## PAGE 127


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ကောင်းကင်မှနေ၍ တရားဟောခြင်း

၇၁

ဝေသာလီပြည်မှ ရှင်ဒိဗ္ဗစက် ရဟန္တာထွေးသည် ဆရာ မဟိန္ဒပါလမထေရ် တိုက်တွန်း
ချက်၊ စစ်ကိုင်းသောတာပန် နတ်ကြီး၏ ပင့်လျှောက်ချက်အရ ဗျာဒိတ်တော်အခါစေ့သဖြင့်
၆၇၄-ခုနှစ်တွင် သာသနာပြု ကြွတော်မူလာ၏။ ဦးစွာ သီဟိုဠ်သို့ ကြွ၍ ဓာတ်တော် ရှစ်ဆူ
ပင့်ကာ ပုဂံသို့ရောက်၏။ ထိုနှစ်တပို့တွဲလပြည့်ကျော် သုံးရက် ကြာသပတေးနေ့ မွန်းတည့်ချိန်
အင်းဝမြို့တည်ရာ အရပ်သို့ ကြွရောက်လာ၏။ ပင်လယ်မှလာသော သီဟသူလည်း
မြစ်ငယ်မှ အင်းဝ၊ အင်းဝမှသည် အနောက်ဘက်သို့ စစ်သည်များနှင့် ခရီးထွက်ခိုက်
ကောင်းကင်၌ရပ်တည်တော်မူသော ရှင်ဒိဗ္ဗစက်အား ဖူးတွေ့ရသည်။ သီဟသူလည်း အတိုင်း
မသိ ပီတိဖြစ်၍နေ၏။ ရှင်ဒိဗ္ဗစက်လည်း တစ်ခုသော ညောင်ပင်ရင်းသို့ သက်ဆင်း ကပ်
ရောက်ရာ မင်းကြီး ဦးခိုက်လျက်-

မင်း ။ ။အရှင်ဘုရား၊ အဘယ်အရပ်မှ ကြွလာပါသနည်း။

ထေရ် ။
မင်း။

မင်းကြီး၊ ဝေသာလီပြည်မှ ကြွလာ၏။

။ခရီးအကြား အတိမျှလောက် ကျိန်းစက်တော် မူလာခဲ့ရပါသနည်း။
ထေရ် - မင်းကြီး၊ ဤယနေ့နံနက်ကပင် လာသည်။ ယခု (မွန်းတည့်)

#

ရောက်၏။

ဤသို့ မေးဖြေဖူးတွေ့ ရရုံမျှဖြင့် ရဟန္တာဟု မင်းကြီး ယုံတော်မူသော်လည်း စစ်သည်
တော်တို့ကား သံသယဖြစ်နေကြ၏။ “အရှင် ရဟန္တာလော” ဟူ၍ကား မလျှောက်ရဲကြ။
ရှင်ဒိဗ္ဗစက်သည် ထိုအကြံကို သိ၍ ကောင်းကင်၌ ရပ်ကာ “ရာဇောဝါဒသုတ္တန်' ကို ဟော
တော်မူ၏။

မထေရ်လည်း မင်းကြီးနှင့်အတူ သာသနာပြုရန် ဆရာ၏ သြဝါဒအရ လာရကြောင်း
မိန့်တော်မူလျှင် အလွန်ဝမ်းသာ၍ သာသနာပြုရန် နည်းလမ်းများကို လျှောက်ထား၏။
“မင်းကြီး ရဟန်းသံဃာများ ဝိနည်းသိက္ခာနှင့် ညီညွတ်စေရန် မင်းတို့က စောင်မ,
ကျင့်ကြံစေခြင်း၊ ပရိယတ် သင်ကြားစေခြင်း၊ သရီရဓာတ်တော်များကို စေတီတည်၍ကိုးကွယ်
ခြင်းတို့ ဖြစ်သည်” ဟု မိန့်တော်မူသည်။ မိုးချုပ်နေဝင်ချိန် ရောက်သဖြင့် ရန်အောင်မြင်ဘုရား
တည်ရာအရပ်၌ ယာယီကျောင်း ဆောက်စေ၍-

