## PAGE 55

ဒေသစာရီ ကြွချီတော်မူခြင်း၊ **အာဂန္တုက** ရဟန်းတို့အား ဦးစွာစ၍ ပဋိသန္တာရပြုတော်မူခြင်းကို၊ **တထာဂတေန**=သည်၊ **အနာစိဏ္ဏန္တိ**=လေ့ကျက်အပ်သော အစဉ်အလာ အကျင့်မဟုတ်ဟူ၍၊ ဒီပေန္တိ=အံ့။ ပ။

**တထာဂတေန**=သည်၊ **အပညတ္တံ**=ပညတ်တော်မမူအပ်သော တရားကို၊ ဝါ=သတိပဋ္ဌာန်တရားသုံးပါး သမ္မပ္ပဓာန်တရား ငါးပါး စသည်ဖြင့် လျှော့ကာ တိုးကာ လွဲမှားစွာ မပညတ်အပ်သော သုတ္တန်တရားကို၊ ဝါ=ပါရာဇိကအာပတ်သုံးပါး သံဃာဒိသေသ်အာပတ် ၁၄ ပါး စသည်ဖြင့် လျှော့ကာ တိုးကာ လွဲမှားစွာ မပညတ်အပ်သော ဝိနည်းတရားကို၊ **တထာဂတေန**=သည်၊ **ပညတ္တံ**=ပညတ်တော်မူအပ်သော တရားဟူ၍၊ (အပိုအလိုမရှိ တိကျစွာ ပညတ်အပ်သော တရားဟူ၍) ဒီပေန္တိ=အံ့။ ပ။

**တထာဂတေန**=သည်၊ **ပညတ္တံ**=ပညတ်တော်မူအပ်သော တရားကို၊ [ဝါ=သတိပဋ္ဌာန်တရားလေးပါး စသည်ဖြင့် မှန်ကန်တိကျစွာ ပညတ်အပ်သော သုတ္တန်တရားကို၊ ဝါ=ပါရာဇိကအာပတ်လေးပါး စသည်ဖြင့် မှန်ကန်တိကျစွာ ပညတ်အပ်သော ဝိနည်းတရားကို] **တထာဂတေန**=သည်၊ **အပညတ္တံ**=(မှန်ကန်တိကျစွာ) မပညတ်အပ်သော တရားဟူ၍၊ (လျှော့ကာ တိုးကာ လွဲမှားစွာ ပညတ်အပ်သော တရားဟူ၍) ဒီပေန္တိ=အံ့။ ပ။

**ဒွါစတ္တာလီသတိမံ**=၄၂ ခုမြောက်သော သုတ်တည်း။ **ဒသမော**=ဆယ်ခုမြောက်သော၊ **ဒုတိယပမာဒါဒိဝဂ္ဂေါ**=ဒုတိယပမာဒါဒိဝဂ်တည်း။

**၁၄၀။** **ဘိက္ခဝေ**=ရဟန်းတို့၊ **ယေ တေ ဘိက္ခု**=အကြင်ရဟန်းတို့သည်၊ **အဓမ္မံ**=ဖြူစင်သန့်ရှင်း အပြစ်ကင်းသော တရားမဟုတ်သည်ကို၊ **အဓမ္မောတိ**=ဖြူစင်သန့်ရှင်း အပြစ်ကင်းသော တရားမဟုတ်ဟူ၍၊ [နောက်အနက်များကိုလည်း ဆိုလိုက ဆိုပါ] **ဒီပေန္တိ**=ပြောပြကုန်အံ့၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **တေ ဘိက္ခု**=ထိုရဟန်းတို့သည်၊ **ဗဟုဇနဟိတာယ**=များစွာသော သတ္တဝါအပေါင်း၏ စီးပွားအလို့ငှာ၊ **ဗဟုဇနသုခါယ**=များစွာသော သတ္တဝါအပေါင်း၏ ချမ်းသာခြင်းငှာ၊ **ဗဟုနော**=များစွာသော၊ **ဇနဿ**=၏၊ **အတ္ထာယ**=ကြီးပွားတိုးတက်ခြင်းငှာ၊ **ဟိတာယ**=စီးပွားအလို့ငှာ၊ **ဒေဝမနုဿာနံ**=နတ်လူတို့၏၊ **သုခါယ**=ချမ်းသာခြင်းငှာ၊ **ပဋိပန္နာ**=ကျင့်ကုန်သည်တည်း။ ပ။ **ပုညံစ**=ကုသိုလ်ကောင်းမှုကိုလည်း။ ပ။ **ဌပေန္တိ**=ကြာမြင့်စွာ တည်တံ့စေကုန်၏။ **ဧကာဒသမော**=၁၁ ခုမြောက်သော၊ **အဓမ္မဝဂ္ဂေါ**=ဝဂ်တည်း။

