## PAGE 295

ကျိုးတိုးကျဲတဲ ဖြစ်နေပါကုန်၏၊ **ကာသာယာနိ**=ဖန်ရည်ဖြင့် ဆိုးအပ်ကုန်သော၊ **ဝတ္ထာနိ**=အဝတ်သင်္ကန်းတို့သည်၊ **သီတာနိ**=အေးစက်နေပါကုန်၏၊ **သီတော**=အေးသော၊ **ဝေရမ္ဘော**=ဝေရမ္ဘလေနှင့်တူသော၊ **ဝါတောစ**= (အရပ်လေးမျက်နှာမှလာသော) လေသည်လည်း၊ **ဝါယတိ**=တိုက်ခတ်နေပါ၏၊ ကျွန်းကြီးလေးကျွန်းကို ကြာရွက်လောက်မျှ မြင်ရတော့သည်အထိ မြင့်မားလှစွာသော ကောင်းကင်၌ တိုက်ခတ်သောလေကို ဝေရမ္ဘလေဟုခေါ်သတတ်၊ သံယုတ်ဋ္ဌ၊ ဒု၊ ၁၉၂ (ဝေရမ္ဘသုတ်)။ [ဤ၌ကား ထိုဝေရမ္ဘလေနှင့်တူသော အရပ်လေးမျက်နှာမှလာသော လေတည်း]၊ **အထ စပန**=ထိုသို့ဖြစ်နေပါလျက်၊ **ဘဂဝါ**=မြတ်စွာဘုရားသည်၊ “**ဧဝံ ကုမာရ။ပ။ အညတရော**”တိ=“**ဧဝံ ကုမာရ။ပ။ အညတရော**”ဟူ၍၊ **ဧဝံ**=ဤသို့၊ **အာဟ**=မိန့်တော်မူ၏။

**ကုမာရ**=မင်းသား၊ **တေနဟိ**=ထိုသို့ဖြစ်လျှင်၊ ဝါ-ထိုသို့ “**သုခမသယိတ္ထံ**” စသော ငါ့စကား၌ သင်အပြစ်တင်နေခြင်းကြောင့်၊ **ဧတ္ထ**-**သုခမသယိတ္ထံ**စသော ဤစကား၌၊ [ဤစကားနှင့် စပ်၍ဟူလို] **တံဧဝ**=သင့်ကိုသာလျှင်၊

#### ဂေါကဏ္ဍကတာ

**ဂါဝီနံ ကဏ္ဍကာ ဂေါကဏ္ဍကာ**=နွားမတို့၏ ဆူးများ (နွားခြေရာခွက်ဆူးများ)။ မိုးရွာပြီးစ အခါဝယ် နွားခြေထောက်များဖြင့် ဖိနင်းသွားသော နေရာတိုင်း၌ နွားတို့၏ ခွါအကြားမှ ထွက်လာသော ရွှံ့ညွန်သည် ခြောက်သွေ့လာသောအခါ လွှသွားကဲ့သို့ ချွန်ထက်နေ၏။ ထို့ကြောင့် ထိုချွန်ထက်နေသော ရွှံ့ညွန်ခြောက်ကို **ဂေါကဏ္ဍက** (နွားတို့၏ဆူး)ဟု ခေါ်၏။ **ဂေါကဏ္ဍကေဟိ ဟတာ ဂေါကဏ္ဍကဟတာ**=နွားခြေရာခွက် ဆူးတည်းဟူသော ရွှံ့ညွန်ခြောက်တို့သည် ပိုင်းဖြတ်ဖျက်ဆီးထားအပ်သော၊ **ဘူမိ**=မြေကြီး။

တနည်းအားဖြင့်ကား ထိုရွှံ့နွံခြောက်ကို **ဂေါကဏ္ဍက**ဟု မခေါ်ဘဲ နွားတို့၏ ခွာနှစ်ခြမ်းအကြား အရပ် (**ခုရန္တရ**)ကို **ဂေါကဏ္ဍက** (နွားတို့၏ဆူး) ဟု ခေါ်၍ ထို**ခုရန္တရ**ဟု ခေါ်သော နွားခွာအကြား အရပ်ဟူသော ဆူးတို့က ပိုင်းဖြတ် ဖျက်ဆီးထားအပ်သော **ဘူမိ**ကို **ဂေါကဏ္ဍကဟတာ**-ဟု ခေါ်သည်။ ဤသို့အားဖြင့် အဋ္ဌကထာ၌ ဤပုဒ်ကို နှစ်နည်းဖွင့်ထားသည်။

**ဂေါကဏ္ဍကဟတာတိ နဝဝုဋ္ဌေ ဒေဝေ ဂါဝီနံ အက္ကန္တက္ကန္တဋ္ဌာနေ ခုရန္တရေဟိ ကဒ္ဒမော ဥန္နာ တိဋ္ဌတိ၊ သော ဝါတာတပေန သုက္ခော ကကစဒန္တ သဒိသော ဟောတိ ဒုက္ခသမ္မာ၊ တံ သန္ဓာယာဟ “ဂေါကဏ္ဍကဟတာတံ ဘူမိ”တိ။ ဂဝံ ခုရန္တရေဟိ ဆိန္နာတိပိ အတ္ထော။** အဋ္ဌကထာ။

