**Trang pdf 006**

**ပဏာမ-ပဋိညာဉ် အဓိပ္ပါယ်**

&nbsp;&nbsp;&nbsp;&nbsp;**"သမ္မာသမ္ဗုဒ္ဓမတုလံ"** ဂါထာသည် အချုပ်အားဖြင့် ပဏာမနှင့် ပဋိညာဉ်ကို ပြသော ဂါထာတည်း။ [ရှိခိုးမှုကို “ပဏာမ” ဟု ခေါ်၏၊ တစုံတယောက်က ကျမ်းပြုဘို့ရန် တောင်းပန်ရာ “ပြုစီရင်အံ့-ပြုစီရင်မည်” ဟု ဝန်ခံမှုကို “ပဋိညာဉ်” ဟု ခေါ်သည်။]

&nbsp;&nbsp;&nbsp;&nbsp;[ကျမ်း၏ အစ၌ ပဏာမကို ပြုခြင်းသည် အန္တရာယ်ကင်းရှင်း၍ ကျမ်း ပြီးအောင် စီရင်နိုင်ခြင်း အကျိုး ရှိ၏၊ သို့ပေမည့် — ကျမ်းပြု ဆရာ ဟူသမျှ တို့သည် အန္တရာယ်ကင်း၍ ကျမ်းပြီးခြင်းအကျိုးငှါ ကျမ်းမပြုမီ ရှေးဦးအစ၌ မိမိ ဘာသာ ကိုးကွယ်ရာ တမျိုးမျိုးကို ရှိခိုး ပသရိုး ရှိကြ၏၊ ထို့ကြောင့် ဤ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းပြု ဆရာ အရှင် အနုရုဒ္ဓါသည် ကျမ်းမပြုခင် “ ပူဇာစ ပူဇနီယာနံ, ဧတံမင်္ဂလမုတ္တမံ”ဟူသော မင်္ဂလာတရားတော်နှင့် ညီစွာ ရတနာ ၃ ပါးကို ရှိခိုးခြင်း ဟူသော ပဏာမ မင်္ဂလာကို ပြုတော်မူ ပြီးလျှင် ပဋိညာဉ်ကို ပြလိုရကား သမ္မာသမ္ဗုဒ္ဓံ — အစ ရှိသော ဂါထာကို မိန့်သတည်း။

&nbsp;&nbsp;&nbsp;&nbsp;ထိုဂါထာ၌ **“သမ္မာသမ္ဗုဒ္ဓမတုလံ, သ သဒ္ဓမ္မဂဏုတ္တမံ၊ အဘိဝါဒိယ”** ကား ပဏာမကို ပြသော စကားတည်း။ “ဘာသိဿံ အဘိဓမ္မတ္ထသင်္ဂဟံ” ကား ပဋိညာဉ်ကို ပြသော စကားတည်း။ … “ ငါသည် သုံးပါးသော သဒ္ဓမ္မ အရိယာဂိုဏ်းကြီးနှင့် တကွ, ဂုဏ်တော် အရည်အခြင်း အားဖြင့် အတု မရှိသော မြတ်စွာဘုရားကို ရှိခိုး ပါ၏, ရှိခိုး ပြီး၍ ရှိခိုးပြီးနောက် အဘိဓမ္မတ္ထသင်္ဂဟ မည်သော အဋ္ဌကထာငယ်ကျမ်းကို မိန့်ဆို စီရင်ပေအံ့” ဟူလို။

&nbsp;&nbsp;&nbsp;&nbsp;သုံးပါးသော သဒ္ဓမ္မ ဟူသည်—ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓတို့တည်း။
&nbsp;&nbsp;&nbsp;&nbsp;ပရိယတ္တိ = ပိဋကတ်သုံးသွယ်နှင့် အဋ္ဌကထာများ။
&nbsp;&nbsp;&nbsp;&nbsp;ပဋိပတ္တိ = သီလ ဓုတင် ကမ္မဋ္ဌာန်းအားထုတ်မှုနှင့် ဈာန်အကျင့်များ။
&nbsp;&nbsp;&nbsp;&nbsp;ပဋိဝေဓ = ထိုးထွင်း၍ သိအပ်သော မဂ်ဖိုလ် နိဗ္ဗာန်များတည်း။

