## PAGE 298

**ဝါ**-**မနာပေန**=စိတ်နှလုံးကို တိုးပွားစေတတ်သော ပြုစုယုယမှုဖြင့်၊ **ပစ္စုပဋ္ဌိတာ**=ပြုစုယုယကြကုန်သည်၊ **အဿု**=ဖြစ်ကုန်ရာ၏၊ **ကုမာရ**=မင်းသား၊ **တံ**=ထိုငါပြောဆိုအပ်သောစကားကို၊ (**တွံ**=သင်သည်) **ကိံ**=နည်း၊ **သော**=ထိုအိမ်ရှင်သူကြွယ်နှင့် သူကြွယ်သားသည်၊ **သုခံ**=ချမ်းသာစွာ၊ **သယေယျ**=အိပ်ရပါသလော၊ **နော** (**သယေယျ**) **ဝါ**=မအိပ်ရပါသလော၊ **ဧတ္ထ**=ဤ ငါမေးအပ်သော ပြဿနာ၌၊**ကထံ ဝါ**=အဘယ်သို့မူလည်း၊ **တေ**=သင်၏၊ (**မတိ**=အယူအဆသည်) **ဟောတိ**=ဖြစ်သနည်း၊ **ဣတိ**(**အဝေါစ**) **ဘန္တေ**=ရား၊

**သော**=ထိုအိမ်ရှင်သူကြွယ်နှင့် သူကြွယ်သားသည်၊ **သုခံ**=စွာ၊ **သယေယျ**=အိပ်ရပါ၏ ။ပ။ **သော**=ထိုအိမ်ရှင် သူကြွယ်နှင့် သူကြွယ်သားသည်၊ **အညတရော**=တည်း၊ **ဣတိ** (**အဝေါစ**)

**ကုမာရ**=သား၊ **တံ**=ကို၊ **ကိ မညသိ**=နည်း၊ [**ယေဟိ**-စသော အနိယမ ဝါကျကို ရှေးဦးစွာ အနက်ပေးမည်] **သော**=ထိုသူကြွယ်နှင့် သူကြွယ်သားသည်၊ **ရာဂဇာဟိ**=ရာဂကြောင့် ဖြစ်ကုန်သော၊ **ယေဟိ ပရိဠာဟေဟိ**=အကြင်ပူလောင်ခြင်းတို့သည်၊ **ဝါ**=အကြင်အပူမီးတို့သည်၊ **ပရိဍ္ဎယုမာနော**=လောင်အပ်သည်၊ **ဝါ**=အလောင်ခံရသည်၊ (**ဟုတွာ**=ဖြစ်၍) **ဒုက္ခ**=ဆင်းရဲစွာ၊ **သယေယျ**=အိပ်ရလေရာ၏၊ **တဿ ဂဟပတိဿ ဝါ**=ထိုအိမ်ရှင်သူကြွယ်မှာသော်လည်းကောင်း၊ **တဿ ဂဟပတိပုတ္တဿ ဝါ**=လည်းကောင်း၊ **ကာယိကာ ဝါ**= ပဉ္စဒွါရသို့ အစဉ်လိုက်၍ဖြစ်သော ဝိညာဏ်အပေါင်းကို တုန်လှုပ်ချောက်ချားစေတတ်သည်လည်းဖြစ်ကုန်သော၊ [**ကာယ**=ဝိညာဏ်အပေါင်း+**ဣက**=ချောက်ချားစေသော] **စေတသိကာ ဝါ**=မနောဒွါရကို တုန်လှုပ်ချောက်ချားစေတတ်သည်လည်းဖြစ်ကုန်သော၊ **ဝါ**=မနောဒွါရိက စိတ်၌ မှီတည်သည်လည်းဖြစ်ကုန်သော၊ **ရာဂဇာ**=ကုန်သော၊ **တေ ပရိဠာဟာ**=ထိုပူလောင်ခြင်းတို့သည်၊ **ဥပ္ပဇ္ဇေယျ အပိ နု**=ဖြစ်နိုင်ကုန်ရာပါသလော၊ **ဣတိ**=သို့၊ (**အဝေါစ**=မေးတော်မူပြီ)

**ဘန္တေ**=ရား၊ **ဧဝံ**=ဖြစ်နိုင်ကုန်ရာပါ၏၊ **ဣတိ** (**အဝေါစ**=လျှောက်ပြီ)

**ကုမာရ**=သား၊ **သော ဂဟပတိ ဝါ**=သည်လည်းကောင်း၊ **သော ဂဟပတိပုတ္တော ဝါ**=သည်လည်းကောင်း၊ **ရာဂဇာဟိ**=ကုန်သော၊ **ယေဟိ ပရိဠာဟေဟိ**=တို့သည်။ပ။ **သယေယျ**=ရာ၏၊(**တေသံ ပရိဠာဟာနံ**=ထိုပူလောင်ခြင်းတို့ကို၊ **ဇနကော**=ဖြစ်စေတတ်သော) **သော ရာဂေါ**=ထိုသူကြွယ်၏ ရာဂနှင့် အလားတူရာဂကို၊ **ဝါ**=သည်၊ **တထာဂတဿ**= မြတ်စွာဘုရားသည်၊ **ဝါ**=မြတ်စွာဘုရားမှာ။ **ပဟီနော**=ပယ်အပ်ပြီ၊ [တနည်း-**သော ရာဂေါ**=သည်၊ **တထာဂတဿ**=၏၊

