## PAGE 1

**(၁)** အင်္ဂေဟိ ဥတ္တရော တေန၊ အင်္ဂုတ္တရပ္ပသံသိယော။
သမ္ဗုဒ္ဓေါ ဒေတု သမ္ဗောဓံ၊ အင်္ဂုတ္တရသမာပကံ။

**(၂)** ယတ္ထ အင်္ဂါ ဥတ္တရာ'တိ၊ ဓမ္မော အင်္ဂုတ္တရော အပိ။
ဥတ္တရာ ဟောန္တု မေ အင်္ဂါ၊ အင်္ဂုတ္တရပ္ပဒီပကာ။

**(၃)** သံဃံ ဥတ္တရတေ သံဃော၊ အင်္ဂေဟိ အင်္ဂ ဥတ္တရော။
ဧသော တာရေတု မံ သံဃာ၊ ယာဝ ဂန္ထသမဇ္ဇနာ။

**(၄)** အနုဒ္ဒယာသီတလဝါတဝါယိတော၊
အနန္တ ဉာဏောဒက ဗိန္ဒုသမ္ဘတော။
သရီရဒါဟူပသမဂ္ဂဝဿယော၊
ပဝတ္တယီ ဓမ္မနဒီ ဇိနမ္ဗူဒေါ။

**(၅)** ဧတဉ္စ တပ္ပီတ မဟာနရာ ဝိဒူ၊
ဝီတံ မလမှာ ဝိမလာ ပုရေ ကရူ။
တံ သန္ဒယန္တေဝ နာပိ နိမ္မလံ၊
အမှေပိ အနုသန္ဓေမ သုသန္တိတံ သုဘံ။

**(၁)** **ယော သမ္ဗုဒ္ဓေါ**=ကောင်းမှုအများ ပေါင်းစုထားသဖြင့် တိုင်းသားပြည်သူ ကြည်ဖြူဝပ်တွား အားထားရာသခင် အကြင်သို့သော မြတ်စွာဘုရားရှင်သည်၊ **အင်္ဂေဟိ**=စိတ်တော်အစဉ် မြဲကြည်လင်၍ သိမြင်ဥဿုံ ကောင်းခြင်းဂုဏ်ဟု လုံးစုံပေါင်းစပ် တရားမြတ်တို့ဖြင့်၊ **ဥတ္တရော**=ဘယ်ခါမဟူ ဘယ်သူနှင့်မျှ နှိုင်းမရအောင် အတိုင်းအဆ လွန်စွာလွန်စွာ ကဲသာထူးခြား ထင်ရှားတော်မူပါပေ၏၊ **တေန**=နတ်နှင့်တကွ လောကအားလုံး လွှမ်းဖုံးကျော်ကြား ထို့သော ဂုဏ်တော်တရားကြောင့်၊ **အင်္ဂုတ္တရတ္ထသံသိယော**=ကောင်းမြတ်ဂုဏ်အင် စုံလင်မြင့်ဖူး ပုဂ္ဂိုလ်ထူးဟု ချီးကျူးမကုန် အကြောင်းဂုဏ်ကြောင့် လုံးစုံနတ်လူ ကြည်ဖြူဦးခိုက် ပူဇော်ထိုက်သည့် မကိုဋ်တဆူ သရဖူဘုရင်

## PAGE 2

အစဉ်တံဆိပ် ခတ်နှိပ်တော်မူအပ်သော၊ **သော သမ္ဗုဒ္ဓေါ**=အမှားမပါ မှန်စွာပိုင်နိုင် ကိုယ်တိုင်စတွင် ကုန်စင်ဆုံးခန်း ကျန်ကြွင်းမရှိ အသိဘုရင် ထိုဘုရားရှင်သည်၊ **အင်္ဂုတ္တရသမာပကံ**=အင်္ဂုတ္တရ နိဿယကျမ်း ဆုံးခန်းတိုင်ရောက် ပြီးမြောက်စေနိုင်လောက်အောင် (**မေ**=ရှင်တော်ဘုရား ပေးသနားသည့် တရားအမွေ တဆင့်ဝေဖို့ မသွေကြည့်မျှော် တပည့်တော်အား) **သမ္ဗောဓံ**=ပုဒ်ပါဌ်အခက် ဓိပ္ပာယ်ဝှက်၌ လေးနက်စဉ်းစား ခွဲခြားဖောက်ထွင်း ရှင်းလင်းတိမှန် အသိဉာဏ်ကို၊ **ဒေတု**=ပုဒ်တိုင်းပုဒ်တိုင်း မဆုတ်ဆိုင်းအောင် ကသိုဏ်းတမျှ နေလအသွင် ပေါ်လွင်မြွက်ကြား ပေးသနားတော်မူပါ့ဘုရား။