**အရိယာဂိုဏ်းကြီး** ဟူသည်— အရိယာ အဖြစ်သို့ ရောက်ပြီးသော သံဃာ တော် အပေါင်းတည်း။

&nbsp;&nbsp;&nbsp;&nbsp;**အဘိဓမ္မတ္ထသင်္ဂဟ**—[ အဘိဓမ္မ + အတ္ထ + သံ + ဂဟ။ အဘိဓမ္မ = အဘိဓမ္မာ ဒေသနာတော်၏ + အတ္ထ = အနက် အဓိပ္ပါယ် အကျယ်များ ကို + သံ = အကျဉ်းချုံး၍ + ဂဟ = ယူရာဖြစ်သော ကျမ်း]-အဘိဓမ္မာ ဒေသနာတော်၏ အလွန်ကျယ်ဝန်းသော အနက်အဓိပ္ပါယ်များကို အကျဉ်း ချုံး၍ ယူထားသောကြောင့် ဤကျမ်းကို “အဘိဓမ္မတ္ထ သင်္ဂြိုဟ်ကျမ်း” ဟု ခေါ်သည်။ အဘိဓမ္မပုဒ်ကို ဖြုတ်၍ “သင်္ဂြိုဟ်ကျမ်း”ဟုလည်း ခေါ်၏။

&nbsp;&nbsp;&nbsp;&nbsp;[သက္ကတ၌ သင်္ဂဟကို “သံဂြဟ”ဟု ရေး၏၊ နိဂ္ဂဟိတ်ကို “င် ” ပြုလျှင် “ သင်္ဂြဟ” ဟု ဖြစ်၏၊ ဂဏ-ပုဒ်ကို လုံးကြီးတင် တချောင်းငင်နှင့် တကွ ဏ-သတ်၍ “ဂိုဏ်း” ဟု အနက် ပြန်ကြ သကဲ့သို့, ထို သင်္ဂြဟ ကိုလည်း လုံးကြီးတင် တချောင်းငင်နှင့်တကွ ဟ-သတ်၍“သင်္ဂြိုဟ်”ဟု အနက်ပြန်ရ လေသည်။]

&nbsp;&nbsp;&nbsp;&nbsp;**လက်သန်းအဋ္ဌကထာ။** လက်ညှိုး လက်မ စသည်မှာ ကြီးမား၍ လက်သန်းကား သေးငယ် သောကြောင့် အထက် အဋ္ဌကထာကြီး တို့မှာ လက်ညှိုး လက်မ စသည်နှင့် တူ၍ ဤ သင်္ဂြိုဟ်ကျမ်းကား လက်သန်းနှင့် တူ၏၊ ထို့ကြောင့် ဤသင်္ဂြိုဟ်ကျမ်းကို “လက်သန်းအဋ္ဌကထာ” ဟုလည်း ခေါ်ဝေါ်ကြသည်။

&nbsp;&nbsp;&nbsp;&nbsp;**လကျာ်းအဋ္ဌကထာ။** [တချို့ကလည်း “လကျာ်း=မှတ်သား ကြောင်း”ဟူသော အနက်မှ “လကျာ်း” ဟု ဖြစ်လာရကား အဘိဓမ္မာ ပါဠိအဋ္ဌကထာမှ မှတ်စုမှတ်ရာ မှတ်ချက်မျှလောက်ကိုပြသော “လကျာ်း အဋ္ဌကထာ ” ဟုလည်း ခေါ်ဝေါ်လိုကြ၏၊ ဤ ဝါဒသည် သာ၍ ယုတ္တိရှိ သကဲ့သို့ ထင်ရပေသည်၊ ဤအလို “လကျာ်း”ဟုခေါ်နေရာမှ ကာလကြာ၍ “လက်သန်း” ပြောင်းလာသည် ဟု ကြံ။]

