## PAGE 481

ဝါ=နေမွန်းမလွဲမီအတွင်း နံနက်ဆွမ်း တထပ်သာ ဘုဉ်းပေးတော်မူကြကုန်၏၊ **ရတ္တူပရတာ**=ညဉ့်၌စားခြင်းမှ ရှောင်ကြဉ် တော်မူကြကုန်၏၊ [**ရတ္တိ+ဥပရတာ**]

**ရတ္တိယာ ဥပရတာ ရတ္တူပရတာ**=ညဉ့်၌ဘုဉ်းပေးခြင်းမှ ရှောင်ကြဉ်တော်မူကြသော အရှင်မြတ်များ။

**၁။ နစ္စဂီတဝါဒိတ.....ဋ္ဌာနာ**။ ။ **နစ္စနံ နစ္စံ**=ကိုယ်တိုင်ကခြင်း၊ **နစ္စာပနံ နစ္စံ**=သူတပါးကို ကစေခြင်း(အကခိုင်းခြင်း) ဤနည်းအားဖြင့် နစ္စသဒ္ဒါနှစ်ပုဒ်ဖြစ်၏။ ထို့ကြောင့်ပင် “ကိုယ်တိုင်ကခြင်း သူတပါးကို အကခိုင်းခြင်း” ဟုအနက်လည်း နှစ်မျိုးဆိုရ၏။ သို့သော် ထိုနှစ်ပုဒ်လုံးပင် နစ္စသဒ္ဒါချည်းဖြစ်၍သဒ္ဒါချင်းတူသောကြောင့် သာမညနိဒ္ဒေသနည်း (တူရာ ပေါင်းနည်း) အားဖြင့်ပါဠိတော်၌ နစ္စသဒ္ဒါ တပုဒ်တည်းသာဟောထားသည် (တနည်း) **နစ္စဉ္စ နစ္စဉ္စ နစ္စံ**’ဟု သရူပေကသေသ်သော်လည်းပြု။ ထို့အတူ **ဂါယနံ ဂီတံ**=ကိုယ်တိုင်သီချင်းဆိုခြင်း၊ **ဂါယာပနံ ဂီတံ**= သူတပါးကို သီချင်း ဆိုခိုင်းခြင်း၊ **ဂီတဉ္စ ဂီတဉ္စ ဂီတံ**။ **ဝါဒနံ ဝါဒိတံ**=ကိုယ်တိုင်တီးမှုတ်ခြင်း၊ **ဝါဒါပနံ ဝါဒိတံ**-သူတပါးကိုတီးမှုတ်ခိုင်းခြင်း၊ **ဝါဒိတဉ္စ ဝါဒိတဉ္စ ဝါဒိတံ**။ ဤသို့အားဖြင့် ဂီတနှင့်ဝါဒိတ သဒ္ဒါတို့သည်လည်း အနက်နှစ်မျိုးစီရှိသောကြောင့် သဒ္ဒါလည်းနှစ်ပုဒ်စီပင် ရှိရမည်ဖြစ်သော်လည်း သာမညနိဒ္ဒေသနည်း, ဧကသေသနည်းအားဖြင့် တပုဒ်စီသာ ပါဠိတော်၌ ရှိပါသည်။

**ဝိသူကဒဿနံ**၌ ဒဿနအရ ကြည့်ရှုခြင်းကိုသာမက (**ဒဿနဉ္စ သဝနဉ္စ ဒဿနံ**ဟု ဝိရူပေကသေသ်ပြု၍) နားထောင်ခြင်း(**သဝန**)ကိုလည်းယူရ၏။ ထိုကပြ သီဆို, တီးမှုတ်မှုတို့ကို ကြည့်ရှုနားထောင်ခြင်းသည်မြတ်စွာဘုရား အဆုံးအမတော်၏ ဆန့်ကျင်ဘက် ဆူးငြောင့်တံကျင်သဖွယ်ဖြစ်၏။ ထို့ကြောင့် ထိုကြည့်ရှု နားထောင်ခြင်းကို “**ဝိသူကဒဿန**”ဟုမိန့်ဆိုသည် [**ဝိသူက**=ဆူးငြောင့် တံကျင် သဖွယ်ဖြစ်သော+**ဒဿန**=ကြည့်ရှုနားထောင်ခြင်း] ထို့နောက် “**နစ္စဉ္စ ဂီတဉ္စ ဝါဒိတဉ္စ ဝိသူကဒဿနဉ္စ နစ္စဂီတဝါဒိတဝိသူကဒဿနံ**” ဟု သမာဟာရ ဒွန်တွဲပါ။

