## PAGE 517

သင်သည်၊ **အဓိသီလမ္ပိ**=ကိုလည်း၊ **သိက္ခတော**=ဖြည့်ကျင့်နေစဉ်။ ပ။ **အဓိပညမ္ပိ**=ကိုလည်း၊ **သိက္ခတော**=စဉ်၊ **ရာဂေါ**=ရာဂကို၊ **ပဟီယိဿတိ**=ပယ်အပ်လတ္တံ့၊ **ဒေါသော**=ဒေါသကို။ ပ။

**သော တွံ**=ထိုသင်သည်၊ **ရာဂဿ**=ရာဂကို၊ **ပဟာနာ**=ပယ်ခြင်းကြောင့် လည်းကောင်း။ ပ။ **မောဟဿ**=မောဟကို၊ **ပဟာနာ**=ကြောင့် လည်းကောင်း၊ **ယံ အကုသလံ**=အကြင်အကုသိုလ်သည်၊ (**အတ္ထိ**=ရှိ၏) **တံ အကုသလံ**=ထိုအကုသိုလ်ကို၊ **န ကရိဿသိ**=မပြုတော့လတ္တံ့၊ **ယံ ပါပံ**=အကြင် မကောင်းမှုသည်၊ (**အတ္ထိ**) **တံ ပါပံ**=ကို၊ **န သေဝိဿသိ**=မမှီဝဲတော့လတ္တံ့၊ **ဣတိ** (**အဝေါစ**=မိန့်)

**အထ ခေါ**=၌၊ **သော ဘိက္ခု**=ထိုရဟန်းသည်၊ **အပရေန**=တပါးသော၊ **သမယေန**=အခါ၌၊ **အဓိသီလမ္ပိ**=ကိုလည်း၊ **သိက္ခိ**=ဖြည့်ကျင့်ပြီ။ ပ။ **တဿ**=ထိုရဟန်းသည်၊ **အဓိသီလမ္ပိ**=ကိုလည်း၊ **သိက္ခတော**=ဖြည့်ကျင့်စဉ်။ ပ။ **ပဟီယိ**=ပယ်စွန့်အပ်ပြီ။ ပ။ **သော**=ထိုရဟန်းသည်။ ပ။ **န အကာသိ**=မပြုပြီ။ **န သေဝိ**=မမှီဝဲတော့ပြီ။

**ဣတိ**=ဤတွင်အပြီးတည်း။ **စတုတ္ထ။**

#### ၅-သေက္ခသုတ်

**၈၆။** **ဘန္တေ**=မြတ်စွာဘုရား၊ **သေခေါ သေခေါတိ**=သေက္ခပုဂ္ဂိုလ် သေက္ခပုဂ္ဂိုလ်ဟူ၍၊ **ဝုစ္စတိ**=ခေါ်ဆိုအပ်၏၊ **ဘန္တေ**=ရား၊ **ကိတ္တာဝတာ**=အဘယ်မျှလောက် အတိုင်းအရှည်ရှိသော အကြောင်းဂုဏ်ရည်ဖြင့်၊ **သေခေါ**=သေက္ခပုဂ္ဂိုလ်သည်၊ **ဟောတိ နခေါ**=ဖြစ်ပါသနည်း၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မေးလျှောက်ပြီ)

**ဘိက္ခု**=ရဟန်း၊ (**ယော**=အကြင်ပုဂ္ဂိုလ်သည်) **သိက္ခတိ**=ဖြည့်ကျင့်၏၊ **ဣတိ တသ္မာ**=ထိုသို့ ဖြည့်ကျင့်သည်အဖြစ်ကြောင့်၊ (**သော**=ထိုပုဂ္ဂိုလ်ကို) **သေခေါတိ**-သေက္ခပုဂ္ဂိုလ်ဟူ၍၊ **ဝုစ္စတိ**=၏၊ **ကိဉ္စ**=အဘယ်ကို **သိက္ခတိ**=ဖြည့်ကျင့်သနည်း၊ **အဓိသီလမ္ပိ**=ကိုလည်း၊ **သိက္ခတိ**=ဖြည့်ကျင့်၏။ ပ။ **အဓိပညမ္ပိ**=လည်း၊ **သိက္ခတိ**=၏၊ **ဘိက္ခု**=ရဟန်း၊ (**ယော**=အကြင်ပုဂ္ဂိုလ်သည်) **သိက္ခတိ**=၏၊ **ဣတိ တသ္မာ**=ကြောင့်။ ပ။ **ဝုစ္စတိ**=၏။ **ဣတိ** (**အဝေါစ**)။

