## PAGE 475

သတ္တဝါ, အသက်ကို သတ်ခြင်းကို၊ ဝါ=သတ္တဝါ, အသက်ကို လျင်မြန်စွာလျောကျစေခြင်းဟူသော စေတနာကို၊ ဝါ=သတ္တဝါအသက်ကို ဓားလက်နက် စသည် **ပါဏာတိပါတ**ကို ပယ်ခြင်းကို ပုဗ္ဗကာလကြိယာဟု ဆိုရ၏၊ **ပဋိဝိရတ**ပုဒ်အရ သဟဇာတအကျိုး ပစ္စယုပ္ပန်ဖြစ်သော (၂) မဂ္ဂင်သုံးပါးကိုယူ၍ ထိုသုံးပါးဖြင့် **ပါဏာတိပါတ**မှ ရှောင်ကြဉ်ခြင်းကို အပရကာလကြိယာဟု ဆိုရ၏။ ဤသို့ စသည်ဖြင့် ဋီကာတို့၌ **ပဟာယ**နှင့် **ပဋိဝိရတ**တို့၏ ထူးခြားပုံကို (၃) နည်းဖွင့်ပြကြ၏။ ထိုအတိုင်း အနက်ပေးပုံမှာ—

**ပါဏာတိပါတံ**=ကို၊ **ပဟာယ**=သဟဇာတပစ္စည်းဖြစ်သော သမ္မာဒိဋ္ဌိစသော မဂ္ဂင်ငါးပါးဖြင့် ပယ်ပြီး၍၊ **ပါဏာတိပါတာ**=မှ၊ **ပဋိဝိရတာ**=သဟဇာတပစ္စယုပ္ပန်ဖြစ်သော သမ္မာဝါစာ စသော ဝိရတိမဂ္ဂင်သုံးပါးဖြင့် ရှောင်ကြဉ်ကုန်လျက် (တနည်း) **ပါဏာတိပါတံ**=ကို၊ **ပဟာယ**=မဂ်ဖြင့် သမုစ္ဆေဒအစွမ်းဖြင့် ပယ်ပြီး၍၊ **ပါဏာတိပါတာ**=မှ၊ **ပဋိဝိရတာ**=ဖိုလ်ဖြင့် ပဋိပ္ပဿမ္ဘနအစွမ်းဖြင့် ရှောင်ကြဉ်ကုန်လျက် (တနည်း) **ပါဏာတိပါတံ**=သတ္တဝါ, အသက်ကို လျင်မြန်စွာ လျောကျစေကြောင်းဖြစ်သော **အဟိရိက**, **အနောတ္တပ္ပ**, **ဒေါသ**, **မောဟ**, **ဝိဟိံသာ**စသော ကิလေသာအပေါင်းကို၊ **ပဟာယ**=အရိယမဂ်ဖြင့် ပယ်ပြီး၍၊ **ပါဏာတိပါတာ**=သတ္တဝါ, အသက်ကို လျင်မြန်စွာ လျောကျစေခြင်းဟူသော ဒုဿီလျစေတနာမှ၊ **ပဋိဝိရတာ**=အမြဲအစဉ် ရှောင်ကြဉ်ကြကုန်လျက်” ဟု အနက်ဆိုပါ၊ **အဒိန္နာဒါနံ ပဟာယ** စသည်တို့၌လည်း ဤနည်းမှီး၍ အနက် (၃) နည်းဆိုလေ။

**ပဋိဝိရတပုဒ်နက် စိစစ်ချက်**။ ။ ဤ၌ “**ပဋိ**, **ဝိ**” ဥပသာရတို့သည် **ရမု**ဓာတ်၏ မွေ့လျော်ခြင်းအနက်ကို တားမြစ်သော **ဓာတုတ္ထဗာဓက**တို့တည်း၊ သီလက္ခန်ဋီကာသစ် (ပ-၃၂၅) ၌ကား “**ပတိ** (အဘိမုခ)=ရှေ့ရှု+**ဝိ** (ဝိသေသ)=အထူးအားဖြင့်+**ရတ**=ရှောင်ကြဉ်၏” ဟူ၍ အနက်တနည်းဖွင့်ထား၏၊ သို့သော် **ရတ**ပုဒ်ချည်း သက်သက်မှာ “ရှောင်ကြဉ်၏” ဟူ၍ အနက်မဖြစ်နိုင်သောကြောင့် “**ပဋိဝိရတ**=(ပါဏာတိပါတမှ) ရှေ့ရှုအထူးအားဖြင့် မွေ့လျော်၏” ဟူ၍ မဆီမလျော် အနက်အဓိပ္ပါယ်ဖြစ်လာနိုင်၏။