---

Trang pdf 007

**ပရမတ္ထ ၄ ပါး** တတ္ထ-ထို အဘိဓမ္မတ္ထသင်္ဂဟံ ဟူသော ပုဒ်၌၊ ဝုတ္တာ - ဆိုအပ် ကုန်သော၊ အဘိဓမ္မတ္ထာ- အဘိဓမ္မာ၏ အနက်တို့သည်။ ပရမတ္ထတော-ပရမတ္ထအားဖြင့်၊ စိတ္တံ-စိတ်၎င်း၊ စေတသိကံ - စေတသိက်၎င်း၊ ရူပံ-ရုပ်၎င်း၊ နိဗ္ဗာနံ-နိဗ္ဗာန်၎င်း၊ ဣတိ-ဤသို့၊ သဗ္ဗထာ-ခပ်သိမ်းသော အပြား အားဖြင့်၊ စတုဓာ-လေးပါးပြားကုန်၏။

**ပရမတ္ထ ၄ ပါးခေါင်းစဉ်**

ဤတတ္ထဝုတ္တာ-စသော ဂါထာကား ပရမတ္ထတရား ၄-ပါးကို အကျဉ်းချုပ် ခေါင်းစဉ်ပြသော ဂါထာတည်း၊ နောက်၌ ဤခေါင်းစဉ်အတိုင်း အကျယ် ချဲ့၍ စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ရုပ်ပိုင်းနှင့် နိဗ္ဗာန်တို့ကို ပြလတ္တံ့။

**ပရမတ္ထ** = [ ပရမ + အတ္ထ။ ပရမ=မြတ်သော၊ တနည်း=အချုပ် ပဓာန ဖြစ်သော+အတ္ထ=အနက် ( အထည်ကိုယ်, သဘောတရား) ] စိတ် စေတသိက် ရုပ် နိဗ္ဗာန်တို့သည် အာရုံကို သိခြင်း စသော မိမိတို့၏ သဘောမှ မဖေါက်ပြန်ကြကုန်၊ ဥပမာ-လောဘသည် လိုချင်ခြင်းသဘော ရှိ၏၊ ထို လောဘသည် လူ နတ်ဗြဟ္မာ သတ္တဝါအမျိုးမျိုး၌ ဖြစ်သော်လည်း လိုချင်ခြင်း သဘောမှ မဖေါက်ပြန်, ခွေးလောဘနှင့် လူ့လောဘသည် သဘောချင်းတူမျှလျက်ရှိ၏၊ ထိုသို့မဖေါက်မပြန် မှန်ကန်တိမတ်သည်ကိုပင် “မြတ်သည်”ဟု ဆိုထိုက်ရကား ထိုစိတ် စသည်ကိုပင် “ပရမတ္ထ=မြတ်သော သဘောတရား”ဟု ခေါ်ဝေါ်ရလေသည်။

> [ဆောင်] ၁။ မဖေါက်မပြန်, မှန်ကန်တိမတ်, ဟုတ်ပကတ်, အမြတ်  
> ဟူ၍ ခေါ်။

**တနည်း**;—လူ နတ်ဗြဟ္မာ သတ္တဝါ အထွေထွေ, မြေ ရေ တော တောင် စသည်ဖြင့် အထည် ဝတ္ထု ပညတ်စုံတွေ မည်မျှပင် များနေ သော်လည်း ထိုတွင် အချုပ် အသားတင်ကို စစ်ထုတ် လိုက်လျှင် စိတ် စေတသိက် ရုပ် နိဗ္ဗာန်မှ တပါး ရှာမရချေ၊ ထို့ကြောင့် စိတ် စသော တရား ၄ ပါးကို “ပရမတ္ထ=အချုပ်ပဓာနဖြစ်သောတရား”ဟုလည်း ဆိုထိုက်လေသည်။

