## PAGE 232

သော်လည်းကောင်း၊ **ရထကာရကုလေ ဝါ** = ရထားသားရေ အလုပ်သမားမျိုး၌သော်လည်းကောင်း၊ [**ရထေသု စမ္မေန နဟန္တံ ကရောတီတိ ရထကာရော** = ရထားလှည်းတို့၌ သားရေဖြင့် ဖွဲ့ပတ်ကွပ်မှုကို ပြုသောသူ၊ သားရေ အလုပ်သမား၊ ဖိနပ်ချုပ်သမား] **ပုက္ကုသကုလေ ဝါ** = ပန်းမှိုက်သွန် မစင်ကျုံးသမားအမျိုး၌သော်လည်းကောင်း၊ (**ပစ္စာဇာတော** = သည်၊ **ဟောတိ** = ၏)

**စ** = ဤမျှမကသေး၊ **သော** = ထိုပုဂ္ဂိုလ်သည်၊ **ဒုဗ္ဗဏ္ဏော** = မတင့်တယ်သောအဆင်းရှိသည်၊ **ဝါ** = အရုပ်ဆိုးသည်၊ **ဒုဒ္ဒသိကော** = (မွေးမိခင်ကိုယ်တိုင်ပင်) ဆိုးဝါးစွာ မြင်ရခြင်းရှိသည်၊ **ဩကောဋိမကော** = ပုက္ခသည်၊ **ဗျာဗာဓော** = များသောအနာရောဂါရှိသည်၊ **ကာဏော ဝါ** = မျက်စိကန်းသည်လည်းကောင်း၊ **ကုဏီ ဝါ** = လက်ကောက်ကွေးခြင်း ရှိသည်လည်းကောင်း၊ **ခဉ္ဇော ဝါ** = ခြေခွင်သည်လည်းကောင်း၊ **ပက္ခဟတော ဝါ** = သေနေသော အောက်ပိုင်းကိုယ် ရှိသည်လည်းကောင်း၊ **ဟောတိ** = ၏၊ **ဟတ** = နှိပ်စက်ဖျက်ဆီးအပ်သော (သေနေသော) + **ပက္ခ** = ကိုယ်တပိုင်း (ရှိသူ)၊ **ပီဌသပ္ပီ** = ထိုင်ခုံကုလားထိုင်ဖြင့် တွန်းဆွဲသွားရသူ၊ ငဆွံ့]

**အန္နဿ** = ခဲဖွယ်စားဖွယ်ကိုလည်းကောင်း၊ **ပါနဿ** = သောက်ဖွယ်အဖျော်ကိုလည်းကောင်း၊ **ဝတ္ထဿ** = အဝတ်ကို လည်းကောင်း၊ **ယာနဿ** = ယာဉ်ကိုလည်းကောင်း၊ **မာလာဂန္ဓဝိလေပနဿ** = ပန်း, နံ့သာ, နံ့သာပျောင်းကိုလည်းကောင်း၊ **သေယျာဝသထပဒီပေယျဿ** = အိပ်ရာခင်း + နေရာအိမ် + မီးထွန်းစရာ မီးစာ, မီးခွက်, ဆီကိုလည်းကောင်း၊ [ပဒီပေ = မီးထွန်းခြင်းကိစ္စ၌၊ ဧတတ္ထံ နေတဗ္ဗံ = ဆောင်ယူထိုက်သော မီးစာ, မီးခွက် ဆီသည်၊ **ပဒီပေယျံ** မည်၏။ ပဒီပနှင့် ဧယျကို သမာသ်တွဲထားသည်။ ဧယျ၌ ဣဓာတ်ကျ ပစ္စည်းလာဘီ = ရခြင်းရှိသည်၊ **န ဟောတိ** = မဖြစ်။

**သော** = ထိုသူသည်၊ (ထိုဒွန်းစဏ္ဍားစသော နိမ့်ကျသော အမျိုး၌ ဖြစ်သောသူသည်) **သုဏာတိ** = ကြားရ၏၊ (ကိန္တိ = အဘယ်သို့၊ သုဏာတိ = ကြားရသနည်းဟူမူ) **ဣတ္ထန္နာမော** = ဤအမည်ရှိသော၊ **ခတ္တိယော** = မင်းကို၊ **ခတ္တိယေဟိ** = မင်းတို့သည်၊ **ခတ္တိယာဘိသေကေန** = မင်းတို့၏ အဘိသိက်ရေစင်ဖြင့်၊ **အဘိသိတ္တော ကိရ** = သွန်းဖျန်းအပ်ပြီတဲ့၊ **ဝါ** = အဘိသိက်သွန်း၍ မင်းမြှောက်အပ်ပြီတဲ့၊ **ဣတိ** = ဤသို့၊ (**သုဏာတိ** = ကြားရ၏)