## PAGE 296

**ပဋိပုစ္ဆိဿာမိ**=ပြန်၍မေးပါအံ့ (**အတ္ထော**=ငါမေးအပ်သော အနက်သဘောသည်) **ယထာ**=အကြင်အခြင်းအရာအားဖြင့်၊ ဝါ=အကြင်သို့သောနည်းဖြင့်၊ (**ဗျာကရောန္တဿ**=ဖြေဆိုသော) **တေ**=သင်အား၊ **ခမေယျ**=နှစ်သက်သဘောကျရာ၏၊ ဝါ=နှစ်သက်ခြင်းကို ဖြစ်စေရာ၏၊ [တနည်း-**တေ**-သင်၏၊ **စိတ္တေ**=စိတ်၌၊ **ခမေယျ**=၏] **တထာ**=ထိုနှစ်သက်သဘောကျသည့် အခြင်းအရာအားဖြင့်၊ **နံ**=ထိုငါမေးမြန်းအပ်သော အနက်သဘောကို၊ (**တွံ**=သင်သည်) **ဗျာကရေယျာသိ**=ဖြေဆိုလော၊ [သင်ကြိုက်သလို ဖြေပါဟူလို] **ကုမာရ**=မင်းသား၊ **တံ**-ထိုငါပြောဆိုအပ်သောစကားကို၊ (**တွံ**=သင်သည်) **ကိ မညသိ**=အဘယ်သို့ ထင်မြင်သနည်း၊ **ဣဓ**=ဤလောက၌၊ **ဂဟပတိဿ ဝါ**=အိမ်ပိုင်ရှင် သူကြွယ်၏သော်လည်းကောင်း၊ **ဂဟပတိပုတ္တဿ ဝါ**=အိမ်ပိုင်ရှင် သူကြွယ်သား၏သော်လည်းကောင်း၊ **ကူဋာဂါရံ**=အထွတ်တပ်ဆင်ထားအပ်သော အိမ်သည်၊ **ဥလိတ္တာဝလိတ္တံ**=အတွင်း၌ လိမ်းသုတ်ထားအပ် အပြင်၌ လိမ်းသုတ်ထားအပ်သည်၊ **နိဝါတံ**=လေမတိုက်သည်၊ **ဖုသိတဂ္ဂဠ**-ထိမိစေ့စပ်သော တံခါးရွက်ရှိသည်၊ **ပိဟိတဝါတပါနံ**=ပိတ်အပ်ပြီးသော လေသောက်ပြတင်းရှိသည်။ **အဿ**ဖြစ်ရာ၏၊ ဝါ=ဖြစ်သည် ဆိုပါစို့၊ [**ဣဓ**၌ **အဿ**တည်း]

**တတြ**=ထိုအထွတ်တပ်ဆင်ထားအပ်သောအိမ်၌၊ **ဂေါနကတ္ထတော**=လက်လေးသစ်ထက်ရှည်သော အမွေးရှိသော ကော်ဇောနက်ကြီးဖြင့်သော်လည်း ခင်းထားအပ်သော၊ [**ဂေါနက**=ကော်ဇောနက်ကြီးဖြင့်+ **အတ္ထတော**= ခင်းထားအပ်သော] **ပဋိကတ္ထတော**=အဖြူရောင် သားမွေးအခင်းဖြင့်သော်လည်း ခင်းထားအပ်သော၊ **ပဋလိကတ္ထတော**=အားလုံးစုံ ပန်းပြောက်ခြယ်အပ်သော သားမွေးအခင်းဖြင့်သော်လည်း ခင်းထားအပ်သော၊ **ကဒလိမိဂပဝရပစ္စတ္ထရဏော**=ဝံပိုင်မည်သော သားကောင်၏ အရေဖြင့်ပြီးသော မြတ်သော အခင်းဖြင့်သော်လည်း ခင်းထားအပ်သော [**ကဒလီ**=ဝံပိုင်+**မိဂ**= သားကောင်(၏အရေဖြင့်ပြီးသော)+**ပဝရ**=မြတ်သော+ **ပစ္စတ္ထရဏ**=အခင်း(ဖြင့် ခင်းထားအပ်သော)] **သဥတ္တရစ္ဆဒေါ**=နီမြန်းသော အိပ်ရာအပေါ်လွှမ်းအခင်းနှင့်လည်း တကွဖြစ်သော၊

#### ၁။ ဥတ္တရစ္ဆဒနှင့် ဝိတာနပုဒ်နက် စิစစ်ချက်

**ဥတ္တရံ ဥပရိဘာဂံ ဆာဒေတီတိ ဥတ္တရစ္ဆဒေါ ဝိတာနံ** (အိပ်ရာ၏ အထက်ဘက်ကို ဖုံးအုပ်တတ်သော အဝတ်အထည်၊ အိပ်ရာလွှမ်းအခင်း) သာရတ္ထဋီကာ၊ တ၊ ၂၉၅။ **သဟ ဥတ္တရစ္ဆဒေန ယော ပလ္လင်္ကော ဝတ္တတီတိ သဥတ္တရစ္ဆဒေါ**= ဥတ္တရစ္ဆဒနှင့် တကွဖြစ်သော
## PAGE 297