> [ဆောင်] ၂။ အထည်ဝတ္ထု, ပညတ်စုတွေ, များပလေလည်း, အခြေ  
> အမြစ်, စိစစ်ထုတ်က, အချုပ်ပဓာန, တနည်းပြ, ပရမ  
> ဟုခေါ်။

**စိတ်**=အာရုံကိုသိခြင်းသဘောတရား၊ [ အာရုံကို ရအောင်ယူနိုင်ခြင်းကို “သိခြင်း”ဟု ခေါ်သည်။ ]

**စေတသိက်**=စိတ်၌မှီသော သဘောတရား။

**ရုပ်**=အအေး အပူ စသော ဆန့်ကျင်ဘက် အကြောင်း များကြောင့် ဖေါက်ပြန်တတ်သော သဘောတရား။

**နိဗ္ဗာန်**=ဒုက္ခခပ်သိမ်း၏ အေးငြိမ်းရာဖြစ်သော သဘောတရား။

**လေ့ကျင့်ခန်း မေးခွန်းများ**

[မေးခွန်းများ၏အဖြေကို တိုက်ရိုက်ပြထားလျှင် ကြံဆချင်သောစိတ်ကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်လိမ့်မည်။ အကြံအဆ မရှိက တကယ် လေးနက်သော အဓိပ္ပါယ်ကို မသိနိုင်။ သို့အတွက် စာသင်သားတို့ ဉာဏ်တိုးပွားအောင် ကြိုးစား ကြံဆစေလိုခြင်းကြောင့် အဖြေကို တိုက်ရိုက် မပြလိုက်သော်လည်း ဆိုခဲ့ပြီး အဓိပ္ပါယ်များကို သတိပြု၍ ကြည့်ရှု လေ့လာ ပါလျှင် လွယ်ကူစွာ ဖြေဆိုနိုင်ဘို့ အရေး၌ နှောင့်နှေးဘွယ် မရှိတော့ပေ။ သို့ဖြစ်၍ ဤမေးခွန်း များကို အတူ သင်ယူသော တပည့်တို့အား ဆရာက ရံခါ နှုတ်ဖြင့် သံပြိုင် အဖြေခိုင်း၍, ရံခါ တယောက်စီ အဖြေခိုင်းပါလေ, ရှေ့က အဓိပ္ပါယ်များကို

---

Trang pdf 008

[ရှင်းလင်းပြီး ဖြစ်စေရုံသာမက, စာမေးပွဲ၌ ဖြေဆိုနည်း ရသဖြင့် ရွှင်လန်း
အားတက် သွက်လက်လာပါလိမ့်မည်။]

က ။ သမ္မာသမ္ဗုဒ္ဓမတုလံ-ဂါထာကို အနက်ပေးပါ။

ခ ။ ဤသမ္မာသမ္ဗုဒ္ဓ-ဂါထာသည် အဘယ်ကိုပြသော ဂါထာနည်း။

ဂ ။ အဘယ်ကို ပဏာမဟု ခေါ်သနည်း။

ဃ ။ ကျမ်း၏အစ၌ ပဏာမကို ပြုခြင်းသည် ဘာအကျိုးရှိသနည်း။

င ။ ထို ပဏာမကို အဘယ်ပါဠိဖြင့် ပြသနည်း။

စ ။ အဘယ်ကို ပဋိညာဉ်ဟု ခေါ်သနည်း။

ဆ ။ ထို ပဋိညာဉ်ကို အဘယ်ပါဠိဖြင့် ပြသနည်း။

ဇ ။ သဒ္ဓမ္မ ၃ ပါးတွင် ပရိယတ္တိသဒ္ဓမ္မဟူသည် အဘယ်နည်း။

ဈ ။ ပဋိပတ္တိသဒ္ဓမ္မဟူသည် အဘယ်နည်း။

ည ။ ပဋိဝေဓသဒ္ဓမ္မဟူသည် အဘယ်နည်း။

ဋ ။ ပရိယတ္တိကိစ္စကြီးဟူသည် အဘယ်နည်း။

ဌ ။ အဘယ့်ကြောင့် အဘိဓမ္မတ္ထသင်္ဂဟ ဟု ခေါ်သနည်း။

ဍ ။ အဘယ့်ကြောင့် လက်သန်းအဋ္ဌကထာကျမ်းဟု ခေါ်သနည်း။

ဎ ။ တချို့ကအဘယ့်ကြောင့် “လက္ခဏာအဋ္ဌကထာ” ဟုခေါ်ကြသနည်း။

ဏ ။ အဘယ့်ကြောင့် “ပရမတ္ထ” ဟု ခေါ်သနည်း။ [နှစ်နည်းလုံးဖြေပါ။]

