## PAGE 445

**အမောဟော**=အမောဟသည်၊ **ဝါ**=မောဟ၏ ဆန့်ကျင်ဘက် တရားသည်။ ပ။ **အမူဠှော**=မောဟဖြင့် မတွေဝေသော၊ **ဝါ**=တွေဝေခြင်းကင်းသော ပညာရှိသော၊ **ဣမေ ဓမ္မာ**=ဤအလောဘစသော တရားတို့သည်၊ **ကုသလာ ဝါ**=ကုသိုလ်တို့လော။ ။

**ဧတ္ထ**=ဤဟိတ, သုခအကျိုးငှာဖြစ်ခြင်း မဖြစ်ခြင်းပြဿနာ၌၊ **ကထံ ဝါ**=အဘယ်သို့လည်း၊ **ဝေါ**=သင်တို့၏၊ (**မတိ**=ထင်မြင်ယူဆမှုသည်) **ဟောတိ**=ဖြစ်သနည်း၊ **ဣတိ** (**အဝေါစ**=မေးပြီ) **ဘန္တေ**=ဘုရား၊ (**ဣမေ ဓမ္မာ**=ဤအလောဘ စသော တရားတို့သည်) **သမတ္တာ**။ ပ။ **သံဝတ္တန္တိ**=ဖြစ်ပါကုန်၏၊ **ဧတ္ထ**=ဤဟိတသုခအကျိုးငှာ ဖြစ်ခြင်း မဖြစ်ခြင်း ပြဿနာ၌၊ **ဧဝံ**=ဤအတိုင်းသာ၊ (ဤသို့ဟိတသုခအကျိုးငှာ ဖြစ်ကုန်၏ဟူ၍သာ) **နော**=တပည့်တော်တို့၏၊ (**မတိ**=ထင်မြင်ယူဆမှုသည်) **ဟောတိ**=ဖြစ်ပါ၏၊ **ဣတိ** (**အဝေါစုံ**=လျှောက်ကုန်ပြီ)။ ပ။

**တံ**=ဤစကားကို၊ **ဣဒံ**=ဤအနက်သဘောကို၊ (အလောဘစသော တရားတို့၏ အနဝဇ္ဇစသည်ဖြစ်ခြင်း, ဟိတသုခအကျိုးငှာဖြစ်ခြင်းဟူသော ဤအနက်သဘောကို) **ပဋိစ္စ**=ရည်ရွယ်၍၊ **ဝုတ္တံ**=ဆိုအပ်ခဲ့ပြီ။

**ကာလာမာ**=ကာလာမတို့၊ **သ ခေါ အရိယသာဝကော**= ထိုအရိယာဖြစ်သော တပည့်သည်၊ **ဝါ**=အရိယာသခင် ဘုရားရှင်၏ တပည့်သည်၊ **ဧဝံ**=ဤသို့၊ **ဝါ**=ဤပြဆိုခဲ့သော လောဘစသည်ကို မဖြစ်စေခြင်းဖြင့်၊ **ဝိဂတာဘိဇ္ဈော**= ကင်းရှင်းသော အဘိဇ္ဈာ လောဘရှိသည်၊ **ဝိဂတ ဗျာပါဒေါ**=ကင်းရှင်းသော ဒေါသရှိသည်၊ **အသမ္မုဋ္ဌော**=ပြင်းထန်စွာ မတွေဝေသည်၊ **သမ္ပဇာနော**=ကောင်းစွာခွဲခြား သိမြင်သည်၊ **ဝါ**=သမ္ပဇဉ်ဉာဏ် ပညာရှိသည်၊ **ပတိဿတော**=ကမ္မဋ္ဌာန်းအာရုံကို ထပ်ကာမပြတ်အမှတ်ရနေသည်၊ (**ဟုတွာ**=ဖြစ်၍) **မေတ္တာသဟဂတေန**။ ပ။ [စာပိုဒ် ၆၄-ကြည့်]

