## PAGE 124

၆၈


ဓမ္မာစရိယ ဦးဌေးလှိုင်

ထိုအမေးအဖြေကား (မူရင်းအတိုင်း)-

ဤနေရာ၌ နာဂုဏ်ငယ် နာဂုဏ်ကြီးတို့၏ ပုစ္ဆာကို ပြလိုက်အံ့။ အခါ တစ်ပါး၌
ပေါက္ကံပြည်ဝယ် နာဂုဏ်ငယ် မည်သော ရဟန်းက နာဂုဏ်ကြီးအား ရှေးပုရပိုက်မူ၌
တွေ့ဖူးသော အရိယုပ္ပတ္တိ ( အရိယာဖြစ်ပုံ) ပုစ္ဆာကို လျှောက်ထား. မေးမြန်းလေ၏။

ပုစ္ဆာကား-

၂။

အမောင်သောတာပန်၊ အမောင်သည် ဧကန် နိဗ္ဗာန်ကို မြင်ဖူး၏ဟု ဆိုသော်
တစ်ပါးသော အရသာကိုမြင်၍ တစ်ပါးသော အရသာကို စားရပါ၏လော။
နှစ်ပါးမှ ထ၍ နှစ်ပါးမှ ပြန်နိုင်ပါ၏လော။

၃။ သုံးပါးမှ လွတ်၍ သုံးပါးကို မျက်မှောက်ပြုရပါ၏လော။

၄။

လေးပါးလုံးကို တစ်ခါတည်းပြု၍ လေးပါးလုံးမှ လွတ်ပါ၏လော။

“ဤသို့ လေးနက်၊ ပုစ္ဆာချက်ကို၊ လက်ဝယ်တင်ထား၊ ပတ္တမြားသို့၊ ပိုင်းခြားသိထွေ၊
ဖြေနိုင်ပေမူ၊ (နေ) ခြည်တစ်ထောင်၊ အရောင်ထွက်သည့်၊ ဘဝဂ်ပါရဂူ၊ သောင်နိဗ္ဗူကို၊
သိသူတစ်ယောက်၊ ဖြစ်ပေလောက်၍၊ ထက်အောက်ရပ်ခွင်၊ တွေ့စမ်းချင်သည်၊ လွယ်လျှင်ဖြေဘိ၊
ကျမ်းအရှိ” ဟူသော ပုစ္ဆာကိုဖြေ၍ ပေးတော်မူပါဟု လျှောက်ထားဖူးသတတ်။

၁။

၂။

၃။

၄။

နိဗ္ဗာန်မြင်ပုံ နာဂုဏ်ကြီး အဖြေ

နာဂုဏ်ကြီး ဖြေကြား အမိန့်ရှိလိုက်သည် တပည့်နာဂုဏ်ငယ်၊ “တစ်ပါးသော
အရသာကိုမြင်၍ တစ်ပါးသော · အရသာကို စားရပါ၏လော” ဆိုရာ၌
နိဗ္ဗာန်ကို မြင်သောသူသည် သေက္ခပုဂ္ဂိုလ်အား “ဓမ္မရသ၊ အသေက္ခပုဂ္ဂိုလ်အား
“ဝိမုတ္တိရသ” ကို စားရမည် ငါ့ရှင်။

“နှစ်ပါးမှထ၍ နှစ်ပါးမှ ပြန်နိုင်ပါ၏လော” ဟူရာ၌ နိဗ္ဗာန်ကို မြင်သောသူသည်
နိမိတ္တ ပဝတ္တတို့မှထ၍ အသင်္ခတာရမ္မဏ, သမ္မုတိသစ္စာရမ္မဏတို့မှ ပြန်ရမည်
ငါ့ရှင်း၊

“သုံးပါးမှလွတ်၍ သုံးပါးကို မျက်မှောက်ပြုရပါ၏လော” ဟူရာ၌ နိဗ္ဗာန်ကို
မြင်သောသူသည် ကာလသုံးပါးမှလွတ်၍ ကိလေသနိဗ္ဗာန်, ခန္ဓနိဗ္ဗာန်, အသင်္ခတ
နိဗ္ဗာန် သုံးပါးလုံးကို တစ်ပြိုင်နက် မျက်မှောက်ပြုရမည် ငါ့ရှင်။

“လေးပါးလုံးကို တစ်ခါတည်းပြု၍ လေးပါးလုံးမှ လွတ်ပါ၏လော” ဟူရာ၌
နိဗ္ဗာန်ကို မြင်သောသူသည် ပရိညေယျ, ပဟာတဗ္ဗ, သစ္ဆိကာတဗ္ဗ, ဘာဝေတဗ္ဗ
(သိ, ပယ်, ဆိုက်, ပွား ၄-ပါးကိစ္စ) တို့ကို တစ်ချက်တည်း ပြု၍ ရုပ်, နာမ်၊
သုခ, ဒုက္ခ တို့မှ လွတ်ရမည် ငါ့ရှင်။