တ ။ စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟူသည် အဘယ်သဘောတရားများနည်း။

___

<br>

**<h3 align="center">စိတ်ပိုင်းနိဿယ</h3>**

စိတ်အကျဉ်း ၄ မျိုး &nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp; တတ္ထ - ထိုလေးပါးသော အဘိဓမ္မတ္ထတို့
&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp; တွင်၊ တာဝ-ရှေးဦးစွာ (ဥဒ္ဒိဋ္ဌ-အကျဉ်း
ပြအပ်ပြီးသော၊) စိတ္တံ-စိတ်သည်။ ကာမာဝစရံ-ကာမာဝစရ
စိတ်၎င်း၊ ရူပါဝစရံ-ရူပါဝစရစိတ်၎င်း၊ အရူပါဝစရံ - အရူပါ
ဝစရစိတ်၎င်း၊ လောကုတ္တရံပ-လောကုတ္တရာစိတ်၎င်း၊ ဣတိ-
ဤသို့၊ စတုဗ္ဗိဓံ-လေးပါးအပြားရှိသည်။ ဟောတိ-ဖြစ်၏။

**<h4 align="center">စိတ်ပိုင်းအဓိပ္ပါယ်</h4>**

&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;ဤ “တတ္ထစိတ္တံတာဝ”မှ စ၍ စိတ်ပိုင်းကုန်အောင်သော စကားရပ်ကား
“စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနံ”ဟူသော အကျဉ်းချုပ် ခေါင်းစဉ်စကားတွင်
စိတ္တ - အရ အကျယ် ပြသော စကားရပ်တည်း။ ထို့ကြောင့် “တတ္ထ
စိတ္တံ တာဝ” စသော စကားကိုသာ စိတ်ပိုင်း၏ အစ ဟု မှတ်၊ သမ္မာ
သမ္ဗုဒ္ဓ-စသော ရှေ့၂ ဂါထာကား သင်္ဂြိုဟ် တကျမ်းလုံးနှင့် စပ်ဆိုင်သော
“နိဒါန်းအချီ” စကားရပ်တည်း။ [အိမ်အပေါင်းကို အရပ်ဟု ခေါ်သကဲ့သို့
စကားလုံးအပေါင်းကိုလည်း “စကားရပ်= စကားတရပ်”ဟု ခေါ်သည်။]

&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;စိတ်အကျဉ်း ၄ မျိုး။ ။ ဤ “တတ္ထစိတ္တံတာဝ၊ ပ၊ လောကုတ္တရဉ္စေတိ”
ကား စိတ် ၄ မျိုး ရှိကြောင်းကို အကျဉ်းချုပ်ခေါင်းစဉ်ချ ပြန်သော ဥဒ္ဒေသ =
မာတိကာ စကားတည်း။ စိတ် ၄ မျိုး သရုပ်ကို ကာမာဝစရစိတ္တံ ရူပါဝစရ
စိတ္တံ စသည်ဖြင့် ပါဠိကြည့်၍ ရေတွက်လေ။

---

Trang pdf 009

&emsp;&emsp;**တတ္ထ** - ထို လေးပါးသော စိတ်တို့တွင်၊ ကတမံ-အဘယ်
စိတ်သည်၊ ကာမာဝစရံ-ကာမာဝစရ မည်သနည်း။