**တဿ** = ထိုသူမှာ၊ (ထိုနှိမ့်ကျသောအမျိုး၌ ဖြစ်သောသူမှာ) **ဧဝံ** = ဤသို့ကြံစည် စိတ်ကူးခြင်းသည်၊ **န ဟောတိ** = မဖြစ်၊ (ကိန္တိ = အဘယ်သို့ ကြံစည်စိတ်ကူးခြင်းသည်၊ န ဟောတိ = မဖြစ်သနည်းဟူမူ) **ကုဒါနာမ** = အဘယ်မည်သောအခါ၌၊ [အ အနက်မရှိ]

## PAGE 233

**မမ္ပိ** = ငါ့ကိုလည်း၊ **ခတ္တိယာ** = မင်းတို့သည်၊ **ခတ္တိယာဘိသေကေန** = ဖြင့်၊ **အဘိသိဉ္စိဿန္တိ** = သွန်းဖျန်းကြကုန်လတ္တံ့နည်း၊ **ဣတိ** = ဤသို့ ကြံစည်စိတ်ကူးခြင်းသည်၊ (**န ဟောတိ** = မဖြစ်) **ဘိက္ခဝေ**-တို့၊ **အယံ**-ဤနိမ့်ကျသော အမျိုး၌ဖြစ်သောသူကို၊ **နိရာသော** = မျှော်လင့်တောင့်တခြင်း မရှိသော၊ **ပုဂ္ဂလော** = ပုဂ္ဂိုလ်ဟူ၍၊ **ဝုစ္စတိ** ဆိုအပ်၏။

**ဘိက္ခဝေ** = တို့၊ **အာသံသော** = သော၊ **ပုဂ္ဂလော** = ဟူသည်၊ **ကတမောစ** = နည်း၊ **ဘိက္ခဝေ** = တို့၊ **ဣဓ** = ဤလောက၌၊ **ခတ္တိယဿ** = သော၊ **မုဒ္ဓါဝသိတ္တဿ** = သော၊ **ရညော** = ၏၊ **ဇေဋ္ဌော** = အကြီးဆုံးဖြစ်သော၊ **ပုတ္တော** = သားသည်၊ **အာဘိသေကော** = အဘိသိက်သွန်းထိုက်သည်၊ **အနဘိသိတ္တော** = အဘိသိက် မသွန်းရသေးသည်၊ **အစလပ္ပတ္တော** = မလှုပ်မယိုင် ခိုင်မြဲသူအဖြစ်သို့ ရောက်သည်၊ (၁၆ နှစ်အရွယ်ရှိ၍ တိုင်းပြည်ကို စီမံအုပ်ချုပ်နိုင်စွမ်းရှိသဖြင့် မလှုပ်မယိုင်ခိုင်မြဲသူအဖြစ်သို့ ရောက်သည်) **ဟောတိ** = ၏၊ **သော** = ထိုဘုရင့်သားကြီးသည်။ပ။

**တဿ** = ထိုဘုရင့်သားကြီးမှာ ။ပ။ **ဘိက္ခဝေ** = တို့၊ **အယံ**-ဤဘုရင့်သားကြီးကို ။ပ။ **ဘိက္ခဝေ** = တို့၊ **ဣဓ** = ၌၊ **ခတ္တိယော** = သော၊ **မုဒ္ဓါဝသိတ္တော** = သော၊ **ရာဇာ** = မင်းသည်၊ **ဟောတိ** = ၏၊ **သော** = ထိုအဘိသိက်သွန်းအပ်ပြီးသော မင်းသည်။ပ။ **တဿ** = ထိုအဘိသိက်သွန်းအပ်ပြီးသော မင်းမှာ ။ပ။ **တံ** = ထိုသို့ကြံစည်စိတ်ကူးမှု မဖြစ်ခြင်းသည်၊ **ကိဿ ဟေတု** = အဘယ်အကြောင်းကြောင့်နည်းဟူမူ၊ **ဘိက္ခဝေ** = တို့၊ **ဟိ** (**ယသ္မာ**) အကြင့်ကြောင့်၊ **ပုဗ္ဗေ** = ရှေး၌၊ **အနဘိသိတ္တဿ** = အဘိသိက် မသွန်းရသေးသော၊ **အဿ** = ထိုမင်း၏၊ **ယာ အဘိသေကာသာ** = အကြင်အဘိသိက် သွန်းခြင်း၌ လိုလားတောင့်တခြင်းသည်၊ (**အတ္ထိ** = ရှိ၏) **သာ အဘိသေကာသာ** = ထိုအဘိသိက်သွန်းခြင်း၌ လိုလားတောင့်တခြင်းသည်၊ **ပဋိပ္ပဿဒ္ဓါ** = ငြိမ်းပျောက်လေပြီ၊ (**ဣတိ** = ထို့ကြောင့်တည်း) **ဘိက္ခဝေ** တို့၊ **အယံ** = ဤဘုရင်မင်းကို၊ (အဘိသိက်သွန်းခံရပြီးဖြစ်၍ အဘိသိက်သွန်းလိုသော ဆန္ဒ ငြိမ်းပျောက်ပြီးသော ဤဘုရင်မင်းကို) ။ပ။