## PAGE 299

(**စိတ္တသန္တာနတော**=စိတ်အစဉ်မှ) **ပဟီနော**=ကင်းကွာပြီ၊] **ဥစ္ဆိန္နမူလော**= (အရဟတ္တမဂ်ဟူသော ဓားဖြင့်) ပယ်ဖြတ်အပ်ပြီးသော အဝိဇ္ဇာ, တဏှာအမြစ်အရင်းရှိ၏၊ **တာလာဝတ္ထုကတော** = (လည်ပင်းပြတ်ပြီး၍) အရွက်အသီး စသည်တို့၏တည်ရာမဖြစ်နိုင်သော ထန်းပင်ငုတ်ကဲ့ suite ပြုအပ်ပြီ၊ **ဝါ**=ထန်းပင်ရှိခဲ့ဖူးသောမြေနေရာကဲ့သို့ ပြုအပ်ပြီးသော တည်နေရာစိတ်အစဉ်ရှိ၏၊ **အနုဘာဝံကတော**-နောက်၌ဖြစ်ခြင်းမရှိအောင် ပြုအပ်ပြီ၊ **အာယတိံ**=နောင်အခါ၌၊ **အနုပ္ပါဒဓမ္မော**=ဖြစ်ခြင်းသဘောမရှိ၊ **တသ္မာ**=ထို့ကြောင့်၊ (ထိုသို့ ရာဂကို ပယ်သတ်ပြီးသည်အဖြစ်ကြောင့်) **အဟံ**=ငါသည်၊ **သုခံ**=စွာ၊ **အသယိတ္ထံ**=ကျိန်းစက်ရပြီ။ပ။ **ဣတိ**=ဤသို့၊ (**အဝေါစ**=မိန့်တော်မူပြီ)

> [ဂါထာ] **ပရိနိဗ္ဗူတော**=ကိလေသာခပ်သိမ်း ချုပ်ငြိမ်းခြင်းအားဖြင့်ချုပ်ငြိမ်းတော်မူသော၊ **သီတိဘူတော**=ကိလေသာဟူ အပူမသန်း အေးချမ်းခြင်းသို့ ရောက်တော်မူသော၊ **နိရုပဓိ**=ကိလေသာဟူသော ဥပဓိရှိတော်မမူသော၊ **ယော ဗြာဟ္မဏော**=အကြင်မကောင်းမှုတို့ကို ပယ်ရှားမျောသွားစေပြီးသော

**၁။** **တာလာဝတ္ထုကတော**။ ။ အဝတ္ထုဘူတော တာလော အဝတ္ထုတာလော (အရွက်အသီး စသည်တို့၏ တည်ရာမဟုတ်သော ထန်းပင်ငုတ်)အဝတ္ထုတာလော ဝိယ ကတောတိ အဝတ္ထုတာလကတော(အရွက်အသီးစသည်တို့၏ တည်ရာမဟုတ်သော ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ပြီးသော ရာဂ)ဟု ဆိုလိုလျက် ဝိသေသနပုဒ်ကို နောက်ထား၍ တာလာဝတ္ထုကတောဟုဆိုသည်။

၁ ဝိမတိဋီကာ၊ (ပ-၆၈) အလိုအားဖြင့် "တာလောယေဝ အဝတ္ထုတိတာလာဝတ္ထု၊ တံ ဝိယ ယဿ(ရာဂဿ) ဝတ္ထု (စိတ္တသန္တာနံ) ကတ္တန္တိတာလာဝတ္ထုကတော" ဟူ၍ ဝတ္ထုတပုဒ်ကျေသော ဗဟုဗွီဟိပြု၍ "တာလာဝတ္ထုကတော=အရွက်အသီး စသည်တို့၏တည်ရာ မဖြစ်နိုင်သော ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ပြီးသောတည်ရာ စိတ်အစဉ်ရှိ၏"ဟု အနက်ဆို။

တနည်း---တာလ=ထန်းပင်၏+ဝတ္ထု=တည်ရာဖြစ်ခဲ့ဖူးသော မြေနေရာကဲ့သို့+ဝတ္ထုကတ= ပြုအပ်ပြီးသောတည်ရာ စိတ်အစဉ်ရှိသော (ရာဂ)။ **တာလဿ ဝတ္ထု**၊ **တာလာဝတ္ထု**၊ (လ၏အ ဒီဃပြုသည်) **တာလာဝတ္ထုဝိယ ယဿ ရာဂဿ ဝတ္ထု**(**စိတ္တသန္တာနံ**) **ကတ္တန္တိတာလာဝတ္ထုကတော**(**ဝတ္ထုတပုဒ်ကျေ၏**) အဋ္ဌကအင်္ဂုတ္တရ် ဝေရဉ္စသုတ်နိဿယလည်းကြည့်။
## PAGE 300