**သိက္ခမာနဿ**=သိက္ခာသုံးပါးကို ဖြည့်ကျင့်ဆဲဖြစ်သော်၊ **ဥမဂ္ဂါနသာရိနော**=ဖြောင့်မတ်သော အရိယမဂ်လမ်းသို့ အစဉ်တစိုက် လိုက်သွားသော၊ **သေခဿ**=သေက္ခပုဂ္ဂိုလ်မှာ၊ **ခယသ္မိံ**=ကိလေသာတို့ကို ကုန်ခန်းစေတတ်သော- အရိယမဂ်၌၊ **ပဌမံ**-ရှေးဦးစွာသော၊ **ဉာဏ်**=ယှဉ်ဘက်အရဟတ္တမဂ်ဉာဏ်သည်။

## PAGE 518

[သမ္မာဒိဋ္ဌိမဂ္ဂင်ဟူသော ဉာဏ်တည်း] **ဥပ္ပဇ္ဇတိ**=ဖြစ်၏။ **တတော**=ထိုအရဟတ္တမဂ်ဉာဏ်မှ၊ **အနန္တရာ**=အခြားမဲ့၌၊ **အညာ**=အရဟတ္တဖိုလ်သည်၊ (**ဥပ္ပဇ္ဇတိ**=၏) **တတော**=ထိုအရဟတ္တဖိုလ်မှ (**အနန္တရာ**=၌) **အညာဝိမုတ္တဿ**=အရဟတ္တဖိုလ်ဖြင့် ကိလေသာတို့မှ လွတ်မြောက်ပြီးသော၊ **တာဒိနော**=ကောင်းဆိုး အာရုံ, တွေ့ကြုံနှစ်ရပ်, တထပ်တည်းပြု, တန်းတူရှုတော်မူသော ရဟန္တာပုဂ္ဂိုလ်မှာ၊ **မေ**=ငါ၏၊ **ဝိမုတ္တိ**-အရဟတ္တဖိုလ်ဝိမုတ္တိသည်၊ **အကုပ္ပါ**=ဆန့်ကျင်ဘက် ကိလေသာတို့ကြောင့် မဖေါက်ပြန်မပျက်စီးသည် ဝါ=ဆန့်ကျင်ဘက်ကိလေသာ တို့က မဖေါက်ပြန် မပျက်စီးစေနိုင်သည်။ (**ဟောတိ**=၏) **ဣတိ**=ဤသို့၊

**ဘဝသံယောဇနက္ခယေ**=ဘဝအနှောင်အဖွဲ့၏ ကုန်ခန်းကြောင်း အရဟတ္တဖိုလ်၌၊ **ဉာဏ်**=ပြန်၍ဆင်ခြင်သိမြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်သည်၊ **ဝေ**=စင်စစ်၊ **ဟောတိ**=ဖြစ်၏၊ **ဣတိ** (**အဝေါစ**=မိန့်) **ပဉ္စမံ။**

