## PAGE 151


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၉၅

ထိုနောင်မှ (ရွှေဥမင် ဆရာတော်) စီရင်တော်မူသည့် ဝိနည်း နိဿယကို တောင်း၍
ကြည့်လျှင်-

“ငါစီရင်သည့် နိဿယသည် ကျယ်သည်။ သူစီရင်သည့် နိဿယကား ကျဉ်းသည်။
သည်မျှ (နှင့်) ပင် နောက်သားတို့ မှီရာ (အားကိုးရာ) ဖြစ်လောက်ပြီ။ နှစ်နည်း ရှိသဖြင့်
လောကဝယ် ဘုရားနှစ်ဆူ ပြိုင်၍ ပွင့်သော် သတ္တဝါတို့၌ သူ့ဘုရားသာသည်၊ ငါ့ဘုရားသာသည်
အငြင်းအခုံသာ ဖြစ်၍ အကျိုးမရှိရာသကဲ့သို့ ရှိတော့မည်” ဟု (အောက်မေ့လျက်)
ကိုယ်စီရင်သည့် နိဿယကို စေတီပြင်မှာ မီးပူဇော်၍ ပြန်တော်မူလေသည်။

၎င်းနောက် အလုပ်အကျွေး သူတော်က ရွှေဥမင်ဘုရားသို့ ကပ်၍ (အနီးသို့လာ၍)-
“ခင်ကြီး (ဘုန်းကြီး) တို့ ဝိနည်းမှာ သူသဒ္ဓါ၍ လှူသော ပစ္စည်းကို မသုံးဆောင်ဘဲ
သူတစ်ပါးကို မပေးအပ်။ ပေးသော် သူ့ သဒ္ဓါကို ဖျက်သည် မည်ရကား “သဒ္ဓါဒေယျ
ဝိနိပါတ ဒုက္ကဋ်’ ကိုယ်ရှိသည် ( အာပတ်သင့်သည်) မဟုတ်လော။ အဘယ့်ကြောင့်
မင်းဆရာ ကိုယ်တိုင်လာ၍ လှူသည့်ပစ္စည်းကို အားပါးမနာ သူ့ရှေ့တွင်ပင် ရွှေစည်းခုံကို
လူဘိသနည်း။ ခင်ကြီးမစောင့် မဟုတ်လော” (မစောင့်ရှောက် မငဲ့ညှာရာ မရောက်ပါလော)
ဆိုသည်ကို-

“သူတော်၊ ငါစောင့်၏။ သူတော့ဆရာတော်ကို ငါဆုံးမလိုက်သည်။ သည်ကအပြန်ကို
စစ်ကိုင်းလေးထပ်ကြီး (သူနေသော) ကျောင်းတော်သို့ သူတော့ဆရာတော် ဝင်ဝံ့ဝေလျှင်
လောကဝယ် အလွန်ယောက်ျား (အာဂယောက်ျား) ဟု မိန့်တော်မူသည်။]

(သီလဝိသောဓနီ၌ ရွှေဥမင်က အကြီးဟု ဆို၏။ သာသနာ လင်္ကာရ၌ ရွယ်တူဟူ၏။)
သာသနာဝင်အကျော် ဆရာတော်ဘုရားကြီး နှစ်ပါးသည် ဖက်လဲတကင်း ပြောဆို
နှုတ်ဆက်ကြပြီးနောက် ကျောင်းမှဆင်း၍ ပြန်သည်တွင် ရွှေဥမင်ဆရာတော်က လိုက်ပို့ရာ
တောင်ဖီလာ ဆရာတော်က-

“ကျွန်ုပ်က မင်းဆရာဖြစ်ပေသည်။ ငါ့ရှင် ရှေ့ကကြွပါ” ဟု နှိမ့်ချ၍ ဆို၏။
“မင်းဆရာဖြစ်၍ ရှေ့ကကြွသည်' ဟု သူကကာ ထင်မည်စိုး၍ ဆိုခြင်းဖြစ်သည်။
ရွှေဥမင်ကလည်း-

