## PAGE 100

ပ။ **သဒ္ဓါဗလံ**=သဒ္ဓါဗိုလ်ကို၊ ဝါ=အဿဒ္ဓိယအကုသိုလ်ကြောင့် မလှုပ်မယိုင် ခိုင်မြဲသော သဒ္ဓါဟူသော စွမ်းအားကို၊ [**ဗလ**=မလှုပ်မယိုင် ခိုင်မြဲသော စွမ်းအား]။ ပ။

**ဝီရိယဗလံ**=ဝီရိယဗိုလ်ကို၊ ဝါ=ကောသဇ္ဇအကုသိုလ်ကြောင့် မလှုပ်မယိုင် ခိုင်မြဲသော ဝီရိယဟူသော စွမ်းအားကို။ ပ။

**သတိဗလံ**=သတိဗိုလ်ကို၊ ဝါ=မုဋ္ဌဿစ္စ အကုသိုလ်ကြောင့် [မလှုပ်မယိုင် ခိုင်မြဲသော စွမ်း]အားကို။ ပ။

**သမာဓိဗလံ**=သမာဓိဗိုလ်ကို၊ ဝါ=ဥဒ္ဓစ္စကြောင့် [မလှုပ်မယိုင် ခိုင်မြဲသော စွမ်းအား]ကို။ ပ။

**ပညာဗလံ**=ကို၊ ဝါ=အဝိဇ္ဇာကြောင့် [မလှုပ်မယိုင် ခိုင်မြဲသော စွမ်းအား]ကို။ ပ။

#### ၄၁၂၊ ၄၂၆။

**သတိသမ္ဗောဇ္ဈင်္ဂံ**=သတိသမ္ဗောဇ္ဈင်တရားကို၊ ဝါ=သတိဟူသော ချီးမွမ်းအပ်၊ ကောင်းမြတ်သော ဗောဇ္ဈင်တရားကို။ [**ပသတ္ထော သုန္ဒရော စ ဗောဇ္ဈင်္ဂေါ သမ္ဗောဇ္ဈင်္ဂေါ**။ ဗောဇ္ဈင်္ဂပုဒ်၏ သဒ္ဒတ္ထကို စာပိုဒ်(၇၄)၌ ကြည့်]။ ပ။

**ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ**=ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို၊ ဝါ=သစ္စာလေးပါးတရားတို့ကို စူးစမ်းဆင်ခြင် သိမြင်တတ်သော ဉာဏ်ပညာဟူသော ချီးမွမ်းအပ်၊ ကောင်းမြတ်သော ဗောဇ္ဈင်ကို။ [**စတုသစ္စဓမ္မေ ဝိစိနာတီတိ ဓမ္မဝိစယော**]။ ပ။

**ဝီရိယသမ္ဗောဇ္ဈင်္ဂံ**=ကို၊ ဝါ=ဝီရိယဟူသော ချီးမွမ်းအပ် ကောင်းမြတ်သော ဗောဇ္ဈင်ကို။ ပ။

**ပီတိသမ္ဗောဇ္ဈင်္ဂံ**=ကို၊ ဝါ=ပီတိဟူသော ချီးမွမ်း[အပ် ကောင်းမြတ်သော ဗောဇ္ဈင်]ကို။

**ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂံ**=ကို၊ ဝါ=ပဿဒ္ဓိဟူသော ချီးမွမ်း[အပ် ကောင်းမြတ်သော ဗောဇ္ဈင်]ကို။

**သမာဓိသမ္ဗောဇ္ဈင်္ဂံ**=ကို၊ ဝါ=သမာဓိဟူသော ချီးမွမ်း[အပ် ကောင်းမြတ်သော ဗောဇ္ဈင်]ကို။ ပ။

**ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ**=ကို၊ ဝါ=ဥပေက္ခာဟူသော ချီးမွမ်း[အပ် ကောင်းမြတ်သော ဗောဇ္ဈင်]ကို။ ပ။

**သမ္မာဒိဋ္ဌိ**=မှန်ကန်စွာ [သိမြင်ခြင်း...]။

ထိုတွင်လည်း ဆန္ဒ၊ သမာဓိ၊ ပဓာနသင်္ခါရတရားသုံးပါးတို့အနက် တစ်ပါးပါးကို ဣဒ္ဓိဟုယူလျှင် ကျန်နှစ်ပါးတို့ကိုလည်းကောင်း၊ ယှဉ်ဘက်နာမ်ခန္ဓာလေးပါးကိုလည်းကောင်း ဣဒ္ဓိပါဒဟု ယူရ၏။ ဝီရိယ၊ သမာဓိ၊ ပဓာနသင်္ခါရစသော သုံးပါးသုံးပါးအတွက်လည်း ဤအတိုင်းပင် ယူရ၏။

