## PAGE 595

**ဥဒကံ**=ကို၊ **ဌပိတံ**=တည်ထားအပ်ပါပြီ၊ **ဘန္တေ**=ရား၊ **ဘဂဝါ**-သည်၊ **ဒါနိ**=ယခု၊ **ယဿ**=အကြင်ကြွသွားတော်မူခြင်း၏၊ **ကာလံ**=အချိန်ကို၊ **မညတိ**=သိတော်မူ၏၊ (**တံ**=ထိုကြွသွားတော်မူခြင်းကို၊ **ဘဂဝါ**=သည်၊ **ကရောတု**=အလိုဆန္ဒတော်အတိုင်း ပြုတော်မူပါ) **ဣတိ**=ဤသို့၊ (**အဝေါစ**-လျှောက်ပြီ)။

**အထခေါ**=ထိုအခါ၌။ပ။ **ဥပသင်္ကမိတွာ**=ကြွသွားတော်မူပြီး၍၊ **ပညတ္တေ**=ခင်းထားအပ်သော၊ **အာသနေ**=နေရာ၌၊ **နိသီဒိ**=ထိုင်နေတော်မူပြီ၊ **ဘဂဝါ**-သည်၊ **နိသဇ္ဇ**=ထိုင်နေတော်မူပြီး၍၊ **ပါဒေ**=ခြေတော်တို့ကို၊ **ပက္ခာလေသိ**=ဆေးတော်မူပြီ၊ **အထခေါ**=ထိုအခါ၌၊ **မဟာနာမဿ**=မဟာနာမ်မည်သော၊ **သက္ကဿ**=သာကီဝင်မင်း၏၊ **ဝါ**=မှာ၊ **ဧတံ**=ဤသို့ စဉ်းစားမိခြင်းသည်၊ **အဟောသိ**=ဖြစ်ပြီ၊ (**ကိန္တိ**=အဘယ်သို့၊ **အဟောသိ**=ဟူမူ၊) **အဇ္ဇ**=ယနေ့ကား၊ **ဘဂဝန္တံ**=မြတ်စွာဘုရားကို၊ **ပယိရုပါသိတုံ**=ဆည်းကပ်ခြင်းငှာ၊ **အကာလော**=အချိန်အခါမဟုတ်၊ **ဘဂဝါ**=မြတ်စွာဘုရားသည်၊ **ကိလန္တော**=ပင်ပန်းတော်မူ၏၊ **သွေ**=နက်ဖြန်၌ [**ဒါနိ** အနက်မရှိ] **အဟံ**=ငါသည်၊ **ဘဂဝန္တံ**=ကို၊ **ပယိရုပါသိဿာမိ**-ဆည်းကပ်အံ့၊ **ဣတိ**=ဤသို့စဉ်းစားမိခြင်းသည်၊ (**အဟောသိ**=ဖြစ်ပြီ၊ **ဣတိ**-ဤသို့စဉ်းစား၍) **ဘဂဝန္တံ**=မြတ်စွာဘုရားကို၊ **အဘိဝါဒေတွာ**-ရိုသေစွာရှိခိုးပြီး၍၊ **ပဒက္ခိဏံ**=အရိုအသေကို၊ **ကတွာ**=ပြုပြီး၍ **ပက္ကာမိ**=ပြန်သွားပြီ။ပ။

