## PAGE 309

သုတ်ဋ္ဌ, ဋ္ဌိနှင့်တကွ ပေတဝတ္ထုဋ္ဌ (၄၈)မဟာနိဒ္ဒေသဋ္ဌ (၃၇၅)ဇာတ် ဋ္ဌ(မ-၂၈၉၊ သံကိစ္စဇာတ်)စသည်တို့ကို ကြည့်၍ အနက်ပေးသည်]

**ဘိက္ခဝေ**=တို့၊ **ဘူတပုဗ္ဗေ**=ရှေး၌ဖြစ်ခဲ့ဖူးသော အကြောင်းဝတ္ထုကား၊ **ယမဿ**=ယမမည်သော၊ **ရညော**=မင်းမှာ၊ **ဧတံ**=ဤသို့ စဉ်းစားမိခြင်းသည်၊ **အဟောသိ**=ဖြစ်ဖူးပြီ။ (**ကိန္တိ**=သို့၊ **အဟောသိ**=မူ) **ယေ**=အကြင်သူတို့သည်၊ **လောကေ**=သတ္တလောက၌၊ **ပါပကာနိ**=ယုတ်မာကုန်သော၊ **ကမ္မာနိ**=အကုသိုလ်အမှုတို့ကို၊ **ကရောန္တိ**=ပြုလုပ်ကြကုန်၏၊ **တေ**=ထိုသူတို့ကို၊ **ဧဝရူပါ** (**ဧဝရူပါယ**)="ဤအလွန်အမင်း ရက်စက်ခြင်းသဘောရှိသော၊ **ဝိဝိဓာ** (**ဝိဝိဓာယ**)=အထူးထူးအဖုံဖုံ နည်းမျိုးစုံရှိသော၊ **ကမ္မကာရဏာ** (**ကမ္ပကာရဏာယ**)=ညှဉ်းပန်းနှိပ်စက်ခြင်းအမှုဖြင့်၊ **ကရီယန္တိ ကိရ ဘော**=ညှဉ်းပန်းနှိပ်စက်အပ်ကုန်လော့ဟရို့၊

[အကယ်၍ ကရဓာတ်ကို ဒွိကမ္မကဟု ယူဆလျှင်ကား **ဧဝရူပါ**စသော သုံးပုဒ်၌ ပဌမာယောဝိဘတ်ချည်းသာတည်း၊ **ကိရ**၏ အနက်ကို စတုက္ကနိပါတ် စာပိုဒ် ၃၃-ကြည့်] **အဟံ**=ငါသည်၊ **မနုဿတ္တံ**=လူ့အဖြစ်ကို၊ **လဘေယျ**=ရပါမူကား၊ **အဟောဝတ**=ဩော်ကောင်းလေစွ၊ **အရဟံ**=ကိလေသာရန်ဘေးကင်းဝေးတော်မူသော၊ **သမ္မာသမ္ဗုဒ္ဓေါ**-အမှားမပါ မှန်စွာပိုင်နိုင် ကိုယ်တိုင်စထွင်ကုန်စင်ခပင်း ကျန်ကြွင်းမရှိ သိမြင်တော်မူသော၊ **တထာဂတော**=မြတ်စွာဘုရားသည်၊ **လောကေ**-သတ္တလောက၌၊ **ဥပ္ပဇ္ဇေယျ စ**=ပွင့်ထွန်းလည်း ပွင့်ထွန်းလာပါမူကား (**အဟော ဝတ**=စွ) **အဟံ**=ငါသည်၊ **တံဘဂဝန္တံ**=ထိုမြတ်စွာဘုရားကို၊ **ပယိရုပါသေပျံ စ**=ဆည်းကပ်လည်း ဆည်းကပ်ရပါမူကား၊ (**အဟော ဝတ**)

