## PAGE 7

[ယခု ပြန်ဆိုခဲ့သော အနက်များသည် **မေ** သဒ္ဒါ၏ **တတိယာကတ္တားအနက်**နှင့် **သုတံ**၌ **တ** ပစ္စည်း၏ **ကံအနက်**များဖြစ်၏၊ ယခုတစ်ဖန် **မေ** သဒ္ဒါ၏ **သမ္ဗန်အနက်**၊ **တ** ပစ္စည်း၏ **ဘောအနက်**များကိုလည်း ပြန်ဆိုဦးမည်။ “ဘာဝသာဓန၊ နောက်ပုဒ်ပြ၊ ကမ္မဆဋ္ဌိနေမြဲ” ဟူသော ဆောင်ပုဒ်နှင့်အညီ **တ** ပစ္စည်းက **ဘောအနက်**ဟောသောကြောင့် ယခင်က **ဣဒံ သုတ္တံ** ဟူသော ပဌမာကံနေရာ၌ **ဣမဿ သုတ္တဿ** ဟု ဆဋ္ဌိကံထည့်ရမည်။]

**စဉ်းစားဖွယ်အနက်**။ ။ **သီလက္ခန်ပါဠိတော် နိဿယသစ်**၌ **အဝဓာရဏအနက်**ပေးရာ၌ “ဘဂဝတော = မြတ်စွာဘုရား၏၊ သမ္မုခါ = မျက်မှောက်တော်၌၊ ဧဝံ = ဤသို့အနက်သဒ္ဒါအားဖြင့် မယုတ်မလွန်မူ၍သာလျှင်၊ သုတံ = နာခံမှတ်သားအပ်ပါပြီ”ဟု ပြန်ဆိုတော်မူ၏။ “တဉ္စ ခေါ အတ္ထတော ဝါ ဗျဉ္ဇနတော ဝါ အနူနမနဓိကံ”ဟူသော အဋ္ဌကထာပါဌ်ကို ဆွဲယူ၍ အနက်ပြန်ဆိုခြင်း ဖြစ်၏။

သို့သော် “မြတ်စွာဘုရားအထံတော်မှ အနက်သဒ္ဒါအားဖြင့် အပိုအလိုမရှိ နာခံမှတ်သားအပ်ပါပြီ”ဟု အနက်ပြန်ဆိုလိုက်လျှင် “မြတ်စွာဘုရား ဟောသမျှအားလုံး အပိုအလိုမရှိ နာယူမှတ်သားထားနိုင်၏"ဟု အဓိပ္ပာယ် သက်ရောက်စရာရှိ၏။ “ဧဝံ - ဤသို့ မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း၊ သုတံ = နာခံမှတ်သားအပ်ပါပြီ”ဟု **နိဒဿနအနက်**ပြန်ဆိုလျှင်လည်း (န ပန ဘဂဝတော ဒေသိတာကာရတော ဟူသော ဋီကာနှင့်အညီ) ထိုအဓိပ္ပာယ်မျိုး သက်ရောက်စရာရှိသည်ပင်ဖြစ်၏။

သို့ဖြစ်လျှင် “မြတ်စွာဘုရား ဟောသမျှအားလုံးစုံ အကုန်အစင် မနာယူမမှတ်သားနိုင်ရကား တစ်ခုတည်းသော အခြင်းအရာအားဖြင့် နာယူမှတ်မိထားအပ်ပါပြီ”ဟု ပြခဲ့သော **အာကာရအနက်**နှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ **အာကာရအနက်**တုန်းက “မြတ်စွာဘုရား၏ ဒေသနာတော်ကို အားလုံးစုံ အကုန်အစင် နာယူမှတ်သားနိုင်စွမ်းမရှိ”ဟု ဆိုခဲ့ပြီးမှ **အဝဓာရဏအနက်**၌မူ “အားလုံးစုံ အကုန်အစင် နာယူမှတ်သားနိုင်စွမ်းရှိ၏”ဟု ဆိုလျှင် **အာကာရအနက်**နှင့် **အဝဓာရဏအနက်** ဆန့်ကျင်ဘက်ဖြစ်နေ၏ဟူလို။ **ဣတရထာ ထေရော ဘဂဝတော ဒေသနာယ သဗ္ဗထာ ပဋိဂ္ဂဟဏေ သမတ္ထော အသမတ္ထောစာတိ အာပဇ္ဇေယျ။ (ဋီကာ)**

ထို့ကြောင့် “တပည့်တော်သည် မြတ်ဘုရား ဟောတော်မူသည့်အတိုင်း အနက်သဒ္ဒါ အပိုအလိုမရှိ နာယူမှတ်သားခဲ့ပါပြီ”ဟု **ဒေသိတာကာရ** အဓိပ္ပာယ်

