## PAGE 85

တစ်ခါက ဘုန်းတော်ကြီး **ဦးသီလ** အား ဒကာတစ်ဦးက မိမိခြံထွက် အုန်းစိမ်းတစ်လုံးကို ဖောက်၍ ကပ်လှူရာ “ဟိုနားမှာ ခဏချထားဦး” ဟု မိန့်သော်လည်း “ကြာသွားလျှင် အရသာပေါ့သွားမည်၊ ယခုဘုဉ်းပေးပါ” ဟု ဇွတ်ကပ်၍ ဘုဉ်းပေးရ၏။ အုန်းစိမ်းဒကာ ပထမတွင် ဝမ်းသာရသော်လည်း မကြာမီ နောင်တဖြစ်ရရှာ၏။ အကြောင်းမှာ မည်သည့်အစာကိုမဆို တစ်နေ့တစ်ကြိမ်သာ ဘုဉ်းပေးရသောကြောင့်တည်း၊ (ဧကာသနိက်ဓုတင် ခေါ်၏။)

လူသာမန်တို့ မသိနိုင်သော အရိယာသူတော်ကောင်းကြီးတို့၏ တရားကျင့်သုံးမှုနှင့် ရဟန်းတို့၏ ဝိနည်းသည် ကျယ်ဝန်းများပြားလှကုန်၏။ “သောတာပန်ပါ” လို့ ပြောရတာ ရှက်စရာဟု မူကြရသည်။ မိမိတို့ရရှိသော အရိယာကျင့်တရား (အကျင့်ဂုဏ်၊ ရရှိသော အသိတရား) ကို သူတော်ကောင်းတို့သည် အထူးသိုဝှက် သိပ်သည်းတော်မူကြသည် (အကြံပွားလိုသူတို့ နည်းရခြင်းငှာ လည်းကောင်း) ပင်တည်း။ ထိုဟာသည်ပင် အရိယာလက္ခဏာဖြစ်၏။ ထုတ်ဖော်ပြောဆိုရန် မဆိုထားဘိ၊ ရိပ်မိမည်ကိုပင် စိုးရိမ်ကြသည်။ လူတို့သည် အသိဉာဏ်နည်းပါးလှ၍ အမျိုးမျိုး ဒုက္ခပေးတတ်သောကြောင့်လည်း ဖြစ်ရာ၏။

မဟာသမယသုတ် ဟောကာနီးကာလ မဟာဝုန်တောအတွင်း တရားအားထုတ်ကြသော သောတာပန်ရဟန်း ၅၀၀ တို့သည် အသီးသီး ရဟန်းကိစ္စပြီး၍ မြတ်စွာဘုရားထံ သွားကြရာ တစ်ပါးနှင့်တစ်ပါး ရှက်စနိုးတော်မူနေကြ၍ “ရဟန်းကိစ္စပြီးကြောင်း” မလျှောက်ရဲခဲ့ကြပေ။ ထိုစဉ်က မဟာသမယပွဲတော်ကြီး၌ တရားနာခဲ့ရ၍ သောတာပန်ဖြစ်ခဲ့သော ရုက္ခစိုးနတ်သမီးကလေးသည်ပင် “သင် သောတာပန်လား” ဟု ဇွတ်မေးနေသော ရဟန်းအား ရှက်စနိုးလှသဖြင့် “အရှင်ဘုရားသည် မမေးအပ်သည်ကို မေးဘိ၏” ဟု လျှောက်ခဲ့ဖူးကြောင်း (မဟာသမယသုတ်အဖွင့်၌) လာရှိ၏။

ရဟန္တာအရှင်မြတ်တို့၏ သဘောကား မိမိတို့ရရှိခံစားရပြီးသော တရားကို ထုတ်ဖော်မပြောကြားလို။ သို့ရာတွင် သတ္တဝါအားလုံးကို သူကဲ့သို့တော်တော် ရရှိစေလို၏။ ရွှေအိုးကြီးကို ရရှိသူကဲ့သို့ သိနိုင်သောနည်းများစွာ ရှိပေ၏။ (ရှေ့၌လည်း အကြောင်းအားလျော်စွာ ပြသွားပါမည်။)

အရိယာသူတော်ကောင်းကြီးများသည် အကျင့်သီလကို အထူးလျှို့ဝှက်တော်မူကြရသောကြောင့်လည်းကောင်း၊ လူတို့အသိဉာဏ် ဗဟုသုတနည်းကြသောကြောင့်လည်းကောင်း၊ ဒါနတွင် လမ်းဆုံးကာ ယူကျုံးမရ နောင်တဖြစ်နေခဲ့ကြ၏။ ထိုပုဂ္ဂိုလ်ကြီးများ သက်တော်ထင်ရှားရှိနေစဉ် ဆည်းကပ်သူများကလည်း အချို့မှာ အခွင့်အလမ်းရှိသော်လည်း ဘာသိဘာသာနေခဲ့ကြ၏။

## PAGE 86

ကောင်းလှသော ဘဝကြီးတွင် ကျောင်းဒကာ ကျောင်းအမ၊ ဆွမ်းဒကာ ဆွမ်းအမလောက်ဖြင့် ဒါနသီလ၌သာ လမ်းဆုံးခဲ့ကြရ၏။