#### ၆-ပဌမသိက္ခာသုတ်

**၈၇။** **ဘိက္ခဝေ**=ရဟန်းတို့၊ **သာဓိကံ**=သော။ ပ။ **အာဂစ္ဆတိ**=၏၊ **ယတ္ထ**=ယင်းသိက္ခာပုဒ်တို့၌၊ **အတ္တကာမာ**=မိမိ၏ အကျိုးစီးပွားကို လိုလားကြကုန်သော၊ **ကုလပုတ္တာ**=အမျိုးကောင်းသားတို့သည်၊ **သိက္ခန္တိ**=ဖြည့်ကျင့်ကြကုန်၏၊ **ဘိက္ခဝေ**-တို့၊ **သိက္ခာ**=အကျင့်သိက္ခာတို့သည်၊ **ဣမာ တိသော**=ဤသုံးမျိုးတို့ပေတည်း၊ **ယတ္ထ**=ယင်းသိက္ခာသုံးပါးတို့၌၊ **ဧတံ သဗ္ဗ**=ဤတရာ့ငါးဆယ်ကျော်သော သိက္ခာပုဒ်အားလုံးသည်၊ **သမောဓာနံ**=ပေါင်းစုသွင်းယူအပ်သည်အဖြစ်သို့၊ **ဂစ္ဆတိ**=ရောက်၏၊ **တိသော**=သုံးပါးသော သိက္ခာတို့ဟူသည်၊ **ကတမာ**=အဘယ်တို့နည်းဟူမူ၊ **အဓိသီလသိက္ခာ**=အဓိသီလသိက္ခာလည်းကောင်း၊ **ဝါ**=လည်းကောင်း။ ပ။ **အဓိပညာသိက္ခာ**=လည်းကောင်းတည်း။ ပ။

**ဘိက္ခဝေ**=တို့၊ **ဣဓ**-ဤသာသနာတော်၌၊ **ဘိက္ခု**=ရဟန်းသည်၊ **သီလေသု**=သီလတို့၌၊ **ပရိပူရကာရီ**=ပြည့်စုံအောင် ဖြည့်ကျင့်မှု ပြုလေ့ရှိသည်။ **ဟောတိ**=၏၊ **သမာဓိသ္မိံ**=သမာဓိ၌၊ **မတ္တသော**=အတိုင်းအတာ အကန့်အသတ်အားဖြင့်၊ **ကာရီ**=ဖြည့်ကျင့်မှု ပြုလေ့ရှိသည်၊ **ပညာယ**=ပညာ၌၊ **မတ္တသော**=ဖြင့်၊ **ကာရီ**=သည်၊ **ဟောတိ**=၏၊ **သော**=ထိုရဟန်းသည်၊ **ခုဒ္ဒါနုခုဒ္ဒကာနိ**=သေးငယ်ကုန်, သာ၍သေးငယ်ကုန်သော၊ **ယာနိ တာနိ သိက္ခာပဒါနိ**=အကြင်သိက္ခာပုဒ်တို့သည်၊ **ဝါ**=အကြင်သိက္ခာပုဒ်ဟူသော အရင်းခံအကြောင်း
## PAGE 519

