## PAGE 4

**(၅)** **စ**=ရှေးခေတ်ခုခါ သူတော်စွာတို့ ဝန်တာကိုထမ်း ကြိုးပမ်းတော်မူကြပုံကား၊ **ပုရေ**=ငါတို့အရင် ရှေးယခင်ကာလ သမယ၌၊ **ဝိမလာ**=ရာဂဒေါသ မောဟတိုက် အမှိုက်ညစ်ကြေး ရှင်းလင်းဆေးသဖြင့် ဖြူဖွေးစိတ်ဓာတ် ငြိမ်ဝပ်ကြည်လင် သူတော်စင် ဖြစ်တော်မူကြကုန်သော။ **ဝိဒူ**=သစ္စာလေးပါး ရေကြည်ရသာ ကောင်းမွန်စွာသိ ပညာရှိ ဖြစ်တော်မူကြကုန်သော၊ **တပ္ပီတ မဟာနရာ**=သစ္စာလေးပါး တရားရွှေစင် မြစ်ရေယဉ်ကို ယူငင်သောက်သုံး နှလုံးကြည်လင် မြတ်သောထေရ်အရှင်တို့သည်၊ **ဧတံ**=ယင်းသို့ မပြတ် မရပ်မနား စီးဆင်းသွားသည့် တရားဒေသနာ မြစ်ဧရာကို မလမှာ သိင်္ဂီလောဏ ဒွင်္ဂုလဟု ကပ္ပအလီလီ ထိုဤမိစ္ဆာ ဖြာဖြာဝါဒ ပါပအညစ်ကြေး အမှိုက်ချေးမှ၊ **ဝီတံ အကရူ**=သင်္ဂါယနာ ခါခါထပ်ထပ် ရွတ်ဖတ်တခင်း ပို့ချခြင်းဖြင့် ရှင်းလင်းသမှ ပြုစုကြိုးကုတ် အားထုတ်သုတ်သင်တော် မူခဲ့ကြကုန်ပြီ၊ **အခုနာပိ**=ငါတို့ မျက်မှောက် ယခုရောက်လာ ဤအချိန်မှာလည်း၊ **ဝိဒူ**=သာသနာရေယဉ် အစဉ်ဖြူဖွေး ကြံတွေးမျှော်ကြည့် ပညာရှိတို့သည်၊ **တံ**=ထိုဓမ္မနဒီ မြစ်ရေကြည်ကို။

**နိမ္မလံ**=မိစ္ဆာဝါဒ ပါပညစ်ကြေး မရစ်ထွေးရလေအောင်၊ **သန္ဒယန္တေ ဝ**=သင်ယူ ပို့ချ ဟောပြမနား စီးသွားစေကုန်လျက်သာတည်း။ **အမှေပိ**=သာသနာနဒီ မြစ်ရေကြည်ကို မှီခိုအားထား ကိုးစားလို့ နေတို့တတွေသည်လည်း၊ **သုသန္တိတံ**=ဗုဒ္ဓပရမေ တွေတွေမရပ် စီးစေအပ်သည့် အမြတ်ဓမ္မ အင်္ဂုတ္တရမည် မြစ်နဒီကို၊

**သုဘံ**=အသိခက်လှ ဝါကျတန္တ ဉာဏ်မှီသမျှ ကြံစည်ပြသဖြင့် လှပကြည်လင် ဖွေးဖြူစင်အောင်၊ **အနုသန္ဓေမ**=နိစ္စသွယ် ဓိပ္ပာယ်တူသတ် နှစ်ရပ်နှစ်ခန်း စိတ်ဖြာခြမ်းလျက် ကြိုးပမ်းစီစဉ် သွင်သွင်မနား စီးသွားစေကုန်ဦးအံ့။ **ဣတိ**=တောင့်တပန်ဆင် ပဋိညာဉ်ပေး ကျမ်းစာရေးမှ ယခုချိန်မှ ဦးစွာ စလိုက်ပါ သတည်း။