“အရှင်၊ ဤကျောင်း၌ တည်းခိုတော်မူပါဦး၊ နက်ဖြန် ဆွမ်းကိုမူ အိမ်တော်၌
ဘုဉ်းပေးတော် မူပါ” ဟု လျှောက်ရာ-

“မင်းကြီး၊ ငါ ယနေ့ မတည်းခိုသေး။ ဆွမ်းကိုမူ ကြွရောက်ချီးမြှင့်မည်” ဟု မိန့်
တော်မူကာ ဝေသာလီပြည်သို့ ပြန်ကြွတော်မူ၏။

နောက်တစ်ရက် နံနက် နောက်ပါရဟန်းငါးပါးနှင့်အတူ ဆွမ်းစားကြွတော်မူ၏။
ဆွမ်းစားပြီးလျှင် အပ္ပမာဒသတိ တရားကို ဟောကြား၍ သရဏဂုံ သီလချီးမြှင့်တော်မူသည်။
နေပြည်တော်ကိုလည်း သင်ပန်းအရပ်၌ တည်ရန် မိန့်တော်မူ၏။ မင်းနှင့် ဗိုလ်ပါလည်း


## PAGE 128


၇၂

ဓမ္မာစရိယ ဦးဌေးလှိုင်

ဖျားနာပျက်စီးများ၍ သံဝေဂပွားခိုက် မြို့ပြအတည်တကျ တည်ထောင်ရသဖြင့် ဝမ်းမြောက်
ကြလေသည်။ ရှင်ဒိဗ္ဗစက်သည် ရွှေစည်းခုံစေတီတော် ပြီးသည့်တိုင်အောင် စောင့်ငံ့တော်
မူလျက် သာသနာပြုတော်မူ၏။ငါးထောင်ခန့် ရှင်ရဟန်းပြုပေးသည်။ ရှိလင့်သော ရဟန်းများ
ကိုလည်း မင်းအာဏာဖြင့် စိစစ်ရွေးထုတ်၍ သာသနာတော်ကို သုတ်သင်တော် မူ၏။

မီးပုံထဲမှ ကြာပွင့်များ

ရှင်ဒိဗ္ဗစက် ပင့်ဆောင်ခဲ့သော ဓာတ်တော်ရှစ်ဆူကို ၆၇၉-ခုနှစ်၌ ရွှေစည်းခုံစေတီ
တည်၍ ဌာပနာတော် မူခဲ့၏။ (သာသနာ လင်္ကာရ၌ ခုနစ်ဆူပါရာ နှစ်ဆူကို ပုညရှင်၌
ဌာပနာသည်ဆို၏။) ထိုပွဲကား ရခိုင်၊ ယိုးဒယား၊ ဇင်းမယ်၊ ပင်းယ မင်းလေးပါး ပရိသတ်
ကိုယ်စီနှင့် ပြုလုပ်သော ပြည်ထောင်စု ညီညွတ်ရေးပွဲပင် ဖြစ်သည်မှာ ထူးခြားလှပေ၏။
စေတီလေးဆူလည်း အထိမ်းအမှတ် တည်ကြသေး၏။ ထိုပွဲပြီးလျှင် ရှင်ဒိဗ္ဗစက်ပြန်ကြွသည်။
၆၈၄-ခုနှစ်တွင် သီဟသူမင်းသည် ပင်းယ၌ ၇-နှစ်၊ အင်းဝ၌ ၁၅-နှစ်၊ နန်းစံ ၂၂-နှစ်အရ
နတ်ရွာစံ၏။ ထိုအကြောင်း ဘုမ္မစိုးနတ်က မင်းကြီး နတ်ရွာစံကြောင်း လျှောက်ရာ သင်္ခါရ
တရားဟော၍ နှစ်သိမ့်တော် မူသည်။