ထို့ကြောင့် **ပဋိဝိရတာ**၌ အနက်တနည်းဖွင့်လိုလျှင် အဋ္ဌသာလိနီ (၂၆၃) အတိုင်း “**ပဋိ**=**ပဋိနိဝတ္တ**=(ပါဏာတိပါတစသည်တို့မှ) ဆုတ်ခွာပြီး၍+**ဝိ**=**ဝိနာ**=(ထိုပါဏာတိပါတ စသည်တို့နှင့်) ကင်းရှင်းစွာ+**ရား**မွေ့လျော်သူ” ဟု အနက်ဖွင့်သင့်၏။ “**ပါဏာတိပါတာဒီဟိ ပဋိနိဝတ္တာ ဟုတွာ တေဟိ ဝိနာ ရမန္တီတိ ပဋိဝိရတာ**” ဟု ဝိဂြိုဟ်ပြုပါ။

## PAGE 476

တို့ဖြင့် လွှမ်းဖိနှိပ်စက်၍ လျောကျစေခြင်းဟူသော စေတနာကို၊ ဝါ=သတ္တဝါအသက်ကို ဓားလက်နက်စသည်တို့ဖြင့် လွှမ်းဖိနှိပ်စက်၍ လျောကျစေကြောင်းဖြစ်သော စေတနာကို လျောကျစေခြင်းဟူသည် သတ်ခြင်းပင်တည်း။ **ပဟာယ**=ပယ်ပြီး၍၊ ဝါ=ပယ်ပြီးသည်မှစ၍၊ **ပါဏာတိပါတာ**=သတ္တဝါ, အသက်ကို သတ်ခြင်းမှ၊ ဝါ=သတ္တဝါအသက်ကို လျင်မြန်စွာ လျောကျစေခြင်းဟူသော စေတနာမှ၊ ဝါ=မှ၊ **ပဋိဝိရတာ**=အမြဲအစဉ် ရှောင်ကြဉ်ကုန်လျက်၊ ဝါ=ဆုတ်ခွာပြီးကာ, ကင်းရှင်းစွာ ပျော်မွေ့ကြကုန်လျက်၊ **နိဟိတဒဏ္ဍာ**=ချထားအပ်သော တုတ်ရှိကုန်လျက်၊ ဝါ=သူတစ်ပါးကို ညှဉ်းဆဲသတ်ဖြတ်ခြင်းငှာ တုတ်မကိုင်ဆောင်ကြဘဲ၊ **နိဟိတသတ္ထာ**=ချထားအပ်သော အခြားလက်နက်ရှိကုန်လျက်၊ ဝါ=ဘဲ၊ **လဇ္ဇီ**=မကောင်းမှုမှ ရှက်ကုန်လျက်၊ **ဒယာပန္နာ**=သတ္တဝါတို့ကို စောင့်ရှောက်တတ်သော မေတ္တာသို့ ဆိုက်ရောက်ကုန်လျက်၊ **သဗ္ဗပါဏဘူတဟိတာနုကမ္ပိ**=အားလုံးသော သတ္တဝါမှန်သမျှတို့ကို အစီးအပွားဖြင့် ငဲ့ညှာထောက်ထား သနားကုန်လျက်၊ **ဝိဟရန္တိ**=နေတော်မူကြကုန်၏။