**သုဘဂဝါ**=ထိုမြတ်စွာဘုရားသည်၊ **မေ**=ငါ့အား၊ **ဓမ္မံ**=တရားကို၊ **ဒေသေယျ စ**=ဟောကြားလည်း ဟောကြားပါမူကား၊ (**အဟော ဝတ**) **အဟံ**=ငါသည်၊ **တဿ ဘဂဝတော**=ထိုမြတ်စွာဘုရား၏၊ **ဓမ္မံ**=ကို၊ **အာဇာနေယျ စ**=သိလည်းသိပါမူကား၊ (**အဟော ဝတ**) **ဣတိ**=ဤသို့ စဉ်းစားမိခြင်းသည်၊ (**အဟောသိ**) **ဘိက္ခဝေ**=တို့၊ **ပနှ**=ယုံကြည်ဖွယ်ရာအကြောင်း ထပ်လောင်း၍ ပြောရလျှင်ကား၊ **အဟံ**=ငါသည်၊ **တံ**=ထိုအကြောင်းအရာကို၊ ငရဲနှင့်စပ်သမျှသော ထိုအဖြစ်သနစ်ကို) **အညဿ**=ငါဘုရားမှတပါး တခြားသော၊ **သမဏဿ ဝါ**=ရဟန်း၏လည်းကောင်း၊ **ဗြာဟ္မဏဿဝါ**=ဗြာဟ္မဏ သူတော်ကောင်း၏ လည်းကောင်း (**ဝစနံ**=စကားကို) **သုတွာ**=တဆင့်ကြားရ၍၊ **ဧဝံ**=ဤသို့၊ **ဝဒါမိ**=ဟောတော်မူသည်မဟုတ်၊ **ဘိက္ခဝေ**=တို့၊ **အပ္ပစခေါ**=

## PAGE 310

အဟုတ်အမှန်ကား၊ **ယံ**=အကြင်အကြောင်းအရာကို၊ **မေ**=ငါသည်၊ **သာမံဧဝ**=ကိုယ်တိုင်သာလျှင်၊ **ဥာတံ**=သိအပ်ပြီး **သာမံဧဝ**=လျှင်၊ **ဒိဋ္ဌိ**-မြင်အပ်ပြီ၊ **သာမံဧဝ**=လျှင်၊ **ဝိဒိတံ**=ထင်ရှားသိအပ်ပြီ၊ **တံဝေ**=ထိုကိုယ်တိုင် သိမြင်အပ်သော အကြောင်းအရာကိုသာလျှင်၊ **အဟံ**=သည်၊ **ဝဒါမိ**=ဟောတော်မူ၏၊ **ဣတိ** (**အဝေါ်စ**=မိန့်)

**ယေ မာဏဝါ**=အကြင်သတ္တဝါတို့သည်၊ **ဒေဝဒူတေဟိ**=(သူအို, နာ, သေ၊ သုံးထွေသော) သေမင်းစေတမန်တို့သည်၊ **စောဒိတာ**=တိုက်တွန်းဟောပြ ဆုံးမအပ်ပါကုန်လျက်၊ **ပမန္တိ**=မေ့လျော့ပေါ့ဆ နေကြကုန်၏။ **နရာ**=ဗာလမည်တွင် ပုထုဇဉ်ဖြစ်ကြကုန်သော၊ **တေ မာဏဝါ**=ထိုသတ္တဝါတို့သည်၊ **ဟီနကာယူပဂါ**=ယုတ်ညံ့သော သတ္တဝါအပေါင်းသို့ လားရောက်ကြကုန်လျက်၊ **ဝါ**=ယုတ်ညံ့သော ကိုယ်ခန္ဓာအတ္တဘောသို့ လားရောက်ကြကုန်လျက်။ **ဒီဃရတ္တံ**=ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး၊ **သောစန္တိ**=ဝမ်းနည်းပူဆွေးနေကြရကုန်၏၊ **ဣဓ**=ဤလောက၌၊ **သန္တော**=ကိလေသာခပ်သိမ်း ငြိမ်းအေးတော်မူကြကုန်သော၊ **ယေစ သပ္ပုရိသာ**=အကြင်သူတော်ကောင်းတို့သည်ကား၊ **ဒေဝဒူတေဟိ**-တို့သည်၊ **စောဒိတာ**=တိုက်တွန်းဟောပြ ဆုံးမအပ်ကုန်သည်၊