သားတော် ဥစ္စနာ နန်းတက်သောအခါ ရှင်ဒိဗ္ဗစက်သည် ဂိဇ္ဈကုဋ် တောင်မှ
ရှင်သီဝလိဓာတ်တော်၊ မကုလတောင်မှ ဆရာရင်း မဟိန္ဒပါလ ဓာတ်တော်များကို ပင့်ဆောင်၍
ချီးမြှောက် ကြွလာသေးသည်။ ၆၉၉-ခုနှစ်၊ သက်တော် ၈၅ တွင် ဝေသာလီပြည်၌
ပရိနိဗ္ဗာန် ပြုတော်မူလေသည်။

ဤမထေရ်၏ အကြောင်းကား ထူးခြားဆန်းကြယ်လှ၏။ သာသနာနှင့် မြန်မာတို့၏
ကံလည်း လိုက်ဖက်လွန်းလှသည်။ ဝေသာလီပြည်မှ ကြွလာသည်ဆိုရာ၌ စဉ်းစား၍မရ။
မဇ္ဈိမဒေသ ဝေသာလီပြည်၌ သာသနာမရှိနိုင်တော့ရကား ရခိုင်ဝေသာလီ သော် လည်းကောင်း၊
အာသံဝေသာလီသော် လည်းကောင်း ဖြစ်ပေလိမ့်မည်။ အတပ်မဆိုသာ။

မည်သို့ဖြစ်စေ၊ အရှင်နာဂသိန်, အရှင်မောဂ္ဂလိပုတ္တတိဿ, အရှင်အရဟံနှင့် ဤ
အရှင်ဒိဗ္ဗစက်တို့ကို ထောက်ဆ၍ ခေတ်ဆိုး ခေတ်ကျပ်ကြီးများတွင်မှ အာဇာနည်
အရှင်မြတ်ကြီးများ ပွင့်ပေါ်လာတတ်သည် ကိုလည်း သတိပြုရာ၏။

ရေငုံဆရာတပည့်

၆၈၄-ခုနှစ် သားဥဇ္ဇနာ နန်းတက်၍ ၇၀၂-ခုနှစ်တွင် စကားသားဖြင့် ဆောက်လုပ်သော
ကျောင်းမနှင့်တကွ အရံ ၆ ကျောင်းကို အရှင် သုဓမ္မမဟာသာမိအား တင်လှူ၏။ ပထမ
သော် ထေရဝါဒ ရဟန်းကောင်းများ ကြီးစိုး၍ ကာလ အတန်ကြာသော် ဝတ္တကမြေလယ်ယာ
များ၌ ဘုန်းတော်ကြီးများ ပါဝင်၍ စီမံခန့်ခွဲခြင်း၊ သူရင်းငှား နွားထွန်မှစ၍ စီမံရခြင်း၊


## PAGE 129


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ကို

စပါးစုဆောင်းရခြင်း၊ နောက်ဆုံးသီးစားခ မပေးနိုင်သူတို့အား ကျောင်းတွင်းမှာပင် ဒဏ်ရိုက်ခြင်း၊
ထိတ်တုံးခတ်ခြင်းများအထိ ရောက်လာကြ၏။ မင်းကလည်း ဝင်၍ မစွက်နိုင်။

နောက်ကာလတွင် အလဇ္ဇီမှ ဒုဿီလပန်းတိုင်သို့ ရောက်ကာ အရည်းကြီးများ ဖြစ်
လာကြ၏။ ပီယသိဒ္ဓိ၊ လက်ဝှေ့ပွဲ၊ ဓားရေး၊ လှံရေး၊ အင်းအိုင် စသော ပွဲကျောင်း ဓလေ့များ
ကြီးထွား လာတော့၏။ ရဟန်းကောင်းများ နေ၍မရတော့သဖြင့် ရှင်သာသနဓရသည်
တုရင်တောင်သို့ လည်းကောင်း၊ ပရက္ကမညီနောင်သည် စစ်ကိုင်း (ယခုရှိသော) ပရက္ကမချောင်
သို့ လည်းကောင်း ထွက်ခွာသွားကြရ၏။

