## PAGE 178

**ဥတ္တာနာ**=သော၊ **ပရိသာ**=ပရိသတ်ဟူ၍၊ **ဝုစ္စတိ**=ဆိုအပ်၏။

။ပ။ **အနုဒ္ဓတာ**=မပျံ့လွင့်ကုန်သည်၊ **ဝါ**=ပျံ့လွင့်လှုပ်ကြွ ဥဒ္ဓစ္စမရှိကုန်သည်၊ **အနုန္နဠာ**=မြင့်တက်လွင့်လူ ကျူရိုးနှင့်တူသော မာန မရှိကုန်သည်၊ **အစပလာ**=မလျှပ်ပေါ် မလော်လီကုန်သည် ။ပ။ **ဥပဋ္ဌိတသတိ**=(ကမ္မဋ္ဌာန်း အာရုံ၌) စွဲကပ်တည်နေသော သတိရှိကုန်သည် **သမ္ပဇာနာ**=ကောင်းစွာ ဆင်ခြင်သိမြင်ကုန်သည်၊ **သမာဟိတာ**=တခုတည်းသော ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ကို ကောင်းမွန်တည်တံ့စွာ ထားကုန်သည်၊ **ဝါ**=တည်ကြည်ကုန်သည်၊ **ဧကဂ္ဂစိတ္တာ**=တခုတည်းသော အာရုံရှိသော စိတ်ရှိကုန်သည်၊ [**ဧကံ အဂ္ဂံ အာရမ္မဏံ ယဿ စိတ္တဿာတိ ဧကဂ္ဂ**၊ **ဧကဂ္ဂ စိတ္တံ ဧတေသံ ဘိက္ခုနန္တိ ဧကဂ္ဂစိတ္တာ**] **သံဝုတိန္ဒြိယာ**=စောင့်စည်းအပ်သော ဣန္ဒြေရှိကုန်သည်၊ **ဟောန္တိ**=၏ ။ပ။ **ပရိသာ**=တို့သည်၊ **ဣမာ ဒွေ**=တို့တည်း၊ **ဘိက္ခဝေ**=တို့၊ **ဒွိယံ**=နှစ်မျိုးကုန်သော၊ **ဣမာသံ ပရိသာနံ**=ဤပရိသတ်တို့တွင် [**ဧတဒဂ္ဂံ**၌စပ်] **ဂမ္ဘီရာ**=သော၊ **ယဒိဒံ** (**ယာ အယံ**) **ပရိသာ**=အကြင်ပရိသတ်သည်၊ (**အတ္ထိ**=ရှိ၏) **ဧတံ** (**ဧသာ ပရိသာ**)=ဤလျှို့ဝှက်နက်ရှိုင်းသော ပရိသတ်သည်၊ **အဂ္ဂ** (**အဂ္ဂါ**)=အမြတ်ဆုံး ပရိသတ်ပေတည်း၊ **ဣတိ** (**အဝေါစ**)