ရှိသော အာပတ်တို့သည်၊ (**သန္တိ**=ရှိကုန်၏) **တာနိ သိက္ခာပဒါနိ**=ထိုသိက္ခာပုဒ်တို့သို့၊ **ဝါ**=ထိုသိက္ခာပုဒ်ဟူသော အရင်းခံအကြောင်းရှိသော အာပတ်တို့သို့။ **အာပဇ္ဇတိပိ**=လွန်ကျူးသင့်ရောက်လည်း သင့်ရောက်၏၊ (**တေဟိ သိက္ခာပဒေဟိ**=တို့မှ၊ **ဝါ**=မှ) **ဝုဋ္ဌာတိပိ**=ကုစား၍ ကင်းစင်ထမြောက်လည်း ထမြောက်၏၊ ဤ၌ သိက္ခာပုဒ်ကို လွန်ကျူးခြင်းကြောင့် သင့်ရောက်သော အာပတ်တို့ကို **ကာရဏူပစာရ**အားဖြင့် **သိက္ခာပဒ**ဟု ဆိုသည်ဟု ကြံပါ]။ **တံ**=ထိုသို့ သင့်ရောက်ခြင်း၊ ကင်းစင်ထမြောက်ခြင်းသည်၊ **ကိဿ ဟေတု**=အဘယ်အကြောင်းကြောင့်နည်းဟူမူ၊ **ဘိက္ခဝေ**=တို့၊ **ဟိ (ယသ္မာ)**=အကြောင်းကြောင့်၊ **ဧတ္ထ**=ဤခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်တို့၌၊ (**အရိယပုဂ္ဂလဿ**=အရိယာပုဂ္ဂိုလ်အား) **အဘဗ္ဗတာ**=အာပတ်သင့်ခြင်း၊ အာပတ်မှ ထမြောက်ခြင်းငှာ မထိုက်သည်အဖြစ်ကို (**မေ**=ငါဘုရားသည်) **န ဝုတ္တာ**=ဟောတော်မမူအပ်၊ (**ဣတိ**=ထို့ကြောင့်ပေတည်း) **စ**=ထို့အပြင်၊ **အာဒိဗြဟ္မစရိယကာနိ**=မဂ္ဂဗြဟ္မစရိယ၏ အဦးအစဖြစ်ကုန်သော၊ **ဗြဟ္မစရိယသာရုပ္ပါနိ**=လေးပါးသော မြတ်သော မဂ်အကျင့်အား သင့်လျော်လျောက်ပတ်ကုန်သော၊ **ယာနိ တာနိ သိက္ခာပဒါနိ**=အကြင်ပါရာဇိက သိက္ခာပုဒ်လေးပါးတို့သည်၊ (**သန္တိ**=ရှိကုန်၏၊ **သော**=ထိုရဟန်းသည်၊) **တတ္ထ**=ထိုပါရာဇိကသိက္ခာပုဒ်လေးပါးတို့၌၊ **ဝသီလော စ**=ခိုင်မြဲသော သီလရှိသည်လည်းကောင်း၊ **ဋ္ဌိတသီလော စ**=တည်တံ့သော သီလရှိသည်လည်းကောင်း၊ **ဟောတိ**=၏၊ **သိက္ခာပဒေသု**=သိက္ခာပုဒ်တို့တွင် (**တံ တံ သိက္ခာပဒံ**=ထိုထိုသိက္ခာပုဒ်ကို) **သမာဒါယ**=ကောင်းစွာခံယူ၍၊ **သိက္ခတိ**=ဖြည့်ကျင့်၏၊ **သော**=ထိုရဟန်းသည်၊ **တိတ္တံ**=သုံးပါးကုန်သော၊ (**သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ**အားဖြင့် သုံးပါးကုန်သော) **သံယောဇနာနံ**=သံယောဇဉ်တို့၏၊ **ဝါ**=အနှောင်အဖွဲ့တို့၏၊ **ပရိက္ခယာ**=ကုန်ခန်းခြင်းကြောင့်၊ **သောတာပန္နော**=သောတာပန်ပုဂ္ဂိုလ်သည်၊ ဝါဆန့်ကျင်ဘက် အကုသိုလ်တို့ကို အကြွင်းမဲ့ … သွန်ချ စွန့်ပစ်တတ်သော အရိယမဂ်ဖြင့် ဖိုလ်သို့ရောက်ပြီးသော ပုဂ္ဂိုလ်သည်၊ **ပဋိပက္ခဓမ္မေ အနဝသေသတော သဝတိ ပဂ္ဂရတီတိ သောတော အရိယမဂ္ဂေါ၊ သောတေန ဖလံ အာပန္နောတိ - သောတာပန္နော**]

**အဝိနိပါတဓမ္မော**=မိမိကိုယ်ကို အပါယ်လေးပါးတို့၌ ဖောက်ပြန်စွာ ကျရောက်

၁။ **အဝိနိပါတဓမ္မော**။ ။ **ဝိ (ဝိရူပံ)**=ဖောက်ပြန်စွာ (ဒုက္ခ၊ ဥပါယာသနှင့် တကွဖြစ်၍ ဖောက်ပြန်စွာ) **နိပါတ**=အပါယ်လေးပါးတို့၌ ကျရောက်စေတတ် (ပစ်ချတတ်)သော၊ **ဓမ္မ**=သဘော၊ **ဝါ**=သက္ကာယဒိဋ္ဌိ အစရှိသော အကုသိုလ်