## PAGE 8

တနည်း- (ဘန္တေ = အရှင်ဘုရား၊ ဣမဿ သုတ္တဿ = ဤစိတ္တပရိယာဒါနသုတ်ကို၊) **ဧဝံ** = ဤတစ်ခုတည်းသော အခြင်းအရာအားဖြင့်၊ (**အာကာရအနက်**) ဝါ = ဤသို့ဤပုံ၊ ဝါ = ဤယခု လျှောက်ထားမည့်အတိုင်း၊ (**နိဒဿနအနက်**) ဝါ = ဤသို့သာ၊ ဝါ = ဤယခုလျှောက်ထားမည့်အတိုင်းသာ၊ (**အဝဓာရဏအနက်**) မေ = တပည့်တော်၏၊ သုတံ = (မြတ်စွာဘုရားအထံတော်မှ နာယူမှတ်မိထားခြင်းသည်၊ (အဟောသိ = ဖြစ်ခဲ့ပါပြီ၊ ကထံ = အဘယ်တစ်ခုတည်းသော အခြင်းအရာအားဖြင့်၊ ဝါ = အဘယ်သို့၊ ဝါ = အဘယ်သို့သာလျှင်၊ သုတံ = နာယူမှတ်မိထားခြင်းသည်၊ အဟောသိ = ဖြစ်ခဲ့သနည်းဟူမူ၊)

မယူရ။ “တပည့်တော်သည် ယခုလျှောက်ထားမည့်အတိုင်းသာ မြတ်စွာဘုရားထံမှ နာယူမှတ်သားခဲ့ပါသည်။ ထိုနာယူမှတ်သားခဲ့သော တရားတော်သည်လည်း ယခုအချိန်အထိ အနက်သဒ္ဒါ အပိုအလိုမရှိဘဲ မြတ်စွာဘုရားထံမှ နာယူခဲ့သည့်အတိုင်းပင် ဖြစ်ပါသည်”ဟု **သုတာကာရ**အဓိပ္ပာယ် ယူရမည် ဖြစ်သည်။

၁။ **သုတံ**ပုဒ်အနက်နှင့်စပ်၍ဆိုဖွယ်။ ။ ဘောဟောကြိယာဖြစ်သော **သုတံ**၏ စပ်ရာပုဒ်ကို **အဟောသိ** ဟု အတိတ်ကြိယာထည့်ပေးသည်။ **သီလက္ခန်ဘာသာဋီကာ**၌ကား “**သုတံ**ပုဒ်၏ အနက်ဖြစ်သော ဆောင်ခြင်းကြိယာက သင်္ဂါယနာတင်ချိန်အထိရှိနေသောကြောင့် **ဟောတိ**ဟု ပစ္စုပ္ပန်ကြိယာထည့်သည်”ဟု မိန့်ဆိုတော်မူ၏။

ထို့ပြင် “**သုတံ** - နာယူ+မှတ်သား+ဆောင်ထား”ဟု ကြိယာသုံးမျိုးယူပြီးလျှင် မြတ်စွာဘုရား၏ မျက်မှောက်၌ ထိုသုံးမျိုးလုံးမရနိုင်။ မျက်ကွယ်ကျမှသာ ဆောင်ထားနိုင်၏ဟု ယူဆကာ “ဘဂဝတော သမ္မုခါ” ဟု ထည့်၍ ဆရာအဆက်ဆက်တို့ အနက်ပေးကြသည်ကို နှစ်သက်တော်မမူ။ မိမိ၏ အယူအဆကား “**သဗ္ဗထာမေန ပန သောတုကာမတံ ဇနေတွာပိ ဧဝံ မေ သုတံ**” ဟူသော အဋ္ဌကထာဝယ် သောတုကာမတံ၌ **သု** ဓာတ်ကဲ့သို့ပင် **သုတံ**၌ **သု** ဓာတ်သည် မြတ်စွာဘုရားထံမှ နာယူမှတ်သားခြင်း အနက်ကိုသာ ဟောသည်ဟု ယူဆ၏။

**သုတံ**ကို **ဥပဓာရိတံ** ဟု **ဓရ** ဓာတ်ဖြင့်ဖွင့်သော်လည်း တရားတော်ကို မမေ့မပျောက်အောင် သင်္ဂါယနာတင်ချိန်အထိ မြတ်စွာဘုရား၏ မျက်ကွယ်၌ ရွတ်အံမှတ်သားဆောင်ထားခြင်းအနက်ကို **သုတံ**က ဟောသည်ဟု မယူဆပါ။ “**သုတံ သောတဒွါရာနုသာရေန ဥပဓာရိတံ (ဥပဓာရဏံ)**” ဟူသော အဋ္ဌကထာအဖွင့်ဖြင့်လည်း “မြတ်စွာဘုရားထံ၌ တရားနာသောအခါ သောတ