တစ်သက်လုံးစိပ်မှ ပုတီးလေးလုံးသာရ

ပရိယတ္တိအရာ၌ လွန်စွာကျော်ကြားသော ရှင်အရိယဝံသလည်း ယင်းစကားကျောင်းမှ
ထွက်ခွာ၍ စစ်ကိုင်းတောင်ရိုးတွင် သီတင်းသုံးရရှာ၏။ ၈၄၄-ခုနှစ်၊ နန်းတက်သော
နရပတိမင်းကြီးလက်ထက်မှသည် မင်းခေါင်လက်ထက်ထိ ကျော်ကြားသော မထေရ်
ဖြစ်သော်လည်း စကားသင့်၍ ဤပင်းယခေတ်၌ ထည့်သွင်းပြဆိုပါအံ့။

ထိုအချိန်က စစ်ကိုင်းတောင် ပုညရှင်စေတီ အနီးတွင် ရေငုံဘုန်းတော်ကြီးခေါ်
ဆရာတော်တစ်ပါးရှိ၏။ ကျမ်းဂန်တတ်မြောက်ပြီး တရားဘာဝနာ စီးဖြန်းနေကာ စကားအဖျင်း
ပြောမိမည်စိုး၍ ရေငုံနေသောကြောင့် ရေငုံဘုန်းကြီးဟု ခေါ်သည်။

ထိုရေငုံ ဘုန်းတော်ကြီးသည် တစ်ခုသော သံဃပရိသတ်၌ ပုတီးစိပ်မှုနှင့် စပ်၍
သံဃာ မထေရ်ကြီးများ အချင်းချင်း စကားလက်ဆုံကျနေကြရာ “တစ်နေ ့လျှင် ဂုဏ်တော်ပုတီး
အပတ်တစ်ထောင် ရသည်၊ တစ်သောင်းရသည် စသည်ဖြင့် အရည်အချင်းထက် အရေအတွက်
ကိုဦးစားပေး ပြောဆိုနေကြသည်ကို ကြားသိရသဖြင့်-

“တို့များ အသက်ရှစ်ဆယ်ကျော်ပါပြီ၊ တစ်သက်လုံးစိပ်လာတာ ခုထိမှ ပုတီးလေးလုံး
ပဲ ရသေးတယ်” ဟု မိန့်တော်မူသတတ်။ ဗုဒ္ဓါနုဿတိ, မေတ္တာ, အသုဘနှင့် မရဏဿတိခေါ်
ရဟန်းရှင်လူ သူတော်စင်တိုင်း နေ့စဉ် နှလုံးသွင်းရမည့် “စတုရာရက္ခ=အစောင့် အရှောက်ကြီး
လေးပါး' ကိုသာ ပွားများနေကြောင်း ပြောဆိုတော်မူလိုဟန် ရှိ၏။

ထိုသို့အမိန့်ရှိခါမှ ပုတီးပတ် ပြိုင်သော ဘုန်းကြီးများ စကားဆိတ်သွားသော ဟူ၏။
အထက်က ဖော်ပြရာပါ အရှင်အရိယဝံသလည်း မိမိကိုယ်ကို စာတတ်ပြီဟု မမှတ်
ထင်သေး၍ ဘုန်းတော်ကြီးထံ ဋီကာကျော်ကျမ်းကို သင်ယူ၏။ ၃-ရက် ရလျှင် “ငါစာတတ်ပြီ”
ဟု သဘောပေါက်၍ ဆရာ့အမိန့်အတိုင်း ယင်းကျမ်း၏ အဖွင့် မဏိသာရမဉ္ဇူသာဋီကာ
ကျမ်းကြီးကို ရေး၍ပြရ၏။ လပြည့်လကွယ် ဥပုသ်ပြု သံဃအစည်းအဝေးမှာ ပုညရှင်စေတီ၌
ပြုလုပ်ရာ ထိုကျမ်းကို သံဃာ့အလယ်၌ ဖတ်၍တင်ပြသည်။ အစွန်းအဖျားတွင် နားထောင်
နေသော ပုဂံမှကြွလာသည့် ရဟန်းငယ်တစ်ပါးက နားထောင်ရင်း “အင်း-အင်း' ဟုလိုက်နေ
သဖြင့် မေးရာ အမှားနှစ်ချက်ကို ထောက်ပြနိုင်၍ ဒုကုဋ်သင်္ကန်းကြီးတစ်ထည် စွန့် လှူ၏။

