## PAGE 406

မည်သော တိုင်းနယ်ပယ်၌၊ **စာရိကံ** = ခရီးရှည်လျား ကြွသွားတော်မူခြင်းကို၊ **ဝါ** = ခရီးရှည်လျား ကြွသွားတော်မူခြင်းဖြင့်၊ **စရမာနော** = ဖြည်းဖြည်းသက်သာ ) ကြွသွားတော်မူလသော်၊ [ဋ္ဌ၊ ကျွန်ုပ်တို့ဖွင့်သည့်အတိုင်း “**စရမာနော** = တနေ့ တယူဇနာ၊ ယူဇနာဝက်ထား၊ ရပ်ကာနား၍ကြွသွားတော်မူလသော်၊ **ဝါ** = တနေ့ တယူဇနာ၊ နှစ်ယူဇနာနှုန်းထား၊ ရပ်ကာနား၍ ကြွသွားတော်မူလသော်”] ဟု အနက်ဆိုနိုင်၏] **ယေန** ( ပဒေသေန ) = အကြင်အရပ်၌၊ **ဝေနာဂပုရံ နာမ** = ဝေနာဂပုရမည်သော၊ **ကောသလာနံ** = ကောသလမင်းသားတို့၏၊ **ဝါ** = ကောသလတိုင်းနယ်ပယ်၏၊ **ဗြဟ္မဏဂါမော** = ပုဏ္ဏားရွာသည်။ ( **အတ္ထိ** = ရှိ၏ ) **တံ** ( ပဒေသံ ) = ထိုအရပ်သို့၊ ( ထိုဝေနာဂပုရမည်သော ပုဏ္ဏားရွာရှိရာ အရပ်သို့ ) **အဝသရိ** = ရောက်တော်မူပြီ၊ တနည်း - **ယေန** ( ဒိသာဘာဂေန ) = အကြင်အရပ်မျက်နှာဘက်ဖြင့်၊ **ဝေနာဂပုရံ နာမ** = သော၊ **ကောသလာနံ** = တို့၏၊ **ဗြာဟ္မဏဂါမော** = သို့၊ **အဝသရိတဗ္ဗော** = ရောက်အပ်ရောက်နိုင်၏၊ **တံ** ( တေန ဒိသာဘာဂေန ) = ထိုအရပ်မျက်နှာဘက်ဖြင့်၊ **ဝေနာဂပုရံ နာမ** = သော၊ **ကောသလာနံ** = တို့၏၊ **ဝါ** = ၏၊ **ဗြာဟ္မဏဂါမံ** = သို့၊ **အဝသရိ** = ရောက်ပြီ

**ဝေနာဂပုရိကာ** = ဝေနာဂပုရရွာသား ဖြစ်ကြကုန်သော၊ **ဗြာဟ္မဏဂဟပတိကာ** = ပုဏ္ဏားသူကြွယ်တို့သည်၊ **အသောသုံ ခေါ** = ကြားသိကြကုန်ပြီးသည်သာ၊ [**ခေါ** သဒ္ဒါ အဝဓာရဏအနက်ဟောတည်း။ တနည်း - **အသောသုံ** = ကြားသိကြကုန်ပြီ။ **ခေါ** သဒ္ဒါ အနက်မရှိ] ( **ကိန္တိ** = အဘယ်သို့၊ **အသောသုံ** = ကြားသိကြကုန်ပြီးသနည်းဟူမူ ) **ဘော** = အိုအမောင်တို့၊ **သကျပုတ္တော** = သာကီဝင်သုဒ္ဓေါဒနမင်း၏ သားတော်ဖြစ်သော၊ **သကျကုလမှ** = သာကီဝင်မင်းမျိုးမှ၊ ( **နိက္ခမိတွာ** = ထွက်ခွါ၍ ) **ပဗ္ဗဇိတော** = ရဟန်းအဖြစ်သို့ ရောက်သော၊ **ဂေါတမော** = ဂေါတမနွယ်ဖွား ဖြစ်တော်မူသော၊ **သမဏော** = ရဟန်းတော်မြတ်သည်၊ **ဝေနာဂပုရံ** = ဝေနာဂပုရရွာသို့၊ **အနူပ္ပတ္တော ခလု** = ရောက်လာတော်မူသတဲ့၊ ရာဇကုမာရအနက်ကိုလည်းယူ၍ “**ကောသလာနံ** = ကောသလမင်းသားတို့၏” ဟု ဗဟုဝုစ်အနက်လည်း ပေးရသေး၏။ နှိုင်းယှဉ်ကြည့်ရန်ကား -

