## PAGE 241

**တယောက်ယောက်သော သူသည်လည်းကောင်း**၊ **အပ္ပဋိဝတ္တိယံ**=သည်၊ **ဟောတိ**=၏၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မိန့်တော်မူပြီ) **စတုတ္ထ**=လေးခုမြောက်သုတ်တည်း။

#### ၅-သစေတနသုတ်

**၁၅။** **ဧကံ**=တပါးသော၊ **သမယံ**=အခါ၌၊ **ဘဂဝါ**=မြတ်စွာဘုရားသည်၊ **ဗာရာဏသိယံ**=ဗာရာဏသီမြို့၌၊ **ဣသိပတနေ**=ဣသိပတနမည်သော၊ **ဝါ**=ဘုရားပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ပေါင်းဆုံစည်းဝေးရာဖြစ်သော၊ **မိဂဒါယေ**=(သားကောင်တို့အား ဘေးမဲ့ပေးရာ) မိဂဒါဝုန်တော၌၊ **ဝိဟရတိ**=သီတင်းသုံးနေတော်မူ၏။ **တတြ**=ထိုအခါ၌၊ (ဗာရာဏသီမြို့ ဣသိပတနမည်သော မိဂဒါဝုန်တော၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာ ထိုအခါ၌) **ဝါ**=ထိုသီတင်းသုံးနေတော်မူရာ ဣသိပတနမည်သော မိဂဒါဝုန်တော၌ ။ပ။ [ဧကကနိပါတ် ပဌမသုတ်ကြည့်] **ဘိက္ခဝေ**=တို့၊ **ဘူတပုဗ္ဗေ**=ရှေး၌ ဖြစ်ခဲ့ဖူးသော အကြောင်းကား၊ [တနည်း-**ဘူတပုဗ္ဗေ**=ရှေး၌ဖြစ်ခဲ့ဖူးသော အကြောင်းကို၊ **အဟံ**=ငါသည်၊ **ဘာသိဿာမိ**=ဟောတော်မူအံ့] **သစေတနော နာမ**=သစေတနမည်သော၊ **ရာဇာ**=မင်းသည်၊ **အဟောသိ**=ဖြစ်ခဲ့ဖူးပြီ။

**ဘိက္ခဝေ**=တို့၊ **အထ ခေါ**=ထိုအခါ၌၊ **သစေတနော**=သစေတနမည်သော၊ **ရာဇာ**=သည်၊ **ရထကာရံ**=ရထားလုပ်သော ဆရာကို၊ **အာမန္တေသိ**=တိုင်ပင်နှီးနှော ပြောဆိုပြီ။ (**ကိန္တိ**=သို့၊ **အာမန္တေသိ**=ဟူမူ) **သမ္မ ရထကာရ**=မိတ်ဆွေ ရထားလုပ်ဆရာ။ **မေ**=ငါ့မှာ၊ **ဣတော**=ဤနေ့မှ၊ **ဆန္နံ မာသာနံ**=၆ လတို့၏၊ **အစ္စယေန**=ကုန်လွန်ရာအခါ၌၊ **သင်္ဂါမော**=စစ်တိုက်ရခြင်းသည်၊ **ဘဝိဿတိ**=ဖြစ်လတ္တံ့။ **သမ္မ ရထကာရ**=ရာ၊ (**တွံ**=သင်သည်) **မေ**=ငါ့အတွက်၊ **နဝံ**=အသစ်ဖြစ်သော၊ **စက္ကယုဂံ**=ရထားဘီးတစုံကို၊ **ကာတုံ**=ပြုလုပ်ခြင်းငှာ။ **သက္ခိဿသိ**=စွမ်းနိုင်ပါမည်လော၊ **ဣတိ**=သို့၊ (**အာမန္တေသိ**=ပြီ) **ဒေဝ**=မင်းမြတ်၊ (**အဟံ**=ကျွန်တော်မျိုးသည်၊ **တေ**=အရှင်မင်းမြတ်အတွက်၊ **နဝံ**=သော၊ **စက္ကယုဂံ**=ကို၊ **ကာတုံ**=ငှာ) **သက္ကောမိ**=စွမ်းနိုင်ပါ၏။ **ဘိက္ခဝေ**=တို့၊ **ဣတိ**=ဤသို့၊ **ရထကာရော**=သည်၊ **သစေတနဿ**=သစေတနမည်သော၊ **ရညော**=မင်း၏၊ (**ဝစနံ**=စကားကို) **ပစ္စာသိ**=ရှေ့ရှုနာယူပြီ၊ **ဝါ**=စကားတုံ့ပြန် ဝန်ခံပြီ။