**ဥဘတောလောဟိတကုပဓာနော**= ခြေရင်းခေါင်းရင်း နှစ်ဖက်တို့၌ နီမြန်းသောခြေအုံးခေါင်းအုံး နှစ်လုံးလည်းရှိသော၊ **ဥဘတော**=နှစ်ဖက်တို့၌+**လောဟိတက**=နီမြန်းသော+**ဥပဓာန**=ခြေအုံးခေါင်းအုံး (ရှိသော)] **ပလ္လင်္ကော**=အိပ်ခုတင်သည်၊ **အဿ**=ရှိရာ၏။

**ဧတ္ထ**=ဤအိမ်အတွင်း၌၊ **တေလပ္ပဒီပေါစ**=ဆီမီးရောင်သည်လည်း၊ **ဈာယေယျ**=ထိန်ထိန်လင်းနေရာ၏၊ **စတာ**=လေးယောက်ကုန်သော၊ **မနာပါ**=စိတ်နှလုံးကို တိုးပွားစေတတ်ကုန်သော၊ **ပဇာပတိယောစ**=မယားတို့သည်လည်း၊ (ပလ္လင်္က=အိပ်ခုတင်)ဟု ပလ္လင်္ကကို အရကောက်ရသော (ပလ္လင်္ကာ၏ ဝိသေသနဖြစ်သော) ဗဟုဗွီဟိဝစနတ္ထပြု။

ထောမနိဓိ၌ ဥတ္တရစ္ဆဒပုဒ်ကို သေယျာယ ဥပရိယာတ္ထရဏေ ဝတ္ထ(အိပ်ရာခင်းပေါ်၌ လွှမ်းအပ်ခင်းအပ်သော အဝတ်ထည်)ဟု ဖွင့်၏။ သက္ကတအင်္ဂလိပ် အဘိဓာန်တို့၌လည်း,-a bed covering, covering (in general)" ဟု အလားတူပင် ဖွင့်၏။

ဝိတာနပုဒ်ကို cushion (ကူရှင်၊ ဖုံအခင်း)ဟု လည်းဖွင့်၏။ ထို့ကြောင့် ဥပရိဗဒ္ဓေနု ရတ္တဝိတာနေန ဟူသော အဋ္ဌကထာ၌ ဝိတာနပုဒ်၏အနက်သည် အိပ်ရာလွှမ်း အခင်းပင် ဖြစ်သင့်၏။ အကယ်၍ အများရေးရိုးအတိုင်း"ဝိတာနု=မျက်နှาကြက်"ဟု အနက်ပြန်ဆိုလျှင်လည်း အိပ်ရာကြမ်းခင်းမှအထက်သို့မော်၍ ကြည့်ရသော အမိုးမျက်နှาကြက် (မြူမှုန်စသည် မကျအောင်ကာကွယ်သော အဝတ်) ကိုမယူဘဲ အိပ်ရာ မျက်နှาပြင်ပေါ်, အိပ်ရာခင်းပေါ်၌ဖြန့်ကြက်လွှမ်းအုပ် ခင်းထားအပ်သော အခင်းကိုသာ ယူသင့်၏။

ထိုဥတ္တရစ္ဆဒမည်သော အိပ်ရာလွှမ်းအခင်းကို အောက်ခံအခင်း (ပစ္စတ္တရဏ)၏ အပေါ်၌ လွှမ်း၍ခင်း၍ အသုံးပြုကြောင်းကို "သေတဝိတာနမ္ပိဟေဋ္ဌာ အကပ္ပိယပစ္စတ္ထရဏေ သတိ နဝဋ္ဋတိ၊ ရတ္တဝိတာနဿ ဟေဋ္ဌာကပ္ပိယပစ္စတ္ထရဏေ သတိပိ န ဝဋ္ဋတိ ဧဝ"ဟူသော ဝိနည်းမဟာဝါစမ္မက္ခန္ဓက အဋ္ဌကထာ၊ ၃၇ဝ။ ခုဒ္ဒသိက္ခာဋီကာဟောင်း၊ နှာ-၁၄၉နှင့် ဂါထာ၊ ၁၈၇-၉) စကားဖြင့် သိသာ၏။ ဤသုတ်၌မူ "သဥတ္တရစ္ဆဒေါ"သည်"ပလ္လင်္ကာ"၏ ဝိသေသန ဖြစ်သောကြောင့် ထိုဥတ္တရစ္ဆဒမည်သော အိပ်ရာလွှမ်းအခင်းကို အိပ်ခုတင် (ပလ္လင်္က) အပေါ်၌ ခင်းထားခြင်းဖြစ်ကြောင်း သိသာထင်ရှား၏၊ စာပိုဒ် (၆၄) ဝေနာဂပုရသုတ်လည်း ကြည့်လေ။