&emsp;&emsp;**လောကုတ္တရဉ္စေတိ**—ဤပုဒ်မှ စသဒ္ဒါကို ရွှေ့သို့လိုက်စေ၍ “ကာမာ
ဝစရံစ-၎င်း၊ ရူပါဝစရံစ-၎င်း၊ အရူပါဝစရံစ-၎င်း” ဟု အနက်ပေးရိုး ရှိ၏၊
ဤကျမ်းကား ထို စ သဒ္ဒါမျိုးကို ရွှေ့သို့ မလိုက်စေဘဲ, စ၏ အထွက်မှန်,၍
အနက်ကိုသာ “၎င်း” ဟု သုံးစွဲလတ္တံ့။

&emsp;&emsp;စိတ် ၄ မျိုးတွင် ကာမာဝစရစိတ်သည် ဟီန (အညံ့ဆုံး) တည်း၊ ရူပါ
ဝစရစိတ်ကား ဥက္ကဋ္ဌ (အမြတ်) တည်း၊ အရူပါဝစရစိတ်ကား ထိုရူပထက်
မြတ်၍ ဥက္ကဋ္ဌတရ ( အထူးမြတ်=သာ၍မြတ် ) တည်း၊ လောကုတ္တရာ
စိတ်ကား အရူပထက်ပင် မြတ်သောကြောင့် ဥက္ကဋ္ဌတမ (အလွန်အကြူး
အထူးမြတ် = အမြတ်ဆုံး) တည်း၊ ဤသို့ ဟီန-ဥက္ကဋ္ဌ-ဥက္ကဋ္ဌတရ-ဥက္ကဋ္ဌ
တမ-အားဖြင့် ရှေ့နောက် စီစဉ်ထားသည်။

&emsp;&emsp;**ကာမာဝစရစိတ္တံအကျယ်။ ။** “တတ္ထ ကတမံ ကာမာဝစရံ” ကား
ကာမစိတ်ကို အကျယ်ပြလို၍ စချီသော ပုစ္ဆာတည်း။

&emsp;&emsp;**ကာမာဝစရ** — [ ကာမ + အဝ + စရ။ ကာမ=ကာမဘုံ၌+အဝ=
သက်ဝင်၍+စရ=ဖြစ်သောစိတ်။ ] ဤကာမဘုံ၌ သက်ဝင်၍ဖြစ်သော စိတ်ကို
“ကာမာဝစရစိတ်”ဟု ခေါ်၏။ အဝစရပုဒ်ကိုဖြုတ်၍ “ကာမစိတ်”ဟုလည်း
ခေါ်ကြသည်။

&emsp;&emsp;“အဝ = သက်ဝင်၍” ဟူရာ၌ “သက်ဝင်” ဟူသည် “သက်ရောက် +
ပါဝင်” ခြင်းတည်း၊ ကာမာဝစရ အမည် ရသော စိတ် များသည် ရူပဘုံ
အရူပဘုံ၌ ဖြစ်ကြသော်လည်း နာမည်စာရင်း သွင်းသည့် အခါ ကာမဘုံ
၌သာ သက်ရောက်ကြရ, ပါဝင်ကြရသည်-ဟု ဆိုလိုသည်။

