## PAGE 103


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၇

သည် ပုဂံပြည်မှာသာ ရှိခဲ့ဖူး၏ဟု မှတ်ထင်ကြသည်။ မဟုတ်ပါ။ ရာမညတွင် ခေတ်
အစောကြီးကထဲက ခြေကုတ်ယူကာ ထေရဝါဒအား လွှင့်ထုတ်ခဲ့ကြ၏။ မတတ်သာသော်မှ
ဖောက်ချည်သွင်း၍ မွှေခဲ့ကြသည်။

သာသနာတော်နှစ် ၁၅ဝဝ-ကျော် (ပုဂံပြည်တွင် တောင်သူကြီးမင်းနှင့် အနော်ရထာ
ရှေ့ပိုင်းခေတ်) ကာလသည် ရာမညဒေသ၌လည်း မဟာယာနတို့ ကြီးထွားသော ခေတ်ပင်
ဖြစ်သည်။ မူရင်းအိန္ဒိယပြည်မှာထက်ပင် ပညာရပ်များ တိုးတက်နေသည်ဟု ဆို၏။
ယင်းသို့ ဝိဇ္ဇာမယိဒ္ဓိ ပညာရပ်များ ဆန်းသစ် တိုးတက်နေသောကြောင့် ဘင်္ဂလားပြည်သား
မဟာယာန ဘုန်းကြီး “အတီသ” ခေါ် ဒီပင်္ကရသီရိဉာဏ သည် ပဲခူးစသော ရာမညဒေသသို့
ကြွ၍ ပညာသင်ယူရသည်။ သာသနာတော်နှစ် ၁၅၇၀-ကျော် လောက်တွင် ဖြစ်၏။
သင်ယူပြီးနောက် တိဗက်ပြည်သို့ သာသနာပြု ကြွသည်ဟု သူ၏တပည့် “ဗရွမ်တွန်' ၏
မှတ်တမ်းတွင် ပါရှိကြောင်း မှတ်သားရသည်။

တိဗက်ပြည် ‘တာရနာထ” လာမာ ဘုန်းကြီး၏ မှတ်တမ်းအရ ဆိုသော် ဘင်္ဂလားပြည်
မဟာယာနဂိုဏ်းချုပ် ရှင်ဝသုဗန္ဓု သည် သူ၏ တပည့်များအား သာသနာတော်နှစ် ၁ဝ၅ဝ-
လောက်က ပုဂံနှင့် ပဲခူးသို့ သာသနာပြု လွှတ်ကြောင်း တွေ့ရှိရသည်။

ယင်းအဆိုအမိန့်များက မဟာယာနတို့၏ မှတ်တမ်းများသာ ဖြစ်၏။ မဲထီး
ဆရာတော်၏ ဝံသဒီပနီလာ ပဲခူးတိဿရာဇာမင်းလက်ထက် မဟာယာနတို့၏ လွှမ်းမိုးပုံမှာ
များစွာ ခေတ်စောကြောင်း တွေ့ရ၏။ သာသနာတော်နှစ် ၆၉၇-ခုနှစ်တည်း။ ထိုမင်း
လက်ထက် အခြေအနေကို အနည်းငယ် ဖော်ပြပါအံ့။ မဟာယာန ဘုန်းကြီးများကို
ဝံသဒီပနီ၌ “တစ်ကျွန်းပြည်က ဒွန်းစဏ္ဍား အလဇ္ဇီရဟန်းများ' ဟု သုံးစွဲ ခေါ်ဝေါ်သည်။
ပုဂံ၌၊ မထီးဟူ၍ လည်းကောင်း၊ အရည်းကြီးဟူ၍ လည်းကောင်း ခေါ်သည်။

