေသည်။ [ဝိညတ်၏ ထူးခြားသော အမူအရာဖြစ်ပုံကို ဆိုခဲ့ပြီ။]

နိဿယနှင့်အဓိပ္ပါယ်

၃၄၅
၁၃။ ရူပဿ-နိပ္ဖန္နရုပ်၏၊ ဥပစယော – အစတစ်မျိုး တိုး၍ တစ်ဖုံ၊ ရုပ်မစုံခင်၊ ဖြစ်ခြင်းဟူသမျှသည်၎င်း၊ သန္တတိ-ထို နေခံဆက်စပ်၊ အထပ်ထပ် ဖြစ်ခြင်းသည်၎င်း၊ ဇရတာ = ရင့်ရော်သည်၏ အဖြစ်သည်၎င်း၊ အနိစ္စတာ – မမြဲသည်၏ အဖြစ်သည်၎င်း၊ လက္ခဏရူပံနာမ-လက္ခဏရုပ် မည်၏။ [ပန−အမှာ စကားချပ်၊ ညှပ်လိုက်ချုပ်အံ့၊ ဧတ္ထ=၏ လက္ခဏရုပ်၌၊]

၁၃။ လက္ခဏရုပ် ၄။ ။ဥပါဒ် ဌီ ဘင် (ဖြစ် တည် ပျက်) ဟူသော အမှတ်လက္ခဏာကို မြင်သဖြင့် "နိပ္ဖန္နရုပ်စုကို ပညတ်မဟုတ်၊ ရုပ်ပရမတ်" ဟု သိနိုင်ရကား ၍ ဥပစယ စသည်ကို လက္ခဏရုပ် ဟု သမုတ်ရလေသည်။

ဥပစယ —— ဥပသဒ္ဒါသည် "အစ" ဟူသော အနက် "အထက်၌" ဟူသောအနက်ကို ဟော၏၊ စယ သဒ္ဒါကား "ဖြစ်ခြင်း" ဟူသော အနက်ကို ဟော၏၊ ထိုကြောင့် ပဋိသန္ဓေတည်စ၌ ပဌမ ဖြစ်ခြင်း - ထိုနောက် တစ်ဘဝအတွက် ရထိုက်သမျှ ရုပ်များ ပြည့်စုံသည့်တိုင်အောင် အထက် အထက်၌ တိုးတက်၍ ဖြစ်ခြင်းကို "ဥပစယ" ဟူ၍ ဆိုအပ်၏။

သန္တတိ — တစ်ဘဝ အတွက် ရထိုက်သမျှ ရုပ်များ ပြည့်စုံသည့်ကစ၍ အစဉ်မပြတ် ထပ်ကာထပ်ကာ ဖြစ်ခြင်း (ဥပါဒ်ခြင်း) ကို "သန္တတိ" ဟု ဆိုသည်။ [သံ+တတိ။ သံ=ဆက်စပ်၍(ထပ်၍) +တတိ=ကျယ်ပွားခြင်း၊ ဖြစ်ခြင်း]
ဤစကား ၂ ရပ်ဖြင့် ရုပ်တို့၏ ဥပါဒ်ကိုပင် အခါကာလအလိုက် ဥပစယဟူ၍၎င်း၊ သန္တတိ ဟူ၍၎င်း ခေါ်ဆိုရသည်ဟု မှတ်။
[ဆောင်] (က) တစ်ဘဝ၌၊ စ၍ ဖြစ်အင်၊ မစုံခင် ဆက်၊ အထက်ထက်၌၊ တိုးတက် ဖြစ်မှ၊ ဥပါဒ်စု၊ ဥပစယ ခေါ်။
(ခ) တစ်ဘဝ၌၊ ဖြစ်ကြလေရိုး၊ ရုပ်မျိုးသီးသီး၊ စုံပြီးနေထပ်၊ ဥပါဒ်လေဘိ၊ များစွာရှိ၊ သန္တတိချည် ခေါ်။

---