## PAGE 56

#### ၁၂-အနာပတ္တိဝဂ်

**၁၅၀-၉။** **အနာပတ္တိ**=အာပတ်မဟုတ်သည်ကို၊ ဝါ=(မသိခြင်း၊ ခိုးလိုသတ်လိုစိတ်မရှိခြင်း စသည်တို့ကြောင့်) အာပတ်မသင့်ရောက်ခြင်းကို၊ **အာပတ္တေတိ**=အာပတ်ဟူ၍၊ ဝါ=အာပတ်သင့်ရောက်ခြင်း ဟူ၍၊ [မသိခြင်းဟူသည် အိပ်ပျော်နေခိုက် မိမိ၌ သူတစ်ပါးက မေထုန်မှီဝဲသွားသည်ကို မသိလိုက်ခြင်း စသည်တည်း]။ ပ။ **အာပတ္တိ**=အာပတ်ကို၊ ဝါ=(သိခြင်း ခိုးလိုသတ်လိုစိတ်ရှိခြင်း စသည်ကြောင့် အာပတ်သင့်ရောက်ခြင်းကို)၊ **အနာပတ္တီတိ**=အာပတ်မဟုတ်ဟူ၍၊ ဝါ=အာပတ်သင့်ခြင်း မဟုတ်ဟူ၍။ ပ။ **လဟုကံ**=အပေါ့စား အသေးစားဖြစ်သော၊ **အာပတ္တိ**=အာပတ်ကို၊ (ထုလ္လစဉ်း၊ ပါစိတ်၊ ပါဋိဒေသနီ၊ ဒုက္ကဋ်၊ ဒုဗ္ဗာသိတ ဟူသော အာပတ်ငါးမျိုးကို) **ဂရုကာ**=ကြီးလေးသော၊ **အာပတ္တေတိ**=အာပတ်ဟူ၍။ ပ။ **ဂရုကံ**=ကြီးလေးသော၊ **အာပတ္တိ**=(ပါရာဇိက၊ သံဃာဒိသေသ် ဟူသော) အာပတ်ကို၊ **လဟုကာ**=သော၊ **အာပတ္တေတိ**=အာပတ်ဟူ၍။ ပ။ **ဒုဋ္ဌုလ္လံ**=ရုန်ရင်းကြမ်းတမ်းသော၊ **အာပတ္တိ**=(ပါရာဇိက၊ သံဃာဒိသေသ် ဟူသော) အာပတ်ကို၊ **အဒုဋ္ဌုလ္လာ**=မရုန်ရင်း မကြမ်းတမ်းသော၊ **အာပတ္တေတိ**=ဟူ၍။ ပ။ **အဒုဋ္ဌုလ္လံ**=သော၊ **အာပတ္တိ**=(ထုလ္လစဉ်း စသော ငါးမျိုးသော) အာပတ်ကို။ ပ။

**သာဝသေသံ** [ကြွင်းကျန်သော သီလသိက္ခာတို့နှင့်တကွဖြစ်သော သဟ အဝသေသေဟိ သီလေဟိ ယာ အာပတ္တိ ဝတ္တတီတိ သာဝသေသာ] ဝါ=သီလသိက္ခာ အကြွင်းအကျန်ရှိသေးသော၊ **အာပတ္တိ**=(ပါရာဇိကမှ တပါးသော) အာပတ်ကို၊ **အနဝသေသာ** [ကြွင်းကျန်သော သီလသိက္ခာ မရှိသော နတ္ထိ အဝသေသာနိ သီလာနိ ဧတိဿံ အာပန္နာယန္တိ အနဝသေသာ] **အာပတ္တေတိ**=ဟူ၍။ ပ။ **အနဝသေသံ**=သော၊ **အာပတ္တိ**=ပါရာဇိကအာပတ်ကို။ ပ။ **သပ္ပဋိကမ္မံ**=ကုစားနိုင်ခြင်းနှင့် တကွဖြစ်သော၊ ဝါ=ကုစား၍ ရနိုင်ကောင်းသော၊ **အာပတ္တိ**=(ပါရာဇိကမှ တပါးသော) အာပတ်ကို၊ **အပ္ပဋိကမ္မာ**=ကုစားနိုင်ခြင်းမရှိသော၊ ဝါ=ကုစား၍ မရနိုင်ကောင်းသော၊ **အာပတ္တေတိ**=(ပါရာဇိက) အာပတ်ဟူ၍။ ပ။ **ဒွါဒသမော**=၁၂ ခုတို့၏ ပြည့်ကြောင်းဖြစ်သော၊ **အနာပတ္တိဝဂ္ဂေါ**=တည်း။

