## PAGE 433

**ခေါ**=၌၊ **တေ ဘိက္ခု**=တို့သည်၊ **ရာဇဂဟေ**=၌၊ **ပိဏ္ဍာယ**=ငှာ၊ **စရိတွာ**=လှည့်လည်ကြပြီး၍၊ **ပစ္ဆာဘတ္တံ**၌၊ **ပိဏ္ဍပါတပဋိက္ကန္တာ**=ဆွမ်းခံရွာမှဖဲခွါခဲ့ကြကုန်ပြီးသည်၊ (**သမာနာ**=ဖြစ်ကုန်လသော်)။ပ။ **ဧတံ**=ဤစကားကို၊ **အဝေါစုံ**=လျှောက်ထားကြကုန်ပြီ၊ (**ကိန္တိ**=သို့၊ **အဝေါစုံ**=ဟူမူ)

**ဘန္တေ**=အရှင်ဘုရား၊ **သရဘော နာမ**=သော၊ **ပရိဗ္ဗာဇကော**=သည်၊ **ဣမသ္မာ ဓမ္မဝိနယာ**=မှ၊ **အစိရပက္ကန္တော**=ထွက်ခွါသွား၍ မကြာမြင့်သေးပါ၊ **သော**=ထိုသရဘပရိဗိုဇ်သည်။ပ။ **ဝါစံ**=ကို၊ **ဘာသတိ**=၏၊ (**ကိန္တိ ဘာသတိ**) **မယာ**=ငါသည်။ပ။ **အပက္ကန္တော**=ပြီ၊ **ဣတိ** (**ဘာသတိ**) **ဘန္တေ**=ရား၊ **သာဓု**=တောင်းပန်ပါကုန်၏၊ **ဘဂဝါ**=သည်၊ **ယေန**=အကြင်အရပ်၌၊ **သိပ္ပိနိကာတီရံ**=သိပ္ပိနိကာမြစ်ကမ်းသည်၊ **ပရိဗ္ဗာဇကာရာမော**=ပရိဗိုဇ်တို့၏အာရာမ်သည်၊ ဝါ=ပရိဗိုဇ်ကျောင်းတိုက်သည်၊ (**အတ္ထိ**-ရှိ၏) **ယေန**=အကြင်အရပ်၌၊ **သရဘော**=သရဘမည်သော၊ **ပရိဗ္ဗာဇကော**=ပရိဗိုဇ်သည်၊ (**အတ္ထိ**) **တေန**=ထိုအရပ်၌၊ ဝါ=ထိုအရပ်သို့၊ (ထိုသိပ္ပံနိကာမြစ်ကမ်း ပရိဗိုဇ် အာရာမ်, သရဘပရိဗိုဇ်ရှိရာ အရပ်သို့) **အနုကမ္မံ**=ငဲ့ညှာ ထောက်ထား သနားခြင်းကို၊ **ဥပါဒါယ**=အကြောင်းပြု၍၊ **ဥပသင်္ကမတု**=ကြွသွားတော်မူပါ၊ **ဣတိ** (**အဝေါစုံ**=လျှောက်ကြကုန်ပြီ) **ဘဂဝါ**=သည်၊ **တုဏှိဘာဝေန**=ဆိတ်ဆိတ်နေတော်မူသည်အဖြစ်ဖြင့်၊ **အဓိဝါသေသိ**=လက်ခံတော်မူပြီ။

**အထ ခေါ**၌၊ **ဘဂဝါ**=သည်၊ **သာယနှသမယံ**=ညနေချမ်းအခါ၌၊ **ပဋိသလ္လာနာ**=အာရုံများစွာ စိတ်ကိုခွါလျက် ငြိမ်သက်ကိန်းဝပ်, ဖလသမာပတ်မှ၊ ဝါ=သင်္ခါရသတ္တဝါ, ဖဲခွါကင်းဆိတ်, ကိုယ်စိတ်ရှင်းလင်း, ဖလသမာပတ်ဝင်စားတော်မူခြင်းမှ၊ **ဋ္ဌိတော**=ထတော်မူပြီးသည်၊ (**ဟုတွာ**=ဖြစ်၍)။ပ။ **ဥပသင်္ကမိ**=ကြွသွားတော်မူ၏၊ **ဥပသင်္ကမိတွာ**=ကြွသွားတော်မူပြီး၍၊ **ပညတ္တေ**=ခင်းထားအပ်သော၊ **အာသနေ**=နေရာ၌၊ **နိသီဒိ**=ထိုင်နေတော်မူပြီ၊ **နိသဇ္ဇ**=ထိုင်နေတော်မူပြီး၍၊ **ဘဂဝါ**=သည်၊ **သရဘုံ**=သရဘမည်သော၊ **ပရိဗ္ဗာဇကံ**=