ထိုပုဒ်များတွင် **နစ္စ, ဂီတ, ဝါဒိတ**-ဟူသော သုံးပုဒ်ဖြင့် ကိုယ်တိုင်ကပြသီဆို တီးမှုတ်ခြင်း và သူတပါးတို့ကို ကပြသီဆိုတီးမှုတ်ရန်စေခိုင်းခြင်းတို့ကိုဆိုလို ကြောင်းကိုလည်းကောင်း, **ဝိသူကဒဿန**ဖြင့် မိမိကိုယ်တိုင် မစေခိုင်းရဘဲ သူတို့သဘောအတိုင်း ကပြ သီဆို တီးမှုတ်သော ဇာတ်ပွဲအငြိမ့်ပွဲစသည်တို့ကို ကြည့်ရှုနားထောင်ခြင်းကို ဆိုလိုကြောင်းကိုလည်းကောင်းသိပါလေ၊ ဤသို့သော သဒ္ဒါနည်းနှင့် အဓိပ္ပါယ်ကို သဘောပေါက်ထားပြီးသော

## PAGE 482

**ဝိကာလဘောဇနာ**=နေမွန်းလွဲချိန်၌ စားခြင်းမှ၊ (နေမဝင်မီအတွင်းနေမွန်းလွဲချိန်၌ ယာဝကာလိက ခဲဘွယ်ဘောဇဉ်ကို စားခြင်းမှ) **ဝိရတာ**=ပုဂ္ဂိုလ်တို့သည် လူတွေကို သီလပေးသောအခါ “**နစ္စ+ဂီတ+ဝါဒိတ+ဝိသူကဒဿန**”ဟု လေးဖြတ်ရွတ်ဆိုကြရန်နှင့် “**ဝိသူက+ဒဿန**”ဟုမဖြတ်မိကြရန် သတိပြုသင့်ပါသည်။

ဤနေရာ၌ **ဝိသူက**သဒ္ဒါသည် **ဒိဋ္ဌိဝိသူက** (**ဒိဋ္ဌိ**ဟူသော ဆူးငြောင့်)၌ **ဝိသူက**နှင့် အနက်တူ၏၊ သံယုတ်ဋီကာ (ဒု၊၈၀)၌ “**ဝိသူကမိဝါတိ ကဏ္ဍကောဝိယ**”ဟုလည်းကောင်း, သုတ္တနိပါတ်အဋ္ဌကထာ (ပ-၉၅)၌ “**တာနိ ဟိ မဂ္ဂသမ္မာဒိဋ္ဌိယာ ဝိသူကဋ္ဌေန ဝိဇ္ဈနဋ္ဌေန ဝိလောမဋ္ဌေနစ ဝိသူကာနိ**”ဟု လည်းကောင်း ဖွင့်၏။ ထိုအလို “**ဝိ+သူစ+ဏ**”ဟုကြံသင့်၏။

သက္ကတအဘိဓာန်တို့၌ တာလုဇ “**သ**”နှင့် **သူက**သဒ္ဒါကို **သဏှတိခိဏဂ္ဂ**(သေးငယ်ချွန်ထက်သော အဖျား)ဟူသော အနက်ဟောအဖြစ်ဖြင့် ဖွင့်ဆိုကြ၏၊ **သဿသူကံ**= စပါးအသီး၏ ချွန်ထက်သောအဖျား၊ စပါးမြီး၊ စပါးမွေး(အမရကောသ၊၁၉-ဝဂ်၊ ၂၁၊ ၂၃-ဂါထာ) **သာလိသူက ယဝသူက**(ဧကကနိပါတ် စာပိုဒ်-၄၂ သုတ်။) ထိုတာလုဇ**သ**နှင့်တကွသော **သူက**သဒ္ဒါကို ထောမနိဓိ၌ **သော**ဓာတ်,**ဦကက်**ပစ္စည်းဖြင့် ရုပ်ပြီးစေ၏ ။

