## PAGE 109


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၃

၅၀၀-အကွာ၌ တည်ရှိသော ထီးဆောင်း ဘုရားပင် ဖြစ်၏။ (ပခုက္ကူမြို့ အဂ္ဂမဟာပဏ္ဍိတ
ဆရာတော် ဦးနန္ဒဝံသမဟာထေရ်ရေး- ရွှေစည်းခုံသမိုင်း ကျမ်းသစ်တွင် ပါရှိ၏။ အရှင်အရဟံ
၏ ခုနှစ် သက္ကရာဇ်များ ဆက်လက် လေ့လာသင့်သည်။)

မြန်မာပြည်သူ ပြည်သား အဆက်ဆက်၏ ကျေးဇူးရှင်၊ ဘုရားရှင်၏ သားတော်ကြီး
ရဟန္တာ ရှင်အရဟံ၏ သာသနာပြုလုပ်ငန်းကား မြန်မာပြည် သာသနာဝင်တွင် အမြင့်မားဆုံး
ဖြစ်ပေတော့၏။ ကျန်စစ်မင်း နန်းတော် မွန်ကျောက်စာ၌ ၄၆၃-ခုနှစ် နန်းသစ် တက်ပွဲတွင်
ရှင်အရဟံ ဦးစီးသော သံဃာ ၄၁ဝ၈-ပါးတို့ ပရိတ်ရွတ်ပုံ တခမ်းတနား ဖော်ပြထားသည်။။


## PAGE 110

၅၄


ဓမ္မာစရိယ ဦးဌေးလှိုင်

ပံ့သုကူမထေရ်

အရှင်အရဟံ ပရိနိဗ္ဗာန် စံလွန်တော်မူသည့် နောက်တွင် စိမ်းညက်မင်း၏ သားတော်
မဟာထေရ်က (အရှင် အရဟံ၏ သာသနာပြု လက်ရုံးကြီးများ ဖြစ်ခဲ့ကြသော) အရှင်
အာနန္ဒာ, အရှင်ဗောဓိ မထေရ်ကြီးများနှင့်အတူ သာသနာပြုတော် မူရ၏။ အရိယာ
ပုဂ္ဂိုလ်ကြီးများချည်း ဟူ၏။

ထိုမှ နောက်ကာလတွင် ငစွယ်ရှင် သခင် ပံ့သုကူမထေရ်ကို သာသနာရေး အပ်နှင်း
သည်။ သာသနာပိုင် ဆရာတော်ပင် ဖြစ်၏။ အရှင်အာနန္ဒာ၊ အရှင်ဗောဓိစသော ပိဋက
ဆောင် မထေရ်တို ့ကို အုပ်ချုပ်၍ သာသနာပြုတော်မူသည်။ ဘွဲ့တော်ရင်းကား အရှင်သီလ
ဗုဒ္ဓိ ဖြစ်၏။

“ငစွယ်ရှင် ပံ့သုကူ” ဟု အမည်တွင်ခြင်းမှာ ထိုမထေရ်သည် သူသေအလောင်းမှ
အဝတ်များကိုသာ ပံသုကူကောက်၍ သင်္ကန်းသုံးဆောင်မြဲ ဖြစ်၏။ တစ်နေ့သော် ငစွယ်ငယ်
ခေါ်သော နွားကျောင်းသူငယ်သည် ကုသိုလ်ရရန် သုသာန်၌ လူသေယောင်ဆောင်၍
အဝတ် တင်လွှမ်းလျက် နေကာ အဖော်များအား ထိုမထေရ်ထံ သတင်းပို ့ လွှတ်သည်။
မထေရ်မြတ် ပံသုကူယူ၍ ကြွသွားလျှင် စွယ်ငယ် အသက်မရှူသဖြင့် မိဘများအား
ပြောကြားရာမှ မထေရ်သိသဖြင့် ပရိတ်မေတ္တာပြုတော် မူရ၏။ ငစွယ်ငယ်သည် ထ၍ရှိခိုးသည်။
သူ့ကို မိဘတို့က မထေရ်အား လှူကြ၏။ ထိုအခါမှစ၍ “ငစွယ်ရှင် ပံ့သုကူ” ဟု တွင်သည်။