**အဟံပိ**=ငါလည်းပဲ၊ **အဇ္ဇ**=ယနေ့၊ **ဣမဉ္စ ရတ္တိ**=ဤညဉ့်၌လည်းကောင်း၊ ဝါ=ဤညဉ့်ပတ်လုံးလည်းကောင်း။ **ဣမဉ္စ ဒိဝသံ**=ဤနေ့၌လည်းကောင်း၊ ဝါ=ဤနေ့ပတ်လုံးလည်းကောင်း။ပ။ **ပဋိဝိရတော**=ရှောင်ကြဉ်လျက် **နိဟိတဒဏ္ဍော**=ချထားအပ်သော တုတ်ရှိလျက်၊ **နိဟိတသတ္ထော**=ရှိလျက်၊ [ဧကဝုစ်အနက်ဆိုပါ] **လဇ္ဇီ**=မကောင်းမှုအကုသိုလ်မှ ရှက်လျက်။ **ဒယာပန္နော**။ .....သို့ ဆိုက်ရောက်လျက်၊ **သဗ္ဗပါဏဘူတဟိတာနုကမ္ပ**။ .....သနားလျက်၊ **ဝိဟရာမိ**။

**ပါဏဘူတပုဒ်နက် စိစစ်ချက်**။ ။ “**ပါဏဘူတေတိ ပါဏဇာတေ**” ဟုသာ ဋီကာဖွင့်ရကား မနုဿဘူတပုဒ်ကဲ့သို့ပင် “**ပါဏာ ဟုတွာ ဘူတာ ပါဏဘူတာ** (သတ္တဝါဖြစ်၍ ဖြစ်သူများ၊ သတ္တဝါဖြစ်သူမှန်သမျှ)” ဟု ဝစနတ္ထကြံဆချက်ဖြင့် ဖွင့်ခြင်းကြောင့် **ဘူတ**အတွက် အနက်ထူးထူးထွေထွေ ကြံဖို့မလိုပါ၊ **သဗ္ဗေ သတ္တာ**, **သဗ္ဗေ ပါဏာ**, **သဗ္ဗေ ဘူတာ**စသည်ဖြင့် သတ္တဝါအနက်ဟော ပရိယာယ်ပုဒ်များစွာပါသော မေတ္တာပို့ဝါကျ၌သာ တစ်ပုဒ်နှင့်တစ်ပုဒ် အသံထွက်မတူအောင် ဝိဂြိုဟ်နက်ပြန်ဆိုဖို့ လိုပါသည်။

သို့သော် သီလက္ခန်ဋီကာသစ် (ပ-၃၂၈) အဖွင့်အတိုင်း အနက်ဆိုလျှင်ကား “**ပါဏဘူတ**=ဖြစ်သော ရုပ်သက်နာမ်သက် ဇီဝိတိန္ဒြေရှိသော သတ္တဝါ၊ ဝါ= ဖြစ်သောထွက်လေဝင်လေရှိသောသတ္တဝါ၊ ဝါ=ရုပ်သက်နာမ်သက်ရှိ၍ ထိုထိုကံအားလျော်စွာဖြစ်သော သတ္တဝါ” ဟု ဆိုရပေလိမ့်မည်။
## PAGE 477

နေထိုင်ပါ၏။ **ဣမိနာပိ အင်္ဂေန**၊ ဤဂုဏ်အင်္ဂါအားဖြင့်လည်း၊ **အရဟတံ** = ရဟန္တာပုဂ္ဂိုလ်တို့၏လည်း၊ **အနုကရောမိ** = နောက်လိုက်အတုပြုလုပ်ပါ၏ (**ဧဝံကရောန္တေန** = ဤသို့ နောက်လိုက်အတုပြုလုပ်သော) **မေ** = ငါသည်၊ **ဥပေါသထော စ** = ဥပုသ်ကိုလည်း၊ **ဥပဝုတ္ထော** = စောင့်ထိန်းအပ်သည်၊ **ဘဝိဿတိ** = ဖြစ်လတ္တံ့။