။
## PAGE 57

၁၇၀။ **ဘိက္ခဝေ** = ရဟန်းတို့၊ **ဧကပုဂ္ဂလော** = တစ်ဦးတည်းသော ပုဂ္ဂိုလ်သည်၊ လောကေ = လူသတ္တလောက၌၊ ဥပ္ပဇ္ဇမာနော = ဖြစ်ထွန်းပေါ်ပေါက်တော်မူလသော်၊ ဝါ = ဖြစ်စွမ်းနိုင်လသော်၊ ဝါ = ပါရမီအဆောက်အအုံ အကျင့်ဂုဏ်ကြောင့် အစွမ်းဟုန်သတ္တိ အပြည့်အစုံရှိလသော်၊ [နောက်အနက်များ၌ မာနပစ္စည်း သတ္တိအနက် ဟောဟုမှတ်] **ဗဟုဇနဟိတာယ** = များစွာသော သတ္တဝါအပေါင်း၏ စီးပွားအလို့ငှာ၊ (များစွာသော သတ္တဝါအပေါင်း၏ လောကီလောကုတ္တရာ စီးပွားပြီးစီးခြင်းငှာ) **ဗဟုဇနသုခါယ** = များစွာသော သတ္တဝါအပေါင်း၏ ချမ်းသာခြင်းငှာ၊ (များစွာသော သတ္တဝါအပေါင်း၏ လောကီ လောကုတ္တရာ ချမ်းသာ၏ ပြီးစီးခြင်းငှာ) **လောကာနုကမ္ပါယ** = သတ္တလောကကို ငဲ့ညှာထောက်ထား သနားခြင်းငှာ၊ **ဒေဝမနုဿာနံ** = နတ်လူတို့၏၊ **အတ္ထာယ** = ကြီးပွားတိုးတက်ခြင်းငှာ၊ **ဟိတာယ** = စီးပွားအလို့ငှာ၊ **သုခါယ** = ချမ်းသာခြင်းငှာ၊ **ဥပ္ပဇ္ဇတိ** = ဖြစ်ထွန်းပေါ်ပေါက်လာတော်မူ၏။

**ဧကပုဂ္ဂလော** = တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟူသည်၊ **ကတမော** = အဘယ်နည်း၊ **အရဟံ** = ကိလေသာရန်သူတို့မှ ဝေးကွာတော်မူသော၊ ဝါ = လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ဝပ်စင်းဦးခိုက် ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊ **သမ္မာသမ္ဗုဒ္ဓေါ** = အမှားမပါ, မှန်စွာပိုင်နိုင် ကိုယ်တိုင်စတွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိ သိမြင်တော်မူသော၊ **တထာဂတော** = မြတ်စွာဘုရားပေတည်း၊ (ဝိပဿီစသား)

#### ၁။ ဧကပုဂ္ဂလောအနက်ဖွင့်။

**ကေနဋ္ဌေန ဧကပုဂ္ဂလော ? အသဒိသဋ္ဌေန ဂုဏဝိသိဋ္ဌဋ္ဌေန အသမသမဋ္ဌေနာတိ**-စသော အဖွင့်နှင့်အညီ “**ဧကပုဂ္ဂလော** = ပါရမီအဆောက်အအုံ ဗုဒ္ဓဂုဏ်တို့ဖြင့် မည်သည့်ပုဂ္ဂိုလ်နှင့်မျှ မတူသည်ဖြစ်၍ တဦးတည်း တဆူတည်းသာ ဖြစ်တော်မူသောပုဂ္ဂိုလ်သည်၊ ဝါ = အခြားသတ္တဝါတို့၏ဂုဏ်တို့ထက် သာလွန်ထူးကဲသော ဂုဏ်တော်ပိုင်ရှင်ဖြစ်၍ တဦးတည်း တဆူတည်းဖြစ်တော်မူသော ပုဂ္ဂိုလ်သည်၊ ဝါ = မည်သည့် ပုဂ္ဂိုလ်တဦးတယောက်နှင့်မျှ တူတော်မမူကြသော ရှေးဘုရားရှင်တော်မြတ်တို့နှင့်သာ ရူပကာယဂုဏ်၊ နာမကာယဂုဏ်တို့ဖြင့် တထပ်တည်း တူတော်မူသည်ဖြစ်၍ တဦးတည်း တဆူတည်းဖြစ်တော်မူသော ပုဂ္ဂိုလ်သည်” ဟု အကျယ်တဝင့် အနက်သုံးမျိုးဆိုနိုင်သည်။