ပံ့သူကူနှင့် နရသူ

ထိုမထေရ်သည် တိုင်းပြည်၏ မိဘ ဖြစ်နေပြန်သဖြင့် တိုင်းရေးပြည်မှု ကိစ္စများတွင်
မပါချင်ဘဲလျက် ပါခဲ့ရ၏။ အကြောင်းမှာ အလောင်းစည်သူ မင်းကြီး၏ သားတော်
မင်းရှင်စောသည် အနန္တ သူရိယနှင့် ကုလားမိဖုရား တစ်ပါးအား မချေမငံ ပြုမူမှုကြောင့်
နေပြည်တော်မှ တိမ်းရှောင်၍ မန္တ လေးအရှေ့ဘက် ထွန်တုံးပူတက်အရပ်တွင် ပုန်းလျှိုးနေရ၏။
ထိုအတွင်း ညီတော် နရသူသည် ခမည်းတော်အား ရွှေဂူဘုရားသို့ ဘုရားဖူး ပို ့ရင်း အဝတ်
ဖြင့် အုပ်ဖိ၍ သတ်ပြီးလျှင် နန်းတက်၏။ မင်းရှင်စောကြား၍ ပုဂံသို့ ချီတက်လာစဉ် နရသူ
သည် ပံ့သုကူအရှင်မြတ်အား ချဉ်းကပ်၍ “ညီတော် နောင်တော် စစ်ဖြစ်လျှင် ပြည်သူတို့
ဆင်းရဲပါလိမ့်မည်။ နောင်တော်အား မခုခံပါ။ နန်းအပ်ပါမည်” ဟု ကြွရောက် ဟောပြော
စေသည်။ “သင်ကတိ မတည်လျှင် ငါ၌ ဝန်လေးလိမ့်မည်” ဟု မိန့်တော်မူရာ သစ္စာဆို
သဖြင့် သွားရောက် ဟောပြောပေးရသည်။

နရသူသည် မင်းရှင်စောအား ခရီးဦးကြိုဆို၍ နန်းအပ်၏။ မင်းရှင်စောကား ထိုည
မှာပင် ညီတော်ခတ်သော အဆိပ်ဖြင့် နတ်ရွာစံရရှာသည်။ မထေရ်ကြား၍ ကြွလာပြီးလျှင်
“ဟယ်- မင်းဆိုးမင်းညစ်၊ တစ်ခဏ စည်းစိမ်ကိုသာ·ကြည့်၍ သံသရာဘေးကိုကား သင်


## PAGE 111


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၅

မကြောက်၊ ငါ့မျက်နှာကိုလည်း မထောက်တကား” ဟု ဆိုမြည်တော်မူရာ နရသူသည်
မျက်နှာပြောင် တိုက်ကာ “သစ္စာခံသည့်အတိုင်း နောင်တော်ကို နန်းတင်ခဲ့ပြီ မဟုတ်လော”
ဟု နှုတ်လှံထိုးသည်။ “ဟယ်- မင်းယုတ်၊ သင့်ထက် ပျက်သူကား မရှိပြီ၊ မင်းယုတ်၏
နိုင်ငံ၌ ငါမနေလို” ဟု မိန့်တော် မူကာ သီဟိုဠ်သို့ ကြွတော်မူ၏။

တစ်တိုင်းပြည်လုံး ကြည်ညိုသော မထေရ်အား အလွဲသုံးစားလုပ်၍ မထေရ်ကြွသွားသဖြင့်
ပြည်သူတို့ မင်းအပေါ် မကျေနပ်ကြ။ ထိုမင်းသည် မကောင်းမှုတို့ကိုသာ ဆက်၍
ကျူးလွန်၏။ ကချေသည်များကို မလုံ ့တလုံ ဝတ်စေ၍ ဘုန်းကြီးကျောင်းတွင်း၌ ပွဲခံစေကာ
ရဟန်းတို့ကို လူထွက်စေ၏။ ဖခင်နှင့် နောင်တော်အား သတ်၍ သူတော်သူမြတ်များအား
နှိပ်စက်ခဲ့သော နရသူသည် ကုလား လက်ချက်ဖြင့် နတ်ရွာစံရ၏။ “ကုလားကျမင်း' ဟု
ရာဇဝင်ဆရာတို့က ဘွဲ့ပေးကြသည်။