**ဘိက္ခဝေ**=တို့၊ **အထ ခေါ**=၌၊ **ရထကာရော**=သည်၊ **ဆာရတ္ထူနေဟိ**=၆-ညဉ့်ယုတ်လျော့ကုန်သော၊ [ဆ ရတ္တိယော ဆာရတ္တိံ၊ ဆာရတ္တေန ဦနာ

## PAGE 242

**ဆာရတ္တူနာ**၊ တေဟိ] **ဆဟိ မာသေဟိ**=၆ လတို့ဖြင့်၊ **ဧကံ**=တဖက်သော၊ **စက္ကံ**=ရထားဘီးကို၊ **နိဋ္ဌာပေသိ**=ပြီးစီးစေပြီ။ ။ပ။ **ဆန္နံ ဒိဝသာနံ**=၆ နေ့တို့၏ ။ပ။ (**တယာ**=သင်သည်) **နဝံ**=သော၊ **စက္ကယုဂံ**=ကို၊ **နိဋ္ဌိတံ**=ပြီးစီးစေအပ်ပြီလော၊ **ဣတိ** (**အာမန္တေသိ**) **ဒေဝ**=မင်းမြတ်၊ **ဆာရတ္တူနေဟိ**=ကုန်သော၊ **ဣမေဟိ ဆဟိ မာသေဟိ**=ဤ ၆-လတို့ဖြင့်၊ (**မယာ**=အကျွန်ုပ်သည်) **ဧကံ**=သော **စက္ကံ**=ကို၊ **နိဋ္ဌိတံ**=ပြီးစီးစေအပ်ပါပြီ။ **ဣတိ** (**အဝေါစ**=သံတော်ဦးတင်ပြီ)

**သမ္မ ရထကာရ**=ရာ၊ **မေ**=ငါ့အတွက်၊ **ဆဟိ**=၆-ခုကုန်သော၊ **ဣမေဟိ ဒိဝသေဟိ**=ဤနေ့တို့ဖြင့်၊ **ဒုတိယံ**=နှစ်ခုမြောက်သော၊ **စက္ကံ**=ကို၊ **နိဋ္ဌာပေတုံ**=ပြီးစီးစေခြင်းငှာ၊ (**တွံ**=သည်) **သက္ခိဿသိ ပန**=စွမ်းနိုင်ပါမည်လော၊ **ဣတိ** (**အဝေါစ**=မိန့်ဆိုပြီ) **ဒေဝ**=မင်းမြတ်၊ **သက္ကောမိ**=၏၊ [လိုက်သင့်ရာပုဒ်များကို လိုက်ဆိုလိုလျှင်--**ဒေဝ**=မင်းမြတ်၊ **တေ**=အရှင်မင်းမြတ်အတွက်၊ **ဆဟိ**=ကုန်သော၊ **ဣမေဟိ ဒိဝသေဟိ**=ဤနေ့တို့ဖြင့်၊ **ဒုတိယံ စက္ကံ နိဋ္ဌာပေတုံ**=ငှာ၊ **အဟံ**=သည်၊ **သက္ကောမိ**=၏]