**(၂)** **ယတ္ထ**=မဂ် ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်မှတ်သား အကြင်မြတ်တရား၌၊ **အင်္ဂါ**=ဒုက္ခကင်းရှင်း ငြိမ်းချမ်းခြင်းနှင့် ယင်းသည့် ဒုက္ခ မုချကင်းကြောင်း အကောင်းစုံလင် ကြောင်းဂုဏ်အင်တို့သည်၊ **ဥတ္တရာ**=ကိလေသာအညစ်ကြေး မရစ်ထွေးဘဲ ကင်းဝေးကြည်လင် သူတော်စင်မှ ပေါ်လွင်ပြတ်သား ထူးခြားပိုင်ပိုင် ဖြစ်လာနိုင်ကုန်၏၊ **ဣတိ (တသ္မာ)**=ကိုယ်တွေ့ဖြစ်အင် ပညာရှင်မှ မျက်မြင်ဆုံးဖြတ် ယုံမှတ်နိုင်ကောင်း ထိုအကြောင်းကြောင့်၊ **သော ဓမ္မော အပိ**=သူတော်သူမြတ် ဖြည့်ကျင့်အပ်သည့် အမြတ်ဆယ်ဖော် ထိုတရားတော်သည်လည်း၊ **အင်္ဂုတ္တရော**=ထူးခြားဂုဏ်အင် စုံလင်ပြည့်ဝ "အင်္ဂုတ္တရ"ဟု မုချသတ်မှတ် ခေါ်ဝေါ်အပ်လှပေ၏၊ **မေ**=သာသနာ့ဝန် အားသွန်ကြိုးပမ်း နေ့စဉ်ထမ်းသည့် လုပ်ငန်းနှင့် ပျော် တပည့်တော်၏။ **အင်္ဂါ**=ကိုယ်မှု နှုတ်မှု စိတ်အမှုဟု ပြုပြုသမျှ ကုသလပေါင်းစုံ အကြောင်းဂုဏ်တို့သည်၊ **အင်္ဂုတ္တရပ္ပဒီပကာ**=ယင်းသည့်ဓမ္မ အင်္ဂုတ္တရဂုဏ်ရောင် ထွန်းပြောင်စေနိုင်ကုန်သော၊ (ဝါ=ထွန်းပြောင်စေနိုင်လောက်အောင်) **ဥတ္တရာ**=တည်ကြည်လေးနက် သွက်လက်မှန်ကန် ရင့်သန်မြင့်မား အကောင်းစား အမြတ်စားတို့သည်၊ **ဟောန္တု**=သတ္တဝါအများ ချမ်းသာပွားဖို့ မမှားပုံသေ ဖြစ်ကြပါစေသတည်း။

## PAGE 3

**(၃)** **ယော သံဃော**=ဆရာသခင် ဘုရားရှင်၏ သွန်သွင်ဆုံးမ သြဝါဒကို တိကျဧကန် အမှန်လိုက်နာ ထေရ်သံဃာရှင် သူတော်စင်ကောင်း အကြင်ပညာရှိ အပေါင်းသည်၊ **အင်္ဂေဟိ**=နိဗ္ဗာန်ရောက်ရန် နည်းမှန် လမ်းကြောင်း အကျင့်ကောင်းရှစ်ပါး မဂ္ဂင်တရားတို့ဖြင့်၊ **သံဃံ**=အပါယ်လေးဖြာ သံသရာဝဲ ဒုက္ခထဲ၌ အမြဲစုပ်စုပ် နစ်မြုပ်စေရိုး တရားဆိုးကို၊ **ဥတ္တရတေ**=ရုပ်နှင့်နာမ်တွင် ဖြစ်ပျက်မြင်၍ ဉာဏ်စဉ်မြင့်မား ကျော်လွှားထုတ်ချောက် လွန်မြောက်တော်မူ၏၊