“ငါ့ရှင် မင်းဆရာဖြစ်ပေသည်။ ရှေ့ကကြွပါ” ဟု လျှောက်၏။ “မင်းဆရာကိုပင်
မခန့်မညား ရှေ့ကကြွဘိသည်” ဟု ထင်ကြမည် စိုး၍ ဖြစ်သည်။

ပုဂ္ဂိုလ်ကျော် နှစ်ပါး ရှောင်တခင် ပြောဆိုသော စကားစင်လျက် သာသနာဝင်တွင်
နှုတ်မင်္ဂလာ မှတ်တမ်းကြီးအဖြစ် တွင်ကျန်ရစ်ခဲ့၏။

ပညာရှိ သူတော်ကောင်းကြီးများ ဖြစ်တော်မူကြသော ပုဂ္ဂိုလ်ကြီး နှစ်ဦး၏ ပြောဆို
ပြုမူပုံ၊ ယဉ်ကျေးစွာ ဆုံးမပုံ၊ ဆုံးမ ခံရသူကလည်း ရိုသေကျိုးနွံစွာ လောကီဂုဏ်သိက္ခာကို
မငဲ့ဘဲ လိုက်နာပုံတို့မှာ ချီးကျူး၍ မကုန်နိုင်အောင် ရှိပါပေသည်။

တောင်ဖီလာ ဆရာတော်လည်း ထိုမှအပြန် ဂါမဝါသီရွာနေ မင်းဆရာ အဖြစ်ကို
ရှက်ရွံ့တော်မူသဖြင့် ဆီးတော မင်းဝံတောင်ရိုး (ယခု စစ်ကိုင်းတောင်) အရှေ့ချောက်ကြား


## PAGE 152

၉၆


ဓမ္မာစရိယ ဦးဌေးလှိုင်

တောင်ဖီလာ တောရ၌ အရညကင် ခိုဝင်တော်မူ၏။ သက်တော် ၆ဝ-ပြည့်သော သက္ကရာဇ်
တစ်ထောင်ပြည့်နှစ် တပေါင်းလပြည့်နေ့ ဖြစ်လေသည်။

ညီနောင်မင်းနှစ်ပါးလည်း ဆရာတော်အား “အလျင် ဖူး တွေ့ရသူ ကျောင်းဆောက်မည်’
ဟု အပြိုင်အဆိုင်ရှာကြရာ သာလွန်မင်းညီတော် မင်းရဲကျော်စွာတွေ့ရ၍ လေးထပ် ဇေတဝန်
ရွှေကျောင်း ဆောက်လှူရသည်။ ဆရာတော်သည် ၁၀၀၃-ခုနှစ်တွင် ဘုရားတစ်ဆူလည်း
တည်ထားကိုးကွယ်၏။ တစ်လလေးကြိမ် နတ်များ ဆွမ်းကပ်ကြသည်ဟု ဆိုသည်။

သတို့သမီးကလေးနှင့် တစ်ညတာ

တောင်ဖီလာတောရ၌ ဆရာတော် သီတင်းသုံးတော်မူစဉ် တွေ့ကြုံရသော အဖြစ်
အပျက်တစ်ခုသည် မယုံကြည်နိုင်လောက်အောင် အံ့ဖွယ်သရဲ ဖြစ်ခဲ့၏။ လောက၌
မည်သည့်အလုပ်မဆို မမျှော်လင့်သော အခက်အခဲများ ပေါ်ပေါက်လာတတ်၏။ ထို
အခက်အခဲများသည် “ညောင်ရေအိုးမှ မီးထတောက်” ဟူသကဲ့သို့ မည်သို့မျှ ဖြစ်လာလိမ့်မည်ဟု
မထင်စကောင်းသောဌာနကလည်း ထွက်လာတတ်ပေ၏။ ဆရာတော် တောရထွက်၍
မကြာမီပင် မမျှော်လင့်ခဲ့သော အခက်အခဲတစ်ခုသည် မထင်စကောင်းသောဌာနမှ ထွက်
ပေါ်လာခဲ့သည်ကို ရင်ဆိုင်ရ၏။