**ဝစ္ဆိဂါမန္တေ ဝဇ္ဇီနံ ဂါမံ၊ ဝဇ္ဇီသု ဝါ ဂါမံ။ ပါရာဇိကဏ်ဋ္ဌ၊ ပ-၁၇၂။**
**ဝဇ္ဇီနန္တိ ရာဇာနော အပေက္ခိတွာ သာမိဝစနံ ကတံ၊ ဝဇ္ဇီရာဇူနန္တိ အတ္ထော၊ ဇနပဒသဒ္ဒဿ တန္နိဝါသီသုပိ ပဝတ္တနတော။** “**ဝဇ္ဇီသူ**” တိ **ဇနပဒါပေက္ခ** ဘုမ္မဝစနံ၊ **ဝဇ္ဇီနာမကေ ဇနပဒေ** တိ အတ္ထော။ သာရတ္ထ၊ ဒု၊ ၆။ ဤနေရာ၌ **ကောသလေသု** နှင့်စပ်၍ မှတ်ဖွယ်ကို မောဂ္ဂလ္လာန်နိသျ ဒု၊ ၄-ဏာဒိကဏ္ဍ၊ ၁၉-သုတ်နှင့်၊ ကစ္စည်းဘာသာဋီကာ၊ “**ဏ ရာဂါ တဒမညတ္တေသု စ**” သုတ်၌ကြည့်ကြပါကုန်။

## PAGE 407

**တံ ခေါ ပန ဘဝန္တံ ဂေါတမံ** = ထိုအရှင်ဂေါတမ၏၊ **ဧဝံ** = ဤသို့၊ **ဝါ** = ဤယခုပြောပြမည့်အတိုင်း၊ **ကလျာဏော** = ကောင်းသော၊ **ကိတ္တိသဒ္ဓေါ** = ချီးကျူးအံ့သြပြောဆိုအပ်သော ဂုဏ်သတင်းသည်၊ **ဝါ** = ချီးကျူးခြင်း၏ အစွမ်းအားဖြင့်ဖြစ်သော ကျော်စောသံသည်၊ **ကိတ္တိယတေ အဘိတ္ထဝိယတေတိ ကိတ္တိ** = ချီးကျူးအပ်သောဂုဏ်။ **သဒ္ဒိယတေ ဥစ္စာရီယာတိ သဒ္ဒါ** - ပြောဆိုအပ်သောဂုဏ်၊ **ကိတ္တိ ဧဝ သဒ္ဒေါ ကိတ္တိသဒ္ဒေါ**။ တနည်း - **ကိတ္တနံ အဘိတ္ထဝနံ ကိတ္တိ**၊ **ကိတ္တိဝသေန ထုတိဝသေန ပဝတ္တော သဒ္ဒေါ ကိတ္တိသဒ္ဒေါ အဗ္ဗုဂ္ဂတော** နတ်နှင့်တကွ၊ လောကအားလုံး၊ လွှမ်းခြုံဖုံးလျက်၊ ပျံ့နှံ့ တက်ပြီ၊ ( **ကိန္တိ** = သို့၊ **အဗ္ဗုဂ္ဂတော** - ဟူမူ )

= ၁။ **အဗ္ဗုဂ္ဂတော** ၌ **အဘိ** သဒ္ဒါ၏အနက်။ ။ **အဘိ** = လွှမ်းမိုးပျံ့နှံ့လျက် + **ဥဂ္ဂတော** = တက်ပြီ။ အဋ္ဌကထာ၌ “**တံ ခေါ ပန ဘဝန္တံ ဂေါတမံ**” ၌ ဒုတိယာဝိဘတ်သည် **ဣတ္ထမ္ဘူတာချာန** အနက်၌ဖြစ်၏ဟုဖွင့်၏၊ သက္ကတသဒ္ဒါကျမ်းတို့ အလိုအားဖြင့် **ဣတ္ထမ္ဘူတာချာန** ဇောတကဖြစ်သော **အဘိ** သဒ္ဒါသည် **ကမ္မပ္ပဝစနီယ** ဖြစ်သောကြောင့် **အဘိဘဝန**၊ **အဇ္ဈောတ္ထရဏ** ကြိယာကိုမဟောနိုင်။