ရဟန္တာပုဂ္ဂိုလ်သည်၊ ကာမေသု= ဝတ္ထုကာမ,ကိလေသာကာမတို့၌၊ နလိမ္ပတိ= သုတ်လိမ်းဖွယ်ရာ ကဏှာဒိဋ္ဌိ အညစ်အကြေးတို့ဖြင့် သုတ်လိမ်းတော်မမူ၊ သော ... ဗြာဟ္မဏော=ထိုမကောင်းမှုတို့ကို ပယ်ရှား မျောသွားစေပြီးသော ရဟန္တာပုဂ္ဂိုလ်သည်၊ ဝါ=ထိုပရိနိဗ္ဗုတ, သီတိဘူတစသည် ဖြစ်တော်မူသော ရဟန္တာပုဂ္ဂိုလ်သည်၊ ဝေဧကန်စင်စစ်အားဖြင့်၊ သဗ္ဗဒါ=အမြဲခပ်သိမ်း၊ သုခံ =ချမ်းသာစွာ၊ သေတိ=ကျိန်းစက်တော်မူရ၏။

(သော ဗြာဟ္မဏော=သည်) သဗ္ဗာ=အားလုံးကုန်သော၊ အာသဝေါ အာရုံ ငါးပါးတို့၌ ငြိကပ်တွယ်တာတတ်သော တဏှာတို့ကို၊ ဆေတွာ= ပယ်ဖြတ်ပြီး၍။ ဟဒယေ=စိတ်နှလုံး၌၊ ဒရံ=ကိလေသာအပူကို၊ ဝိနေယျ= ငြိမ်းသတ်ပြီး၍၊ စေတသော=စိတ်၏၊ သန္တိ=ကိလေသာအပူငြိမ်းခြင်းသို့၊ [တနည်း-စေတသော=စိတ်ဖြင့်၊ သန္တိ=ကိလေသာ အပူငြိမ်းရာ နိဗ္ဗာန်သို့] ပပ္ပယျ=ရောက်ပြီး၍၊ ဥပသန္တော=ငြိမ်းအေးလျက်၊ သုခံ=စွာ၊ သေတိ=၏၊ ဣတိ (အဝေါစ=မိန့်တော်မူပြီ)

#### ၆-ဒေဝဒူတသုတ်

၃၆။ **ဘိက္ခဝေ**=တို့၊ **ဒေဝဒူတာနိ**=သေမင်း၏ အမိန့်နာခံ စေတမန်နှင့်တူသောသူတို့သည်၊ ဝါ=နတ်နှင့်မခြား၊ ပြောစကားအတည်, ယုံကြည်ထိုက်သော စေတမန်တို့သည်၊ ဝါ=ဝိသုဒ္ဓိနတ်ဗြဟ္မာ ရဟန္တာတို့၏ စေတမန်

၁။ **ဒေဝဒူတာနိ**။ ။ **ဒေဝဒူတ**ပုဒ်ကို အဋ္ဌကထာ၌ (၃)နည်းဖွင့်ပြ၏။ ထိုတွင် "ဒေဝေါတိ မစ္စု"ဟူသော အဖွင့်နှင့်အညီ ဤနေရာ၌ **ဒေဝ**သဒ္ဒါသည် မစ္စု(မရာဇာ)=သေခြင်း (သေမင်း)ဟူသော အနက်ကို ဟော၏။ သေခြင်း သဘောတရားတည်းဟူသော မစ္စုကိုပင် မဇ္ဈရာဇာ(သေမင်း)ဟု တင်စားသုံးနှုန်းထား၏။ နဂိုမူလကမူ **ဒေဝ**သဒ္ဒါသည် နတ်ဟူသော အနက်ကိုပင် ဟော၏။ နတ်သည် သတ္တဝါတို့ကို ဖိစီးလွှမ်းမိုးသကဲ့သို့ ထိုအတူ သေမင်းသည်လည်း သတ္တဝါတို့ကို ဖိစီးလွှမ်းမိုးကာ မိမိအလိုသို့ လိုက်ပါစေ၏။ ထို့ကြောင့် သေမင်းသည် နတ်နှင့်တူသည်ဖြစ်ရကား ဤနေရာ၌ "ဒေဝေါ ဝိယာတိ ဒေဝေါ"ဟု ဥပမာတဒ္ဓိတ်ဆင့်၍ သေမင်းကို **ဒေဝ**ဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။

အမိန့်နာခံသော စေတမန်ကို **ဒူတ**ဟု ခေါ်၏။ သို့သော် ဤသုတ်၌ကား ထိုပကတိရိုးရိုး စေတမန်ကို **ဒူတ**ဟု မဆိုလို၊ သူအို, သူနာ, သူသေဟူသော