**၁။ ပဋိသလ္လာနာ။** ။**ပဋိ** (**ပဋိသံဟရိတွာ**)=အာရုံများစွာမှ စိတ်ကို ခွဲခွာရုပ်သိမ်း၍+**သလ္လာနံ**= ငြိမ်သက်စွာ ကိန်းအောင်းတော်မူခြင်း(ဖလသမာပတ်ဝင်စားတော်မူခြင်း)အဋ္ဌကထာ။

ထိုထို တပည့်ဒါယကာစသော သတ္တဝါတို့မှလည်းကောင်း အခြားသောရူပါရုံစသော သင်္ခါရတို့မှလည်းကောင်း၊ **ပဋိနိဝတ္တေတွာ အပသတ္တိတွာ**=ဆုတ်ခွာရှောင်ရှား၍၊ **နိလီယနံ ဝိဝေစနံ**=ကိုယ်စိတ်တို့ဖြင့် ထိုသတ္တဝါသင်္ခါရတို့မှကင်းဆိတ်ရှင်းလင်း ငြိမ်သက်စွာ ကိန်းအောင်းတော်မူခြင်း(ဖလသမာပတ်ဝင်စားတော်မူခြင်း)ဋီကာ၊

## PAGE 434

ကို၊ **ဧတံ**=ဤစကားကို၊ **အဝေါစ**=ပြီး(**ကိန္တိ အဝေါစ**) **သရဘ**= သရဘ、“**အညာတော မယာ**။ပ။ **အပက္ကန္တော**”**တိ**=“**အညာတော မယာ**။ပ။ **အပက္ကန္တော**” ဟူ၍၊ **ဧဝံ**=ဤသို့၊ **တွံ**=သင်သည်၊ **ဝဒေသိ**=ပြောဆို၏ဟူ၍၊ ဝါ=၏ဟူသော၊ **ကိရ**=ငါတဆင့်ကြားရသော စကားသည်၊ **သစ္စံ**=မှန်သလော၊ **ဣတိ** (**အဝေါစ**) **ဧဝံ**=ဤသို့၊ **ဝုတ္တေ**=မြတ်စွာဘုရားက မေးမြန်းတော်မူအပ်လသော်။ပ။ **တုဏှိ**=ဆိတ်ဆိတ်နေသည်၊ **အဟောသိ**=ဖြစ်ပြီ၊ **ဒုတိယမ္ပိ**=နှစ်ကြိမ်မြောက်လည်း။ပ။ **သရဘ**=သရဘ၊ **ဝဒေဟိ**=ပြောပါလော၊ **ကိန္တိ**=အဘယ်သို့၊ **တေ**=သင်သည်၊ **သကျပုတ္တိကာနံ**=ကုန်သော၊ **သမဏာနံ**=တို့၏၊ **ဓမ္မော**=ကို၊ **အညာတော**=သိအပ်ခဲ့ပါသနည်း၊ **တေ**=သင်၏၊ (**ဝစနံ**=စကားသည်) **အပရိပူရံ**=မပြည့်စုံသည်၊ **သစေ ဘဝိဿတိ**=အကယ်၍ ဖြစ်နေအံ့၊ (**ဧဝံ သတိ**=ဤသို့မပြည့်မစုံဖြစ်နေလသော်) **အဟံ**-ငါသည်၊ **ပရိပူရေဿာမိ**=ပြည့်စုံစေပါအံ့၊ ဝါ-ဖြည့်စွက်ပါအံ့၊ **ပန**=ထိုသို့မဟုတ်ဘဲ၊ **တေ**=သင်၏၊ (**ဝစနံ**=သည်) **ပရိပူရ**=ပြည့်စုံသည်၊ **သစေ ဘဝိဿတိ**=အံ့၊ (**ဧဝံ သတိ**-ဤသို့ ပြည့်စုံသည်ဖြစ်လသော်) **အဟံ**=ငါသည်၊ **အနုမောဒိဿာမိ**-ဝမ်းမြောက်နုမော် သာဓုခေါ်ပါအံ့၊ **ဣတိ** (**အဝေါစ**) ပ။ **တတိယမ္ပိ**=သုံးကြိမ်မြောက်လည်း။ပ။ **သရဘ**=သရဘ၊ **သကျပုတ္တိကာနံ**-ကုန်သော၊ **သမဏာနံ**=တို့၏၊ **ယော ဓမ္မော**=အကြင်တရားကို၊ (**တယာ**=သင်သည်) **ပညာယတိ**=ထင်ရှားစွာသိအပ်၏။ **သရဘ**=သရဘ၊ (**တံ ဓမ္မံ**=အသင်ထင်ရှားစွာသိအပ်သော ထိုတရားကို) **ဝဒေဟိ**=ပြောပြ စမ်းလော။ပ။