ဤနည်းအားဖြင့် ဆန္ဒ၊ သမာဓိ၊ ပဓာနသင်္ခါရတို့သည် (ထို့အတူ ဝီရိယ၊ သမာဓိ၊ ပဓာနသင်္ခါရ စသည်တို့သည်) ဣဒ္ဓိလည်းမည်၏။ ဣဒ္ဓိပါဒလည်း မည်၏။ ၎င်းတို့နှင့် ယှဉ်ဘက် ကုသိုလ်နာမ်ခန္ဓာလေးပါးသည် ဣဒ္ဓိပါဒသာမည်၏။ ဤသို့ စသည်ဖြင့် ဣဒ္ဓိနှင့် ဣဒ္ဓိပါဒတို့အရ ယူပုံ အမျိုးမျိုးဖွင့်ပြ၏။ [သမ္မောဟဝိနောဒနီအဋ္ဌကထာ၊ ၂၉၃ စသည်]

ဤနေရာ၌ ဆန္ဒိဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ် စသောလေးမျိုးကိုသာ ဣဒ္ဓိပါဒ်ဟု အသိများကြ၏။ ထိုအတိုင်းလည်း ဣဒ္ဓိပါဒဝိဘင်း (ဥတ္တရစူဠဘာဇနီယ စာပိုဒ် ၄၅၇) ၌ ဣဒ္ဓိပါဒ်လေးမျိုး ဟောထားတော်မူသေး၏။ သမာဓိရခြင်း၏ အကြောင်းရင်း (ဥပါယ) ဖြစ်သော အဓိပတိပစ္စည်းတပ်သော ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာဟူသော တရားလေးမျိုးကိုသာ ရွေးကောက်၍ သီးခြား ဣဒ္ဓိပါဒ်လေးမျိုး ဟောတော်မူခြင်း ဖြစ်သည်။

## PAGE 101

**သမ္မာဒိဋ္ဌိ**=မှန်ကန်စွာ သိတတ်သော ဉာဏ်ပညာကို။ ပ။

**သမ္မာသင်္ကပ္ပံ**=မှန်ကန်စွာ ကြံစည်တတ်သော သဘောတရားကို။ ပ။

**သမ္မာဝါစံ**=မှန်ကန်စွာ ပြောဆိုကြောင်း သဘောတရားကို။ ပ။

**သမ္မာကမ္မန္တံ**=မှန်ကန်စွာ ပြုလုပ်ကြောင်း သဘောတရားကို။

**သမ္မာအာဇီဝံ**=မှန်ကန်စွာ အသက်မွေးကြောင်း သဘောတရားကို။ ပ။

**သမ္မာဝါယာမံ**=မှန်ကန်စွာ အားထုတ်တတ်သော ဝီရိယကို။ ပ။

**သမ္မာသတိ**=မှန်ကန်စွာ အောက်မေ့ အမှတ်ရတတ်သော သဘောတရားကို။ ပ။

**သမ္မာသမာဓိ**=မှန်ကန်စွာ အာရုံ၌ စိတ်ကို တည်တည်တံ့တံ့ ထားတတ်သော သဘောတရားကို၊ စေ ဘာဝေတိ=အံ့။ [သာရတ္ထဒီပနီဋီကာ၊ တ၊ ၁၇၀]

#### ၄၂၇၊ ၄၃၄။

[ယခုပြမည့် သုတ်ရှစ်သုတ်မှာ အလွန်ဉာဏ်ထက်သော ရဟန်း၏ အဘိဘာယတနဟု ခေါ်ဝေါ်အပ်သော ဈာန်ရှစ်မျိုးကိုပြသော သုတ်များတည်း]

**အဇ္ဈတ္တံ**=အဇ္ဈတ္တကသိုဏ်းရုပ်၌၊ ဝါ=မိမိ၏ ဆံပင်စသည်တို့၏ ကသိုဏ်းရုပ်၌၊ ရူပသညီ=ကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်းသော သညာရှိသည် (ဟုတွာ=ဖြစ်၍)။ ဤနှစ်ပုဒ်ကိုတွဲ၍ “အဇ္ဈတ္တံ ရူပသညီ=အဇ္ဈတ္တကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်း၍” ဟု အဓိပ္ပာယ်မှတ်ပါ၊]