**၄၄။ ဝဂ္ဂါ**=အုပ်စုကွဲသော၊ **ပရိသာစ**=လည်းကောင်း၊ **သမဂ္ဂါ**=စည်းလုံး ညီညွတ်သော၊ **ပရိသာစ**=လည်းကောင်းတည်း ။ပ။ **ဘိက္ခု**=တို့သည်၊ **ဘဏ္ဍနဇာတာ**=ဖြစ်သော ခိုက်ရန်ပွားကြောင်း ကြိမ်းမောင်း ခြိမ်းခြောက်ခြင်း စသည် ရှိကုန်လျက်၊ [ခိုက်ရန်ဖြစ်ခြင်း၏ အကြောင်း (ရှေ့ပြေး) ဖြစ်သော ခြိမ်းခြောက်ခြင်း, တဖက်သား မခံချင်စရာ ပြုလုပ်ခြင်းကို **ဘဏ္ဍန**ဟု ခေါ်သည်] **ကလဟဇာတာ**=ဖြစ်သော ကိုယ်လက်ထိပါး ခိုက်ရန်ပွားခြင်း ရှိကုန်လျက်၊ **ဝိဝါဒါပန္နာ**=ဆန့်ကျင်ဘက် ပြောဆိုခြင်းသို့ ရောက်ကုန်လျက်၊ [**ဝိ** (**ဝိရုဒ္ဓ**)=ဆန့်ကျင်ဘက်+**ဝါဒ**=ပြောဆိုခြင်းသို့+**အာပန္နာ**=ရောက်သူ] **အညမညံ**=အချင်းချင်း၊ **မုခသတ္တိဟိ**=နှုတ်ခွန်းစကားဟူသော လှံတို့ဖြင့်၊ **ဝိတုဒန္တာ**=ထိုးကုန်လျက်၊ **ဝိဟရန္တိ**=နေကြကုန်၏၊ **ဘိက္ခဝေ**=တို့၊ **အယံ**=ဤပရိသတ်ကို၊ (ဤရဟန်းတို့ ခိုက်ရန်ဖြစ်ပွားလျက် နေကြရာ ပရိသတ်ကို) **ဝါ**=သော၊ **ပရိသာ**=ပရိသတ်ဟူ၍၊ **ဝုစ္စတိ** ။ပ။

**သမဂ္ဂါ**=စည်းလုံးညီညွတ်ကြကုန်လျက် (တပေါင်းတည်း သံဃကံကို ပြုခြင်း, တပေါင်းတည်း ပါတိမောက်ရွက်ပြခြင်း, သိက္ခာပုဒ်ကို အညီအမျှ

## PAGE 179

ဖြည့်ကျင့်ခြင်းဖြင့် ညီညွတ်ကုန်လျက်) **သမ္မောဒမာနာ**=ဝမ်းမြောက်ကုန်လျက်၊ **အဝိဝဒမာနာ**=ဆန့်ကျင်ဘက် မပြောကြကုန်ဘဲ၊ **ဝါ**=မငြင်းခုန်ကြကုန်ဘဲ၊ **ခီရောဒကီဘူတာ**=နို့ရည်နှင့် ရေကဲ့သို့ ဖြစ်ကုန်လျက်၊ **ဝါ**=နို့ရည်နှင့် ရေမခြား တသားတည်း ရောနှောကုန်လျက်၊ **အညမညံ**=အချင်းချင်း၊ **ပိယစက္ခုဟိ**=အချစ်မျက်လုံးတို့ဖြင့်၊ **ဝါ**=ချစ်ခင်သူဖြစ်ကြောင်း မေတ္တာစိတ်ကောင်းကို ဖော်ပြတတ်သော မျက်လုံးတို့ဖြင့်၊ [**ပိယာယတီတိ ပိယော**=ချစ်ခင်တတ်သူ။ (တနည်း) **ပိယာယိဗ္ဗောတိ ပိယော**=ချစ်ခင်အပ် (ချစ်ခင်ခံရ) သူ။ ဤ၌ကား ဘာဝပ္ပဓာန်ကြံ၍ ချစ်ခင်တတ်သူ(ချစ်ခင်ခံရသူ)၏ ဖြစ်ကြောင်း မေတ္တာစိတ်ကို **ပိယ**ဟု ဆိုရ၏။ **ပိယဿ ပိယဘာဝဿ ဒီပနာနိ စက္ခုနိ ပိယစက္ခုနိ** ပြု။ **ဒီပန**ပုဒ် ကျေ၏] **သမ္ပဿန္တာ**=ကြည့်ရှုကြကုန်လျက်၊ **ဝိဟရန္တိ**=၏၊ **ဘိက္ခဝေ**=တို့၊ **အဟံ**=ဤပရိသတ်ကို၊ (ဤရဟန်းတို့ စည်းလုံးညီညွတ်စွာ နေထိုင်ကြရာ ပရိသတ်ကို) ။ပ။