**ဧဝံ**=ဤသို့၊ **ဝါ**=ဤသို့ပါဏာတိပါတ စသည်မှ ရှောင်ကြဉ်ခြင်းဖြင့်၊ **အဝေရစိတ္တော**=ရန်ကင်းသောစိတ်ရှိ၏၊ (ပါဏာတိပါတ အစရှိသော ငါးမျိုးသောအကုသိုလ်ရန်နှင့် ရန်သူပုဂ္ဂိုလ် ကင်းရှင်းသောစိတ်ရှိ၏) **ဧဝံ**=ဤသို့၊ **ဝါ**=ဖြင့်၊ **အဗျာပဇ္ဈစိတ္တော**=အမျက်ဒေါသဟူသော စိတ်ဒုက္ခ ကင်းရှင်းသောစိတ်ရှိ၏၊ **ဧဝံ**=ဤသို့၊ **ဝါ**=ဖြင့်၊ **အသံကိလိဋ္ဌစိတ္တော**=စိတ်ကို နှိပ်စက်တတ်, ပူလောင်စေတတ်သော ဥဒ္ဓစ္စစသော ကိလေသာ ကင်းကွာသောစိတ်ရှိ၏၊ **ဧဝံ**=ဤသို့၊ **ဝါ**=ဖြင့်၊ **ဝိသုဒ္ဓစိတ္တော**=ကိလေသာ အညစ်အကြေး ကင်းဝေး စင်ကြယ်သောစိတ်ရှိ၏၊

**တဿ**=ထိုအရိယသာဝကသည်၊ **ဝါ**=မှာ၊ **ဒိဋ္ဌေဝ ဓမ္မေ**=ယခုမျက်မှောက်ဘဝ၌ပင်လျှင်၊ **စတ္တာရော**=လေးမျိုးကုန်သော၊ **အဿာသာ**=မှီခို အားထားရာတို့ကို၊ **ဝါ**=သာယာရှိုက်သာ သက်သာရာတို့ကို၊ **ဝါ**=တို့သည်၊ **အဓိဂတာ**=ရအပ်ကုန်သည်၊ **ဟောန္တိ**=ဖြစ်ကုန်၏။

**ပရော**=ယခုပစ္စုပ္ပန်လောကမှတစ်ပါး တခြားသော၊ **လောကော**=နောင်

## PAGE 446

တမလွန်လောကသည်၊ **သစေ အတ္ထိ**=အကယ်၍ရှိငြားအံ့၊ **သုကတဒုက္ကဋာနံ**=ကောင်းစွာပြုအပ်, မကောင်းသဖြင့် ပြုအပ်ကုန်သော၊ **ကမ္မာနံ**=ကုသိုလ်ကံ, အကုသိုလ်ကံတို့၏၊ **ဖလံ**=အကြောင်းကံနှင့် မတူသော အကျိုး အာနိသင်သည်လည်းကောင်း၊ **ဝါ**=ထပ်ဆင့်တိုးတက်အကျိုးဆက်သည် လည်းကောင်း၊ **ဝိပါကော**= အကြောင်းကံနှင့်တူသော အကျိုးသည်လည်းကောင်း၊ **ဝါ**=ကံတူမူရင်း အကျိုးသည်လည်းကောင်း၊ **သစေ အတ္ထိ**=အကယ်၍ ရှိငြားအံ့၊ **အထ**= ထိုသို့ရှိလသော်၊ **အဟံ**=ငါသည်။ ပ။ [ဧကကနိပါတ်စာပိုဒ် ၄၃၊ ၄၄-ကြည့်] **ဥပပဇ္ဇိဿာမိ**=လားရောက်ရပေလိမ့်မည်၊ **ဣတိ**=ဤသို့သော၊ **ပဌမော**=ရှေးဦးစွာသော၊ **အယံ အဿာသော**=ဤမှီခိုအားထားရာကို၊ **အဿ**=ထိုအရိယသာဝကသည်၊ **အဓိဂတော**=ရအပ်သည်၊ **ဟောတိ**=ဖြစ်၏၊

**ပရော**=တစ်ပါးသော၊ **လောကော**=လောကသည်၊ **သစေ နတ္ထိ**=အကယ်၍ မရှိငြားအံ့၊ **သုကတဒုက္ကဋာနံ**=ကုန်သော၊ **ကမ္မာနံ**=တို့၏၊ **ဖလံ**=လည်းကောင်း၊ **ဝိပါကော**=လည်းကောင်း၊ **သစေ နတ္ထိ**=အံ့၊ **အထ**=ထိုသို့မရှိလသော်၊ **အဟံ**=သည်၊ **ဒိဋ္ဌေဝ ဓမ္မေ**=ယခုမျက်မှောက်ဘဝ၌ပင်လျှင်၊ **အဝေရံ**=ရန်မရှိအောင်၊ **အဗျာပဇ္ဇ**=ဒေါသ ဗျာပါဒမရှိအောင်၊ **အနီဃံ**=ဆင်းရဲဒုက္ခမရှိအောင်၊ **သုခိ**=ချမ်းသာမှုရှိအောင်၊ **အတ္တာနံ**=မိမိကိုယ်စိတ်ကို၊ **ပရိဟရာမိ**=သုတ်သင် စောင့်ရှောက်ရပေ၏၊ **ဣတိ**=ဤသို့သော၊ **ဒုတိယော**= နှစ်ခုမြောက်သော။ ပ။