## PAGE 5

## ဧကကနိပါတ်

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

### ၁-ရူပါဒိဝဂ်

**၁။** ဧဝံ မေ သုတံ-၌ ဧဝံသဒ္ဒါကို အာကာရအနက်၊ နိဒဿနအနက်၊ အဝဓာရဏအနက်ဟု အဋ္ဌကထာ၌ အနက်သုံးမျိုး ဖွင့်၏။ **မေ-သဒ္ဒါ**ကို တတိယာကတ္တားအနက်၊ သမ္ဗန်အနက်ဟု နှစ်မျိုးဖွင့်၏။ **သုတံ**၌ တပစ္စည်းကို က္ကအနက်၊ ဘောအနက်ဟု နှစ်မျိုးဖွင့်၏။ ထိုအဖွင့်အားလုံးစုံအောင် အနက်ပြန်ဆိုမည်။ "**ဘန္တေဣဒံ သုတ္တံ**" ဟူသော ပုဒ်တို့နှင့် "**ကထံ သုတံ**" ဟူသော ပုစ္ဆာဝါကျကို အသစ်ထည့်စွက်၍ အနက်ပြန်ဆိုမည်။

(**ဘန္တေ**=အရှင်ဘုရား၊ **ဣဒံ သုတ္တံ**=ဤစိတ္တပရိယာဒါနသုတ်ကို၊) **ဧဝံ**="ဤတခုတည်းသော အခြင်းအရာအားဖြင့်၊ **မေ**=တပည့်တော် အာနန္ဒာသည်၊ **သုတံ**=(မြတ်စွာဘုရား အထံတော်မှ) နာယူ မှတ်မိထားအပ်ပါပြီ။ (**ကထံ**=အဘယ်တခုတည်းသော အခြင်းအရာအားဖြင့်၊ **သုတံ**=နာယူ မှတ်မိထားအပ် သနည်းဟူမူ) [ဤကား ဧဝံသဒ္ဒါ၏ အာကာရအနက် ပေးပုံတည်း။]

**၁။** အာကာရအနက်၌ ဆိုလိုရင်း။ ။ "ဧဝံ မေ သုတံ"ဟူသောဝါကျကို အဋ္ဌကထာ၌ ကျယ်ဝန်းစွာ ဖွင့်ပြထားသောကြောင့် ဤအဓိပ္ပာယ်ခန်း၌ ရေးဘို့ရန် တာဝန်ရှိ၏။ ထို့ကြောင့် အဋ္ဌကထာဖွင့်သည့်အတိုင်း ရေးသင့်သမျှ ရေးပါဦးမည်။ ဤအာကာရအနက်၌ "ဧဝံ မေ သုတံ" ၏ဆိုလိုရင်းကား ဝေနေယျ သတ္တဝါတို့၏ အလိုအကြိုက် အတွင်းဓာတ်ခံနှင့် ကိုက်ညီအောင် နည်းမျိုးစုံစွာ မြတ်စွာဘုရား ဟောကြားတော်မူအပ်သမျှ တရားစကားတော်အားလုံးကို မည်သူမျှ အကုန်အစင် မသိနိုင်ပါ၊ သို့ဖြစ်၍ တပည့်တော်သည် နာယူလိုသော ဆန္ဒပြင်းပြစွာဖြင့် အစွမ်းကုန်ကြိုးစား၍ နာယူမှတ်သားပါ သော်လည်း နည်းမျိုးစုံ အကုန်အစင် မမှတ်ယူနိုင်သောကြောင့် "**ဧဝံ** (ဧကေန အာကာရေန)=ဤတခုတည်းသော အခြင်းအရာ(တမျိုးတည်းသောနည်း) အားဖြင့်၊ **သုတံ**=ဤသုတ်ကိုနာယူ မှတ်မိထားအပ်ပါပြီ"ဟု အရှင်အာနန္ဒာ ဆိုလိုသည်။
## PAGE 6