**၁။ လောဘမူစိတ်** &emsp;&emsp;သောမနဿ သဟဂတံ - သောမနဿ
သဟဂုတ်ဖြစ်သော၊ ဒိဋ္ဌိဂတသမ္ပယုတ္တံ-
ဒိဋ္ဌိဂတသမ္ပယုတ် ဖြစ်သော၊ အသင်္ခါရိကံ - အသင်္ခါရိကဖြစ်
သော၊ ဧကံ-တပါးသောစိတ်၎င်း၊ သသင်္ခါရိကံ-သသင်္ခါရိက
ဖြစ်သော၊ ဧကံ - တပါးသော စိတ်၎င်း၊ သောမနဿ သဟ
ဂတံ-သောမနဿသဟဂုတ်ဖြစ်သော၊ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ-ဒိဋ္ဌိ
ဂတ ဝိပ္ပယုတ် ဖြစ်သော၊ အသင်္ခါရိကံ - အသင်္ခါရိက ဖြစ်
သော၊ ဧကံ - တပါးသောစိတ်၎င်း၊ သသင်္ခါရိကံ - သသင်္ခါ
ရိက ဖြစ်သော၊ ဧကံ- တပါးသော စိတ်၎င်း၊ ဥပေက္ခာ သဟ
ဂတံ - ဥပေက္ခာသဟဂုတ် ဖြစ်သော၊ ဒိဋ္ဌိဂတ သမ္ပယုတ္တံ-
သော၊ (ရှေ့က အနက်အတိုင်း ဆိုပါ၊) အသင်္ခါရိကံ-သော၊
ဧကံ-၎င်း၊ သသင်္ခါရိကံ - သော၊ ဧကံ-၎င်း၊ ဥပေက္ခာသဟ
ဂတံ-သော၊ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ-သော၊ အသင်္ခါရိကံ - သော၊
ဧကံ-၎င်း၊သသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ ဣတိ-ဤသို့၊ အဋ္ဌဝိ-
ဓမ္ပိ-ရှစ်ပါးလည်း ဖြစ်ကုန်သော၊ ဣမာနိ-ဤစိတ်တို့သည်၊ လောဘ
သဟဂတစိတ္တာနိနာမ-လောဘသဟဂုတ်စိတ်တို့ မည်၏။

<div align="center"><strong>အကုသိုလ်စိတ်</strong></div>

&emsp;&emsp;**၁။ လောဘမူစိတ်။ ။**အကုသိုလ်စိတ်သည် လောဘမူ ၈, ဒေါသမူ ၂,
မောဟမူ ၂, အားဖြင့် ၁၂ ပါး ရှိသည့်တွင်.... သောမနဿ သဟဂတံ
စသည်ကား လောဘမူစိတ်ကို ပြသော စကားရပ်တည်း။

---

Trang pdf 010

&nbsp;&nbsp;&nbsp;&nbsp;**လောဘ သဟ ဂတ စိတ္တာနိနာမ** = [ လောဘ + သဟ + ဂတ။ လောဘ=လောဘနှင့်+သဟ+တကွ+ဂတ=ဖြစ်သည်၊ ] “လောဘနှင့် တကွဖြစ်သော စိတ်” ဟူလို၊ လောဘမူလ ရှိသောကြောင့် “ လောဘမူလ စိတ် ” လ-ကို ဖြုတ်၍ “လောဘမူစိတ်” ဟုလည်း ခေါ်စမှတ် ပြုကြ၏။

&nbsp;&nbsp;&nbsp;&nbsp;“သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ” စသော ပါဠိကို ကြည့်၍ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် ၁, သောမနဿ သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် ၁, စသည်ဖြင့် ပါဠိရှိတိုင်း လောဘမူစိတ် ၈ ပါး၏ သရုပ်သကောင်ကို ရေတွက်လေ။

&nbsp;&nbsp;&nbsp;&nbsp;ထို့ပြင် ရှေးဦးစွာ “သောမနဿသဟဂတံ”ဟူသော ပါဠိကို ကြည့်၍ လောဘမူစိတ်၌ သောမနဿသဟဂုတ် စိတ် ၄, ဥပေက္ခာသဟဂုတ်စိတ် ၄, ပေါင်း ၈ ပါးရှိကြောင်းကို ဝေဒနာအပြားအားဖြင့် ခွဲပြရ၏။

&nbsp;&nbsp;&nbsp;&nbsp;ထို့နောက် “ဒိဋ္ဌိဂတသမ္ပယုတ္တံ” ဟူသော ပါဠိကို ကြည့်၍ သမ္ပယုတ် စိတ် ၄, ဝိပ္ပယုတ်စိတ် ၄, ပေါင်း ၈ ပါး ရှိကြောင်းကို ယောဂ (ယုတ္တ) အပြားအားဖြင့် ခွဲပြရ၏။