**ယာဝဇီဝံ** = အောင်၊ **အရဟန္တော** = တို့သည်။ **အဒိန္နာဒါနံ** = ပိုင်ရှင်မပေးအပ်သော သူတစ်ပါးပစ္စည်းဥစ္စာကို ခိုးယူလုယက်ခြင်းကို၊ ဝါ = ပိုင်ရှင် . . . . . ခိုးယူလုယက်ခြင်းဟူသော စေတနာကို။ ဝါ = ပိုင်ရှင် ခိုးယူလုယက်ကြောင်း စေတနာကို။ **ပဟာယ** = ပယ်ပြီး၍၊ ဝါ = ပယ်ပြီးသည်မှစ၍၊ **အဒိန္နာဒါနာ** = မှ၊ **ပဋိဝိရတာ** = ကုန်လျက်။ [ဒုတိယ ပါရာဇိကသိက္ခာပုဒ်၌ လူ၏ ဥစ္စာခိုးယူခြင်းသာ အဒိန္နာဒါနဖြစ်၏။ ဤ၌ကားလူ၏ဥစ္စာသာမက တိရစ္ဆာန်၏ဥစ္စာကိုခိုးခြင်းလည်း အဒိန္နာဒါနဖြစ်၏၊ 'သီလက္ခန်ပါဠိတော် နိဿယသစ် (၃၇)၌ကား “လူဇာတ်ရှိသော တစ်ပါးသောသူတို့၏ ဥစ္စာကိုခိုးယူခြင်း”ဟု အနက်ပေးထား၏ ] **ဒိန္နာဒါယိ** = ပိုင်ရှင်ပေးအပ်သော ပစ္စည်းဥစ္စာကိုသာယူကုန်လျက်။ **ဒိန္နပါဋိကင်္ခီ** = ပိုင်ရှင်ပေးအပ်သော ပစ္စည်းဥစ္စာကိုသာ အလိုရှိကုန်လျက်။ **အထေနေန** = မခိုးမဝှက်တတ်သော။ (**အထေနတ္တာ** = မခိုးမဝှက်တတ်သည် အဖြစ်ကြောင့်) **သုစိဘူတေန** = စင်ကြယ်သည်ဖြစ်၍ ဖြစ်သော၊ **အတ္တနာ** = အတ္တဘောဖြင့်၊ **ဝိဟရန္တံ** = နေတော်မူကြကုန်၏။ ပ။ **ပဋိဝိရတော** = ရှောင်ကြဉ်လျက်၊ **ဒိန္နာဒါယီ** = ယူလျက်၊ ဧကဝုစ်အနက်ဆိုပါ။]။ ပ။

**အဗြဟ္မစရိယံ** = မမြင့်မြတ်သော သူတို့၏ … မေထုန်အကျင့်ကို၊ ဝါ = မမြင့်မြတ်သော မေထုန်အကျင့်ကို၊ ဝါ = မမြင့်မြတ်သော မေထုန်အကျင့်ကိုကျင့်ခြင်းဟူသော စေတနာကို၊ **ပဟာယ** = ပယ်ပြီး၍၊ ဝါ = ၍၊ **ဗြဟ္မစာရီ** = (မေထုန်မှ ရှောင်ကြဉ်ခြင်းဟူသော) မြတ်သောအကျင့်ကို ကျင့်တော်မူကြကုန်၏။

**အာရာစာရီ** = မေထုန်မှဝေးစွာ ကျင့်တော်မူကြကုန်၏၊ **ဂါမဓမ္မာ** = ရွာသူရွာသားတို့၏ အကျင့်ဖြစ်သော၊ **မေထုနာ** = မေထုန်အကျင့်မှ၊ ဝါ = ရာဂထလာ, ညီညာတူကြ, အဖိုအမတို့၏ ဥစ္စာဖြစ်သော အကျင့်မှ၊ **ဝိရတာ** = ရှောင်ကြဉ်တော်မူကြကုန်၏ ။ ပ။ **ဗြဟ္မစာရီ** = .....ကိုကျင့်ပါ၏၊ **အာရာစာရီ** = စွာကျင့်ပါ၏။ ပ။ **ဝိရတော** = ရှောင်ကြဉ်ပါ၏ ။ ပ။

**မုသာဝါဒံ** = မဟုတ်မမှန်သော စကားကိုပြောဆိုခြင်းကို၊ ဝါ = သူတစ်ပါးကို လွဲမှားသွားစေတတ်သော ကိုယ်နှုတ်ပယောဂကိုသိစေကြောင်း စေတနာကို၊ ဝါ = သူတစ်ပါးကို လွဲမှားသွားစေတတ်သော ကိုယ်နှုတ်ပယောဂကို ဖြစ်စေကြောင်း

၁။ မုသာဝါဒ။
ဤပုဒ်ကို သီလက္ခန်အဋ္ဌကထာ စသည်တို့၌ နှစ်နည်းဖွင့်၏။ ထိုနှစ်နည်းမှာ -