စစ်ကိုင်း၊ ပင်းယ၊ အင်းဝ တစ်ကြောတွင် ထိုအချိန်က မိုးလွန်စွာခေါင်ခဲ့၏။
တစ်တိုင်း တစ်ပြည်လုံး ရိရှားငတ်မွတ်ကြ၏။ မတရားမှုများ ပွားစီး၏။ အချိန်အခါမဲ့
မသွားလာရဲကြ။

တစ်ခုသော နေဝင်ဖျိုးဖျ အကာလအချိန်မဲ့တွင်မှ ဆံပင်ဖားလျား အဝတ်အစား
အစုပ်အပြတ်နှင့် ဒကာမကလေး တစ်ယောက် တောင်ဖီလာတောရကျောင်းဆီသို့ အမော
တကော ပြေးလာနေ၏။ ရုပ်ရည် သနားကမား၊ ရုပ်လက္ခဏာနှင့် အဝတ်အစားသည်
တခြားစီ ဖြစ်နေ၏။ ဆရာတော်သည် တောင်ကျရေခံရန်တူးထားသော ကန်အနီး လမ်းလျှောက်
နေရာမှ ဘုရားဝတ်ပြုရန် ဟန်ပြင်ခိုက် “ ကယ်တော်မူပါ ဆရာတော်ဘုရား” အသံနှင့်
ဖက်တော့မယောင် ပြေးဝင်လာ၏။ နေဝင်သွားသော်လည်း လရောင်ကလေး ရှိနေ၍
ဒကာမရုပ်သွင်ကို ပြုပြု ထင်ထင် မြင်နေရ၏။ “အင်း ..... ဒုက္ခပါတကား” ဟု ဆရာတော်
ညည်းတွားခိုက်-

“တပည့်တော်မ လမ်းခရီးအကြားမှာ ဒုက္ခတွေ့ လာ၍ ဆရာတော် ကျောင်းမှာ နေပါ
ရစေဘုရား” ဟု ငို၍ လျှောက်၏။ ဆရာတော်မှာ ဒုက္ခသည်အား ညအခါ တောတောင်
ကြီးအတွင်း နှင်လွှတ်ရအခက် လက်ခံရအခက် ဖြစ်နေသည်။

“ဘုန်းကြီးကျောင်းမှာ ဒကာမနေ၍ ဘယ်မှာ ဖြစ်မည်လဲ” ဟု နှုတ်ကပင်
ထွက်လိုက်ရသော်လည်း လုံးဝရှောင်၍ မရနိုင်သည်ကိုကား သိနေသဖြင့် အကြံရခက်
နေလေသည်။


## PAGE 153


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၉၇

“တစ်ညတာပါဘုရား” ဟူသော ဒကာမကလေး၏ အသံမှာ မျက်ရည်နှင့်အတူ
အားကိုးလွန်းသော အမူအရာကို ဆောင်နေပြန်၏။

ဆရာတော်သည် အတန်ကြာ စကားဆိတ်၍ သက်ပြင်းချကာ စဉ်းစားပြီးနေ၏။
အကြံတစ်ခုရကာ စိတ်သက်သာသွားသောအမူအရာဖြင့် ကျောင်းစမြင် (အပြင်ဘက် စင်္ကြံ)
၌ အိပ်ရန် ခွင့်ပြုရလေတော့သည်။ ဆရာတော်ကား နေရာပေး ညွှန်ပြီးနောက် တောင်ဖီလာ
စေတီရင်ပြင်တွင် ဘုရားဝတ်ပြု၍ တောင်စောင့်နတ်တို့အား အမျှဝေ မေတ္တာပို ့နေလေ
တော့သည်။