**ဘိက္ခဝေ** = တို့၊ **ဧဝမေဝံ** = ဤအတူပင်၊ **ဘိက္ခုသု** = ရဟန်းတို့၌၊ **တယော** = ကုန်သော၊ **ပုဂ္ဂလာ** ။ပ။ **ပုဂ္ဂလော** = သည်၊ **ဒုဿီလော** = သီလမရှိသည်၊ **ပါပဓမ္မော**။

**၁။** **ဒုဿီလော ပါပဓမ္မော။** ။ **နတ္ထိ သီလံ ယဿာတိ ဒုဿီလော။**
ဒုသဒ္ဒါ အဘာဝအနက်ဟောတည်း။ ဤသုတ်ဋီကာနှင့် ပုဂ္ဂလပညတ် အဋ္ဌကထာ (၅၇)တို့၏ နောက်ထပ် အဖွင့်အနက်များမှာ-
## PAGE 234

[ပထမ]
**ပါပဓမ္မော** = ယုတ်မာသော သဘောရှိသည်၊ **အသုစိ** = မစင်ကြယ်သော ကာယကံ စသည်ရှိသည်၊ **သင်္ကဿရသမာစာရော** = သို့လော သို့လော တွေးတောခြင်းဖြင့် အောက်မေ့မှတ်ထင်ထိုက်သော အကျင့်ရှိသည်၊ **ပဋိစ္ဆန္နကမ္မန္တော** = ဖုံးကွယ်ထားအပ်သော မကောင်းမှုရှိသည်၊ **အဿမဏော** = ရဟန်းမဟုတ်ပါဘဲလျက်၊ **သမဏဒုဿီလော** = သီလမရှိသည်၊ **ပါပဓမ္မော** = ယုတ်မာသော မိစ္ဆာဒိဋ္ဌိတရားရှိသည်၊ (တနည်း) **ဒုဿီလော** = ကာယဝါစာ သံဝရဟူသော သီလမရှိသည်၊ **ပါပဓမ္မော** = မနောသံဝရ, သတိသံဝရစသည် ပျက်စီးခြင်းဟူသော ယုတ်မာသော သဘောရှိသည်။

(တနည်း) **ဒုဿီလော** = စင်ကြယ်သော ပယောဂဟူသော သီလမရှိသည်၊ **ပါပဓမ္မော** = ယုတ်ညံ့သော အတွင်းခံ အာသယ သဘောရှိသည် (တနည်း) **ဒုဿီလော** = ကုသိုလ်သီလ မရှိသည်၊ **ပါပဓမ္မော** = ယုတ်ညံ့သော အကုသိုလ်သီလ ရှိသည်။

**၁။ သင်္ကဿရသမာစာရော။**

။ **သရိတဗ္ဗောတိ သရော** (အောက်မေ့မှတ်ထင်ထိုက်သော)၊ **သရော သမာစာရော** (အကျင့်သည်) **ယဿာတိ သရသမာစာရော** (အောက်မေ့မှတ်ထင်ထိုက်သော အကျင့်ရှိသူ)။ **သင်္ကာယ** (သို့လော သို့လော တွေးတောခြင်းဖြင့်) **သရသမာစာရော သင်္ကဿရသမာစာရော** = “ဟောဒီ မလျော်တဲ့ အလုပ်ဟာ အဲဒီကိုယ်တော်လုပ်တာ ဖြစ်မှာဘဲ" ဟု သူတစ်ပါးတို့ တွေးတော ထင်မြင်စရာ အကျင့်ဆိုးရှိသူ။

(တနည်း) အခြားသော ရဟန်းတို့ စုဝေးတိုင်ပင်နေသည်ကို မြင်တိုင်း “ဒီကိုယ်တော်တွေဟာ ငါလုပ်တဲ့ကိစ္စတွေ သိလို့, ငါအကြောင်း ပြောနေကြတာ ဖြစ်မှာဘဲ” ဟု မိမိကိုယ်တိုင် တွေးတော ပူပင်စရာ အကျင့်ဆိုးရှိသူ။

(တနည်း) **သရပုဒ်၌** အပစ္စည်းကို ကတ္တားဟောကြံ၍ “**သမာစာရံ** (သူတစ်ပါးတို့ စုဝေးပြောဆို ပြုလုပ်မှုကို) **သရတိ အာသင်္ကတိ ဝိဓာဝတီတိ သမာစာရဿရော**” ဟု ဆိုလိုလျက် သမာစာရပုဒ်ကို နောက်ထား၍ “**သရသမာစာရော**” ဟု ပုဒ်ပြီး၏။ ထို့နောက် “**သင်္ကာယ** (သင်္ကာမကင်း စိုးရွံ့ခြင်းဖြင့်) **သရသမာစာရော သင်္ကဿရသမာစာရော**” ဟု သမာသ်တွဲ။

“**သင်္ကဿရသမာစာရော** = သူတစ်ပါးတို့ စုဝေးပြောဆို ပြုလုပ်မှုကို သင်္ကာမကင်း စိုးရွံ့ခြင်းဖြင့် သို့လော သို့လော တွေးတောထင်မှတ်, အကဲခတ်နေသူသည်” ဟု အနက်ဆို။

