## PAGE 378

၉-ဇာဏုသောဏိသုတ်
၆၀။ ဘော ဂေါတမ=အရှင်ဂေါတမ၊ ယဿ အကြင်သူမှာ၊ ယညော
ဝါးယဇ်ပူဇော်လှူဒါန်းဖွယ် ပစ္စည်းဝတ္ထုသည်လည်းကောင်း၊ သဒ္ဒံ ဝါ=
သေလွန်ပြီးသော မိဘတို့ကိုရည်စူး၍ ပေးလှူအပ်သော ထမင်းသည်လည်း
ကောင်း၊ထာလိပါကောဝါ={ထူးမြတ်သောပုဂ္ဂိုလ်တို့အား ပေးလှူသင့်သော)
ထမင်းချက်အိုးသည်လည်းကောင်း၊ ဒေယျဓမ္မံ ဝါ=(ယညစသည် တို့မှ)
အခြားသော ပေးလှူဖွယ်ဝတ္ထု ဟူသမျှသည်လည်းကောင်း၊ အဿု=ရှိကုန်၏၊
ဧတံ ဒါနံ=(ယည္, သဒ္ဓစသော) ထိုပေးလှူဖွယ် ဝတ္ထုဟူသမျှ အားလုံးကို၊
တေဝိဇ္ဇသု=သုံးမျိုးသော ဝိဇ္ဇာရှိကုန်သော၊ ဗြာဟ္မဏေသု=ပုဏ္ဏားတို့၌သာလျှင်၊
ဝါ=ပုဏ္ဏားတို့အားသာလျှင်၊ ဒဒေယျ=ပေးလှူသင့်ပါ၏၊ ဣတိ-ဤသို့၊
(အဝေါစ=လျှောက်ပြီ)။ပ။ယခင်သုတ်အတိုင်းဆိုပါ]
= [ဂါထာ] ယော=အကြင်ပုဂ္ဂိုလ်သည်၊ သီလဗ္ဗတသမ္ပန္နော=သီလ,
အကျင့်နှင့် ပြည့်စုံ၏၊ ပဟိတတ္တော=(အလိုရှိအပ်သော အကျိုး၏ ပြီးစီးခြင်းငှါ)
ရဲဝံ့စွန့်စား စွန့်လွတ်ထားအပ်သော စိတ်ရှိ၏။ သမာဟိတော=စိတ်ကို
အာရုံ၌ ကောင်းမွန်တည်တံ့စွာ ထားတတ်၏၊ ဝါ=တည်ကြည်၏၊ [အရမ္မဏေ
စိတ္တံ သု အာဒဓာတိ ဌပေတီတိ သမာဟိတော-ဟု ကတ္တုသာဓနဝစနတ္ထပြု။
တနည်း--အရမ္မဏေ သုဋ္ဌ အာခီယတေ ဌပီယတေတိ သမာဟိတံ(စိတ္တံ)ဟု’
ကမ္မသာဓနပြုပြီးနောက် “သမာဟိတံ ယဿ အတ္တီတိ သမာဟိတော”ဟူ၍
၁။ထာလိပါကော။ ။ထာလိပါကောတိ ဝရပုရိသာနံ ဒါတဗ္ဗယုတ္တံ
ဘတ္တံ ဟု အဋ္ဌကထာဖွင့်၏။ သက္ကတအဘိဓာန်တို့၌လည်း “ဘာသာရေးနှင့်
စပ်၍ အထူး တလည် ချက်ပြုတ်လှူဒါန်းအပ်သော နို့ထမင်းကို
ထာလိပါက”ဟုဆို၏။ ထာလိယံ ပါကော့ ထာလိပါကော(အိုး၌
ချက်အပ်သောထမင်း)ဟု ထောမနိဓိ အတိုင်း ဝိဂြိုဟ်ပြု၊ သို့သော် ထိုထမင်းကို
ပုဂံထဲသို့ ခူးခပ်မထည့်တော့ဘဲ အိုးနှင့်တကွပေးလှူအပ်သောကြောင့်
“ထာလိပါက=ထမင်းချက်အိုး ”ဟု အနက်ပေးထားသည်။