“ဤသို့ အမြင်မှန်လျှင် နိဗ္ဗာန်ကို မြင်သောသူ' ဟု ဖြေကြားတော်မူလိုက်၏။
ထိုအခါ နာဂုဏ်ငယ်သည် နာဂုဏ်ကြီးအား ပုထုဇဉ်တို့၏ ကြည်ညိုခြင်းကို လွှတ်၍ အထူး


## PAGE 125


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

သဖြင့် ကြည်ညိုသတတ်။

၆၉

ထိုနာဂုဏ်ကြီးသည် နောင်သောအခါ မရဏညောင်စောင်း၌ . တပည့်တို့အာ
“ငါသေလျှင် ခေါင်းလောင်း သုံးချက်ထိုးရစ်တော့” ဟု မှာတော်မူခဲ့သတတ်။ သာဓု-
သာဓု-သာဓု။]

ပုဂံခေတ် ဈာန်အဘိညာဉ်ရ ပုဂ္ဂိုလ်များ

ပုဂံခေတ်တွင် ပြဆိုခဲ့ပြီးသည်မှတစ်ပါး ဈာန်အဘိညာဉ်ရသည်ဟု ကျော်ကြားသော
အခြားပုဂ္ဂိုလ်ထူးများလည်း ရှိပေသေးသည်။ ထိုပုဂ္ဂိုလ်များမှာ အောက်ပါတို့ ဖြစ်ကြ၏။

နန်းတောင်းများဆရာ

ပြည်မြို့ နန်းတောင်းများမင်း၏ ဆရာတော်သည် တစ်နေ့သောအခါ ပဲခူးမြို့ရှိ
ဆင်ဖြူများရှင် မင်းတရားကြီး နတ်ရွာစံသော ခဏမှာပင် သိမြင်တော်မူ၍ “အိုအဘ” ဟု
နှုတ်မှ ထွက်မိ၏။ မလှမ်းမကမ်းတွင် ရှိသော တပည့်တစ်ယောက်က ကြားလိုက်မိ၍
မှတ်သား ထားသည်။ နောက် သတင်းကြားရသည့်ရက်နှင့် မှတ်ထားသောရက် ကိုက်ညီ
နေသည် ဟူ၏။

ထို့ပြင် ကမ်းပါးယံထက်၌ နွားတစ်ကောင် အစာစားနေရာမှ မတော်တဆ လိမ့်ကျ၍
သေသည်ကို မြင်နိုင်လောက်သော နေရာမဟုတ်ဘဲလျက် “အလို နွားကျ၍ သေပြီ” ဟု
နှုတ်ထွက်မိသည်ကို ကြား၍ စုံစမ်းသောအခါ ဆိုတိုင်း မှန်သည်ဟု သာသနာလင်္ကာရ၌
မှတ်တမ်းပြုထား၏။

တက်သေးကြီး

ပုဂံတက်သေးကြီး မထေရ်လည်း မဟာဂီရိနတ် နေ့စဉ်ဆည်းကပ် လာ၍ အမှုအခင်း
ရှိလျှင် စေခိုင်း၍ ရသတတ်။ ဝိသုဒ္ဓိမဂ္ဂဒီပနီ၌ ဈာန်အဘိညာဉ်ရ ပုဂ္ဂိုလ်ဟူ၏။

ပုဂံခေတ် ပရိယတ္တိ သာသနာ အင်အားနှင့် ကမ္ဘာကျော် စေတီပုထိုးများ စသော ပုဂံ
သာသနာရေး အခြေအနေ အရပ်ရပ်ကို ထောက်ဆပါလျှင် မှတ်တမ်းပင် မရှိစေကာမူ
ဈာန်အဘိညာဉ်ရ အရိယာပုဂ္ဂိုလ်များ များစွာပင် ရှိနိုင်သည်ကို ခန့်မှန်းနိုင်ပေသည်။
မှတ်တမ်းပင် ရှိလျက် ကျွန်ုပ်တို့ မတွေ့မိသော အရာလည်း ကြွင်းကျန်နိုင်ပေသေး၏။
အနော်ရထာမင်း လက်ထက်၌ “ရဟန္တာပင် တစ်ထောင်မြောက်စင် ရှိလျက် သောတာပန်
သကဒါဂါမ်, အနာဂါမ်တို့ကား မရေမတွက်နိုင်အောင် များပြားကြောင်း” သာသနာလင်္ကာရ၌
ဆို၏။