**အထ ခေါ**=၌၊ **တေ ပရိဗ္ဗာဇကာ**=စုဝေးနေကြသော ထိုပရိဗိုဇ်တို့သည်။ပ။ **အာဝုသော သရဘ**=ငါ့ရှင်သရဘ၊ **ယဒေဝ** (**ဓမ္မံ**) (အသင် သိထားအပ်ပြီးသော) အကြင်တရားကိုသာလျှင်၊ **တွံ**=သင်သည်၊ **သမဏံ ဂေါတမံ**--ရှင်ရဟန်းဂေါတမကို၊ **ယာစေယျာသိ**=နှုတ်ဖြင့်တောင်းဆို, စိတ်ဖြင့်လည်းလိုလား၏၊ **တဒေဝ** (**ဓမ္မံ**)=ထိုတရားကိုသာလျှင်၊ ဝါ=ထိုတရားဖြင့်သာလျှင်၊ **တေ**=သင်အား၊ **သမဏော ဂေါတမော**=ရှင်ရဟန်းဂေါတမသည်၊ **ပဝါရေတိ**=ဖိတ်မန်နေပါ၏၊ **အာဝုသော သရဘ**=ဘ၊ **ဝဒေဟိ**=ပြောပါလော။ပ။ **အနုမောဒိဿတိ**=ဝမ်းမြောက်နုမော် သာဓုခေါ်ပါလိမ့်မည်၊ **ဣတိ** (**အဝေါစုံ**= ပြောကြကုန်ပြီ) **ဧဝံ**=ဤသို့၊ **ဝုတ္တေ**=အခြားပရိဗိုဇ်တို့က ပြောဆိုအပ်လသော်။ပ။ **တုဏှီဘူတော**=ဆိတ်ဆိတ်နေသည်ဖြစ်၍ ဖြစ်သည်။ **မကုဘူတော**= အရှိန်အဝါမရှိသည်အဖြစ်သို့ရောက်သည်၊ **ပတ္တက္ခန္ဓာ**= ငိုက်ဆိုက်ကျသော လည်ဂုတ်ရှိသည်၊ **အဓောမုခေါ**=အောက်သို့ငုံ့သော မျက်နှาရှိသည်၊ **ပဇ္ဈာယန္တော**-ကြံတွေးငေးမှိုင်နေသည်၊ **အပ္ပဋိဘာနော**=ပြောဆိုဘို့ရန် ရှေ့ရှုထင်ပေါ်သော ဉာဏ်မရှိသည်၊ ဝါ=အကြံဉာဏ်တုံးနေသည်၊ (**ဟုတွာ**= ဖြစ်၍)၊ **နိသီဒိ**=ထိုင်နေပြီ၊ **အထ ခေါ**-
## PAGE 435

၌၊ **ဘဂဝါ**=သည်၊ **သရဘံ**=သော၊ **ပရိဗ္ဗာဇကံ**=ကို၊ **တုဏှီဘူတံ**-၍ဖြစ်သည်ကို၊ **မင်္ကုဘူတံ**=သို့ရောက်သည်ကို ။ပ။ **အပ္ပဋိဘာနံ**=သည်ကို၊ **ဝိဒိတွာ**=သိတော်မူ၍၊ **တေ ပရိဗ္ဗာဇကေ**= ထိုပရိဗိုဇ်တို့ကို။ပ။

