## PAGE 376

ကျင့်သော ပုဂ္ဂိုလ်ဟူ၍၊ **အာဟု** = ပညာရှိတို့ဆိုကြကုန်၏။

**တိဟိ** = သုံးပါးကုန်သော၊ **ဝိဇ္ဇာဟိ** = ဝိဇ္ဇာတို့နှင့်၊ (ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်ဝိဇ္ဇာ, ဒိဗ္ဗစက္ခုဉာဏ်ဝိဇ္ဇာ, အာသဝက္ခယဉာဏ်ဝိဇ္ဇာတို့နှင့်) **သမ္ပန္နံ** = ပြည့်စုံတော်မူသော၊ **အသမ္မဝိဟာရိနံ** = မတွေမဝေ ဉာဏ်ပညာဖြင့် နေလေ့ရှိတော်မူသော၊ **ဗုဒ္ဓံ** = သစ္စာလေးပါးကို သိတော်မူသော၊ **အန္တိမဒေဟိနံ** = နောက်ဆုံးဘဝ၌ဖြစ်သော ခန္ဓာကိုယ်ကို ဆောင်တော်မူသော၊ **တံ ဂေါတမံ** = ထိုဂေါတမနွယ်ဖွား မြတ်စွာဘုရားကို၊ [ဂေါတမေ ဂေါတမဂေါတ္တေ ဇာတော ဂေါတမော] **ဝါ** = အနွယ်အားဖြင့် ဂေါတမမည်တော်မူသော မြတ်စွာဘုရားကို၊ **နမဿန္တိ** = (တပည့်သာဝကတို့က) ရှိခိုးကြကုန်၏၊ (တစ်နည်း) **တံ ဂေါတမံ** = ထိုဂေါတမမြတ်စွာဘုရား၏ တပည့်သား ရဟန္တာပုဂ္ဂိုလ်ကို၊ **နမဿန္တိ** = (နတ်လူတို့က) ရှိခိုးကြကုန်၏၊ [ဂေါတမဿ အပစ္စံ ဂေါတမော]

**ယော** = အကြင်ပုဂ္ဂိုလ်သည်၊ **ပုဗ္ဗေနိဝါသံ** = ရှေးဘဝ၌ နေအပ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို၊ **အဝေဒီ** = ထင်ရှားစွာသိပြီ၊ [အဝရှေးရှိသော ဣဓာတ်ဖြင့် အဝေတိဟု ပါဌ်ရှိမှု “အဝေတိ = ထင်ရှားစွာသိ၏”ဟု ပစ္စုပ္ပန်အနက်ဆို] **သဂ္ဂါပါယဉ္စ** = နတ်ဗြဟ္မာဘုံ, အပါယ်ဘုံကိုလည်း၊ **ပဿတိ** = ဒိဗ္ဗစက္ခုဉာဏ်ဖြင့်မြင်၏၊ **အထော** = ထိုမှတစ်ပါး၊ **ဇာတိက္ခယံ** = ပဋိသန္ဓေ၏ ကုန်ကြောင်း အရဟတ္တဖိုလ်သို့၊ **ပတ္တော** = ရောက်၏၊ **အဘိညာ** (အဘိညာယ) = သစ္စာလေးပါး တရားကို သိ၍၊ **ဝေါသိတော** = ၁၆-ပါးသော မဂ်ကိစ္စအားလုံး ပြီးဆုံးခြင်းဖြင့် ပြီးဆုံးသော၊ **မုနိ** = မောနေယျတရားနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်သည်၊ **ဟောတိ** = ဖြစ်၏၊ [မောနေယျတရားတို့ကို စာပိုဒ် ၁၂၃’မောနေယျသုတ်၌ကြည့်]

**တီဟိ** = သုံးပါးကုန်သော၊ **ဧတာဟိ ဝိဇ္ဇာဟိ** = ဤဝိဇ္ဇာတို့ဖြင့်၊ **တေဝိဇ္ဇာ** = သုံးပါးသောဝိဇ္ဇာရှိသည်၊ **ဗြာဟ္မဏော** = မကောင်းမှုတို့ကို ပယ်ရှား