(တသ္မာ=နိဗ္ဗာန်ရည်မှန်း ကျင့်စဉ်လမ်းသို့ ဖြောင့်တန်းလိုက်သွား မမှားပြည့်စုံ ဆိုခဲ့ပြီးသော အကျင့်ဂုဏ်ကြောင့်) **အင်္ဂဥတ္တရော**=အင်္ဂုတ္တရ ပုဂ္ဂလဟု မုချသတ်မှတ် ခေါ်ဝေါ်အပ်လှပေသော၊ **ဧသော (သံဃော)**=ရှေးရှေးထေရ်ရှင် သူတော်စင်မှ စ၍တဖြာ ငါ့ဆရာနှင့် သာသနာဝင် သံဃာရှင်အပေါင်း ဤသူတော်ကောင်းသည်၊ **မံ**=သံဃာတော်ရှင် ဦးထိပ်တင်၍ အစဉ်လေးမြတ် ဆည်းကပ်ပူဇော် တပည့်တော်ကို၊ **ယာဝဂန္ထသမဇ္ဇနာ**=အင်္ဂုတ္တရကျမ်း (၁၁)ခန်း၏ ကြိုးပမ်းဖွင့်ပြ အတ္ထမြန်မာ ယောဇနာစုံ ကုံလုံပြီးမြောက် ဆုံးခန်းရောက်သည် တိုင်အောင်၊ **သံဃာ**=အကြံစည်ဆုံး ဉာဏ်ရည်တုံးအောင် စုံစုံဆွဲမြှုပ် ဝဲဇလှုပ်ဆိုး အကုသိုလ်မျိုးမှ၊ **တာရေတု**=အကြံစည်သွက် ဉာဏ်ရည်ထက်အောင် ရွှေလက်တော်လှမ်း ပေးကမ်းဆယ်ယူ ကယ်တော်မူပါ့ဘုရား။

**(၄)** **အနုဒ္ဒယာသီတလဝါတဝါယိတော**=ဒုက္ခကိုပင် သုခထင်၍ ခင်မင်တွယ်တာ ဒုက္ခရှာသဖြင့် အိုနာသေရေး ပူဆွေးခံစား သတ္တဝါများ၌ ကြီးမားကရုဏာ အေးသာလေညင်း မပြင်းမထန် မှန်မှန်တိုက်ခတ် အပ်သော၊

**အနန္တ ဉာဏောဒက ဗိန္ဒုသမ္ဘတော**=လေးသင်္ချေကိန်း ကပ်တသိန်းမျှ ကာလကြာရှည် ပါရမီအပေါင်း စုကာဆောင်းသဖြင့် ထောင်သောင်းသိန်းသန်း ကိန်းဂဏန်းပြ မမှန်းဆနိုင် ဆုံးတိုင်မထင် ဉာဏ်မြင်မိုးပေါက် အံ့လောက်ထန်သည်း အရွာကြီးရွာသွန်းသော၊ **သမ္ဘတ**=စုဆောင်းထားအပ်သော + **အနန္တ**=အဆုံးအပိုင်းအခြားမရှိ များလှစွာသော + **ဉာဏောဒက ဗိန္ဒု**=ဉာဏ်အမြင် မိုးပေါက်ရှိသော (ရွာသွန်းသော) **သရီရဒါဟူပသမဂ္ဂဝဿယော**=သတ္တဝါ အဖုံဖုံ တွေ့ကြုံနေ့ည ဒုက္ခမီးဘေး ငြိမ်းသတ်ပေးသဖြင့် ကျေးဇူးအနန္တ ကြီးလှများစွာ အမြတ်ဆုံး အားထားရာလည်း ဖြစ်ပေသော၊ **ဇိနမ္ဗူဒေါ**=နတ်လူဗိုလ်ခြေ စိုပြေလန်းဆန်း အေးချမ်းဖို့ရာ ထွန်းပေါ်လာသည့် မြတ်စွာဗုဒ္ဓ ဇိနမည်တွင် မိုးဘုရင်သည်၊ **ဓမ္မနဒီ**=သစ္စာလေးပါး တရားရွှေစင် မြစ်ရေအယဉ်ကို။

**ပဝတ္တယီ**=စက္ကဝါသောင်းတိုက် နှစ်ခြိုက်ရွှင်ပြုံး သောက်သုံးကြစေ အေးမြစေဟု ပေးဝေမရပ် မပြတ်အစဉ် သွင်သွင်ဒီးဒီး စီးစေတော်မူပြီ။