**မဟာနာမ**=မဟာနာမ်၊ **တယော**=သုံးဦးကုန်သော၊ **ဣမေ သတ္ထာရော**=ဤဆရာတို့သည် [**သန္တော**၌စပ်] **ဝါ**=ဤဆရာတို့ကို [**သံဝိဇ္ဇမာနာ**၌စပ်] **လောကသ္မိံ**=သတ္တလောက၌၊ **သန္တာ**=ထင်ရှားရှိကုန်၏၊ **သံဝိဇ္ဇမာနာ**=ရအပ်ကုန်၏၊ **တယော**=သုံးဦးတို့ဟူသည်၊ **ကတမေ**=အဘယ်တို့နည်းဟူမူ၊ **မဟာနာမ**=မဟာနာမ်၊ **ဣဓ**=ဤလောက၌၊ **ဧကစ္စော**=အချို့သော၊ **သတ္ထာ**=ဆရာသည်၊ **ကာမာနံ**=ကာမတို့ကို (ဝတ္ထုကာမ၊ ကိလေသာကာမတို့ကို) **ပရိညံ**=ပယ်ခွာလွန်မြောက်ခြင်းဖြင့် ပိုင်းခြားသိခြင်းကို၊ **ဝါ**=ပယ်ခွာလွန်မြောက်ကြောင်းဖြစ်သော ပဌမဈာန်ကို၊ **ပညာပေတိ**=ဟောကြားသိစေနိုင်၏၊ **ရူပါနံ**=ရူပဈာန်နှင့် ကသိုဏ်းရုပ်တို့ကို၊ **ပရိညံ**=ပယ်ခွာလွန်မြောက်ခြင်းဖြင့်ပိုင်းခြားသိခြင်းကို၊ **ဝါ**=ပယ်ခွာလွန်မြောက်ကြောင်းဖြစ်သော အရူပဈာန်သမာပတ်ကို၊ **ပညာပေတိ**=မဟောကြား မသိစေနိုင်၊ **ဝေဒနာနံ**=ဝေဒနာတို့ကို၊ **ပရိညံ**=ပယ်ခွာလွန်မြောက်ခြင်းဖြင့် ပိုင်းခြားသိခြင်းကို၊ **ဝါ**=ပယ်ခွာလွန်မြောက်ရာ နိဗ္ဗာန်ကို၊ **န ပညာပေတိ**=မဟောကြား မသိစေနိုင်၊ **မဟာနာမ**=မဟာနာမ်၊ **ပန**=ထိုမှတပါး၊ **ဣဓ**=၌၊ **ဧကစ္စော**။ပ။ **မဟာနာမ**=မဟာနာမ်၊ **တယော**=ကုန်သော၊ **ဣမေ သတ္ထာရော**။၁။

## PAGE 596

**မဟာနာမ**=မဟာနာမ်၊ **တီဏိ**=သုံးဦးကုန်သော၊ **ဣမေသံ သတ္ထာရာနံ**=ဤဆရာတို့၏၊ **နိဋ္ဌာ**=ပြီးစီးထမြောက်မှုသည်၊ **ဝါ**=ပြီးစီးထမြောက် တရားထူးသို့ရောက်ရှိမှုသည်၊ **ဧကာ**=မကွဲမပြား တမျိုးတစားတည်းသည်၊ (**ဟောတိ**=ဖြစ်သလော) **ဥဒါဟု**=ထိုသို့မဟုတ်၊ **နိဋ္ဌာ**-သည်၊ **ပုထု**=ထူးထွေကွဲပြားတခြားစီသည်၊ (**ဟောတိ**=ဖြစ်သလော) **ဣတိ**=ဤသို့၊ (**အဝေါစ**=မေးတော်မူပြီ)

**ဧဝံ**=ဤသို့၊ **ဝုတ္တေ**=မြတ်စွာဘုရားမေးတော်မူအပ်လသော်၊ **ဘရဏ္ဍု**=သော၊ **ကာလာမော**=သည်။ပ။ **မဟာနာမ**=မဟာနာမ်၊ **ဧကာတိ**=မကွဲမပြား တမျိုးတစားတည်းဟူ၍၊ **ဝဒေဟိ**=လျှောက်လိုက်လော၊ **ဣတိ**=သို့၊ (**အဝေါစ**=ပြောပြီ)

**ဧဝံ**=ဤသို့၊ **ဝုတ္တေ**=ဘရဏ္ဍက ပြောဆိုအပ်လသော်။ပ။ **မဟာနာမ**=မဟာနာမ်၊ **နာနာတိ**=ထူးထွေကွဲပြား တခြားစီဟူ၍၊ **ဝဒေဟိ**=လျှောက်လော၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မိန့်ဆိုပြီ) **ဒုတိယမ္ပိ**=နှစ်ကြိမ်မြောက်လည်း။ပ။ **တတိယမ္ပိ**=သုံးကြိမ်မြောက်လည်း။ပ။ **အထခေါ**=ထိုအခါ၌၊ **ဘရဏ္ဍကာလာမဿ**=ဘရဏ္ဍမည်သောကာလာမအနွယ်ဝင် ရသေ့မှာ၊ **ဧတံ**=ဤသို့စဉ်းစားမိခြင်းသည်၊ **အဟောသိ**=ဖြစ်ပြီ၊ (**ကိန္တိ**=အဘယ်သို့ စဉ်းစားမိခြင်းသည်၊ **အဟောသိ**=ဖြစ်သနည်းဟူမူ)။