**ပရိဗ္ဗာဇကာ**=ပရိဗိုဇ်တို့၊ **ယော**=အကြင်သူသည်၊ **မံ**=ငါ့ကို၊ **ဧဝံ**=ဤသို့၊ **ဝဒေယျ**=ပြောဆိုငြားအံ့၊ (ကိန္တိ=သို့၊ ဝဒေယျ=ပြောဆိုရာသနည်းဟူမှု) **သမ္မာသမ္ဗုဒ္ဓဿ**= အမှားမပါ, မှန်စွာပိုင်နိုင်, ကိုယ်တိုင်စထွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိ သိမြင်၏ဟူ၍၊ **ပဋိဇာနတော**=ဝန်ခံသော၊ **တေ**=အရှင်ဂေါတမသည်။ **ဣမေ ဓမ္မာ**=ဤမည်သော တရားတို့ကို၊ **အနဘိသမ္ဗုဒ္ဓါ**= မသိအပ်, မသိနိုင်ပါကုန်၊ **ဣတိ**=ဤသို့၊ (ဝဒေယျ=ပြောဆိုငြားအံ့) **အဟံ**= ငါသည်၊ **တံ**-ထိုပြောဆိုသော ပုဂ္ဂိုလ်ကို၊ **တတ္ထ**=မသိနိုင်ပါဟု ပြောဆိုအပ်သော ထိုတရားတို့၌၊ **သာဓုကံ**=ကောင်းစွာ၊ **သမနုယုဉ္ဇေယျ**=စစ်ဆေးမေးမြန်းရမည်၊ **သမနုဂါဟေယျံ**=နှိုက်ယူစုံစမ်း မေးမြန်းရမည်၊ **သမနုဘာသေယျ**= ကောင်းစွာဆွေးနွေး မေးမြန်းရမည်၊ **ဝတ**=အမှန်စင်စစ်အားဖြင့်၊ **သော**=ထိုပြောဆိုသော ပုဂ္ဂိုလ်ကို၊ **ဝါ**=သည်၊ **မယာ**=ငါက၊ **သာဓုကံ**=စွာ၊ **သမနုယုဉ္ဇိယမာနော**= စစ်ဆေးမေးမြန်းအပ်သည်၊ **သမနုဂါဟိယမာနော**= နှိုက်ယူစုံစမ်း မေးမြန်းအပ်သည်၊ **သမနုဘာသိယမာနော**=ကောင်းစွာဆွေးနွေးမေးမြန်းအပ်သည်၊ (ဘဝေယျ=ဖြစ်ငြားအံ့) [“ယံ သော တိဏ္ဏ”ဟူ၍ နောက်ထပ်(သော) တပုဒ် ပါနေသောကြောင့် “သော ဝတ”မှ (သော)၏ စပ်ရာ “ဘဝေယျ” ဟူသော ကြိယာအသစ်ထည့်ပေးရသည်။]

**ယံ (ယေန ဌာနေန)** = အကြင်' အကြောင်းကြောင့်၊ **ယံ (ယေန အဝကာသေန)**=အကြင်အခွင့်အလမ်းကြောင့်၊ **သော**-ထိုပြောဆိုသော ပုဂ္ဂိုလ်သည်၊ (၁) **အညေန ဝါ**=အခြားသော စကားတမျိုးဖြင့်သော်လည်း၊ **အညံ**=အခြားသော စကားကို၊ **ပဋိစရိဿတိ**=ဖုံးကွယ်ခြင်းအားဖြင့်ဖြစ်လတ္တံ့၊ **ဝါ**=ဖုံးကွယ်ထားလတ္တံ့၊ [သူ၏အပြစ် ပေါလောပေါ်လာစေနိုင်သော အမေးစကားကို အခြားစကားဖြင့် ဖုံးကွယ်ထားလတ္တံ့ဟူလို] {**အာဂန္တုကကထံ**= အခြားစကားအသစ်ကို၊ **အာဟရန္တော**=မစပ်ဆိုင်ဘဲ ဆောင်ယူပြောဆိုလျက်) **ကထံ**=နဂိုမူလစကားကို၊ **ဗဟိဒ္ဓါ**=အပြင်အပသို့၊ **အပနာမေဿတိ**= ဖယ်ရှားပစ်လတ္တံ့၊ [စာပိုဒ် ၆၈-သုတ် အဖွင့်နှင့်လည်း တိုက်ဆိုင်ထားသည်၊]

(၂) **ကောပဉ္စ**= အားနည်းသော အမျက်ဒေါသကို လည်းကောင်း၊ **ဒေါသဉ္စ**= အားကြီးသောအမျက်ဒေါသကိုလည်းကောင်း၊ **အပစ္စယဉ္စ**=နှစ်သက် ဝမ်းမြောက်မှမဖြစ်ကြောင်း ဒေါမနဿကိုလည်းကောင်း၊ **ပါတုကရိဿတိ**= ထင်ရှားပြုလတ္တံ့၊ (၃) **သရဘော**=သော၊ **ပရိဗ္ဗာဇကော သေယျထာပိ**=ပရိဗိုဇ်ကဲ့သို့၊