ပံသုကူနှင့် နရပတိစည်သူ

ပြူတစ်သိန်း မင်းလက်ထက် (၆၆၀) ထိုး မဟာဗောဓိ ကျောက်စာ ကြောင်းရေ ၃-
၄ ၌ “ဆွမ်းဘုဉ်းပေးရာ ပါယာသ ဤဌာနကို အခါလေးမြင့် ပျက်၍ ပြင်သော သခင်
ပံ့သုကူကြီးတစ်ယောက်၊ ထိုပြီးတစ်ချက် ပျက်ခဲ့ရာကား သမိုးမင်းပြု၏” ဟု ပါရှိရာ
ပံ့သုကူ မထေရ်သည် မဟာဗောဓိကိုလည်း ပြုပြင်ကြောင်း သိရ၏။

နရသူ နန်းသက်လေးနှစ်၊ သား-မင်းယဉ် နရသိင်္ခ သုံးနှစ်လွန်လျှင် နရသူသား
နရပတိစည်သူ နန်းတက်ရာ ပံ့သုကူမထေရ် သီဟိုဠ်မှ ပြန်ကြွလာ၏။ သာသနာပြု
တာဝန်လည်း အပ်နှင်း ခံရပြန်သည်။ ထိုမင်း နန်းစံ ၉-နှစ်တွင် ပုဂံမြို့ အရှေ့တုံ့ဝပ်တောင်မှ
စွယ်တော်ဖူးပြီးအပြန် ချောက်တစ်ခု အတွင်း၌ အရောင်လက်သည်ကိုမြင်၍ ကြည့်စေရာ
ဘာမျှ မတွေ့သဖြင့် ‘ဤနေရာတွင် ငါ့အား ဘုရားတည်စေလိုသည်' ဟု ယူဆကာ
ပြည်သူတို့အား အပူတပြင်း ဆင့်ဆို၍ မြေဖို ့စေ၏။ စည်မျက်နှာကဲ့သို့ မြေညီလျှင်
စေတီတည်ရန် ဖြစ်သည်။ ပြည်သူ တို့ စိတ်ဆင်းရဲကြရ၏။

ထိုအကြောင်းကို ပံ့သုကူမထေရ် ကြားသိရ၍-

“မင်းကြီး၊ ကောင်းမှု ဖြစ်စိမ့်ဟူ၍ ပြုသော ဤအမှုသည် ကောင်းမှုကား မဖြစ်၊
မကောင်းမှုသာ ဖြစ်သည်” ဟု မိန့်ကာ မင်းကြီးလှူသော ဆွမ်းကိုမစား၊ သပိတ်မှောက်ထား၏။
“ဘုန်းတော်ကြီး ငါ့ဆွမ်းကို ဘုဉ်းပေးတော်မမူသော် ငါ့ပြည်တွင် နေတော်မမူသည်
ဖြစ်မှ လွှတ်တော်မူမည်။ ပြည်သူတို့ လှူသော ဆွမ်းလည်း ငါ့ဆွမ်းပင် မဟုတ်တုံလော”
ဟု မင်းကြီးမချေမငံ ဆို၍ သီဟိုဠ်သို့ ကြွရန် စွယ်ကြို အရပ်သို့ ကြွရောက်နေတော်မူ၏။

သရပါ မြို့တံခါးစောင့် ဘီလူးသည် ထိုအကြောင်းကိုသိ၍ မင်းကြီးထွက်တော်မူလျှင်
တံခါးထက်၌ ကားယားခွရပ်နေ၏။ ဆေးဝါးမန္တရား စီရင်သော်လည်း မဖယ်။ မထေရ်အား
မချေမငံဆို၍ ဤသို့ လုပ်ကြောင်း ဗေဒင်ထွက်ဆိုမှ စွယ်ကြိုအရပ်သို့ အမတ်တို့အား ပင်
လျှောက်စေရ၏။ အကြိမ်ကြိမ် ပင့်သော်လည်း မကြွလာ။ သီဟိုဠ်သို့ ကူးကြွလေ၏။
