## PAGE 10

ကိုယ်တိုင်လည်း သိမြင်ထိုက်ပါပေ၏။

**အကာလိက ဂုဏ်တော်ဖွင့်**

(၃) **ဓမ္မော**- မဂ်တရားသည်၊ **အကာလိကော**- ငါးရက် ခုနစ်ရက် စသည်တက်၍ <mark>ငံ့လျက်</mark>ရှည်ဝေး အကျိုးပေးရာ အခါမငဲ့ အခြားမဲ့ဖိုလ် အကျိုးကိုလည်း ပေးတော် မူတတ်ပါပေ၏။

---

**ဧဟိပဿိက ဂုဏ်တော်ဖွင့်**

(၄) **ဓမ္မော**- မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်၊ **ဧဟိပဿိကော**- ဝေဟာတက်ထွန်း ယုဂန်စွန်း၌ လဝန်းအလား ပတ္တမြားသဖွယ် စင်ကြယ်ထင်ရှား ရှိသည်များကြောင့် အားရရွှင်လန်း လိုက်ခဲ့စမ်းပါ ရှုစမ်းပါဟု သံသာချိုမြ ဖိတ်ခေါ်ပြဖို့ မုချဧကန် အမှန်သင့်လျော် ထိုက်တော်မူပါပေ၏။

---

**ဩပနေယျက ဂုဏ်တော်ဖွင့်**

(၅) **ဓမ္မော**- မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်၊ **ဩပနေယျကော**- မိမိစိတ်တွင် တစ်ကြိမ်ထင်က လေးခွင်အပါယ် ဝဋ်မီးကွယ်သဖြင့် ကိုယ်ဝယ်ဝတ်နှောင် ဆံဥသျှောင်ကို မီးလောင်သော်ငြား မငြိမ်းအားဘဲ တရားမျက်ရှင် စိတ်စွဲထင်အောင် ကျင့်ဆောင်<mark>ခြင်းငှာ</mark>လည်း ထိုက်တော်မူပါပေ၏။

---

**ပစ္စတ္တံဝေဒိတဗ္ဗ ဂုဏ်တော်ဖွင့်**

(၆) **ဓမ္မော**- မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်ကို၊ **ဝိညူဟိ**- ပုထုဇန်နှင့် မတန်သင့်စွာ လေးသစ္စာကို ကောင်းစွာမြင်သိ ပညာရှိအပေါင်း အရိယာသူတော်ကောင်းတို့သည်၊ **ပစ္စတ္တံ ဝေဒိတဗ္ဗော**-

## PAGE 11

ကိုယ်စီကိုယ်င လိုတိုင်းရ၍ နိဗ္ဗာနဓာတ် သမာပတ်ဖြင့် မပြတ်သိပိုင် ခံစားနိုင်ပါပေ၏။

---

**တရားရှိခိုး ဂါထာဖွင့်**

---

**ဣစ္စေဝံ ဆဟိ ဂုဏေဟိ, ပါကဋီ ဇိနပူဇိတံ၊**
**သမ္ပတ္တိဒါယကံ ဓမ္မံ, ဝန္ဒာမိ တီဟိ သာဒရံ။**

**ဣစ္စေဝံ ဆဟိ ဂုဏေဟိ**- ဤသွာက္ခာတတာ အစလာသည့် ခြောက်ဖြာသော <mark>ဂုဏ်တော်တို့ဖြင့်</mark>၊ **ပါကဋ**- တိတ္ထိတို့ဘောင် လွန်မြားမြောင်သည့် ဟန်ဆောင်တရား အစားစားထက် မားမားစွင့်စွင့် ဂုဏ်ရည်တင့်၍ ကြီးမြင့်ထင်ရှားပေထသော၊ **ဇိနပူဇိတံ**- ကိုယ်တိုင်သိငြား ကိုယ့်တရားလည်း ငါးပါးမာရ်နှိမ် မာရဇိန်ပင် ကြိမ်ကြိမ်လေးမြတ် မှီဝဲပူဇော်တော်မူအပ်ထသော၊ **သမ္ပတ္တိဒါယကံ**- ကျင့်ကြံလိုက်နာ ဝေနေယျာအား <mark>လူ့ရွာ</mark>နတ်ဌာန် နိဗ္ဗာန်အထိ သမ္ပတ္တိကို မိမိရရ ပေးစွမ်းနိုင်ပေထသော၊ **ဓမ္မုံ**- မဂ်၊ ဖိုလ်၊ နိဗ္ဗာန်၊ ဓမ္မက္ခန်ဟု ဆယ်တန်သော တရားတော်မြတ်ကို၊ **တီဟိ**- လက်အုပ်အဉ္ဇလီ နှုတ်သံချီ၍ ရွှင်ကြည်မနော သုံးပါးသော <mark>ဒွါရတို့ဖြင့်</mark>၊ **သာဒရံ**- လေးမြတ်ကြည်ညို ရိုသေခြင်းရှိသည်ဖြစ်၍၊ **ဝန္ဒာမိ**- စိတ်ဖြင့်ဦးတန်း ဂုဏ်တော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား။

---

**သံဃာ့ဂုဏ်တော်ဖွင့်**

---

**သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော**
**ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော**
**ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော**
**သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော**

## PAGE 12

(၁) (**ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ**),
---

**ဧသ ဘဂဝတော သာဝကသံဃော**
**အာဟုနေယျော ပါဟုနေယျော**
**ဒက္ခိဏေယျော အဉ္ဇလိကရဏီယော**
**အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။**

---

**သုပ္ပဋိပန္န ဂုဏ်တော်ဖွင့်**

**ဘဂဝတော**- ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ **သာဝကသံဃော**- ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ အရိယာဟု သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်၊ **သုပ္ပဋိပန္နော**- တရားသဖြင့် ဆုံးမသင့်ရာ သာသနာဝယ် လျော်စွာထုံးပြ ဆုံးအမကို လုံးဝလိုက်နာ ကောင်းမွန်စွာလည်း ကျင့်တော်မူတတ်ပါပေ၏။

---

**ဥဇုပ္ပဋိပန္န ဂုဏ်တော်ဖွင့်**

(၂) **ဘဂဝတော**- ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ **သာဝကသံဃော**- ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ အရိယာဟု သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်၊ **ဥဇုပ္ပဋိပန္နော**- စဉ်းလဲသမှု မာယာစုဖြင့် ဖုဖုထစ်ထစ် မကောက်ကျစ်ဘဲ စင်စစ်နိဗ္ဗာန် လမ်းဖြောင့်မှန်အောင် လျော်ကန်ချင့်မျှော် ကျင့်ကြံတော်မူတတ်ပါပေ၏။