ဒီတော့ မြတ်စွာဘုရားက ခုဖိနပ်မစီးဖို့ တားမြစ်ထားတယ်။ ရဟန်းတော်တွေ သစ်သားဖိနပ်မစီးရဘူး၊ ခုဖိနပ်မစီးရဘူးနော်။ သစ်သားနဲ့လုပ်တဲ့ဖိနပ် ရဟန်းတွေ မစီးကောင်းဘူးပေါ့။ အဲ့ဒီမှာ ဘာဖြစ်ကုန်လဲဆိုတော့ သစ်သားဖိနပ်မစီးရဆိုတော့ ယနေ့ခေတ် ရာဘာဖိနပ်တွေ ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာတက်လာပြန်တယ်။ ရာဘာဆိုတာ သစ်ပင်ကနေ ထွက်လာတဲ့ ပစ္စည်းဆိုပြီးတော့လေ။ အဲ့လို သံသယတွေဖြစ်ပြီးတော့ ရာဘာဖိနပ် မစီးကောင်းဘူးဆိုတဲ့ ဝါဒတစ်ခုလည်း မြန်မာနိုင်ငံမှာ ပေါ်လာခဲ့ဖူးသေးတယ်နော်။ အဲ့ဒါကြောင့် အချို့ဆရာတော်ကြီးတွေ ညောင်တုန်းဆရာတော်လည်း ပါတယ် အဲ့ထဲမှာ။ တကယ် ညောင်တုန်းတိုက် ဆရာတော်ကြီးတို့ဆိုရင်လည်း ရာဘာဖိနပ်တွေ မအပ်စပ်ဘူးလို့ ဆုံးဖြတ်ထားတယ်။ ရာဘာဖိနပ် မစီးရဘူး၊ ယနေ့ခေတ် မြန်မာနိုင်ငံ တော်တော်များများ ရာဘာခံဖိနပ်တွေ များတယ်နော်။ အောက်က တာယာဖိနပ်တွေလေ၊ တာယာတို့ ရာဘာတို့ဆိုတာ မအပ်စပ်ဘူးပေါ့ သူက။ အဲ့တော့ ဘာဖိနပ်မှ အပ်စပ်လဲဆိုတော့ သားရေစစ်စစ် သူက နွားသားရေတို့ ဘာတို့နဲ့လုပ်တဲ့ဖိနပ်ကိုပဲ အပ်တယ်ဆိုပြီး ဆရာတော်ကြီးက ဆုံးဖြတ်ကြတာ။ သားရေစစ်စစ်ဖိနပ်ပေါ့၊ အဲ့လိုမျိုးပြောတာ။ ဒါ ဆရာတော်ကြီးတချို့က အဲ့လို သစ်သားဖိနပ် မအပ်စပ်ဘူးဆိုတဲ့အတွက်ကြောင့် ရာဘာဖိနပ် မအပ်ဘူးလို့ ဆုံးဖြတ်ကြတယ်။ အဲ့လိုလည်း ဗဟုသုတတစ်ခု မှတ်ထားပါနော် ဖိနပ်နဲ့ပတ်သက်လာရင်။ အဲ့ဒါကြောင့် တချို့ ဝိနည်းတော် ဆရာတော်ကြီးက တချို့ အရမ်းထက်တာပေါ့နော်။ ဒီလို နည်းနည်းမှ တိမ်းစောင်းမခံဘူးဆိုတဲ့ အချို့ ဆရာတော်ကြီးတချို့ကျတော့ ဒီခေတ်ဖိနပ်တွေ လုံးဝမစီးချင်ဘူး။ အဲ့လိုမျိုး သားရေသား ဒီနွားသားရေတို့ ဘာတို့နဲ့ လုပ်ထားတဲ့ ဖိနပ်စစ်စစ်ကိုမှ စီးတယ် အချို့ဆရာတော်ကြီးတွေက။