မဟာယာန ဘုန်းကြီးများနှင့် သုဘဒ္ဒါ

ပဲခူး .. တိဿရာဇာမင်းလက်ထက် သာသနာတော်နှစ် ၆၉၇-ခုနှစ်၊ မဟာယာနှ
ဘုန်းကြီးတို့သည် ဝိဇ္ဇာမယိဒ္ဓိ အတတ်များဖြင့် ရှင်ဘုရင်အား အယုံသွင်းကြ၏။ ပြီးနောက်
“လူသေရုပ်တုများသည် အမင်္ဂလာဖြစ်သည်။ အရှင်မင်းကြီး နန်းတော်၌ အမင်္ဂလာရုပ်တုများကို
မကိုးကွယ်လျှင် ဘုန်းတန်ခိုးအာဏာ ပို၍ ကြီးလာပါလိမ့်မည်' ဟု သြဝါဒပေးကြ၍
ရုပ်ပွားဆင်းတုများကို မသန် ့မပြန် ့ရာ အရပ်တို့၌ လွှင့်ပစ်စေ၏။ ကိုးကွယ်သူများကို
အပြစ်ပေးသည်။ ထိုအခါ ပြည်ရွာ တိုင်းကား ချောက်ချားငတ်မွတ်၏။

ထိုအခါ ၁၆-နှစ် အရွယ် သုဘဒ္ဒါ သူဌေးသမီးသည်-

“ဘုရင်မင်းမြတ် မိစ္ဆာအယူကြောင့် ပြည်သူတို့ ဒုက္ခရောက်ကြရရှာပြီ။ ငါသည်
အများချမ်းသားရေးအတွက် သတ်သော်လည်း အသေခံမည်။. ရတနာသုံးပါး၏ တန်ခိုး
တော်ကြောင့် ကြံတိုင်း ပြီးမြောက်ပါစေ” ဟု အဓိဋ္ဌာန်ကာ မသန့်ရှင်းသော အရပ်၌


## PAGE 104

၄၈


ဓမ္မာစရိယ ဦးဌေးလှိုင်

စွန် ့ပစ်ထားသော ရုပ်ပွားများကို လိုက်၍ ကောက်ယူသည်။ နံ့သာရည်များဖြင့် ဆေးကြော၍
တဲမဏ္ဍပ်ကြီး ထိုးပြီး ကိုးကွယ်ထားသည်။

ရှင်ဘုရင်သည် . ထိုသတင်းကိုကြားလျှင် ဒေါသအမျက် ခြောင်းခြောင်းထွက်၍
လက်မရွံ့ လူသတ်သမားများအား ဖမ်းဆီးစေ၏။ သုဘဒ္ဒါကား မတုန်လှုပ်။ ကြိုးဖြင့်တုပ်၍
ခေါ်သော်လည်း ထိုသူအားလုံး အပေါ် မေတ္တာမကွက်။ ရတနာသုံးပါးကို အာရုံပြုလျက်သာ
မေတ္တာ ဘာဝနာဖြင့် လိုက်ပါခဲ့သည်။ မေတ္တာ၏တန်ခိုးကြောင့် သုဘဒ္ဒါ ရှေ့တော်ရောက်
လာလျှင်ပင် ရှင်ဘုရင်၏ မျက်နှာမှာ ပြုံးရွှင်၍ လာတော့၏။ အကျိုးအကြောင်း မေး
တော်မူလျှင် မကြောက်မရွံ့ အောက်ပါအတိုင်း ဖြေကြားသည်။

“အရှင်မင်းကြီး၊ မြတ်စွာဘုရားသည် အရှင်မင်းကြီးတို့ကဲ့သို့ပင် မင်းစည်းစိမ်ကို
သူမတူခံစားလျက်က အများသတ္တဝါကို ကယ်တင်ရန် ရဟန်းပြု၍ ၄၅-ဝါ ပတ်လုံး
အမြိုက်ဆု ပေးတော်မူခဲ့ပါသည်။ ဤရုပ်ပွားများသည် ကျန်ရစ်သော သတ္တဝါတို့အတွက်
ကိုယ်တော်စား ထားခဲ့သည့် လက္ခဏာသာ ဖြစ်ပါသည်။ လူသေကောင် ရုပ်တုမဟုတ်ပါ။
သစ်သားကိုပင် ထုလုပ်ထားသော်လည်း အလိုရှိ၍ ဖူးမြော်လိုလျှင် ကြွလာတော်မူပါသည်”