**မဟေသက္ခဿ**=ကြီးမားသော တန်ခိုးအာဏာအရှိန်အဝါရှိသော၊ [ဣသတိ အဘိဘဝတီတိ ဣသော စိုးမိုးအုပ်ချုပ်သူ။ မဟန္တော ဣသော မဟေသော၊ မဟေသောတိ အက္ခာတဗ္ဗောတိ မဟေသက္ခော**=ကြီးမားမြင့်မြတ်သော အစိုးရသူဟု ပြောဆိုထိုက်သူ] **မဟာနာမဿ**=သော၊ **သက္ကဿ**=၏၊ **သမ္မုခါ**=ရှေ့မှောက်၌၊ **သမဏေန**=ရဟန်းဖြစ်သော၊ **ဂေါတမေန**=ဂေါတမသည်၊ **ယာဝတတိယံ**=သုံးကြိမ်တိုင်အောင်၊ **အဟံ**=ငါ့ကို၊ **ဝါ**-ငါသည်၊ **အပသာဒိတော**=ကြိမ်းမောင်းပြောဆိုခံရသည်။ **အသ္မိ ဝတ**=ဖြစ်မှဖြစ်ရလေခြင်း၊ **အဟံ**=ငါသည်၊ **ကပိလဝတ္ထုမှာ**=ကပိလဝတ်မြို့တော်မှ၊ **ယံနူန ပက္ကမေယျံ**=ထွက်ခွာသွားရပါမူကောင်းလေစွာ့၊ **ဣတိ**=ဤသို့စဉ်းစားမိခြင်းသည်၊ (**အဟောသိ**=ဖြစ်ပြီ) **အထခေါ**=စဉ်းစားပြီးရာ ထိုအခါ၌၊ **ဝါ**=စဉ်းစားပြီးသည်မှနောက်၌- ။ပ။ **ပက္ကာမိ**-ထွက်ခွာသွားပြီ၊ **ယံ**=အကြင်အခြင်းအရာအားဖြင့် ။ပ။ **ပက္ကာမိ**=ပြီ၊ **တထာ**=ထိုအခြင်းအရာအားဖြင့်၊ **ပက္ကန္တောဝ**=အပြီးအပြတ် ထွက်ခွာသွားတော့သည်သာ၊ **အဟောသိ**=ဖြစ်ပြီ၊ **ပုန**=နောက်ထပ်၊ **န ပစ္စာဂစ္ဆိ**=ပြန်မလာတော့ပြီ။

**ဣတိ**=ဤတွင်အပြီးတည်း၊ **စတုတ္ထံ**။
## PAGE 597

**၁၂၈။** **ဧကံ**=တပါးသော၊ **သမယံ**=အခါ၌၊ **ဘဂဝါ**=မြတ်စွာဘုရားသည်၊ **သာဝတ္ထိယံ**=သာဝတ္ထိမြို့တော်အနီး၌၊ **ဇေတဝနေ**=ဇေတဝန်မည်သော။ ဝါ=ဇေတမင်းသား၏ ဥယျာဉ်တောဖြစ်သော၊ **အနာထပိဏ္ဍိကဿ**=အနာထပိဏ်သူဌေး၏၊ **အာရာမေ**=ကျောင်းတိုက်၌၊ **ဝိဟရတိ**=သီတင်းသုံးနေတော်မူ၏၊ [ဧကကနိပါတ် ပဌမသုတ်လည်းကြည့်]