"
(တနည်း)ပစီယိတ္ထာတိ ပါကော=ချက်အပ်ပြီးဆွမ်းထမင်း၊ ပါကဿ
ထာလိ ထာလိပါကော=ချက်ပြီးထမင်း၏အိုး(ထမင်းချက်အိုး) (တနည်း)ပစ္စတေ
ဘတ္တံ ဧတ္ထာတိ ပါကော၊ ထာလီ စ သာ ပါကော စာတိ ထာလိပါကော-
ထမင်းချက်ရာအိုး(ထမင်းချက်အိုး)၊ အိုးတည်းဟူသော ဌာနကိုဆိုသဖြင့်
ထမင်းတည်းဟူသော ဌာနီကိုလည်းယူရသော ဌာနပစာရ, နာနာန္တ ရိကနည်း
ဟုကြံ၊ ပါရာဇိကဏ် သုဒိန္နကဏ္ဍမှ“သဋ္ဌိမတ္တေ တလိပါကေ”နှင့်တူ၏။

## PAGE 379

အဿတ္ထိဆင့်၍ “သမာဟိတော-အာရုံ၌ ကောင်းမွန်တည်တံ့စွာ ထားအပ်သော
စိတ်ရှိ၏။ဝါ=တည်ကြည်သောစိတ်ရှိ၏”ဟုအနက်ဆို]ယဿ=အကြင်ပုဂ္ဂိုလ်၏၊
စိတ္တံ=စိတ်သည်။ပ။
၁၀-သင်္ဂါရဝသုတ်
၆၁။ အထခေါ=ထိုအခါ၌၊ သင်္ဂါရဝေါ=သင်္ဂါရဝမည်သော။ပ။ ဘော
ဂေါတမ=မ၊ ဗြာဟ္မဏာ နာမ=ပုဏ္ဏားမည်ကုန်သော၊ မယံ=အကျွန်ုပ်တို့သည်၊
[အ အနက်မရှိ]ယည်=ယဇ်အလှူဒါနကို၊ ခြေနှစ်ချောင်းရှိသော သတ္တဝါ,
ခြေလေးချောင်းရှိသော သတ္တဝါစသည်တို့တွင် တမျိုးတမျိုး၌ လေးကောင်စီ,
ရှစ်ကောင်စီ စသည်သတ်ဖြတ်၍ ပေးလှူပူဇော်အပ်သော အလှူဒါနကို
ဆိုလို၏]ယဇာမပိ=ကိုယ်တိုင်လည်း ပေးလှူပူဇော်ပါကုန်၏၊ ယဇာပေမပိ=
သူတပါးကိုလည်း ပေးလှူပူဇော်စေပါကုန်၏၊
ဘော ဂေါတမ=မ၊ တတြ=ထိုသို့
ယဇ်ပူဇော်ခြင်းကိစ္စ၌၊ ယော စေဝ=အကြင်ပုဂ္ဂိုလ်သည်လည်း၊ ယဇတိ=
ကိုယ်တိုင်ပေးလှူပူဇော်၏၊ ယော စ=အကြင်ပုဂ္ဂိုလ်သည်လည်း၊ ယဇာပေတိ-
သူတပါးကိုပေးလှူပူဇော်စေ၏၊ သဗ္ဗေ တေ=အားလုံးသော ထိုပုဂ္ဂိုလ်တို့သည်၊
[ပဋိပန္နော ဟောန္တိ၌စပ်] ယညာဓိကရဏံ=ယဇ်ပူဇော်ခြင်း, ယဇ်ပူဇော်စေခြင်း
ဟူသော အကြောင်းကြောင့်၊ ယဒိဒံ(ယာ ဧသာ ပုညပ္ပဋိပဒါ)= အကြင်ကုသိုလ်
အကျင့်သည်၊ (ဟောတိ=ဖြစ်၏)အနေကသာရီရိကံ= များစွာသော ခန္ဓာကိုယ်၌
ဖြစ်သော၊ ဝါ=များစွာသော သတ္တဝါတို့၏ အကျိုးစီးပွား အတွက်ဖြစ်သော၊