&nbsp;&nbsp;&nbsp;&nbsp;ထို့နောက် “အသင်္ခါရိကံ” ဟူသော ပါဠိကိုကြည့်၍ အသင်္ခါရိကစိတ် ၄, သသင်္ခါရိကစိတ် ၄, ပေါင်း ၈ ပါးရှိကြောင်းကို သင်္ခါရ အပြားအားဖြင့် ခွဲပြရ၏၊ ခွဲပြတိုင်း ခွဲပြတိုင်းပင် ပါဠိကို ရွတ်စေ၍ ရွတ်စေ၍ သရုပ်ကို ကောက်ကာ ငင်ကာ ပြတတ်စေရမည်။

&nbsp;&nbsp;&nbsp;&nbsp;သရုပ်သကောင်ကို ကွဲကွဲပြားပြား သိသူကို “သရုပ်ကွဲသူ” ဟု ခေါ်၏၊ ရှေးဦးစွာသင်ကာစ၌ သရုပ်ကွဲဘို့သာ လိုရင်းဖြစ်သောကြောင့် တပည့်များ ကွဲကွဲပြားပြား နားလည်အောင် ခွဲခြား၍ ပြကြပါလေ။

**၂။ ဒေါသမူစိတ်** &nbsp;&nbsp;&nbsp;&nbsp; ဒေါမနဿ သဟ ဂတံ - ဒေါမနဿ သဟဂုတ် ဖြစ်သော၊ ပဋိဃသမ္ပယုတ္တံ - ပဋိဃသမ္ပယုတ် ဖြစ်သော၊ အသင်္ခါရိကံ - အသင်္ခါရိက ဖြစ်သော၊ ဧကံ - တပါးသောစိတ်၎င်း၊ သသင်္ခါရိကံ - သသင်္ခါရိက ဖြစ်သော၊ ဧကံ - ၎င်း၊ ဣတိ - သို့၊ ဒွေပိ - နှစ်ပါးလည်းဖြစ်ကုန်သော၊ ဣမာနိ - ဤစိတ်တို့သည်၊ ပဋိဃ သမ္ပယုတ္တစိတ္တာနိနာမ - ပဋိဃသမ္ပယုတ်စိတ်တို့ မည်၏။

&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;**၂။ ဒေါသမူစိတ်**

&nbsp;&nbsp;&nbsp;&nbsp;**ပဋိဃ သမ္ပယုတ္တစိတ္တာနိနာမ** = [ပဋိဃ+သမ္ပယုတ္တ။ ပဋိဃ=ဒေါသ+သမ္ပယုတ္တ=ယှဉ်သည်။] “ဒေါသနှင့်ယှဉ်သော စိတ်” ဟူလို၊ ဒေါသမူလ ရှိသောကြောင့် “ဒေါသမူလစိတ်” လ-ကိုဖြုတ်၍ “ဒေါသမူစိတ်” ဟုလည်း ခေါ်စမှတ် ပြုကြ၏။

&nbsp;&nbsp;&nbsp;&nbsp;ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ် ၁, ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ် ၁, ပေါင်း ၂ ပါးဟု ပါဠိရှိတိုင်း သရုပ်ကို ရေတွက်လေ။

&nbsp;&nbsp;&nbsp;&nbsp;သောမနဿ ဥပေက္ခာ ဒေါမနဿ သုခ ဒုက္ခ ဟူသည်တို့ကား ဝေဒနာ စေတသိက်၏ နာမည် များတည်း။ ထို့ကြောင့် ဤစိတ်၌ ဒေါမနဿ သဟဂုတ်ချည့်ဖြစ်၍ ဝေဒနာအားဖြင့် အပြား မရှိ၊ ပဋိဃသမ္ပယုတ်ချည့် ဖြစ်၍ ယောဂအားဖြင့်လည်း အပြားမရှိ (ဝိပ္ပယုတ်မရှိ ဟူလို)၊ အသင်္ခါရိက စိတ် သသင်္ခါရိကစိတ် ဟု သင်္ခါရအားဖြင့်သာ ၂ ပါးပြားသည်။

---