## PAGE 9

**ဧကံ** = တစ်ပါးသော၊ **သမယံ** = အခါ၌၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ ဝိညာဏ်စိတ်ဖြင့် ကြားရုံမျှမက မနောဝိညာဏ်စိတ်ဖြင့် နာယူဆောင်ကပ် မှတ်မိထားသည်”ဟူသော အနက်အဓိပ္ပာယ်မျှလောက်ကိုသာ ဆိုလိုပါ၏။ ထိုနာယူဆောင်ကပ် မှတ်မိခြင်းကိစ္စ (**ဥပဓာရဏကိစ္စ**) သည်ကား အရှင်အာနန္ဒာအတွက် မြတ်စွာဘုရားထံ တရားနာစဉ်ကပင် ပြီးစီးခဲ့သောကြောင့် သင်္ဂါယနာတင်ချိန်၌ အတိတ်ဖြစ်လေပြီ။ ထို့ကြောင့် **သုတံ**ပုဒ်ကို ကံအနက်ပေးစဉ်က **တ** ပစ္စည်းသည် အတိတ်အနက်ဟော ဖြစ်သကဲ့သို့ ဘောအနက်ပေးသောအခါ၌လည်း သဝနကြိယာကို အတိတ်ကြိယာဖြစ်ကြောင်း သိသာအောင် **အဟောသိ** ဟု အတိတ်ကြိယာသာ ထည့်သင့်ပါသည်။

ထို့ပြင် ထို**ဥပဓာရဏကိစ္စ**သည် မြတ်စွာဘုရားထံ တရားနာစဉ်ကပင် ပြီးစီးခဲ့သောကြောင့် **ဘဂဝတော သမ္မုခါ** ဟု ထည့်စွက်၍ အနက်ပေးခွင့်ရှိပါ၏။ “**ဘဂဝတော သမ္မုခါ သုတာကာရတော**” ဟူသော ဋီကာများနှင့်လည်း ညီညွတ်ပါ၏။ ဤနေရာ၌ စကားကျဉ်းအောင် “**ဧဝံ မေ သုတံ**” ဟု သာမန်ပြထားသော်လည်း မည်သည့်ပုဂ္ဂိုလ်ထံမှ တရားတော်ကို သင်ယူခဲ့သည်ကို တိတိကျကျပြဖို့လိုသော **မဟာပဒေသသုတ်** (**အင်္ဂုတ္တိုရ်ပါဠိတော်**၊ ပ-နှာ၊ ၄၈၇) စသည်တို့၌ကား “**သမ္မုခါ မေတံ အာဝုသော ဘဂဝတော သုတံ၊ သမ္မုခါ ပဋိဂ္ဂဟိတံ။ပ။ တဿ မေ သံဃဿ သမ္မုခါ သုတံ၊ သမ္မုခါ ပဋိဂ္ဂဟိတံ**” ဟု ဘုရားအထံတော်မှ သံဃာ့အထံတော်မှ စသည်ဖြင့် ညွှန်ပြရပါသည်။

၁။ **ဧကံ သမယံ**။ ။ **ဧကံ** = တစ်ပါးသော၊ **သမယံ** = အခါ၌ (**ဩကာသအနက်**) ဝါ = အခါပတ်လုံး (**အစ္စန္တသံယောဂအနက်**) ဤသို့ အနက်နှစ်မျိုးပေးနိုင်၏။ ဤနေရာ၌ အရှင်အာနန္ဒာထေရ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သမျှ သုတ်တိုင်း သုတ်တိုင်း မည်သည့်နှစ် မည်သည့်လရက် မည်သည့်အချိန်၌ ဟောတော်မူကြောင်းကို တိတိကျကျ သိရှိမှတ်သားထားသော်လည်း ယခုခေတ်ကဲ့သို့ စာနှင့်ရေးမှတ်လေ့မရှိဘဲ နှုတ်တက်အရ ဆောင်ထားကြသော **ရှေးခေတ်ပုဂ္ဂိုလ်များ**မှာ ထိုထိုသုတ်တို့ကိုဟောရာ နှစ်၊ ဥတု၊ လ၊ ပက္ခ၊ ညဉ့်၊ နေ့၊ အချိန်ပိုင်းဆိုင်ရာ များစွာသော စကားလုံးတို့ကို သုတ်တိုင်း သုတ်တိုင်းမှတ်၍ နှုတ်တက်ဆောင်ခြင်း၊ ရွတ်ဆိုခြင်းငှာ မလွယ်ကူသောကြောင့် အချိန်ကာလတို့ကို တိတိကျကျ မဖော်ပြတော့ဘဲ “**ဧကံ သမယံ** = တစ်ပါးသောအခါ၌”ဟု တစ်ပုဒ်တည်းမျှဖြင့် သာမညသာ ပြဆိုထားပါသည်။

တနည်း- ဘုရားအလောင်း ပဋိသန္ဓေနေတော်မူရာအခါ၊ ဖွားမြင်တော်မူရာအခါ။ပ။ သစ္စာလေးပါးတရား သိမြင်၍ ဘုရားဖြစ်တော်မူရာအခါ၊ တရားဟောတော်မူရာအခါ စသည်တို့သည် တစ်သောင်းသော စကြဝဠာလောကဓာတ်