ဒန္တဇ “**သ**”နှင့်တကွသော **သူက**သဒ္ဒါသည် (၁)မြားကြောင့် (၂)လေး(၃) ကြာဟူသော အနက်တို့ကိုဟော၏၊ ပေရဏအနက်ဟော **သူ**ဓာတ်,**ကျိပ်**ပစ္စည်း, **သုတ္တကန်** ပစ္စည်းဖြင့် ရုပ်ပြီးစေ၏၊ ထို**သူက**သဒ္ဒါအားလုံး **ဦ**ဒီဃနှင့်ချည်းတည်း၊ ဥရုဿနှင့် **သုက**သဒ္ဒါ၌ကား ဤနေရာနှင့် သင့်လျော်သောအနက်ကို မော်နီယာဝီလျံစသော ကျယ်ဝန်းသော သက္ကတအင်္ဂလိပ် အဘိဓာန်တို့၌ပင် မတွေ့ရ။

ဤသုတ်အဋ္ဌကထာစသည်၌ “**ဝိသူကံ ပဋိဏီဘူတံ**”ဟု ဖွင့်၏၊ **ပဋိ**(**ပဋိမုခ**)= သတ္တဝါတဦးဦးဆီသို့ ရှေ့ရှုတည့်တည့် ဦးချွန်လှည့်နေသော+**အာဏ**=စို့၊ သတ်၊ ဆူးငြောင့်၊ တံကျင်။ ထို**အာဏိ** သဒ္ဒါသည် **သုခုမာယ အာဏိယာ သြဠာရိကံ အာဏိံ** အဘိဟနေယျ (မူလပဏ္ဏာသပါဠိတော်၊ ၁၆၈)၌ **ကီလ** (စို့၊ သတ်) ဟူသော အနက်ကိုဟော၏၊ ဒသကနိပါတ်၊ ကဏှဒီပါယနဇာတ်အဋ္ဌကထာ (စ၊ ၃၀) ၌ တံကျင်အလျှိုခံရသော မဏ္ဍဗျရသေ့ကို **အာဏိမဏ္ဍဗျ**ဟုခေါ်ရာ၌ **သူလ** (တံကျင်) ဟူသော အနက်ကိုဟော၏၊ ထိုအနက်အားလုံးဤနေရာနှင့်လျော်၏။

**မာလာ**=ပန်း။ **ဂန္ဓ**=နံ့သာမှုန်နံ့သာအခိုးအထုံ ရေမွှေးစသော
## PAGE 483

ရှောင်ကြဉ်တော်မူကြကုန်၏။ ပ။ **ဧကဘတ္တိကော**= ဆွမ်းတစ်နပ်သာ စားလေ့ရှိပါ၏။ ပ။ **နစ္စဂီတဝါဒိတဝိသူကဒဿနမာလာဂန္ဓဝိလေပနဓာရဏမဏ္ဍနဝိဘူသနဋ္ဌာနာ**= ကိုယ်တိုင် ကခြင်း၊ သူတစ်ပါးကို အကခိုင်းခြင်း၊ ကိုယ်တိုင်သီချင်းဆိုခြင်း၊ သူတစ်ပါးကို သီချင်းဆိုခိုင်းခြင်း၊ ကိုယ်တိုင်တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း၊ သူတစ်ပါးတို့ အလိုအလျောက် ကပြသီဆိုတီးမှုတ်မှုတို့ကို မြတ်စွာဘုရား အဆုံးအမတော်၏ ဆန့်ကျင်ဘက် ... ဆူးငြောင့်တံကျင်သဖွယ်ဖြစ်သော ကြည့်ရှုနားထောင်ခြင်း၊ ပန်းပန်ခြင်း၊ နံ့သာနှင့် နံ့သာပျောင်းတို့ဖြင့် နိမ့်သောနေရာကို ဖိသိပ်ပြင်ဆင်ခြင်း၊ အသားအရေ လှပမွှေးကြိုင်အောင် လိမ်းကျံခြယ်လှယ်ခြင်းတို့၏ အကြောင်းရင်း စေတနာမှ၊ [အဓိပ္ပါယ်ခန်းမှ ရှင်းလင်းချက်နှင့် တိုက်ဆိုင်ကြည့်ပါ]

