## PAGE 67

ဈာန်သညာကို ဖြစ်ပွားစေခြင်း၌ ကျွမ်းကျင်ကုန်သော၊ ဝါ = ဣတ္ထိပုရိသသညာ, နိစ္စသညာ စသည်တို့မှ စိတ်ကို ခွဲခွာ၍ ရုပ်နာမ်အာရုံ, နိဗ္ဗာန်အာရုံ၌ အထူးအားဖြင့် ဖြစ်စေခြင်း၌ ကျွမ်းကျင်ကုန်သော၊ ဝါ = ဝိပဿနာတရား ဖြစ်ပွားစေခြင်း၌ ကျွမ်းကျင်ကုန်သော၊ ဘိက္ခုနံ။ ပ။ ၂၀၁။ 

**အရဏဝိဟာရိနံ** = ငိုကြွေးမြည်တမ်းကြောင်း ကิလေသာမရှိသော နေထိုင်ခြင်းရှိကုန်သော၊ ဘိက္ခူနံ = တို့တွင်၊ **ယဒိဒံ (ယောအယံ) သုဘူတိ** = သည်၊ (အတ္ထိ) **ဧတံ (ဧသော)** = ထိုသုဘူတိသည်၊ **အဂ္ဂ (အဂ္ဂေါ)** = တည်း။ [အရဏ = ငိုကြွေးကြောင်း ကိလေသာမရှိသော + ဝိဟာရ = နေခြင်း]။ ပ။ ၂၀၂။ 

**ဒက္ခိဏေယျာနံ** = မြတ်သောအလှူကို ခံယူထိုက်ကုန်သော။ ပ။ ၂၀၃။ 

**အာရညကာနံ** = တော၌နေလေ့ရှိကုန်သော၊ ဘိက္ခုနံ = တို့တွင်၊ **ခဒိရဝနိယော** = ရှားပင်တော၌နေလေ့ရှိသော၊ **ယဒိဒံ (ယောအင်္ဃ) ရေဝတော**။ ပ။ ၂၀၄။ 

**ဈာယီနံ** = ဈာန်ဝင်စားလေ့ရှိကုန်သော။ ပ။ ၂၀၅။ 

**အာရဒ္ဓဝီရိယာနံ** = အားထုတ်အပ်သော ဝီရိယရှိကုန်သော၊ ဝါ = ပြည့်စုံသော ဝီရိယရှိကုန်သော၊ [စာပိုဒ် ၁၈-လည်းကြည့်] ဘိက္ခူနံ = တို့တွင်၊ **ကောဠိဝိသော** = ကောဠိဝိသအနွယ်၌ဖြစ်သော၊ ဝါ = (အုပ်ချုပ်သူအကြီးအကဲ ရာထူးဖြင့် အထွတ်အထိပ်သို့ရောက်သော ဝေဿမျိုး၏ သူငယ်ဖြစ်ခဲ့သော၊ ဣဿရိယေန - စိုးမိုးအုပ်ချုပ်သောအကြီးအကဲရာထူးဖြင့်၊ ကောဋိပ္ပတ္တော ဝေသော ကောဋိဝေသော = အထွတ်အထိပ်သို့ရောက်သောဝေဿမျိုး။ ကောဋိဝေဿဿ အပစ္စံ ကောဠိဝိသော။ နိရုတ္တိနည်းဖြင့် ကောဋိဝေဿ၌ ဋကို ဠပြု၊ ဝေဿမှ ဧကို ဣပြန်၊ သတလုံးကိုချေ၍ ကောဠိဝိသဟု ရုပ်ဖြစ်၏။] 

**ယဒိဒံ (ယောအယံ) သောဏော**။ ပ။ ၂၀၆။ 

**ကလျာဏဝါက္ကရဏာနံ** = ချိုသာကောင်းမြတ် မြွက်ဆိုအပ်သော တရားစကားသံ ရှိကုန်သော၊ ဘိက္ခုနံ = တို့တွင်၊ ကလျာဏ = ကောင်းသော + ဝါက္ကရဏ = စကားသံ **ကုဋိကဏ္ဏော** = တကုဋေတန် နားတန်ဆာကို ပန်ဆင်ခဲ့ဖူးသော၊ **ယဒိဒံ (ယောအယံ) သောဏော** = သည်၊ [ကုဋိ (ကောဋိ) = တစ်ကုဋေထိုက်တန်သော + ကဏ္ဏ (ကဏ္ဏပိဠန္ဓန) - နားတန်ဆာ၊ ကုဋိကဏ္ဏ ဓာရေသိတိ ကုဋိကဏ္ဏော]။ ပ။ ၂၀၇။ 