ရှင်ဘုရင်ကြီး ကြားလျှင် အံ့အားသင့်၍ “ကြွလာလျှင် ငါဖူးမြော်လိုသည်” ဟု
အမိန့်ရှိသဖြင့် သုဘဒ္ဒါသည် နတ်များကို တိုင်တည်၍ လက်အုပ်ချီကာ သစ္စာဓိဋ္ဌာန် ပြုရာ
ရုပ်ပွားဆင်းတုတော်များသည် နန်းတော်ရင်ပြင် အထက် ကောင်းကင်၌ ဈာန်အဘိညာဉ်ကဲ့သို့
ကြွတော်မူ၏။ အနည်းငယ် ရပ်တန့်ပြီးနောက် မြို့အနောက်တောင်ထောင့်ရှိ သဲပုံ၌
ကြွရောက် စံပယ်တော်မူကြသည်။

ရှင်ဘုရင်လည်း နောင်တကြီးစွာ ဖြစ်၍ ဝန်ချ ကန်တော့သည်။ သုဘဒ္ဒါကို မိဖုရား
မြှောက်၏။ ထိုဆင်းတုများကို “ကျိုက်ပေါ်” ခေါ် စေတီ တည်ထားကိုးကွယ်၏။
သာသနာဖျက် မဟာယာန ဘုန်းကြီးများကို တွင်းတူး၍ ကွပ်မျက်၏။ တချို့လည်း လှိုင်
ချောင်းတွင် မိမိတို့ဘာသာ အိုးဆွဲ၍ သေကြ၏။ (ထီးလှိုင်ချောင်းတွင်၏။) အချို့လည်း
ထွက်ပြေးကြသည်။

ခရစ်နှစ် ၁ဝ၄၃-ခုနှစ်၌ နန်းတက်သော ပဲခူး (ပဂိုး) ဘုရင် မဟာတိဿမင်း
မဟာသုဘဒ္ဒါခေါ် ဘဒြာဒေဝီတို့ ဘုရားခုနစ်ဆူတည်ထားခဲ့ကြရာ ယိုယွင်းပျက်စီးသဖြင့်
သာသနာတော် နှစ်ထောင့် သုံးဆယ်နှစ် (၂ဝ၃၂)၊ ကောဇာ ရှစ်ရာ့ သုံးဆယ့်နှစ်ခု
(၈၃၂)နှစ်က မွန်ဘုရင်မကြီး ရှင်စောပုက ပြုပြင်ခဲ့ကြောင်း မွန်ဘာသာဖြင့် ဘုရား
ခုနှစ်ဆူ ကျောက်စာလည်း ရှိသည်။ သုဘဒ္ဒါအကြောင်း အကျယ်ကို ကျွန်ုပ်တို့
ရေးသော မေတ္တာဝါဒ (ဗြဟ္မဝိဟာရအဖွင့်) ၌ ရှုကြပါကုန်း]

၁၆-နှစ်အရွယ် နုနယ်ပျိုမျစ်သော သူဌေးသမီး သုဘဒ္ဒါ၏ မေတ္တာနှင့် ပဋိပတ်
ကိုယ်ကျင့်စွမ်းရည်မှာ မည်မျှအင်အားကြီးကြောင်း နည်းယူအပ်လေသည်။
ကြီးငယ်မဟူ တရားကို စောင့်သူအား တရားသည် စောင့်မြဲဖြစ်၏။
“မည်သူတရားပျက်ပျက် ကိုယ်မပျက်' ဟူသော ဇွဲသတ္တိမှာ ချီးကျူးထိုက်လှပါပေ၏။


## PAGE 105

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၄၉

အရွယ်နှင့် မလိုက်အောင် ရတနာသုံးပါး၏ တန်ခိုးသတ္တိ ကျေးဇူးဂုဏ်ကို သိတတ်သည်မှာလည်း
လိုရင်းကား ရွှေပေး၍ မရသော သဒ္ဓါတရားပင်တည်း။´

အံ့သြဖွယ်ပင်။