**၄၅။ အနဂ္ဂဝတီ**=ထူးမြတ်သော ပုဂ္ဂိုလ်မရှိသော၊ **ဝါ**=ထူးမြတ်သော အကျင့်မရှိသော၊ **ပရိသာစ**=လည်းကောင်း၊ [**န+အဂ္ဂ+ဝန္တု+ဤ**။ **အဂ္ဂ** (**ဥတ္တမ**)=ထူးမြတ်သော ပုဂ္ဂိုလ်(အကျင့်)+**ဝန္တု**=ရှိသော **အဂ္ဂဝတီ**=ထူးမြတ်သောပုဂ္ဂိုလ် ရှိသော၊ ဝါထူးမြတ်သော အကျင့်ရှိသော၊ **ပရိသာစ**=လည်းကောင်းတည်း။ပ။ **ထေရာ**=(ဆယ်ဝါပြည့်စုံ) ထေရ်ဖြစ်ကုန်သော၊ **ဘိက္ခု**=တို့သည်၊ **ဗာဟုလိကာ**=ပစ္စည်းပရိက္ခရာကို များပြားစွာ ခံယူကုန်သည်၊ **ဝါ**=ပစ္စည်းပရိက္ခရာ ပေါများ

**၁။ ဗာဟုလိကာ, သာကလိကာ။** ။ **ဗာဟုလိကာ**ပုဒ်၌ “**အဝိဂတတဏှတာယ တံတံ ပရိက္ခာရဇာတံ ဗဟုံ လန္တိ အာဒိယန္တိတိ ဗဟုလာ**၊ **ဗဟုလာ ဧဝ ဗာဟုလိကာ**၊ **ယထာ ဝေနေယျကောတိ** ဟူ၍ ဋီကာ ဝိဂြိုဟ် ပြုထားသောကြောင့် **ဗဟု**သဒ္ဒူပပဒ **လ**ဓာတ် **အ**ပစ္စည်းဖြင့် ရုပ်ပြီးသော **ဗဟုလ** သဒ္ဒါနောင် **သွတ္တ** **ဏိက**ပစ္စည်းသက်၍ “**ဗာဟုလိကာ**”ဟု ရုပ် စီရင်ကာ “**ဗဟု**=များစွာ+**လာ**=ခံယူတတ်သောသူ”ဟု အနက် ပြန်ဆိုရ၏။ “**ဗာဟုလိကာတိ စီဝရာဒိဗာဟုလ္လာယ ပဋိပန္နာ**”ဟူသော အဋ္ဌကထာအဖွင့်ကိုမူ အဓိပ္ပာယ် အနက်ဖွင့်အဖြစ်ဖြင့် ဋီကာပြဆိုထား၏။ သို့သော် ထိုအဋ္ဌကထာ အဖွင့်ကိုကြည့်၍ အများဟူသော အနက်ကို ဟောသော **ဗဟု**သဒ္ဒါနှင့် အနက်တူဖြစ်သော **ဗဟုလ**သဒ္ဒါဟု ဆိုပြီးလျှင် ထို**ဗဟုလ**သဒ္ဒါ၌ **ဗာဟုလ္လ** (များသည်၏အဖြစ်) ဟူသော ဘာဝအနက်ကိုယူ၍
## PAGE 180

ခြင်းငှာ ပြုကျင့်အားထုတ်ကုန်သည်၊ **သာထလိကာ**=သိက္ခာသုံးဖြာ သာသနာကို မခိုင်မမြဲ လျော့ရဲစွာ ဆွဲကိုင် ဖြည့်ကျင့်ကုန်သည်၊ **ဩက္ကမနေ**=အောက် အပါယ်ဘုံသို့ လျောကျကြောင်း နိဝရဏငါးပါး၌၊ **ပုဗ္ဗင်္ဂမာ**=ရှေ့သွားပြုငြား ပဓာနထားကုန်သည်၊ **ပဝိဝေကေ**=(ကာယ, စိတ္တ, ဥပဓိ ဝိဝေကဟူသော) ဝိဝေက တရားသုံးပါး၌၊ ဝါ-ဥပဓိလေးမျိုးတို့၏ ကင်းကွာဆိတ်သုဉ်းသောနိဗ္ဗာန်၌၊ **နိက္ခိတ္တဓုရာ**=လျှော့ချပစ်ပယ်အပ်သော ဝီရိယ ရှိကုန်သည်၊ **နိက္ခိတ္တဓုရာတိ နိဗ္ဗိရိယာ**။ [စတုက္ကင်္ဂုတ္တိုရ်ဋ္ဌ၊ နှာ-၃၄၂] **ဟောန္တိ**=ဖြစ်ကုန်၏။