အချို့မှာကား မိမိဒါနထက် ပို၍အကျိုးရှိစေသော အလှူခံပုဂ္ဂိုလ်အတွက် မဟုတ်တော့ပေ။ “အို... ရဟန္တာပုဂ္ဂိုလ်လှူရလျှင် ဒီဘဝမှာ သာသနာတော်အတွက် မရှိမဖြစ်တဲ့ အကျိုးရတယ်” ဟူသော အသိမျှလောက်ဖြင့် လိုအပ်သည်ထက် ပိုလွန်ကာ “အမျှော်ဒါန” ဖြင့် ဆည်းကပ်ကြပြန်သည်။ နံနက် ၄ နာရီမှ ၁၂ နာရီအထိ (အသိဉာဏ်နည်းသော ဒကာ ဒကာမများအား ချီးမြှောက်ကြရသဖြင့်) အရိယာသူတော်ကောင်းကြီးများသည် အလွန်တန်ဖိုးကြီးလှသော အချိန်ကို စားသောက်မှု၌ မြှုပ်နှံတော်မူကြရကုန်၏။ လာဘ်လာဘသည် ရဟန္တာအရှင်မြတ်ကြီးများကိုပင် ဒုက္ခပေးတတ်ပေ၏။

အချို့ဒကာ ဒကာမများလည်း “ပတ္တမြားတောင်ရောက်ခါမှ ဓားသွေးကျောက် အကောက်မှားသကဲ့သို့” ဟောကြားဆုံးမသည့် ပဓာနတရားအမွေကိုကား မရရှိလိုက်ကြ၊ ထိုထူးမြတ်သော ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားမှ အတ္ထုပ္ပတ္တိများ ဖတ်ရှုရခါမှ ထူးမြတ်သော ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်း သိရှိကြရသဖြင့် နောင်တရသူ၊ နာကြားရသူများလည်း မနည်းပေ။

ထူးမြတ်မှန်းမသိ၍၊ မယုံ၍ အခွင့်ကောင်းကြီးများ လက်လွတ်ရခြင်း၊ ထူးမြတ်မှန်းသိသော်၊ ယုံသော်လည်း မယူတတ်၍ မရခြင်းကား **ဧတဒဂ်** ရရသေ့ကြီး ဘုရားနှင့်လွဲရသည်ထက် ကြေကွဲဖွယ်ကောင်းလှပေသည်။

### ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးအချိန်

ဘုရားရှင်လက်ထက်တော်က အရိယာအရှင်မြတ်ကြီးများကဲ့သို့ မိမိတို့ကိုယ်တိုင် ကိုယ်ပိုင်ကြိုးစားလျှင်လည်း ဈာန်အဘိညာဉ်နှင့်တကွ အရဟတ္တဖိုလ်ပေါက် ဘာမဆိုရနိုင် ရောက်နိုင်သော အခွင့်ကောင်းကြီးများကို အမှန်ပင်ရနေကြပါကုန်၏။ ရဟန်းကိစ္စ ပြီးမြောက်ရုံမျှသာမက လောက်ကီအသိဉာဏ်ထူး အမျိုးမျိုးနှင့် ပြည့်စုံသော အရှင်မြတ်ကြီးများလည်း ဤလောက၌ ရှိနေကြသည်သာ ဖြစ်ပါကုန်၏။

မျက်စိရှိသူတို့သည်သာ မြင်နိုင်ကြ၍ နားရှိသူတို့သည်သာ ကြားနိုင်ကြကုန်၏။ နှလုံးသားရှိသူတို့သည်သာ သဒ္ဓါယုံကြည်၍ လိုက်နာကျင့်ကြံကြကုန်၏။ သာသနာသမိုင်းစဉ် သာသနာဝင်ခရီး တစ်လျှောက်ကို ကြည့်ပါလျှင် ကြက်သီးထခမန်း တောကြမ်းလမ်းရှုပ်ကြီးများ အဆင့်ဆင့် ကျော်လွှားခဲ့ရလေပြီ။

သုဝဏ္ဏဘူမိမှ ပုဂံ၊ ပုဂံမှ ကုန်းဘောင် နှစ်ပေါင်းထောင်ချီ၍ ထေရဝါဒသာသနာ့အလံကို သယ်ဆောင်ခဲ့ကြရာမှ မိုးမှောင်ကာလ ညတာရှည်ကြီးတွင် တစ်ရံတစ်ခါ လျှပ်စီးပြက်သလောက်သာ လင်းခဲ့သည်။ ဘိုးတော်ခေတ်လောက်ကမှစ၍ စနစ်တကျ တစ်ရှိန်တည်း ချီတက်နိုင်ခဲ့၏။ သို့ရာတွင် ပဋိပတ္တိအလုပ်စခန်းကား ပုဂ္ဂလိကအတိုင်းအတာမျှဖြင့် ရပ်တန့်နေခဲ့ရသေးသည်။

## PAGE 87

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်၌ပင် မရှိခဲ့ဖူးသေးသော ယနေ့ ပဋိပတ္တိသာသနာသည် ပြည်သူ့အတိုင်းအတာမှသည် ကမ္ဘာ့အတိုင်းအတာသို့ ဦးတည်နေပေပြီ။ ကျွန်ုပ်တို့သည် လက်ရှိအခွင့်ကောင်းကြီးများကို လက်မလွတ်စေရအောင် ဘဝနှင့်ရင်း၍ စဉ်းစားကြရပေတော့မည်။