(**ဟုတွာ**=ဖြစ်ကြ၍၊ **ဝါ**=ဖြစ်ကြခြင်းကြောင့်) **အရိယဓမ္မေ**= အရိယာ သူတော်ကောင်းတို့၏ တရား၌၊ **ကုဒါစနံ**=အဘယ်အခါမျှ၊ **န ပမန္တိ**=မမေ့လျော့ကြကုန်။ (**တေ သပ္ပုရိသာ**=ထိုသူတော်ကောင်းတို့သည်) **ဇာတိမရဏသမ္ဘဝေ** ပဋိသန္ဓေနေခြင်း, သေခြင်း၏ ဖြစ်ကြောင်းဖြစ်သော၊ **ဥပါဒါနေ**=ဥပါဒါန် တရားလေးပါး၌၊ **ဝါ**=ပြင်းထန်မြဲမြံစွာ ဖမ်းယူတတ်သော တဏှာဒိဋ္ဌိတရား၌၊ **ဘယံ**=ကြောက်ဖွယ်ဘေးကို၊ **ဒိသွာ**=တွေ့မြင်ကြ၍၊ **အနုပါဒါ** (**အနုပါဒါယ**)=ဥပါဒါန်လေးပါးတို့ဖြင့် တစုံတခုသော အာရုံကို ပြင်းထန်မြဲမြံစွာ မဖမ်းယူကြကုန်၍၊ **ဝါ**=ဥပါဒါန်.....မဖမ်းယူကြခြင်းကြောင့်၊ **ဇာတိမရဏသင်္ခယေ**=ပဋိသန္ဓေနေခြင်း, သေခြင်း၏ ကုန်ရာနိဗ္ဗာန်၌၊ **ဝိမုစ္စန္တိ**=လွတ်လွတ်ကင်းကင်း နှလုံးသွင်းသက်ဝင်ကြကုန်၏။ **အပ္ပမာဒါ**=မမေ့လျော့ကြကုန်သော၊ **တေ** (**သပ္ပုရိသာ**)တို့သည်၊ **သုခိနော**=လောကုတ္တရာ ချမ်းသာရှိကြကုန်လျက်၊ **ဒိဋ္ဌဓမ္မာဘိနိဗ္ဗူတာ**-ယခုမျက်မှောက် အတ္တဘော၌ ကိလေသာခပ်သိမ်း ငြိမ်းခြင်းဖြင့် ငြိမ်းအေးကြကုန်လျက်၊ **သဗ္ဗဝေရဘယာတီတာ**=အားလုံးသော ရန်ဘေးကို ကျော်လွှားကြကုန်လျက်၊ **သဗ္ဗဒုက္ခံ**=အားလုံးသော ဝဋ်ဆင်းရဲကို၊ **ဥပစ္စဂုံ့**=လွန်မြောက်ကြကုန်ပြီ၊ **ဣတိ**(**အဝေါစ**=မိန့်တော်မူပြီ)