## PAGE 126


၅-ပင်းယခေတ် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ

ရှင်ဒိဗ္ဗစက် ရဟန္တာထွေး

ပုဂံပြည်ကြီး ပျက်စီးပြီးနောက် မြင်းစိုင်းစသော အရပ်များတွင် ဝါးအစည်းပြေသကဲ့သို့
ကစဉ့်ကလျား ဖြစ်ရ၏။ သာသနာလည်း ညှိုးမှိန်ခဲ့ရ၏။ မဟာယာန အရည်းကြီးတို့လည်း
တောစွန်အုံဖျား တိမ်းရှောင်နေကြရာမှ တစ်စခန်း ထသည့်ခေတ်ဖြစ်သည်။ တစ်စီးရှင်
သီဟသူသည် ၆၇၄-ခုနှစ်တွင် ပန်းရ (ပင်းယ) မြို့ကို တည်ဖန်၏။ (သော်တာလှ ပန်းရ
တည်။) ဥဇ္ဇနာ, ကျော်စွာ, အသင်္ခယာစောယွန်းဟု သားတော် သုံးဦးရှိ၏။ သားအငယ်
စောယွန်းထံတွင် အရည်းကြီးတို့ မင်းမှုထမ်းအဖြစ် များစွာ ခိုလှုံလာကြပြန်သည်ကို တွေ့
ရ၏။ မင်းသားနှင့်သောက်ဖော် သောက်ဖက်ဖြစ်ကြ၏။ မင်းသား အမူးလွန်၍ မသွားနိုင်သော်
အရည်းကြီးတို့က ထမ်းစင်နှင့် ထမ်း၍ ပို့ကြ၏။ (သေနု အဆုံးအဖြတ် စာတမ်းများတွင်
ကြည့်ပါ။)

ထိုခေတ် သာသနာကား မဟာယာန ရောထွေးလာသော သာသနာဖြစ်သွားရပြန်၏။
မြန်မာပြည်၏ ကံကြမ္မာ သာသနာတော်၏ တန်ခိုးကြောင့် ရှင်အရဟံကဲ့သို့ ကယ်တင်မည့်
ပုဂ္ဂိုလ်ထူး ပေါ်လာရသည်။ ထိုပုဂ္ဂိုလ်ကား ရှင်ဒိဗ္ဗစက် ရဟန္တာထွေးတည်း။ ဒိဗ္ဗစက်
ဆိုသည့်အတိုင်း အဘိညာဉ်ရ ရဟန္တာမထေရ် ဖြစ်တော်မူ၏။ သာသနာဝင်သမိုင်းတို့ကမူ
ဘုရားရှင် ဗျာဒိတ်တော်အရ သိကြားမင်း အကူအညီဖြင့် ဝေသာလီပြည်မှ ကြွလာသည်ဟု
ဆိုကြ၏။ သိဒ္ဓိတင်၍ ရေးသားသည်ဟု ယူဆမိ၏။ အဘယ့်ကြောင့်ဆိုသော် ထိုခေတ်
ဝေသာလီကား ရှင်ဒိဗ္ဗစက်ကဲ့သိုသော ရဟန္တာပေါ်နိုင်တော့သည့် ခေတ်မဟုတ်ချေ။ အဘယ့်
ကြောင့်ဆိုသော် ၁၂-ရာစု ကုန်ခါနီး အိန္ဒိယ ဗုဒ္ဓဘာသာ အခြေအနေသည် အဆိုးရွားဆုံး
ဖြစ်ခဲ့၏။ မစ္စတာမော်လီ၏ ဗဂေါဒိစတြိတ်ဂေဇက်တီးယား ၄၊၂၆-အရ ခရစ် ၁၁၉၃-
ခုနှစ်သည် ရဟန်းတော်ပေါင်း ထောင်ပေါင်းများစွာ သွေးမြေကျ၍ ဗုဒ္ဓသာသနာ လုံးဝ
အမြစ်ပြတ်ခံရသောခေတ် ဖြစ်ပေသည်။ မေဃဝတီဦးနာရဒ၏ ဗုဒ္ဓသမိုင်း ၄၉။)
စာသွားစာလာကို ကြည့်က . မဇ္ဈိမဒေသ ဝေသာလီပင် ဖြစ်နေပြန်၏။

မည်သို့ဆိုစေ၊ ထိုခေတ်က ရှင်ဒိဗ္ဗစက်ခေါ်သော ရဟန္တာတစ်ပါး သာသနာ ပြုတော်
မူခဲ့သည်မှာကား ထင်ရှားလှပေသည်။ ဝံသဒီပနီ၌ လာသည့်အတိုင်း အကျဉ်းချုပ်၍
ဖော်ပြပါအံ့-