**အထခေါ**=ထိုအခါ၌၊ (ဇေတဝန်ကျောင်းတိုက်၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာ ထိုအခါ၌၊ ဝါ=မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာ ထိုဇေတဝန်ကျောင်းတိုက်၌၊ **ဟတ္ထကော**=ဟတ္ထကမည်သော၊ **ဒေဝပုတ္တော**=နတ်သားသည်၊ ဝါ=ဗြဟ္မာသည်၊ **အဘိက္ကန္တာယ**=အလွန်နှစ်သက်အပ် ကောင်းမြတ်သော၊ ဝါ=ညဉ့်ဦးယာမ်ကို ကျော်လွန်ပြီးသော၊ **ရတ္တိယာ**=ညဉ့်သန်းခေါင်၌၊ ဝါ=ညဉ့်အလယ်ပိုင်း မဇ္ဈိမယာမ်၌၊ **အဘိက္ကန္တ**။

**၁။** **အဘိက္ကန္တာယ ရတ္တိယာ**။ ။ **အဘိက္ကန္တာယ ရတ္တိယာ**တိ ရတ္တိယာပဌမယာမံ အတိက္ကမ္မ မဇ္ဈိမယာမေ သမ္ပတ္တေ။ (အင်္ဂုတ္တိုရ် ဋ္ဌ၊ တ၊ ၉၉)။ ယသ္မာ မဇ္ဈိမယာမေ ဧဝ ဒေဝတာ သတ္ထာရံ ဥပသင်္ကမိတုံ အဝသရုံ လဘန္တိ။ တသ္မာ “**ဧကကောဋ္ဌာသံ အတီတာယ**”တိ ဝုတ္တံ။ (ဒီ၊ မဟာဝဂ္ဂဋီကာ၊ ၂၁၈)။ **အဘိက္ကန္တာယ ရတ္တိယာ**တိ ပရိက္ခိဏာယ ရတ္တိယာ၊ **မဇ္ဈိမယာမေ**တိ အတ္ထော။ ဥဒါန်း ဋ္ဌ၊ ၁၅၇။

ဤ ဌာနီတို့အဖွင့်သည် မြတ်စွာဘုရား၏ မဇ္ဈိမယာမကိစ္စကိုပြသော အင်္ဂုတ္တိုရ် ဋ္ဌ (ပ-၅၀) သီလက္ခန်ဋ္ဌ (၄၈) စသည်တို့နှင့် ကိုက်ညီ၏။ ထို့ကြောင့် သန်းခေါင်ယာမ် (မဇ္ဈိမယာမ်) သည် မြတ်စွာဘုရားထံ နတ်တို့ ဆည်းကပ်ရာအချိန်ဟု သိသာ၏။ သို့သော် သံယုတ် ဋ္ဌ (ပ-၁၃) စသည်တို့၌ကား “**နိယာမော ဟိ ကိရေသ ဒေဝတာနံ၊ ယဒိဒံ ဗုဒ္ဓါနံ ဝါ ဗုဒ္ဓသာဝကာနံ ဝါ ဥပဋ္ဌာနံ အာဂစ္ဆန္တာ** (**အာဂစ္ဆန္တိ** ယော?) **မဇ္ဈိမယာမသမနန္တရံယေဝ အာဂစ္ဆန္တိ**” ဟု ဖွင့်ဆို၏။ ထို၌ “မဇ္ဈိမယာမ်၏ အခြားမဲ့၌” ဟု အနက်ယူလျှင် နောက်ဆုံးပစ္ဆိမယာမ်သာ ဖြစ်သောကြောင့် ပြခဲ့သော ဋ္ဌ၊ ဋီတို့နှင့် ဆန့်ကျင်၏၊ ထို့ကြောင့် “**ပုရိမယာမသမနန္တရံယေဝ**” ဟုသော်လည်းကောင်း၊ သမနန္တရကို ဖြုတ်၍ **မဇ္ဈိမယာမေယေဝ** ဟုသော်လည်းကောင်း ပါဌ်ရှိသင့်၏၊ သို့မဟုတ် “**မဇ္ဈိမယာမသမနန္တရံယေဝ** ပုရိမယာမ်၏ အခြားမဲ့ဖြစ်သော မဇ္ဈိမယာမ်၌ သာလျှင်” ဟု အနက်ပြန်ဆိုရသော ဝိသေသန ပရနိပါတသမာသ်သော်လည်း ကြံရာ၏။