**လာဘီနံ** = ပစ္စည်းလာဘ်များစွာ ရရှိကုန်သော၊ ဘိက္ခူးနံ = တို့တွင်၊ **ယဒိဒံ ယောအယံ သီဝလိ** = သည်။ ပ။ ၂၀၈။ 

**သဒ္ဓါဓိမုတ္တာနံ** = သဒ္ဓါတရားဖြင့် လွန်ကဲစွဲမြဲစွာ သက်ဝင်ကြည်ညိုကုန်သော၊ ဝါ = အားကောင်းသော သဒ္ဓါတရားရှိကုန်သော၊ ဘိက္ခူနံ = တို့တွင်၊ **ယဒိဒံ (ယောအယံ) ဝက္ကလိ** = သည်၊ (အတ္ထိ) **ဧတံ (ဧသော)** = ထိုဝက္ကလိသည်၊ **အဂ္ဂံ (အဂ္ဂေါ)** = တည်း, **ဣတိ** = သို့၊ (အဝေါစ)။

#### ၁၄-ဧတဒဂ္ဂဝဂ်၊ ၃-တတိယဝဂ်

**၂၀၉။ သိက္ခာကာမာနံ** = သိက္ခာသုံးပါးကို လိုလားကုန်သော၊ ဝါ = သိက္ခာသုံးပါးကို လိုလားမြတ်နိုးစွာ ဖြည့်ကျင့်ကုန်သော၊ ဘိက္ခူနံ။ ပ။ ၂၁၀။ 

**သဒ္ဓါပဗ္ဗဇိတာနံ** = သဒ္ဓါတရားဖြင့် ရဟန်းပြုကုန်သော။ ပ။ ၂၁၁။ 

**ပဌမံ** = ရဟန်းအားလုံးတို့၏ ရှေးဦးစွာ၊ **သလာကံ** = စာရေးတံမဲကို၊ **ဂဏှန္တာနံ** = ယူကုန်သော၊ ဘိက္ခုနံ။ ပ။ ၂၁၂။ 

**ပဋိဘာနဝန္တာနံ** = ရှေ့ရှုထင်ပေါ်လာသော ပဋိဘာန်ဉာဏ်ရှိကုန်သော၊ ဝါ = အကြောင်းအားလျော်စွာ ရုတ်တရက်ချက်ချင်း ဂါထာကဗျာစပ်ဆိုပြနိုင်လောက်အောင် ထင်ပေါ်လာသော ဉာဏ် ရှိကုန်သော။ ပ။ ၂၁၃။ 

**သမန္တပါသာဒိကာနံ** = ပတ်လည်ဝန်းကျင် အကုန်အစင် ကြည်ညိုမှုကို ဖြစ်စေနိုင်ကုန်သော၊ ဝါ = မိမိနှင့်တကွ မိမိပရိသတ် အသိုင်းအဝိုင်းအားလုံးစုံပင် သူတပါးတို့၏ ကြည်ညိုလေးစားမှုကို ဖြစ်စေနိုင်ကုန်သော၊ ဘိက္ခူနံ = တို့တွင်၊ **ဝင်္ဂန္တပုတ္တော** = ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော၊ **ယဒိဒံ ယောအယံ ဥပသေနော့**။

## PAGE 68

**၂၁၄။ သေနာသနပညာပကာနံ** = အိပ်ရာနေရာထိုင်ခင်း စီမံခင်းကျင်းတတ်ကုန်သော၊ ဘိက္ခူနံ = တို့တွင်၊ **မလ္လပုတ္တော** = မလ္လမင်း၏ သားဖြစ်သော၊ **ယဒိဒံ (ယောအယံ) ဒဗ္ဗော**။ ပ။ ၂၁၅။ 

**ဒေဝတာနံ** = နတ်တို့၏၊ **ပိယမနာပါနံ** = ချစ်ခင်အပ်သူ, စိတ်နှလုံးကို တိုးပွားစေတတ်သူဖြစ်ကုန်သော၊ ဘိက္ခူနံ။ ပ။ ၂၁၆။ 

**ခိပ္ပါဘိညာနံ** = လျင်မြန်စွာရအပ်သော မဂ်ဖိုလ်ဉာဏ်ထူး ရှိကုန်သော၊ ဘိက္ခူနံ = တို့တွင်၊ **ဒါရုစီရိယော** = သိတွဲထားအပ်သော အဝတ်ကို ဝတ်ရုံခဲ့ဖူးသော၊ **ယဒိဒံ (ယောအယံ) ဗာဟိယော**, [ဒါရု = သစ်သား + စီရ = အဝတ်။ ဒါရုနာ ပကတံ စီရံ ဒါရုစိရံ၊ တံ နိဝါသေသီတိ ဒါရုစီရိယော]။ ၂၁၇။ 

**စိတ္တကထိကာနံ** = ဆန်းကြယ်စွာ တရားဟောတတ်ကုန်သော။ ၂၁၈။ 

**ပဋိသမ္ဘိဒါပတ္တာနံ** = ပဋိသမ္ဘိဒါဉာဏ် လေးပါးသို့ ရောက်ကုန်သော။ [မဟာကောဋ္ဌိကော + ဣတိ]
## PAGE 69

**၂၁၉။ ဗဟုဿုတာနံ**=များစွာသော ပရိယတ္တိဓမ္မသုတ ရှိကုန်သော၊ ဝါ=(တရားဘဏ္ဍာတော်စိုးအနေအားဖြင့်) များစွာကြားနာ သင်မှတ်အပ်ပြီးသော သုံးဖြာပိဋကတ် ပရိယတ်တရားတော် ရှိကုန်သော၊ **ဘိက္ခူနံ**။ ပ။