**ဗဟိဒ္ဓါ**=ခန္ဓာကိုယ်၏ အပြင်အပ၌၊ ဝါ=ခန္ဓာကိုယ်မှ တခြားသော ပြင်ပအရာဝတ္ထု၌ ရှိကုန်သော၊ **ပရိတ္တာနိ**=ကျဉ်းငယ်ကုန်သော၊ (ဗန်းစကား ရေအိုးဖုံးလောက်မျှသာ ရှိသဖြင့် ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ကုန်သော) **သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ**=တင့်တယ်သော အဆင်းရှိကုန်၊ မတင့်တယ်သော အဆင်းရှိကုန်သော၊ **ရူပါနိ**=(ပဋိဘာဂနိမိတ်ဖြစ်သော) ကသိုဏ်းရုပ်တို့ကို၊ စေ ပဿတိ=အကယ်၍ ရှုအံ့၊ **တာနိ**=ထိုဗဟိဒ္ဓကသိုဏ်းရုပ်တို့ကို၊ **အဘိဘုယျ**=ဖိစီးလွှမ်းမိုး၍၊ ဝါ=ဖိစီးလွှမ်းမိုးကာ ရှု၍ (စေ သမာပဇ္ဇတိ=အကယ်၍...)။

**၁။ အဇ္ဈတ္တံ ရူပသညီ။** ။ ဆံပင်နှင့် မျက်နက်ဝန်း စသည်တို့၏ အညိုရောင် (နီလ) ကသိုဏ်းရုပ်၊ အသား၊ အသွေး စသည်တို့၏ အနီရောင် (လောဟိတ) ကသိုဏ်းရုပ်၊ အရိုးနှင့်သွားစသည်တို့၏ အဖြူရောင် (ဩဒါတ) ကသိုဏ်းရုပ် စသော (မိမိခန္ဓာကိုယ်မှာရှိသော) ကသိုဏ်းရုပ်ကို အဇ္ဈတ္တကသိုဏ်းရုပ်ဟု ခေါ်၏။ အဇ္ဈတ္တပုဒ်၏ ဝစနတ္ထကို စာပိုဒ်-၉၈-၌ ကြည့်ပါ။ [**ရူပေ ကသိဏရူပေ သညာ ပရိကမ္မသညာ ရူပသညာ၊ ရူပသညာ အဿ အတ္ထိတိ ရူပသညီ**]။

**၂။ ဤတိုင်အောင် ဆိုလိုရင်း။** ။ ဤ “စေ ပဿတိ” ပုဒ်၏ အနက်တိုင်အောင် ဆိုလိုရင်းမှာ - ထိုရဟန်းသည် မိမိခန္ဓာကိုယ်၌ရှိသော ဆံပင်စသော အဇ္ဈတ္တကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်း၏။ သို့သော် ပဋိဘာဂနိမိတ်ထင်၍ အပ္ပနာဈာန် ဖြစ်ပေါ်လာသည်တိုင်အောင် ထိုအဇ္ဈတ္တကသိုဏ်းရုပ်ကိုပင် အာရုံပြုရှုမှတ်နေသည်မဟုတ်၊ အပ္ပနာဈာန်ဖြစ်ဖို့အတွက်ကား “ဗဟိဒ္ဓါ ပရိတ္တာနိ”...
## PAGE 102

အပ္ပနာဈာန်သို့ ရောက်အံ့၊) **ဇာနာမိတိ**=ငါသိ၏ဟု၊ **ပဿာမိတိ**=ငါမြင်၏ဟု ထိုကသိုဏ်းရုပ်တို့ကို ငါသိ၏, ငါမြင်၏ဟူ၍] **ဧဝံ**သည် = ဤသို့သော အာဘောဂသညာရှိသည်၊ **စေ ဟောတိ**-အကယ်၍ ဖြစ်အံ့၊ (ဈာန်မှထသောအခါ၌ အကယ်၍ ဖြစ်အံ့၊) (တနည်း) **ဧဝံ**သည်=ဤသို့သော အဘိဘဝနဈာန် သညာရှိသည်၊ **စေ ဟောတိ**=အကယ်၍ ဖြစ်အံ့၊ (ဈာန်သမာပတ်အတွင်း၌ ဖြစ်အံ့) [ဤကား ပဌမအဘိဘာယတနသုတ်တည်း။]