တံ ပုညပ္ပဋိပဒံ=ထိုကုသိုလ်အကျင့်ကို၊ ပဋိပန္နာ= ကျင့်ကြကုန်သည်၊ ဟောန္တိ =
ဖြစ်ပါကုန်၏။
ဘော ဂေါတမမ၊ ယော ပန အယံ=အကြင်ပုဂ္ဂိုလ်သည်ကား၊
ယဿ ဝါ တဿဝါ=အမှတ်မရှိ တဦးဦးသော၊ ကုလာ=အမျိုးမှ၊ [ယဿ,
တဿတို့၌ သာမီဝိဘတ်ကို အပါဒါန်အနက်၌သက်] အဂါရသ္မာ=အိမ်မှ
(နိက္ခမိတွာ=ထွက်ခွါ၍) အနဂါရိယံ=ရဟန်းအဖြစ်သို့ (အိမ်၌ နေထိုင်မှ
လူ့အဆင့်အတန်း မြင့်မားကြီးပွါးရေးကို ဆောင်နိုင်သော လယ်လုပ်,
နွားမွေး ကုန်သွယ်ရေးမရှိရာ ရဟန်းအဖြစ်သို့)ဒုကစာပိုဒ် ၂-သုတ်လည်းကြည့်]
ပဗ္ဗဇိတော=ဝင်ရောက်လျက်၊ ဧကံ=တဦးတယောက်တည်းသော၊ အတ္တာနံ=
မိမိကိုယ်ကိုသာလျှင်၊ တနည်း--ဧကံ အတ္တာနံ=မိမိတကိုယ်တည်းကိုသာလျှင်]
ဒမေတိ=(ဣန္ဒြေတို့ကို ဆုံးမခြင်းအားဖြင့်) ဆုံးမ၏။ ဧကံ=သော၊ အတ္တာနံ=
လျှင်၊ သမေတိ=(ရာဂစသည်ကို ကင်းငြိမ်းစေခြင်းအားဖြင့်) ကင်းငြိမ်းစေ၏၊
ဧကံ=သော၊ အတ္တာနံ=လျှင်၊ ပရိနိဗ္ဗာပေတိ=(ရာဂစသည်ကို ချုပ်ငြိမ်းစေခြင်း
အားဖြင့်)ချုပ်ငြိမ်းစေ၏၊ ဧဝမဿာယံ= ဝံ+အ+အယံ ဟုဖြတ်၊

## PAGE 380

အအနက်မရှိ] ဧဝံ=ဤသို့ဖြစ်ပါသော်လည်း၊ (ဤသို့ဆုံးမမူ, ငြိမ်းစေမှု
ပြုပါသော်လည်း) အဟံ=ဤပုဂ္ဂိုလ်သည်၊ ပဗ္ဗဇ္ဇာဓိကရဏံ= ရဟန်းပြုခြင်း
ဟူသော အကြောင်းကြောင့်၊ ယဒိဒံ(ယာ ဧသာ ပုညပ္ပဋိပဒါ)= သည်း
(ဟောတိ=၏) ဧကသာရီရိကံ=တခုတည်းသော ခန္ဓာကိုယ်၌ဖြစ်သော၊
ဝါ=မိမိတကိုယ်တည်းအတွက်သာဖြစ်သော၊ တံ ပုညပ္ပဋိပဒံ=ကို၊ ပဋိပန္နော=
ကျင့်သူမည်သည်၊ ဟောတိ=၏၊ ဣတိ(အဝေါစ=လျှောက်)
ဗြာဟ္မဏ=ပုဏ္ဏား၊ တေန ဟိ=ထိုသို့ဖြစ်လျှင်၊ ဝါ=ထိုသို့ ရဟန်းပြုခြင်းဖြင့်
ဧကသာရီရိက ကုသိုလ်အကျင့်ကိုသာ ကျင့်သည်မည်၏ဟု သင်ပြောဆို
ခြင်းကြောင့်၊ ဧတ္ထ=ဤသင်ပြောဆိုအပ်သော စကား၌၊ တံ ဧဝ=သင့်ကိုပင်း
