အဲ့ဒီလိုမျိုး။ အဲ့ဒါ မဟုတ်ဘူးဆိုရင် ဦးဇင်းတို့ အာပတ်သင့်တယ်ပေါ့နော်။ အဲ့ဒါကြောင့် လေးတောင်အောက်တိုတဲ့တုတ်၊ ခြေထောက်တုတ်ဆိုရင် တုတ်လို့မခေါ်ဘူး၊ ကိုင်လို့ရတယ်။ အဲ့ဒါကြောင့် ဒကာဒကာမတွေလည်း လေးတောင်အောက်တိုတဲ့တုတ်၊ လေးတောင်အောက်ခြေထောက်တုတ်ကိုင်လို့ရှိရင်တော့ ဒါ တရားဟောလို့ရတယ်။ လေးတောင်တိတိရှိတဲ့တုတ်ကိုဆိုရင်တော့ တရားမဟောရဘူးပေါ့။ ထို့ပြင်လည်း တရားနာသူသည် တရားတော်ကို နာယူသောအခါ ကျန်းမာလျက် ဓား၊ သံလျက်၊ လှံ၊ တင်းပုတ်၊ သေနတ် စသော လက်နက်တို့ကို ကိုင်ဆောင်လျက် တရားတော်ကို မနာယူကောင်း။ ဓားစသည်တို့ကို လက်ဖြင့်မကိုင်ဘဲ ပုခုံးဖြင့် လွယ်ထား၍ကား တရားကို နာယူကောင်း၏။ ဒါလည်း ဝိနည်းပဲ။ တချို့ကပြောတယ်၊ အရှင်ဘုရား လက်မှာကိုင်ထားတာနဲ့ ခါးမှာချိတ်ထားတာ ဘာထူးသေးလဲ တချို့ကပြောတယ်။ မဟုတ်ဘူး၊ ဝိနည်းမှာက လက်မှာပဲပြောထားတာ၊ ခါးမပါဘူး။ အဲ့ဒါကြောင့် ပါတဲ့အတိုင်းပဲ ဆုံးဖြတ်ရတယ် ဝိနည်းဆိုတာကလေ။ အတူတူပဲလို့ ဒီလို သဘောထားကြီးကြီးသွားမပြောနဲ့လေ။ ဥပဒေက ဥပဒေပဲပေါ့နော်။ သူ့ဥပဒေထဲမှာ မပါရင် ဒါ လွတ်တာပဲ။ အဲ့တော့ ဘုရားက လက်မှာရှိရင် ဓား၊ လက်နက်တွေ လက်မှာရှိရင် မဟောနဲ့လို့ပြောတာ။ အဲ့တော့ လက်မှာမထားဘူး၊ ခါးမှာထိုးထားမယ် ဓားတွေကို။ နောက်ကျောမှာ လွယ်ထားမယ်။ ဒါ ဟောလို့ရတယ်။ ဘာလို့လဲဆိုတော့ ဘုရားက လက်ထဲမှာရှိမှသာ မဟောရဘူးလို့ ပြောခဲ့တာဖြစ်တဲ့အတွက်ကြောင့်။ ဒါ ဘုရားဥပဒေက သူ့အတိအကျပဲပေါ့နော်၊ ခွဲလို့မရဘူးဗျ။ ဒီ ဟောရင် ဟောခဲ့တဲ့အတိုင်းပဲ သူက ဘယ်ဆိုဘယ် ညာဆိုညာပဲ သူက။ ဒီလိုလေးတော့မရဘူးလား၊ ဟိုလိုလေးတော့မရဘူးလား မဟုတ်ဘူး၊ သူပြောတဲ့အတိုင်းပဲ လုပ်ရတာနော်။ အဲ့တော့ ဘုရားက လက်ထဲမှာဆို လက်ထဲမှာပဲ။ တခြားမှာရှိရင် ဟောလို့ရတယ်။ အဲ့လိုပဲ ဟို သေနတ်တွေဘာတွေ။ တချို့တစ်ခါတလေ ဦးဇင်းတို့ အရာရှိတွေဘာတွေ တရားနာလာလို့ရှိရင် သေနတ်တွေဘာတွေ ပါတတ်တယ်။ အဲ့တော့ သူတို့က ခါးကြားမှာ ထိုးထားတယ်။ အချို့က မဟောကောင်း မဟောကောင်း ငြင်းကြတယ်။ ဟောကောင်းပါတယ်၊ ဘုရားက လက်မှာမကိုင်ထားရင် ဟောလို့ရတာ။ တချို့ကလည်း အရှင်ဘုရား ပစ်သတ်ရင် ဘယ်လိုလုပ်မလဲ ဟိုက ခါးထဲမှာထိုးထားရင် အချိန်မရွေး ပစ်သတ်လို့ရတယ်ပေါ့။ ဒါကတော့ ဘုရားက ခါးကိုပြောတာမဟုတ်ဘူး၊ မရိုမသေဖြစ်မှာစိုးလို့ ဘုရားပြောနေတာ။ ပစ်သတ်တာ မပစ်သတ်တာ ဘုရားပြောတာမဟုတ်ဘူး။ သတ်ချင်လို့ကတော့ ဘယ်လိုပဲသတ်သတ် သတ်လို့ရတာပဲ။ ခါးမှာရှိထားမှ မဟုတ်ဘူးပေါ့နော်။ အဲ့တော့ ဘုရားက လက်ထဲမှာကိုင်ထားရင် ဒါ အဂါရဝဖြစ်နေတယ်။ ဒါကြောင့် လက်ထဲမှာမကိုင်ထားစေနဲ့လို့ ဘုရားပြောချင်တာ။ သေနတ်ကြီးတစ်ကားကားနဲ့ တရားဟောတာ အဆင်မပြေဘူးလေ။ အဲ့ဒါကြောင့် ဘုရားက ရှေ့မှာချထားတာ၊ ခါးမှာချိတ်ထားတာ၊ ကျောမှာလွယ်ထားတာဆိုရင်တော့ ဟောလို့ရတယ်လို့ ပြောတာ။