**၁။ ဝေါသိတော။** ။ဝေါသိတော့သည် သုဒ္ဓကတ္တုရုပ် [ဝိ+အဝ+ သာ+တ] ၎င်း၏ကတ္တားမှာ ဂါထာ၌ တိုက်ရိုက်ရှိသော “ယော” လည်းဖြစ်နိုင်၏၊ တိုက်ရိုက်မရှိသော “မဂ်ကိစ္စ” လည်းဖြစ်နိုင်၏၊ ထို့ကြောင့် “အကြင်ပုဂ္ဂိုလ်သည် ပြီးဆုံး၏။ ၁၆-ပါးသောမဂ်ကိစ္စသည် ပြီးဆုံး၏” ဟု ပြီးဆုံးခြင်းကြိယာ တစ်ခုတည်း၌ ကတ္တားနှစ်ခုထပ်နေ၏။ သို့ဖြစ်၍ ထိုကဲ့သို့ မထပ်ရအောင် မဂ်ကိစ္စ၏ ပြီးဆုံးမှုကို ကြိယာဝိသေသနပြု၍ “ကိစ္စဝေါသာနေန ဝေါသိတော” ဟု အဋ္ဌကထာဖွင့်၏။ ထိုအတိုင်းအနက်ပေးရ၏။ “ဝေါသိတော = ၁၆-ပါးသော မဂ်ကိစ္စအားလုံး ပြီးဆုံးပြီးသော” ဟု ပြီးစလွယ်အနက်လည်းဆိုနိုင်ပါ၏။

## PAGE 377

မျောသွားစေပြီးသည်၊ **ဟောတိ** = ၏၊ **တံ** = ထိုပုဂ္ဂိုလ်ကိုသာလျှင်၊ (ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်စသော ဝိဇ္ဇာသုံးပါးတို့နှင့် ပြည့်စုံသော ထိုပုဂ္ဂိုလ်ကိုသာလျှင်) **တေဝိဇ္ဇံ** = တေဝိဇ္ဇပုဂ္ဂိုလ်ဟူ၍၊ **အဟံ** = ငါသည်၊ **ဝဒါမိ** = ဟောတော်မူ၏၊ **အညံ** = ထိုပုဂ္ဂိုလ်မျိုးမှ တစ်ပါးသော၊ **လပိတလာပနံ** = သူတပါးတို့ ပြောဆိုအပ်သော စကားမျှကိုသာ တစ်ဆင့်ပြောတတ်သောသူကို၊ (ဝိဇ္ဇာသုံးပါးကို ကိုယ်တိုင်မသိဘဲ သူတပါးတို့ ပြောဆိုအပ်သော ဝိဇ္ဇာသုံးပါး အကြောင်းအရာကိုသာ တစ်ဆင့်ပြောတတ်သောသူကို) **ဝါ** = အဋ္ဌက, ဝါမက ရသေ့တို့ရွတ်ဆိုအပ်သော ဗေဒင်မန္တန်ကိုသာ လိုက်၍ ရွတ်ဆိုတတ်သော ပုဏ္ဏားလူမျိုးကို၊ **ဝါ** = ဗေဒင်မန္တန်ကို ကိုယ်တိုင်လည်း ရွတ်ဆိုတတ်, သူတပါးကိုလည်းရွတ်ဆိုစေတတ်သော ပုဏ္ဏားလူမျိုးလောက်မျှကို၊ **တေဝိဇ္ဇ** = တေဝိဇ္ဇပုဂ္ဂိုလ်ဟူ၍၊ **အဟံ** = ငါသည်၊ **န ဝဒါမိ** = ဟောတော်မမူ၊ **ဣတိ** = ဤသို့၊ (အဝေါစ = မိန့်တော်မူပြီ)