ပဋိပုစ္ဆိဿာမိ=အံ့၊စာပိုဒ် ၃၅-သုတ်ကြည့်] (အတ္ထော=သည်) ယထာ=ဖြင့်၊
(ဗျာကရောန္တဿ=သော) တေ=သင့်အား၊ ခမေယျ၏၊ တထာ=ဖြင့်၊
နံ=ကို၊ (တွံသည်) ဗျာကရေယျာသိ=လော၊ ဗြာဟ္မဏ=ပုဏ္ဏား၊ တံ=ကို၊
(တွံ=သည်).8" မညသိ=နည်း၊ ဣဓ လောကေ=ဤသတ္တလောက၌၊ အရဟံ=
ကိလေသာတို့မှ ဝေးကွာတော်မူသော၊ သမ္မာသမ္ဗုဒ္ဓေါ=အမှားမပါ, မှန်စွာပိုင်နိုင်,
ကိုယ်တိုင်စထွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိ သိမြင်တော်မူသော၊
ဝိဇ္ဇာစရဏသမ္ပန္နော=ဝိဇ္ဇာသုံးပါး, ၀ိဇ္ဇာရှစ်ပါး, စရဏ(၁၅)ပါးတို့နှင့်
ပြည့်စုံတော်မူသော၊ ဝါ=အသိဉာဏ်ဝိဇ္ဇာ, အကျင့်စရဏတို့နှင့် ပြည့်စုံတော်
မူသော၊ သုဂတော=ကောင်းမြတ်ဖြောင့်တန်း, နိဗ္ဗာန်နန်းသို့ ကြွမြန်းတော်
မူသော၊ ဝါ=(အကျိုးရှိ, ဟုတ်မှန်, ကြားနာခံခက်, မခံခက်ဟု, နှစ်ချက်
ပေါင်းစပ်)ကောင်းမြတ်သော စကားကိုသာ ဆိုသင့်ရာအခါ၌ မိန့်ဆိုတော်မူသေား
လောကဝိဒူ=(သတ္တလောက, သင်္ခါရလောက, ဩကာသလောက တည်းဟူ
သော) လောကသုံးပါးကို သိတော်မူသော။
အနုတ္တရော=သီလ,သမာဓိ, ပညာစသော ဂုဏ်တို့ဖြင့် မိမိထက်
သာလွန်မြင့်မြတ်သောသူ ရှိတော်မမူသော၊ ဝါ=သီလ---- တို့ဖြင့် လူနတ်ဗြဟ္မာ
သတ္တဝါအားလုံးတို့ထက် သာလွန်မြင့်မြတ်တော်မူသော၊ ပုရိသဒမ္မသာရထိ=
ဆုံးမသင့် ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူသော၊
[တနည်း--“အနုတ္တရော ပုရိသဒမ္မသာရထိ=ဆုံးမသင့် ဆုံးမထိုက်သော
ပုဂ္ဂိုလ်တို့ကို ယဉ်ကျေးအောင်ဆုံးမတော်မူရာ၌ တန်းတူရည်တူ မှီသူကင်းအောင်
စွမ်းဆောင်တော်မူသော” ဟုလည်း ပေါင်း၍ဆိုနိုင်၏] ဒေဝမနုဿာနံ=
နတ်လူတို့၏၊သတ္ထာ=ဆရာဖြစ်တော်မူသော၊ ဗုဒ္ဓေါ=သစ္စာလေးပါးတရားကို
ကိုယ်တိုင်လည်းသိ၍ ဝေနေယျသတ္တဝါတို့ကိုလည်း တဆင့်သိစေတော်မူသော၊
ဘဂဝါ=(ဣဿရိယ, ဓမ္မ, ယသ,သိရီ, ကာမ, ပယတ္တဟူသော)