**ကရောတော**=မကောင်းမှုကို ပြုလသော်၊ **ဝါ**=ပြုလျှင်၊ **ပါပံ**= မကောင်းမှုကို၊ **သစေ ကရိယတိ**=အကယ်၍ ပြုအပ်သည် မည်ငြားအံ့၊ **ဝါ**=ပြုအပ်ရာရောက်ငြားအံ့၊ (**ဧဝံ သတိ**=ဤသို့ဖြစ်လသော်) **အဟံ**=ငါသည်၊ **ကဿစိ**=မည်သည့်ပုဂ္ဂိုလ်၏ အပေါ်၌မျှ၊ **ပါပံ**=မကောင်းမှုကို၊ [တနည်း-**ကဿစိ** (**ကိဉ္စိ**)=စိုးစဉ်းအနည်းငယ်မျှသော၊ **ပါပံ**=မကောင်းမှုကို] **န ကရောမိ**=ကြိုးစားအားထုတ် ပြုလုပ်နေသည် မဟုတ်၊ **ပါပကမ္မံ**=ယုတ်မာ ညစ်ကျေး မကောင်းမှုကို၊ **အကရောန္တံ**=မပြုလုပ်သော၊ **မံ**=ငါ့ကို၊ **ကုတော**= အဘယ်ကြောင့်၊ **ဝါ**=အဘယ်မှာလျှင်၊ **ဒုက္ခံ**=ဆင်းရဲသည်၊ **ဖုသိဿတိ**=တွေ့ကြုံနှိပ်စက် ထိုးနှက်လတ္တံ့နည်း၊ **ဣတိ**=ဤသို့သော၊ **တတိယော**=သုံးခုမြောက်သော။ ပ။

**ကရောတော**=မကောင်းမှုကို ပြုပါလျက်၊ **ပါပံ**=ကို၊ **သစေ န ကရိယတိ**=အကယ်၍ ပြုအပ်သည်မမည်အံ့၊ **ဝါ**=အံ့၊ **အထ**=ထိုသို့ဖြစ်လသော်၊ **အဟံ**=ငါသည်၊ **ဥဘယေနေဝ**=နှစ်မျိုးစုံအားဖြင့်ပင်၊ (မကောင်းမှုကို မပြုခြင်း, ပြုသော်လည်း ပြုရာမရောက်ခြင်းဟူသော နှစ်မျိုးစုံအားဖြင့်ပင်) **ဝိသုဒ္ဓံ**=အထူးသဖြင့်စင်ကြယ်သော၊ **အတ္တာနံ**=မိမိကိုယ်ကို၊ **သမနုပဿာမိ**=တွေ့မြင်နေရ၏၊ **ဣတိ**=ဤသို့သော၊ **စတုတ္ထော**=လေးခုမြောက်သော၊ **အယံ အဿာသော**=ဤမှီခိုအားထားရာကို၊ **အဿ**=ထိုအရိယသာဝကသည်၊ **အဓိဂတော**=ရအပ်သည်၊ **ဟောတိ**=ဖြစ်၏။
## PAGE 447

ဟောတိ=၏။ပ။ **စတ္တာရော**=ကုန်သော၊ **ဣမေ အဿာသာ**=ဤမှီခိုအားထားရာတို့ကို၊ **ဝါ**=တို့သည်၊ **အဓိဂတာ**=ကုန်သည်၊ **ဟောန္တိ**=၏၊ **ဣတိ (အဝေါစ) ဘဂဝါ**=ဘုန်းတော်ကြီးမား မြတ်စွာဘုရား၊ **ဧတံ**=ဤစကားတော်သည်၊ **ဧဝံ**=မိန့်တော်မူတိုင်း မှန်ပါ၏၊ **သုဂတ**=ကောင်းသောစကားကို မိန့်ဆိုတော်မူသော မြတ်စွာဘုရား၊ **ဧတံ**=သည်၊ **ဧဝံ**=၏၊ **ဘန္တေ**=အရှင်ဘုရား၊ **သ သော အရိယသာဝကော**=သည်။ပ။