## PAGE 311

၃၇။ **ဘိက္ခဝေ**=ရဟန်းတို့၊ **ပက္ခဿ**=လဆန်းရက်ပိုင်း, လဆုတ်ရက်ပိုင်း၏၊ **အဋ္ဌမိယံ**=ရှစ်ရက်မြောက်ဥပုသ်နေ့၌၊ **စတုန္နံ**=လေးယောက်ကုန်သော **မဟာရာဇာနံ**=နတ်မင်းကြီးတို့၏၊ **ပါရိသဇ္ဇာ**-အခြွေအရံ နတ်ပရိသတ်တွင် အပါအဝင် ဖြစ်ကုန်သော၊ **အမစ္စာ**=အပါးတော်မြဲနတ်ကြီးတို့သည်၊ **ဣမံ လောကံ**=ဤလူ လောကကို၊ **အနုဝိစရန္တိ**=လှည့်လည်စုံစမ်းကြကုန်၏၊ (**ကိန္တိ**=အဘယ်ကို သိလို၍၊ **အနုဝိစရန္တိ**=မူ) **ကစ္စ**=အဘယ်သို့လေနည်း၊ **ဗဟူ**=များစွာကုန်သော၊ **မနုဿာ**=လူတို့သည်၊ **မနုဿေ**=လူတို့၌၊ **မတ္တေယျာ**=မိခင်၏ အကျိုးစီးပွားကို ဆောင်ရွက်ကုန်သည်၊ **ပေတ္တေယျာ**-ဖခင်၏ အကျိုးစီးပွားကို ဆောင်ရွက်ကုန်သည်၊ **သာမညာ**=ရဟန်းတို့၏အကျိုး.....ကုန်သည်၊ **ဗြဟ္မညာ**=ရဟန္တာတို့၏ အကျိုး....ကုန်သည်၊ **ကုလေ**=အမျိုး၌၊ **ဇေဋ္ဌာပစာယီနော**=ကြီးသောသူတို့ကို ရိုသေကုန်သည်၊ (**ဟောန္တိ**=ဖြစ်ကြပါကုန်၏လော) **ဥပေါသထံ**=ဥပုသ်သီလကို၊ **ဥပဝသန္တိ**=စောင့်ထိန်းကြပါကုန်၏လော၊ **ပဋိဇာဂရောန္တိ**=ဥပုသ်အကြို,အပိုဆင့်ပွား နိုးနိုးကြားကြား စောင့်ထိန်းကြပါကုန်၏လော၊ **ပုညာနိံ**=တခြားသော ကုသိုလ်ကောင်းမှုတို့ကို၊ **ကရောန္တိ**=ပြုကြပါကုန်၏လော၊ "**ဣတိ**=ဤအကြောင်းကို သိလို၍၊ (**အနုဝိစရန္တိ**-၏) **ဘိက္ခဝေ**=တို့၊ **ပက္ခဿ**=၏၊ **စာတုဒ္ဒသီ**-၁၄-ရက်မြောက် ဥပုသ်နေ့၌ ။ပ။ **ပုတ္တာ**=သားတို့သည်

၁။ **ပဋိဇာဂရောန္တိ**။ ။ **ပဋိ ပဋိ**=ထပ်ကာ ထပ်ကာ+**ဇာဂရောန္တိ**=နိုးနိုးကြားကြား ဥပုသ်စောင့်ကုန်၏။ **ပဉ္စမီ**, **အဋ္ဌမီ**, **စာတုဒ္ဒသီ**, **ပန္နရသီ**ဟူ၍ လဆန်းပိုင်း၌ လေးဥပုသ်, လဆုတ်ပိုင်း၌ လေးဥပုသ်ဟု တလတလ၌ မူလဥပုသ် ရှစ်ရက်စီ ရှို၏။ (ရက်မစုံလ၌ကား **ပန္နရသီ**ဥပုသ် တရက်လျော့၏)

ထိုမူလဥပုသ်၏ **ပဋိဇာဂရ** (အကြိုအပို) ဥပုသ်လည်း ရှိသေး၏။ လေးရက်နေ့သည် **ပဉ္စမ**ဥပုသ်၏ အကြို (**ပဋိဇာဂရ**) ဥပုသ်ဖြစ်၍ (၆)ရက်နေ့သည် အပို(**ပဋိဇာဂရ**) ဥပုသ်ဖြစ်၏။

ဤနည်းအားဖြင့် (၇)ရက်နေ့နှင့် (၉)ရက်နေ့ကိုလည်းကောင်း၊ ၁၃-ရက်နေ့နှင့် လပြည့်ကျော်တရက် လဆန်းတရက်ကို လည်းကောင်း အကြိုအပို (**ပဋိဇာဂရ**) ဥပုသ်ဖြစ်ပုံကို သိပါ။ **ပန္နရသီ**ဥပုသ်နေ့မှန်သမျှ အကြိုဥပုသ်မရှိသကဲ့သို့ ရက်စုံလဆုတ်၏ **စာတုဒ္ဒသီ**ဥပုသ်မှာလည်း အပိုဆင့်ပွား ဥပုသ်မရှိဟု မှတ်ပါ။