**သော ဗြာဟ္မဏ** = ပုဏ္ဏား၊ **ဧဝံ** = ဤဆိုအပ်ခဲ့ပြီးသော အကြောင်းဖြင့်၊ **အရိယဿ** = ၏။ **ဝိနယေ** = ၌၊ **တေဝိဇ္ဇာ** = တေဝိဇ္ဇပုဂ္ဂိုလ်သည်၊ **ဟောတိ** = ၏၊ **ဣတိ** (အဝေါစ) **ဘော ဂေါတမ** = အရှင်ဂေါတမ၊ **အညထာ** = တစ်မျိုးတစ်ခြားသော အကြောင်းဖြင့်၊ **ဗြာဟ္မဏာနံ** = ပုဏ္ဏားတို့၏၊ **တေဝိဇ္ဇာ** = တေဝိဇ္ဇပုဂ္ဂိုလ်သည်၊ **ဟောတိ** = ၏။ **အညထာ စ ပန** = လျှင်ပ။ **ဟောတိ** = ၏၊ **ဘော ဂေါတမ**၊ **ပန** = တေဝိဇ္ဇပုဂ္ဂိုလ် နှစ်မျိုးကို နှိုင်းယှဉ်၍ ပြောရလျှင်ကား၊ **အရိယဿ** = ၏၊ **ဝိနယေ** = အဆုံးအမ တရားတော်၌၊ (အဆုံးအမတရားတော်က) **ဣမဿ တေဝိဇ္ဇဿ** = ဤတေဝိဇ္ဇပုဂ္ဂိုလ်၏၊ **သောဠသိ** = ၁၆-ခုမြောက်သော၊ **ကလံ** = အစိတ်တစ်စိတ်ကို၊ [တစ်နည်း-သောဠသိ ကလံ = ၁၆-စိတ်, စိတ်၍ တစ်စိတ်လောက်မျှကို] **ဗြာဟ္မဏာနံ** = တို့၏၊ **ဆဝိဇ္ဇာ** = တေဝိဇ္ဇပုဂ္ဂိုလ်ဆိုသူသည်၊ **န အဂ္ဃတိ** = မထိုက်တန်တော့ပါ။

**၁။ လပိတလာပနံ။** ။လပ္ပတေတိ လပိတံ- သူတပါးတို့ ပြောဆိုအပ်သော စကား၊ **ဝါ** = အဋ္ဌက, ဝါမကစသော ရသေ့တို့ ရွတ်ဆိုအပ်သော ဗေဒင်မန္တန်၊ လပိတမေဝ လပတိတိ လပ်တလာပနောဟု ဝစနတ္ထပြု။ ဣတိဝုတ်ဋ္ဌ (၂၉၇၊ ၃၀၂) ၌ကား ဤသုတ်အဋ္ဌကထာအတိုင်း မဖွင့်ဘဲ တစ်မျိုးဖွင့်ထား၏။ နောက်အနက်နှစ်မျိုးမှာ ထိုဣတိဝုတ်ဋ္ဌ အဖွင့်အနက်တို့တည်း၊ နောက်ဆုံးအနက်၌ သယံ လပတီတိ လပိတော = ကိုယ်တိုင်လည်း ဗေဒင်မန္တန်ကို ရွတ်ဆိုတတ်သူ၊ လာပေတီတိ လာပနော = သူတပါးတို့ကိုလည်း ရွတ်ဆိုခိုင်းတတ်, ပို့ချဟောပြောတတ်သူ။ လပိတော စ သော လာပနောစာတိ လပိတလာပနော-ဟု ဝစနတ္ထပြု။
## PAGE 378

### ၉-ဇာဏုသောဏိသုတ်

**၆၀။** **ဘော ဂေါတမ** = အရှင်ဂေါတမ၊ **ယဿ** = အကြင်သူမှာ၊ **ယညော ဝါ** = ယဇ်ပူဇော်လှူဒါန်းဖွယ် ပစ္စည်းဝတ္ထုသည်လည်းကောင်း၊ **သဒ္ဓံ ဝါ** = သေလွန်ပြီးသော မိဘတို့ကိုရည်စူး၍ ပေးလှူအပ်သော ထမင်းသည်လည်းကောင်း၊ **ထာလိပါကော ဝါ** = (ထူးမြတ်သောပုဂ္ဂိုလ်တို့အား ပေးလှူသင့်သော) ထမင်းချက်အိုးသည်လည်းကောင်း၊ **ဒေယျဓမ္မံ ဝါ** = (ယဇ်စသည် တို့မှ) အခြားသော ပေးလှူဖွယ်ဝတ္ထု ဟူသမျှသည်လည်းကောင်း၊ **အဿု** = ရှိကုန်၏၊ **ဧတံ ဒါနံ** = (ယဇ်, သဒ္ဓစသော) ထိုပေးလှူဖွယ် ဝတ္ထုဟူသမျှ အားလုံးကို၊ **တေဝိဇ္ဇေသု** = သုံးမျိုးသော ဝိဇ္ဇာရှိကုန်သော၊ **ဗြာဟ္မဏေသု** = ပုဏ္ဏားတို့၌သာလျှင်၊ ဝါ = ပုဏ္ဏားတို့အားသာလျှင်၊ **ဒဒေယျ** = ပေးလှူသင့်ပါ၏၊ ဣတိ - ဤသို့၊ (အဝေါစ = လျှောက်ပြီ)။ပ။ [ယခင်သုတ်အတိုင်းဆိုပါ]