သို့သော် အဋ္ဌကထာ၌ကား “**အဗ္ဗုဂ္ဂတောတိ သဒေ၀ကံ လောကံ အဇ္ဈောတ္ထရိတွာ - ဥဂ္ဂတော**” ဟု **အဘိ** သဒ္ဒါ၏ **အဇ္ဈောတ္ထရဏ** အနက်ကိုဖွင့်ထား၏။ ထို့ကြောင့် အဋ္ဌကထာအဖွင့်နှင့်လည်းကောင်း၊ သဒ္ဒါကျမ်းတို့အဆိုနှင့်လည်းကောင်း ကိုက်ညီအောင် “**တံ ဘဝန္တံ ဂေါတမံ** နှင့် တွဲစပ်ရသော **ဣတ္ထမ္ဘူတာချာန** ဇောတကဖြစ်သော **ကမ္မပ္ပဝစနီယ** အမည်ရသော “**အဘိ**” သဒ္ဒါတခုနှင့် **ကမ္မပ္ပဝစနီယ** အမည် မရသော ( **အဇ္ဈောတ္ထရဏ** ကြိယာကိုဟောသော ) ဥပသဂ္ဂဖြစ်သော “**အဘိ**” သဒ္ဒါတခုဟူ၍ အဘိသဒ္ဒါနှစ်ခုရှိသင့်ရာတွင် တခုကိုချေ၍ **အဗ္ဗုဂ္ဂတော** ဟု ဆိုထားသည်ဟု ဆရာတို့ကြံတော်မူကြ၏။ [*မောဂ္ဂလ္လာန်နိသျသစ်*။ ၂-သျာဒိကဏ္ဍ။ ၈-သုတ်]

ထိုဆရာတော်တို့သည် အဋ္ဌကထာ၌ဖွင့်ပြထားသော **အဇ္ဈောတ္ထရဏ** အနက်ကို **ကမ္မပ္ပဝစနီယ** မဟုတ်သော **အဘိဥပသာရ** ၏ အနက်ဟုဆိုလို၏၊ ထိုအလို "**တံ ခေါ ပန ဘဝန္တံ ဂေါတမံ အဘိ** - ထိုအရှင်ဂေါတမ၏၊ **ဧဝံ** = သို့၊ **ကလျာဏော** = သော၊ **ကိတ္တိသဒ္ဒေါ** = သည်၊ **အဗ္ဗုဂ္ဂတော** - နတ်နှင့်တကွ-------ပျံ့နှံ့ တတ်ပြီ” ဟု အနက်ဆိုရမည်ဖြစ်၏။ သို့သော် “**သီလသမ္ပန္နဿ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဗုဂ္ဂစ္ဆတိ**” ဟူသော **ကမ္မပ္ပဝစနီယ** နှင့် မဆိုင်သော ရိုးရိုးဝါကျ၌ကဲ့သို့ အနက်ပေးခြင်းသာ အဋ္ဌကထာအဖွင့်နှင့် ကိုက်ညီသည်ဟု ယူဆ၏။
## PAGE 408

သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ=ကိလေသာတို့မှ ဝေးကွာတော်မူသည်အဖြစ်တည်းဟူသော ဤအကြောင်းကြောင့်လည်း၊ **အရဟံ**=အရဟံမည်တော်မူ၏။ ထို့နောက် “ဣတိပိ သော ဘဂဝါ”ကို ဂုဏ်တော်ပုဒ်တိုင်းပုဒ်တိုင်းသို့ လိုက်၍အနက်ပေးရဦးမည်။ [ဋီကာ၌ကား“သော ဘဂဝါ”ဟူသော နိယမ၏ ရှည်လျားသော အနိယမဝါကျ အသစ်ထည့်၍ဖွင့်ထားသေး၏]

သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်။ ဣတိပိ=အမှားမပါ, မှန်စွာပိုင်နိုင်, ကိုယ်တိုင်စထွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိ သိမြင်တော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း၊ **သမ္မာသမ္ဗုဒ္ဓေါ**=သမ္မာသမ္ဗုဒ္ဓမည်တော်မူ၏။

သော ဘဂဝါ-သည်၊ ဣတိပိ=ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါးစရဏ ၁၅-ပါးတို့နှင့် ပြည့်စုံတော်မူခြင်းဟူသော ဤအကြောင်းကြောင့်လည်း၊ **ဝိဇ္ဇာစရဏသမ္ပန္နော**=ဝိဇ္ဇာစရဏသမ္ပန္နမည်တော်မူ၏။

သော ဘဂဝါ=သည်၊ ဣတိပိ=ကောင်းမြတ်ဖြောင့်တန်း နိဗ္ဗာန်နန်းသို့ ကြွမြန်းတော်မူခြင်း တည်းဟူသော ဤအကြောင်းကြောင့်လည်း၊ **သုဂတော**=သုဂတမည်တော်မူ၏။

သော ဘဂဝါ-သည်၊ ဣတိပိ=(သတ္တလောက, သင်္ခါရလောက, ဩကာသလောက တည်းဟူသော)လောကသုံးပါးကို သိတော်မူခြင်းတည်းဟူသောဤအကြောင်းကြောင့်လည်း၊ **လောကဝိဒူ**=လောကဝိဒူ မည်တော်မူ၏။

သော ဘဂဝါ=သည်၊ ဣတိပိ=သီလ, သမာဓိ, ပညာစသောဂုဏ်တော်တို့ဖြင့် လူ နတ် ဗြဟ္မာ သတ္တဝါအားလုံးတို့ထက် သာလွန်ထူးကဲတော်မူခြင်းဟူသော ဤအကြောင်းကြောင့်လည်း၊ **အနတ္တရော**- အနတ္တရမည်တော်မူ၏။

သော ဘဂဝါ=သည်၊ ဣတိပိ=ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့ကိုယဉ်ကျေးအောင် ဆုံးမတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း၊ **ပုရိသဒမ္မသာရထိ**= ပုရိသဒမ္မသာရထိ မည်တော်မူ၏။ [ဤစာအုပ်စာမျက်နှာ (၃၈၀)လည်းကြည့်]

သော ဘဂဝါ-သည်၊ ဣတိပိ=နတ်လူတို့၏ ဆရာဖြစ်တော်မူခြင်းဟူသော ဤအကြောင်းကြောင့် လည်း၊ ဝါ=ခေါင်းဆောင်ဦးစီး, ကုန်သည်ကြီးပမာ, သတ္တဝါငယ်သား, နောက်ပါများကို, ဆိုးဝါးသန္ဓေအိုနာသေလမ်း, ခရီးကြမ်းမှ, အေးချမ်းမြေဇ, ပြည်နိဗ္ဗူသို့, ဆောင်ယူကယ်တတ်, ဤအကြောင်းရပ်ကြောင့်လည်း၊ **သတ္ထာ ဒေဝမနုဿာနံ**= သတ္ထာ ဒေဝမနုဿာနံမည်တော်မူ၏။

သော ဘဂဝါ=သည်၊ ဣတိပိ=သစ္စာလေးပါးတရားကိုကိုယ်တော်တိုင်သိ၍ ဝေနေယျသတ္တဝါ တို့ကိုလည်း တဆင့်သိအောင်ဟောကြားတော်မူခြင်းတည်းဟူသော ဤအကြောင်း ကြောင့်လည်း၊ **ဗုဒ္ဓေါ**=ဗုဒ္ဓမည်တော်မူ၏။

သော ဘဂဝါ=သည်၊ ဣတိပိ=(ဣဿရိယ, ဓမ္မ, ယသ, သိရီ, ကာမ, ပယတ္တ ဟူသော) ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူခြင်းတည်းဟူသော ဤအကြောင်း ကြောင့်လည်း၊ **ဘဂဝါ**= ဘဂဝါမည်တော်မူ၏၊ ဘဂဝန္တ မည်တော်မူ၏။

