ထိုင်တဲ့ပုဂ္ဂိုလ်ကို မရည်ရွယ်ဘူး၊ မတ်တပ်ရပ်တဲ့ပုဂ္ဂိုလ်ကို ရည်ရွယ်တယ်။ ဒါပေမဲ့ အကုန်လုံးကြားရတယ်၊ အကုန်လုံးနာရတယ်၊ အဲ့သဘော။ ဝိနည်းက အဲ့လိုလေးတွေရှိတယ်။ အဲ့တော့ ထိုင်ပြီးတော့ဟောရင် ဘယ်သူ့ကိုမဆို ဟောလို့ရတယ်။ ဟို အိပ်နေတဲ့သူတော့ ဟောလို့မရဘူးပေါ့။ အဲ့တော့ မတ်တပ်ရပ်ပြီးဆိုရင်တော့ ဦးဇင်းတို့ ထိုင်တဲ့ပုဂ္ဂိုလ်ကို ဟောလို့မရဘူး။ အဲ့တော့ မတ်တပ်ရပ်တဲ့သူအချင်းချင်း ဟောလို့ရတယ်။ ဒါကြောင့် ကိုယ်က မတ်တပ်ရပ်ပြီး တရားဟောတော့မယ်၊ မတ်တပ်ရပ်ပြီး စာချတော့မယ်ဆိုရင် တစ်ပါးပါးကို မတ်တပ်ရပ်ခိုင်းလိုက်၊ တစ်ယောက်ယောက်ကို မတ်တပ်ရပ်ခိုင်းလိုက်။ အဲ့ဒါဆိုရင် သူ့ကိုပြောတဲ့အနေနဲ့ ပြောလို့ရတယ်၊ ဟောလို့ရတယ်။ အဲ့ဒါ သတိထားရတယ်နော်။ တရားဟောတဲ့အခါ မတ်တပ်ရပ်တရားဟောတာ၊ စာချတဲ့အခါ မတ်တပ်ရပ်စာချတာ သတိထားစရာပေါ့နော်။ နောက်တစ်ခု ဦးထုပ် ခေါင်းပေါင်း စသည်တို့ဖြင့် တရားမနာကောင်းပုံတဲ့။ တရားနာယူသောအခါ မိမိတို့၏ ဦးခေါင်း၌ ဆံစမပေါ်အောင် ဦးထုပ်ဆောင်းခြင်း၊ ခေါင်းပေါင်းခြင်း၊ မကိုဋ်ဆောင်းတားခြင်း၊ အဝတ်ပုဆိုးတို့ဖြင့် ရစ်ပတ်ခြုံထားခြင်းတို့ဖြင့် တရားကို မနာယူကောင်း။ ရှေးတောတောင်သူတောင်သားတွေက ခေါင်းပေါင်းနေပါသေးတယ်နော်၊ ပုဆိုးနဲ့ပေါင်းထားတဲ့အခါမျိုး။ စာပေထဲမှာတော့ တိတိကျကျပြောရင်တော့ ဆံပင်မပေါ်အောင် ဖုံးထားတာ သူက။ ခေါင်းပေါင်းနေပါသေးတယ်။ အဲ့တော့ ဆံပင်ပေါ်ရင်တော့ ရတယ်လို့ ဒီလိုဆိုတယ် သူကတော့။ ဦးထုပ်ဆောင်းထားပေမဲ့ ခေါင်းပေါင်းထားပေမဲ့ ဆံစကလေး ထွက်နေတယ်ဆိုရင် ရတယ်။ အဲ့တော့ ဆံစမပေါ်အောင် လုံလုံခြုံခြုံပေါင်းထားတာပေါ့။ တချို့ ဦးဇင်းတို့ ပအိုဝ်းတိုင်းရင်းသားတွေဘာဆို သူတို့ အလုံးပေါင်း အလုံးပေါင်းထားတာနော်။ ပအိုဝ်းတိုင်းရင်းသားတွေဆို ဆံစလုံးဝမပေါ်ဘူး။ အဲ့လိုမျိုးဆိုရင်တော့ တရားဟောလို့မရဘူး၊ ဖြည်ခိုင်းမှရမယ်။ အဲ့လို ခေါင်းပေါင်းပေါင်းထားရင်တော့ တရားဟောလို့မရဘူးနော်။ အဲ့ဒါ သတိထားစရာလေးပေါ့ ဒါလည်း။ ဒါကြောင့် တရားနာတဲ့ ဒကာ ဒကာမတွေအနေနဲ့ ဘုန်းကြီးတွေဆီ ရောက်ပြီဆိုရင် ဦးထုပ်ကို ချွတ်လိုက်ပါ။ ခေါင်းပေါင်းတွေကို ဖြည်လိုက်ပါနော်၊ အဲ့ဒါရှိတယ်။ ဟို မင်္ဂလာဆောင် သတို့သားတွေ သတိထားရမယ့်ကိစ္စပဲနော်။ သတို့သားတွေ ခေါင်းတွေဘာတွေ ပေါင်းထားတဲ့အခါကျရင် တရားဟောတဲ့အခါလေ။ ခေါင်းပေါင်းချွတ်ပေးပါဦးနော်၊ အေး ခေါင်းပေါင်းချွတ်ပေးပါဦးနော်။ အဲ့တော့ ခေါင်းပေါင်းပေါင်းထားရင် တရားဟောလို့မရဘူးနော်၊ ဦးထုပ်ဆောင်းထားရင် တရားဟောလို့မရဘူး။ တရားနာသောအခါ ဦးထုပ်စသည်တို့ကို ဆောင်းထားလျှင် ဆံစကို ဖော်ထားမှသာ တရားနာယူကောင်း၏။ ဝိနည်းမှာ တိတိကျကျပဲ သူက ဆံပင်မပေါ်အောင် ဦးထုပ်ဆောင်းထားတာကို ဆိုလိုတာတဲ့။ ဒါကြောင့် ဦးထုပ်ဆောင်းထားပေမဲ့လည်း ဆံပင်ပေါ်နေတယ်ဆိုရင် ရပါတယ်ဆိုပြီးတော့ ဒီလိုလာတယ်။ ဒါကြောင့် တချို့ မဖြစ်မနေ ဦးထုပ်ဆောင်းရမယ်ဆို ဆံပင်ကလေးတော့ နည်းနည်းဖော်ထားပေးပေါ့။