**ဘိက္ခဝေ**=တို့၊ **ဣတိ**=ဤသို့၊ (**ဝတွာ**=သံတော်ဦးတင်ပြီး၍) **ရထကာရော**=သည်၊ **ဆဟိ ဒိဝသေဟိ**=၆ နေ့တို့ဖြင့်၊ **ဒုတိယံ**=သော၊ **စက္ကံ**=ကို၊ **နိဋ္ဌာပေတွာ**=ပြီးစီးစေပြီး၍ ။ပ။ **အာဒါယ**=ယူ၍၊ **ယေန**=အကြင်အရပ်၌၊ **သစေတနော**=သော၊ **ရာဇာ**=သည်၊ (**အတ္ထိ**=ရှိ၏) **တေန**=သစေတနမင်းရှိရာ ထိုအရပ်၌၊ **ဝါ**=သို့၊ **ဥပသင်္ကမိ**=သွား၏၊ **ဥပသင်္ကမိတွာ**=သွားပြီး၍၊ **သစေတနံ**=သော၊ **ရာဇာနံ**=မင်းကို၊ **ဧတံ**=ဤစကားကို၊ **အဝေါစ**=သံတော်ဦးတင်ပြီ၊ (**ကိန္တိ**=သို့၊ **အဝေါစ**=မူ) **ဒေဝ**=မင်းမြတ်၊ **တေ**=သင်မင်းမြတ်၏၊ **နဝံ**=အသစ်ဖြစ်သော၊ **ဣဒံ စက္ကယုဂံ**=ဤရထားဘီးအစုံကို၊ **နိဋ္ဌိတံ**=ပြီးစီးစေအပ်ပါပြီ၊ **ဣတိ** (**အဝေါစ**)၊

**သမ္မ ရထကာရ**=ရာ၊ **တေ**=သင်သည်၊ **ယဉ္စ ဣဒံ စက္ကံ**=ဤရထားဘီးကိုလည်း **ဆာရတ္တူနေဟိ**=ကုန်သော၊ **ဆဟိ မာသေဟိ**=၆-လတို့ဖြင့်။ **နိဋ္ဌိတံ**=ပြီးစီးစေအပ်ပြီ၊ **တေ**=သင်သည်၊ **ယဉ္စ ဣဒံ စက္ကံ**=လည်း၊ **ဆဟိ ဒိဝသေဟိ**=၆-နေ့တို့ဖြင့်၊ **နိဋ္ဌိတံ**=ပြီ၊ **ဣမေသံ** (**စက္ကာနံ**)=ဤရထားဘီးနှစ်ခုတို့၏၊ **နာနာကရဏံ**=ထူးခြားချက်ကား၊ **ကိ**=အဘယ်နည်း၊ [**နာနာကရီယတိ ဧတေနာတိ နာနာကရဏံ**=တသီးတခြားစီ ကွဲပြားအောင် ပြုကြောင်းဖြစ်သော ထူးခြားချက်] **အဟံ**=ငါသည်၊ **ဧသံ**=ဤရထားဘီးနှစ်ခုတို့၏၊ [**နေသံ**=**နေသံ**+**ဧသံ**] **ကိဉ္စိ**=တစုံတခုသော၊ **ဝါ**=စိုးစဉ်းအနည်းငယ်မျှ၊ **နာနာကရဏံ**=ကို၊ **နု ပဿာမိ**=မမြင်ပါ၊ **ဣတိ** (**အဝေါစ**) **ဒေဝ**=မင်းမြတ်၊ [**အတ္ထသံ**-
## PAGE 243

**အတ္ထိ+ဧသံ**] **ဧသံ**=တို့၏၊ **နာနာကရဏံ**=သည်၊ **အတ္ထိ**=ရှိပါ၏။ **ဒေဝေါ**=မင်းမြတ်သည်၊ **နာနာကရဏံ**=ကို၊ **ပဿတု**=ကြည့်တော်မူပါ၊ **ဣတိ**(အဝေါစ)။ပ။ **ယံ တံ စက္ကံ**=အကြင်ရထားဘီးကို ပ။ **နိဋ္ဌိတံ**=ပြီ၊ **တံ(စက္ကံ)**=ထိုရထားဘီးကို၊ **ပဝတ္တေသိ**=လှိမ့်လိုက်ပြီ၊ **တံ(စက္ကံ)**=သည်၊ **ပဝတ္တိတံ**=လှိမ့်အပ်သည်၊ **သမာနံ**=ဖြစ်လသော်၊ **အဘိသင်္ခါရ** ဘီးလိမ့်အောင် ပြုလုပ်အားထုတ်မှု၏၊ **ဂတိ**=အရှိန်အဟုန်အားဖြင့် ဖြစ်ခြင်းသည်၊ **ယာဝတိကာ**=အကြင်မျှလောက် အတိုင်းအရှည်ရှိ၏၊ **တာဝတိကံ**=ထိုအရှိန်အဟုန်ရှိသလောက်၊ **ဂန္တာ**=လိမ့်သွားပြီး၍၊ **စိင်္ဂုလယိတွာ**=ချာချာလည်၍၊ [စိင်္ဂုလဓာတ်, စုရာဒိဏယပစ္စည်း] **ဘူမိယံ**=မြေ၌၊ **ပပတိ**=လဲကျပြီ၊ **ယံ ပန တံ စက္ကံ**=အကြင်ရထားဘီးကိုကား၊ **ဆာရတ္တူနေဟိ** **ဆဟိ မာသေဟိ** **နိဋ္ဌိတံ** ။ပ။ **ဂန္တာ**=၍၊ **အက္ခာဟတံ မညေ**=ဝင်ရိုး၌ သွင်းလျှိုတပ်ထားအပ်သကဲ့သို့၊ **အဋ္ဌာသိ**-(မလဲတိမတ်) ရပ်တည်နေပြီ၊ **အက္ခ**=ဝင်ရိုး၌+**အာဟတ**]