= [ဂါထာ] **ယော** = အကြင်ပုဂ္ဂိုလ်သည်၊ **သီလဗ္ဗတသမ္ပန္နော** = သီလ, အကျင့်နှင့် ပြည့်စုံ၏၊ **ပဟိတတ္တော** = (အလိုရှိအပ်သော အကျိုး၏ ပြီးစီးခြင်းငှါ) ရဲဝံ့စွန့်စား စွန့်လွတ်ထားအပ်သော စိတ်ရှိ၏။ **သမာဟိတော** = စိတ်ကို အာရုံ၌ ကောင်းမွန်တည်တံ့စွာ ထားတတ်၏၊ ဝါ = တည်ကြည်၏၊ [အရမ္မဏေ စိတ္တံ သု အာဒဓာတိ ဌပေတီတိ သမာဟိတော - ဟု ကတ္တုသာဓနဝစနတ္ထပြု။

တနည်း -- အရမ္မဏေ သုဋ္ဌ အာခီယတေ ဌပီယတေတိ သမာဟိတံ (စိတ္တံ) ဟု ကမ္မသာဓနပြုပြီးနောက် “သမာဟိတံ ယဿ အတ္တီတိ သမာဟိတော” ဟူ၍

၁။ **ထာလိပါကော**။ ။ **ထာလိပါကော** တိ ဝရပုရိသာနံ ဒါတဗ္ဗယုတ္တံ ဘတ္တံ ဟု အဋ္ဌကထာဖွင့်၏။ သက္ကတအဘိဓာန်တို့၌လည်း “ဘာသာရေးနှင့် စပ်၍ အထူး တလည် ချက်ပြုတ်လှူဒါန်းအပ်သော နို့ထမင်းကို ထာလိပါက” ဟုဆို၏။ ထာလိယံ ပါကော ထာလိပါကော (အိုး၌ ချက်အပ်သောထမင်း) ဟု ထောမနိဓိ အတိုင်း ဝိဂြိုဟ်ပြု၊ သို့သော် ထိုထမင်းကို ပုဂံထဲသို့ ခူးခပ်မထည့်တော့ဘဲ အိုးနှင့်တကွပေးလှူအပ်သောကြောင့် “ထာလိပါက = ထမင်းချက်အိုး ” ဟု အနက်ပေးထားသည်။

(တနည်း) **ပစီယိတ္ထာတိ ပါကော** = ချက်အပ်ပြီးဆွမ်းထမင်း၊ **ပါကဿ ထာလိ ထာလိပါကော** = ချက်ပြီးထမင်း၏အိုး(ထမင်းချက်အိုး) (တနည်း) **ပစ္စတေ ဘတ္တံ ဧတ္ထာတိ ပါကော**၊ **ထာလီ စ သာ ပါကော စာတိ ထာလိပါကော** = ထမင်းချက်ရာအိုး(ထမင်းချက်အိုး)၊ အိုးတည်းဟူသော ဌာနကိုဆိုသဖြင့် ထမင်းတည်းဟူသော ဌာနီကိုလည်းယူရသော ဌာနပစာရ, နာနာန္တရိကနည်း ဟုကြံ၊ ပါရာဇိကဏ် သုဒိန္နကဏ္ဍမှ “သဋ္ဌိမတ္တေ ထာလိပါကေ” နှင့်တူ၏။