#### ၆-သောသုတ်

**၆၇။** **အာယသ္မာ နန္ဒကော**=အရှင်နန္ဒကသည်။ပ။ [ဒုကစာပိုဒ် ၃၇-ကြည့်]

**အထ ခေါ**=ထိုအခါ၌၊ **မိဂါရနတ္တာ**=မိဂါရသူဌေး၏ မြေးဖြစ်သော၊ **သာဠာစ**=သာဠသည်လည်းကောင်း၊ **သေခုန္ဒိယနတ္တာ**=သေခုန္ဒိယသူဋ္ဌေး၏ မြေးဖြစ်သော၊ **သာဏောစ**=သာဏသည်လည်းကောင်း။ပ။ **သာဠာ**=သာဠတို့၊ **ဧထ**=လော။ပ။

**လောဘော**=လိုချင်တပ်မက်မှုလောဘသည်၊ **အတ္ထိ**=ရှိပါသလော၊ **ဣတိ**=ဤသို့၊ (အဝေါစ-မေးတော်မူပြီ)

**ဧဝံ ဘန္တေ**=ရှိပါသည်အရှင်ဘုရား၊ **ဣတိ**=သို့၊ (အဝေါစုံ=ဖြေကြားလျှောက်ထားကြကုန်ပြီ)

**သာဠာ**=သာဠတို့၊ **အဟံ**=ငါသည်၊ **ဧတံ အတ္ထံ**=ဤလောဘဟူသော အနက်သဘောကို၊ **အဘိဇ္ဈာတိ**=အလွန်လိုချင်တတ်သော တဏှာဟူ၍၊ **ဝါ**=သူတပါးစည်းစိမ်ကို တပ်မက်သောအားဖြင့် ရှေ့ရှုကြံစည်တတ်သော တဏှာဟူ၍၊ **ဝဒါမိ**=ဆို၏၊

**သာဠာ**=သာဠတို့၊ **လုဒ္ဓေါ**=သော၊ **အဘိဇ္ဈာလု**=များသောအဘိဇ္ဈာရှိသော၊ **အယံ**=ဤပုဂ္ဂိုလ်သည်၊ **ပါဏမ္ပိ**။ပ။

**ဒေါသော**=အမျက်ဒေါသသည်၊ **အတ္ထိ**=ရှိပါသလော။ပ။

**သာဠာ**=တို့၊ **အဟံ**=ငါသည်၊ **ဧတံ အတ္ထံ**=ဤဒေါသဟူသော အနက်သဘောကို၊ **ဗျာပါဒေါတိ**=ဗျာပါဒဟူ၍၊ **ဝါ**=ဖောက်ပြန်ခြင်းသို့ရောက်တတ်သော တရားဟူ၍၊ **ဝါ**=စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော တရားဟူ၍၊ **ဝဒါမိ**=၏၊

**သာဠာတို့**၊ **ဒုဋ္ဌော**=သော၊ **ဗျာပန္နစိတ္တော**=ဖောက်ပြန်ခြင်းသို့ရောက်သော ဒေါသမူစိတ်ရှိသော၊ **အယံ**=ဤပုဂ္ဂိုလ်သည်။ပ။

**မောဟော**=မသိမှု အသိမှားမှု မောဟသည်၊ **အတ္ထိ**=လော။ပ။

**ဧတံ အတ္ထံ**=ဤမောဟဟူသော အနက်သဘောကို၊ **အဝိဇ္ဇာတိ**=အဝိဇ္ဇာဟူ၍၊ **ဝါ**=အမှန်သဘောကို ဖုံးကွယ်တတ်သော တရားဟူ၍။ပ။

**မူဠှော**=သော၊ **အဝိဇ္ဇာဂတော**=အဝိဇ္ဇာသည် စွဲကပ်အပ်သော၊ [**အဝိဇ္ဇာယ ဂတော ဥပဂတောတိ အဝိဇ္ဇာဂတော**] **ဝါ**=ဖြစ်ပွားသော အဝိဇ္ဇာရှိသော၊ [**အဝိဇ္ဇာ ဂတာ ပဝတ္တာ ယဿာတိ အဝိဇ္ဇာဂတော**] **အယံ**=ဤပုဂ္ဂိုလ်သည်။ပ။ **ဣမေ ဓမ္မာ**=ဤလောဘစသော တရားတို့သည်။ပ။