**၂၂၀။ သတိမန္တာနံ**=လွန်ကဲသော သတိရှိကုန်သော၊ (မြတ်စွာဘုရား တရားတော်ကို မမေ့ပျောက်အောင် မှတ်သားထားနိုင်သော သတိရှိကုန်သော) **ဘိက္ခုနံ**။ပ။

**၂၂၁။ ဂတိမန္တာနံ**=လွန်ကဲသော ဉာဏ်ပညာရှိကုန်သော၊ (မြတ်စွာဘုရားဟောတော်

#### ၁။ အရှင်အာနန္ဒာ၏ ဂတိမန္တတာ(မှတ်ဉာဏ်)စွမ်းရည်

ပထမအကြိမ်ရိုက် အင်္ဂုတ္တိုရ်နိဿယ ဤနေရာ၌ အရှင်အာနန္ဒာ၏ **ဂတိမန္တတာ**စွမ်းရည်ကို ဤသုတ်အဋ္ဌကထာအတိုင်း အနည်းငယ်မျှရေးသားခဲ့၏။ ယခုနောက်ထပ် အကြိမ်ရိုက် စာအုပ်၌မူ အခြားအဋ္ဌကထာဋီကာတို့မှလည်းယူ၍ စုံလင်အောင် ရေးသင့်သမျှ ရေးပါဦးမည်။ အရှင်အာနန္ဒာ၏ **ဂတိမန္တတာ**စွမ်းရည်ကို ဖွင့်ပြသော ဤသုတ်အဋ္ဌကထာ၌-

“**အယမေဝ စာယသ္မာ ဧကပဒေ ဌတွာ သဋ္ဌိပဒသဟဿာနိ ဂဏှန္တော သတ္ထာရာ ကထိတနိယာမေနေဝ သဗ္ဗပဒါနိ ဇာနာတိ၊ တသ္မာ ဂတိမန္တာနံ အဂ္ဂေါ နာမ ဇာတော**”ဟူ၍ မိန့်ဆိုတော်မူ၏။ ယင်းသို့မိန့်ဆိုရာ၌ “**ဧကပဒေ ဌတွာ**”ဟူသော ပါဌ်ကို “**ဧကပဒေ** = တခုတည်းသော ခြေ၌၊ ဝါ = ခြေဖဝါးချနင်းရာ တနေရာတည်း၌၊ **ဌတွာ**=(မရွှေ့ပြောင်းဘဲ)ရပ်၍”ဟု အနက်ပြန်ဆိုပြီးလျှင် “အရှင်အာနန္ဒာသည် နေရာရွှေ့ပြောင်းမှု မပြုဘဲ ခြေဖဝါးချနင်းရာ တနေရာတည်း၌ ရပ်လျက်ပင် ဂါထာပါဒပေါင်း ခြောက်သောင်းတို့ကို (သို့မဟုတ်) လေးပါဒရှိသော ဂါထာပေါင်း တစ်သောင်းငါးထောင်တို့ကို သင်ယူနိုင်စွမ်းရှိ၍ မြတ်စွာဘုရား ဟောတော်မူအပ်သည့်အတိုင်း အားလုံးသောပုဒ်တို့ကို သိနိုင်၏။ ထို့ကြောင့် အရှင်အာနန္ဒာသည် **ဂတိမန္တ** ပုဂ္ဂိုလ်(မှတ်ဉာဏ်စွမ်းရှိသူ)တို့တွင် အမြတ်ဆုံး, အသာလွန်ဆုံးဖြစ်သည်”ဟူ၍ ထိုအဋ္ဌကထာဝါကျကို မြန်မာပြန်ဆိုရမည်ဖြစ်၏။

ထို့အတူ အဋ္ဌသာလိနီ နိဒါနကထာ(နှာ-၁၆)၌လည်း “**ဋ္ဌိတပဒေနေဝ ဌတွာ ဂဏှာတိ ဝါ ဝါစေတိ ဝါ ဒေသေတိ ဝါ**”ဟု မိန့်ဆို၏။ ထိုအဋ္ဌသာလိနီ၌ “**ဋ္ဌိတပဒေနေဝ** = (မရွှေ့ပြောင်းဘဲ)ရပ်တည်နေသောခြေဖြင့်သာလျှင်၊ **ဌတွာ**=ရပ်၍”ဟု အနက်ပြန်ဆိုသင့်၏။ ပြည်နိဿယ(ပ-၆၅)၌လည်း “**ဌိတပဒေနေဝ** = ရပ်သောခြေဖြင့်သာလျှင်”ဟုပင် အနက်ပြန်ဆိုတော်မူ၏။