"**သမ္မ ရထကာရ**=ရာ၊ (**ယေန**=အကြင်အကြောင်းကြောင့်) **ယံ ဣဒံ စက္ကံ**=အကြင်ရထားဘီးကို၊ **ဆဟိ ဒိဝသေဟိ** ။ပ။ **ဘူမိယံ**-၌၊ **ပပတိ**=ပြီ၊ **သော ဟေတု**=ထိုလဲကျခြင်း၏ အကြောင်းဟိတ်သည်၊ **ကော နုခေါ**=အဘယ်ပါနည်း၊ **သော ပစ္စယော**=ထိုလဲကျခြင်း၏အကြောင်းပစ္စည်းသည်၊ **ကော**=အဘယ်ပါနည်း၊ [ထို့နောက် “**ကော ပန ။ပ။ အဋ္ဌာသိတိ**"ကို အနက်ပေးအံ့]

**သမ္မ ရထကာရ**=ရာ၊ (**ယေန**=အကြင်အကြောင်းကြောင့်) **ယံ ဣဒံ စက္ကံ**=ကို၊ **ဆာရတ္တူနေဟိ** **ဆဟိ မာသေဟိ** **နိဋ္ဌိတံ** ။ပ။ **အဋ္ဌာသိ**=ပြီ၊ **သော ဟေတု**=ထိုရပ်တည်နေခြင်း၏ အကြောင်းသည်၊ **ကော ပန**=အဘယ်ပါနည်း၊ **သော ပစ္စယော**=သည်၊ **ကော**=နည်း၊ **ဣတိ**(အဝေါစ) **ဒေဝ**=မင်းမြတ်၊ **ယံ ဣဒံ စက္ကံ**=ကို ပ။ **တဿ(စက္ကဿ)**=ထိုရထားဘီး၏။ **နေမိပိ**=အကွပ်သည်လည်း၊ **သဝင်္ကာ**=အကွေးအကောက်ရှိ၏၊ **သဒေါသာ**=အဖုအထစ် အပြစ်ရှိ၏။ **သကသာဝါ**=အနှစ်ဆွေး, အကာရှိ၏။ **အရာပိ**-အကန့်ဒေါက်တို့သည်လည်း၊ **သဝင်္ကာ**=အကွေးအကောက် ရှိကုန်၏၊ **သဒေါသာ**=ရှိကုန်၏။ပ။

**နာဘိပိ**=ပုံတောင်းချက်မသည်လည်း၊ **သဝင်္ကာ**=ရှိ၏ ။ပ။ **တံ**-ထိုရထားဘီးသည်၊ **နေမိယာပိ**=အကွပ်၏လည်း၊ **သဝင်္ကတ္တာ**=အကွေးအကောက်ရှိသည်အဖြစ်ကြောင့်၊ [ဧကဝုစ်အနက်ဆို] ပ။ **သကသာဝတ္တာ**=ရှိသည်အဖြစ်ကြောင့်၊ **အရာနမ္ပိ**=အကန့်တို့၏လည်း၊ **သဝင်္ကတ္တာ**=အကွေးအကောက်ရှိကုန်သည်အဖြစ်ကြောင့်၊ [ဗဟုဝုစ်အနက်ဆို] ။ပ။ **နာဘိယာပိ**=၏လည်း၊

