ဟို ရဟန်းတော်တွေဆီမှာ သစ်သီးတို့ ပန်းတို့ မတောင်းကောင်းဘူးဆိုတာလေ။ ဒါ အခု တစ်နေရာတည်းမှာ ပြန်စုပြလိုက်တဲ့ သဘော။ အားလုံးမှ ရှစ်ခုပေါ့ သူက။ အားလုံး ဆိုကြည့်ပါဦး။ ပန်းပေးခြင်း၊ ပန်းပေးခြင်း၊ ဓမ္မပူပေးခြင်း၊ သစ်သီးပေးခြင်း၊ ဆပ်ပြာပေးခြင်း၊ မြေညက်ပေးခြင်း၊ ဝါးပေးခြင်း၊ စေခိုင်းရာသို့ သွားခြင်း၊ ဆေးကုခြင်း။ အဲတော့ ဒကာ ဒကာမတွေဘက်က အဲဒါ မတောင်းကောင်းဘူးပေါ့နော်။ ပန်း ရဟန်းတော်တွေက ပန်းမပေးကောင်းဘူးဆိုတော့ ပန်းသွားမတောင်းရဘူး။ နောက် ဓမ္မပူပေါ့။ ယနေ့ခေတ်ဆို သွားတိုက်တံတို့ ဘာတို့ပေါ့နော်။ အဲဒါ ပါပါတယ်။ သစ်သီးတွေ ရဟန်းတော်တွေ ပေးလို့မရဘူး။ အဲတော့ ကိုယ်က မတောင်းရဘူး။ နောက် ဆပ်ပြာပေးခြင်းပေါ့။ နောက် မြေညက်ဆိုတာ ရှေးခေတ်တုန်းက ဒီမြေညက်ဆိုတဲ့ သဘောတရားက ဆပ်ပြာသဘောနဲ့ သုံးတာလေ။ ပဲဆပ်ပြာတို့ ဘာတို့ အရင်တုန်းက ရှိပါတယ်နော် မြန်မာနိုင်ငံမှာလည်း။ အဲဒါမျိုးပေါ့။ နောက် ဝါးတွေဘာတွေပေါ့။ ကျောင်းမှာ ဝါးပင်တွေ စိုက်တော့ အရှင်ဘုရား ဝါးတစ်လုံးလောက် စွန့်ပါဘုရား၊ နှစ်လုံးလောက် စွန့်ပါဘုရား ဝါးသွားတောင်းတာမျိုး မလုပ်ကောင်းဘူး။ နောက် စေခိုင်းရာသို့ သွားခြင်းဆိုတာ အရှင်ဘုရား ဘယ်လေးတော့ သွားပေးပါဦးဘုရားဆိုတာ ဘုန်းကြီးကို သွားခိုင်းတာပေါ့။ ဟို ကျောင်းကိစ္စမဟုတ် သံဃာကိစ္စမဟုတ်ဘဲနဲ့ ခိုင်းတာပေါ့။ လူကိစ္စတွေမှာ ခိုင်းမိတာလေ။ အရှင်ဘုရား ကယ်ဆယ်ရေး ဘယ်လေး သွားပြီးတော့ ပေးပေးပါဦးဘုရားဆိုတာ ဒါ ဘုန်းကြီးတွေကို မခိုင်းကောင်းဘူးနော်။ ဒါ ကြည့်မယ်ဆိုရင်တော့ ပရဟိတဆိုပေမယ့်လည်း ဘုန်းကြီးကို သွားခိုင်းလို့မရဘူး။ ဒါ လူကိစ္စ ဖြစ်နေတာကိုး။ အရှင်ဘုရား ဟိုဘက်ကို မသွားဘူးလားဘုရား။ သွားရင် ဒါလေးတော့ ယူသွားပေးဦးဘုရားဆိုတာ မလုပ်နဲ့နော်။ အဲဒါ စေခိုင်းရာသို့ သွားခြင်းထဲမှာ ပါသွားတယ်။ ဘုန်းကြီးတွေ အာပတ်သင့်တယ်။ နောက် ဆေးကုပေးခြင်းပေါ့နော်။ ဆေးနည်းပေးတာတွေ ပါတယ်ပေါ့။ မလုပ်ကောင်းဘူးပေါ့နော်။ ဒါကို ကုလဒူသနလို့ ခေါ်တယ်။ မနေ့က ပြောတဲ့ ကုလဒူသန အဓိပ္ပာယ်က ဒကာ ဒကာမတို့ရဲ့ သဒ္ဓါစစ် သဒ္ဓါမှန်ကို ဖျက်ဆီးတဲ့ အမှုကိစ္စတွေပေါ့။ ဒီလို လုပ်ပေးမှ ဘာဖြစ်သွားသလဲဆိုတော့ သူတို့မှာ သံဃာကောင်းတွေအပေါ်မှာ ကြည်ညိုတဲ့စိတ် လျော့သွားတယ်။ ဒီလို လုပ်ပေးမှပဲ သဘောကျတဲ့စိတ် ဖြစ်သွားတယ် သူတို့မှာလည်း။ ဆေးကုပေးတဲ့သူနဲ့ ဆေးမကုပေးတဲ့သူဆိုရင် ဆေးကုပေးတာ သဘောကျတယ်။ ပိုပြီး လှူချင်တဲ့စိတ် ပေါ်လာတယ်။ သူတို့မှပဲ တကယ့် ပရဟိတအစစ်ဆိုတာမျိုး စိတ်က ဝင်သွားတယ်။ ဘာမှမလုပ်ဘဲ တောထဲမှာ နေရင် သိပ်မကျတော့ဘူးပေါ့။ ဘုန်းကြီးတွေ အိပ်စားနေတယ်လို့ ထင်သွားတယ်ပေါ့။ အဲလိုမျိုးတွေ ဖြစ်သွားတယ်။ အဲဒါကြောင့် မြတ်စွာဘုရားက ဒီအလုပ်တွေ မလုပ်ကြပါနဲ့။ တခြား သံဃာတွေအပေါ်မှာ အထင်လွဲစေနိုင်တယ်။ ကုလဒူသနကိစ္စတွေလို့ သတ်မှတ်တာပေါ့နော်။ အဲတော့ ထပ်ပြီးတော့ ကုလဒူသနနဲ့ အလားတူတာက အနေသန ၂၁ ပါးဆိုတာ ပါလာတယ်။ အနေသနဆိုတာက ရဟန်းတော်တွေ...