**အပ္ပတ္တဿ**=မရောက်အပ်ဖူးသေးသော (ဈာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူးသို့၊ **ပတ္တိယာ**=ရောက်ခြင်းငှာ၊ **အနဓိဂတဿ**=မရအပ်ဖူးသေးသော (ဈာန် ဝိပဿနာ မဂ်ဖိုလ်)တရားထူးကို၊ **အဓိဂမာယ**=ရခြင်းငှာ။ **အသစ္ဆိကတဿ**=မျက်မှောက် မပြုအပ်ဖူးသေးသော (ဈာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူးကို၊ **သစ္ဆိကိရိယာယ**=မျက်မှောက်ပြုခြင်းငှာ၊ **ဝိရိယံ**=(ကာယိက စေတသိက)ဝီရိယကို၊

“**ဗဟုလာယဗာဟုလ္လာယ (ဗဟုလဘာဝါယ) ပဋိပန္နာ ဗာဟုလိကာ**”ဟူ၍ ပဋိပန္နတဒ္ဓိတ် ဝိဂြိုဟ်ပြုလျှင် အဋ္ဌကထာအဖွင့်နှင့် တထပ်တည်း တူညီသည်ဟု ယူဆပါ၏။

သာထလိကာပုဒ် အဖွင့်ဝါကျများ၌ (၁) **သာသနံ သိထိလံ ဂဏှန္တိတိ သာထလိကာ** (အဋ္ဌကထာဖွင့်)။ **သိက္ခာယ အာဒရဂါရဝါ ဘာဝတော သိထိလံ အဒင်္ဂံ ဂဏှန္တိတိ သာထလိကာတိ ဝုတ္တံ**၊ **သိထိလန္တိစ** ဘာဝနပုံသကနိဒ္ဒေသော။

(၂) **သိထိလသဒ္ဒေန ဝါ သမာနတ္ထဿ သထလသဒ္ဒဿ ဝသေန သာထလိကာတိ ပဒသိဒ္ဓိ ဝေဒိတဗ္ဗော** (ဋီကာဖွင့်)။ ဤသို့ ရှေးဦးစွာ (၁) (၂) ဝါကျနှစ်မျိုး ခွဲရာ၏။ ထိုနှစ်မျိုးတွင်’ (၂)၌ “**သိထိလသဒ္ဒေန ဝါ**”ဟု ဝါသဒ္ဒါဖြင့် ပြထားသောကြောင့် သာထလိကာပုဒ် ရုပ်ပြီးပုံနှစ်မျိုးဟု သိသာ၏။ ထို့ကြောင့် (၁) အဖွင့်ဝါကျအလို သိထိလပုဒ် ဏိကပစ္စည်း၊ သိ၌ ဣကို အပြု၊ ထိုအကိုလည်း အာဝုဒ္ဓိပြု၊ ထိ၌ ဣကို အပြုခြင်းဖြင့် သာထလိကာဟု ရုပ်ပြီးစေသင့်၏။ (၂) အဖွင့်ဝါကျ၊ အလို သိထိလသဒ္ဓါနှင့် အနက်တူဖြစ်သော သထလသဒ္ဒါဟု ဋီကာ ဆိုထားသောကြောင့် သထလပုဒ် ဏိကပစ္စည်း၊ သ၌ အကို အာဝုဒ္ဓိပြု၍ သာထလိကာဟု ရုပ်ပြီးစေရမည်မှာ သိသာထင်ရှားပါ၏။ သိထိလ=သထလ-လျော့ရဲစွာ+ကိက=ဆွဲကိုင်သောသူ။