**အဇ္ဈတ္တံ**=၌၊ **ပ။** **အပ္ပမာဏာန်**=ကျယ်ပြန့်သော ပမာဏရှိကုန်သော။**ပ။**

**အဇ္ဈတ္တံ** = ၌၊ **အရူပ**သည် = ကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်းသော ဈာန်သညာ ရှိသည် မဟုတ်ဘဲ၊ **ဗဟိဒ္ဓါ**=၌၊ **ဝါ**=ကုန်သော။ **ပ။** **ဗဟိဒ္ဓါ**=၌၊ **ဝါ**=ကုန်သော၊ **နီလာနိ**=ညိုကုန်သော၊ (နီလဝဏ္ဏ, နီလနိဒဿန, နီလနိဘာသ အားလုံးစုံ ပါဝင်သက်ဆိုင်၍ အညိုသာမာန်ဖြစ်ကုန်သော) **နီလဝဏ္ဏာ**=ညိုသော အဆင်း ရှိကုန်သော၊ (ပင်ကိုသဘာဝ မူလဓာတ်ခံ ညိုသောအဆင်းရှိကုန်သော) **နီလနိဒဿနာနိ**=(ကြိုးကြားမလပ်, တဆက်စပ်တည်း) အညိုချည်းသာ တွေ့ မြင်အပ်ကုန်သော၊ **နီလနိဘာနိ**=ညိုသောတောက်ပြောင်သောအရောင်ရှိကုန် သော၊ (ပင်ကိုမူလဓာတ်ခံ ညိုသောအဆင်းမှ ဝင်းဝင်းလက်လက် ပေါ်ထွက် တောက်ပြောင်သော အညိုရောင်ရှိကုန်သော) **ရူပါနိ**=ကသိုဏ်းရုပ်တို့ကို၊ **စေ** **ရူပါနိ ပဿတိ** = ကျဉ်းကျဉ်းငယ်ငယ် နေရောင် လရောင် ကသိုဏ်းဝန်း စသော ပဋိဘာဂနိမိတ်ဖြစ်သော ဗဟိဒ္ဓကသိုဏ်းရုပ်ကို အာရုံပြုရှုမှတ်၏။

ထိုဗဟိဒ္ဓကသိုဏ်းကို ရှုမှတ်သဖြင့် အပ္ပနာဈာန် ဖြစ်ပေါ်လာစေ၏"ဟူလို။

**တာနီ အဘိဘုယျ (သမာပဇ္ဇတိ)**။ ။တဇွန်းလောက်သာရှိသော ထမင်းကို တလုတ်တည်းဆုပ်၍ စားလိုက်သကဲ့သို့ ထိုကျဉ်းငယ်သော ဗဟိဒ္ဓကသိုဏ်း ရုပ်တို့ ကို ဖိစီးလွှမ်းမိုးကာရှု၍ ပဋိဘာဂနိမိတ် ထင်လာသည်နှင့် တပြိုင်နက် အပ္ပနာဈာန် ဖြစ်ပေါ်လာစေ၏။ ထို့နောက် ထိုရဟန်းမှာ ထိုအပ္ပနာဈာန်မှ ထသောအခါ **ဇာနာမိ ပဿာမိတိ ဧဝံသည် ဟောတိ**-ထိုကသိုဏ်းရုပ်တို့ကို ငါသိတယ်, ငါမြင်တယ်ဟု ပြန်၍ စဉ်းစားဆင်ခြင်မှု (အာဘောဂသညာ) ဖြစ်၏။ ဈာန်သမာပတ်အတွင်း၌ ဈာန်တွေချည်းသာ ဖြစ်နေသောကြောင့် ထိုအာဘောဂသညာသည် ဈာန်သမာပတ်အတွင်း၌ မဖြစ်နိုင်။ ဈာန်မှထသော အခါ၌သာ ဖြစ်နိုင်၏။ (တနည်း) –**ဇာနာမိ။ ပ။ ဟောတိ**"ဖြင့် ထိုရဟန်းမှာ ဈာန်သမာပတ်အတွင်းမှာပင် (ထိုကသိုဏ်းရုပ်တို့ကို ငါသိ၏၊ ငါမြင်၏ဟု မဆိုသော်လည်း ဆိုသကဲ့သို့ ဖြစ်သော) အဘိဘဝနဈာန်သညာဖြစ်၏ဟု ဆိုလို ၏။ (ကသိုဏ်းရုပ်တို့ကို ဖိဆီးလွှမ်းမိုး၍ ရှုသောဈာန်နှင့် ယှဉ်သောသညာကို အဘိဘဝနဈာန်သညာဟု ခေါ်၏)