တနည်း- (ဘန္တေ = အရှင်ဘုရား၊ ဣဒံ သုတ္တံ = ဤစိတ္တပရိယာဒါနသုတ်ကို) **ဧဝံ** = ဤသို့၊ ဝါ = ဤယခု လျှောက်ထားမည့်အတိုင်း၊ မေ = တပည့်တော်အာနန္ဒာသည်၊ သုတံ = (မြတ်စွာဘုရားအထံတော်မှ) နာယူမှတ်မိထားအပ်ပါပြီ၊ (ကထံ = အဘယ်သို့၊ သုတံ = နာယူမှတ်မိထားအပ်သနည်းဟူမူ၊) ဤကား **ဧဝံ** သဒ္ဒါ၏ **နိဒဿနအနက်** ပေးပုံတည်း။

တနည်း- (ဘန္တေ = အရှင်ဘုရား၊ ဣဒံ သုတ္တံ = ဤစိတ္တပရိယာဒါနသုတ်ကို) **ဧဝံ** = ဤသို့သာလျှင်၊ ဝါ = ဤယခု လျှောက်ထားမည့်အတိုင်းသာလျှင်၊ မေ = တပည့်တော် အာနန္ဒာသည်၊ သုတံ = (မြတ်စွာဘုရား အထံတော်မှ) နာယူမှတ်မိထားအပ်ပါပြီ၊ (ကထံ = အဘယ်သို့သာလျှင်၊ သုတံ = နာယူ မှတ်မိထားအပ်သနည်းဟူမူ၊) ဤကား **ဧဝံ** သဒ္ဒါ၏ **အဝဓာရဏအနက်** ပေးပုံတည်း။

**ဧဝံ** = ဤတစ်ခုတည်းသော အခြင်းအရာအားဖြင့်သာလျှင်”ဟုလည်းကောင်း၊ “ကထံ = အဘယ်တစ်ခုတည်းသော အခြင်းအရာအားဖြင့်သာလျှင်”ဟုလည်းကောင်း အနက်ဆိုနိုင်သေး၏၊ ပြခဲ့သော **အာကာရအနက်**, **နိဒဿနအနက်** တို့၌ “သာလျှင်”ဟူသော စကားကို ထည့်စွက်လိုက်လျှင်ပင် **ဧဝံ** သဒ္ဒါ၏ **အဝဓာရဏအနက်** ဖြစ်တော့၏။

၁။ **နိဒဿနအနက်**၌ ဆိုလိုရင်း။ ။ ဤ**နိဒဿနအနက်**၌ ဆိုလိုရင်းမှာ “တပည့်တော်သည် ဤသုတ်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင် ထိုးထွင်းသိထားသည် မဟုတ်ပါ၊ ယခုလျှောက်ထားမည့်အတိုင်း မြတ်စွာဘုရား အထံတော်မှ နာယူ မှတ်မိထားအပ်ပါသည်"ဟူလို။

၂။ **အဝဓာရဏအနက်**၌ ဆိုလိုရင်း။ ။ ဤ**အဝဓာရဏအနက်**၌ ဆိုလိုရင်းမှာ "တပည့်တော်သည် ယခုလျှောက်ထားမည့်အတိုင်းသာ ဤသုတ် (ဤတရားတော်)ကို မြတ်စွာဘုရား အထံတော်မှ နာယူမှတ်မိခဲ့ပါသည်။ မြတ်စွာဘုရားအထံတော်တုန်းက နာယူမှတ်မိခဲ့သည့်အတိုင်းပင် ဤတရားတော်သည် ယခုအချိန်အထိ အနက်အဓိပ္ပာယ်အားဖြင့်လည်း **အပိုအလိုမရှိ**၊ သဒ္ဒါစကားလုံးအားဖြင့်လည်း **အပိုအလိုမရှိ**၊ တိတိကျကျဖြစ်ရကား ယခု လျှောက်ထားမည့်အတိုင်းသာ ဧကန်မုချ မှတ်သားထားရန် ဖြစ်ပါသည်”ဟူလို။