ကျောင်းငယ်သို့ မပြန်လည်းခက်, ပြန်လည်းခက်ဖြစ်နေ၍ စင်္ကြံခြေလှမ်းများ အကျ
မမှန်တော့ပေ။ နောက်ဆုံး ကျောင်းကလေးသို့ ပြန်ကြွကာ “ဒကာမ အဲဒီမှာ အိပ်လေ” ဟု
တုံးတိတိ ပြောဆိုကာ တံခါးမင်းတုပ်ကို ချ၍ ကျောင်းကလေးအတွင်း၌ ကမ္မဋ္ဌာန်းဘာဝနာ
ပွားလေ၏။ စိတ်ကား ခါတိုင်းကဲ့သို့ မကြည်။ ထွက်လေ ဝင်လေလည်း ပို၍ မြန်နေ၏။ ဖြစ်သမျှ
အကြောင်း အကောင်းချည်းဟု ဖြေဆည်ကာ မီးအိမ်လေးကို ထွန်းညှိ၍ ကျောင်းခန်းကလေး
အလယ်၌ ချိတ်ဆွဲထားရ၏။ ဤညတွင် လုံးဝမအိပ်စက်မိစေရန် သတိကို ဆောင်ထားရ၏။
ဝိနည်းတော်က - “တစ်မိုးတစ်ရံတည်း၌ ဒကာမနှင့်အတူ မအိပ်ကောင်း'။

“သင်လာ၍ ငါညလုံးပေါက် တရားရှုရပေသည်” ဟု ဖြေဆည် အားတင်းလျက်
အကျိုးကိုသာ ရှုမြင်၍ တစ်ညလုံး တရားရှုမှတ်ရန် ပြင်ဆင်ရ၏။ တရားရှုမှတ်ရာ၌
အခက်အခဲ တစ်ခုခု တွေ့ရတိုင်း တစ်ဆင့်တစ်ဆင့် အောင်မြင်တိုးတက်စေသည် မှန်သော်လည်း
ထိုအခက်အခဲကို ကျော်လွှားရသည်မှာကား လွယ်ကူလှသည် မဟုတ်ချေ။ ခန္တီ မြေကတုတ်
တောင့်တင်းမှသာ ဖြစ်နိုင်ပေသည်။

ဆရာတော် တရားရှုမှတ်၍ သမာဓိရစအချိန်မှာပင်. တံခါးကို လက်ဝါးနှင့်ပုတ်သံ
ကြားရ၏။ ဒကာမကလေးမှာ ကြောက်လွန်း ချမ်းလွန်း၍ ကျောင်းထဲသို့ အိပ်ခွင့်ပြုရန်
ခိုက်ခိုက်တုန်သော အသံဖြင့် အသနားခံလာ၏။ အမျိုးမျိုး စဉ်းစားသော်လည်း ဒုက္ခိတ
သတ္တဝါနှင့် ကရုဏာစိတ်တို့သည် အလေးချိန် လျှာညီနေ၍ အိပ်ခွင့်ပြုရပြန်လေသည်။
ဆရာတော်ကား ကျောင်းစမြင်သို့ထွက်၍ တရားထိုင်ရလေ၏။

မကြာမီ မအိပ်ဝံ့ဆို၍ အထဲသို့ ပြန်ဝင်လာရပြန်၏။

“နင်.....အဲဒီမှာနေ၊ နောက်ထပ် လျှာမရှည်နှင့်” ဟုလည်း . ထောင့်ချိုးတွင်
နေရာချရင်း ကတုန်ကရီ အားတင်းထားသော အသံမာဖြင့် မိန့် တော်မူ၏။ ဒကာမကလေးကား
စုပ်ပြဲနေသော အင်္ကျီနှင့် ရင်ကွဲထဘီကလေးကို ဟိုလှည့် သည်လှည့် ဖုံးဖိရင်း ကျောင်းကလေး
ထောင့်ကွေး၌ ကုပ်၍နေရရှာ၏။ စိုပြည်သောအသား၊ ဖွံ့ထွားသော အရွယ်တွင် သမင်
မကလေး၏ မျက်လုံးကဲ့သို့ ရွှန်းလဲ့နေသော မျက်လုံးရွဲကြီးများမှာ ထွန်းညှိထားသော
မီးရောင်မှိန်မှိန်အောက်တွင် မကြည့်သော်လည်း မြင်လျက်သား ဖြစ်နေရ၏။

ဆရာတော်ကား မျက်နှာလွှဲကာ ကျောပေးနေရာယူ၍ . ထွက်လေဝင်လေကိုသာ
ပွတ်ကြိုးဆွဲသကဲ့သို့ ရှုနေရ၏။ တုံးလုံးလှဲခြင်း၊ လမ်းလျှောက်ခြင်း ပြုလိုသော်လည်း