**ပဋိဝိရတာ**= ကုန်၏။ ပ။ **ဥစ္စာသယနမဟာသယနံ**= (တစ်ထောင်ထွာထက် ခြေထောက်ရှည်၍) မြင့်သောနေရာနှင့် အလျားအနံ ကြီးမားခမ်းနားဆန်းကြယ်သော အိပ်ရာခင်းကို၊ ဝါ= မြင့်သောနေရာ၊ အလျားအနံ ကြီးမား ခမ်းနားဆန်းကြယ်သော အိပ်ရာခင်းနှင့်၊ ၎င်းတို့အပေါ်၌ **ဂန္ဓ**= နံ့သာမျိုး။ **ဝိလေပန**= အသားအရေလှပအောင် လိမ်းဖို့ရာ ကြိတ်ထားအပ်သော သနပ်ခါးနှစ်စသော အရောင်တင် နံ့သာပျောင်း။

ထို “မာလာ၊ ဝိလေပန” ဟူသော ကာရက သုံးပုဒ်ကို “ဓာရဏ၊ မဏ္ဍန၊ ဝိဘူသန” ဟူသော ကြိယာသုံးပုဒ်နှင့် ပြလတ္တံ့အတိုင်း ဖြစ်သင့်သလို တွဲစပ်၍ အနက်ပြန်ဆိုရမည်-
(၁) **မာလာ**= ပန်းကို + **ဓာရဏ**= ပန်ဆင်ခြင်း။
(၂) **ဂန္ဓ**(နံ့သာ)**ဝိလေပန**(နံ့သာပျောင်း)တို့ဖြင့် + **မဏ္ဍန**= (ကျောက်ပေါက်ခွက်စသော) နိမ့်သောနေရာ၌ ဖိသိပ်ပြင်ဆင်ခြင်း။
(၃) ထို**ဂန္ဓ**၊ **ဝိလေပန**တို့ဖြင့်ပင် + **ဝိဘူသန**= လိမ်းကျံခြယ်လှယ်ခြင်း၊ (ဂန္ဓဖြင့် အနံ့မွှေးအောင်၊ ဝိလေပနဖြင့် အသားအရေ လှပအောင် လိမ်းကျံခြယ်လှယ်ခြင်းတည်း)

**ဂန္ဓဝသေန ဆဝိရာဂဝသေန စ သာဒိယန္တော ဝိဘူသေတိ နာမ**-ဟု အဋ္ဌကထာဖွင့်သောကြောင့် ဝိဘူသနကြိယာကို **ဂန္ဓ**၊ **ဝိလေပန** နှစ်ပုဒ်လုံးဖြင့် တွဲစပ်စေလိုသည်မှာ ထင်ရှား၏၊ မဏ္ဍနကြိယာကိုကား ထိုနှစ်ပုဒ်လုံးဖြင့်ပင် တွဲစပ်ရမည် (သို့မဟုတ်) တစ်ပုဒ်ဖြင့်သာ တွဲစပ်ရမည်ဟု သိသာအောင် တိတိကျကျ မဖွင့်ပြတော့ဘဲ “**ဦနဋ္ဌာနံ ပူရေန္တော မဏ္ဍတိ နာမ**” ဟူ၍သာ ဖွင့်ဆို၏။

သို့သော် နိမ့်သောနေရာကို ဖိသိပ်ရာ၌ **ဂန္ဓ**၊ **ဝိလေပန** နှစ်မျိုးလုံးဖြင့် ရောစပ်ဖိသိပ်နိုင်သောကြောင့် မဏ္ဍနကြိယာကိုလည်း **ဂန္ဓ**၊ **ဝိလေပန** နှစ်မျိုးလုံးဖြင့် တွဲစပ်၍ အနက်ပြန်ဆိုပါသည်၊ သာရတ္ထဋီကာ၊ တ-၂၅၃ ကို နည်းမှီသည်။

