## PAGE 154

၉၈


ဓမ္မာစရိယ ဦးဌေးလှိုင်

မျက်စိကိုစုံမှိတ်ကာ ကြိတ်၍ထိုင်နေတော်မူရ၏။ သတိရသမျှ သံဝေဂဖြစ်ဖွယ်၊ အသုဘ
ဖြစ်ဖွယ်များကို နှလုံးသွင်းသည့်အခါ သွင်းနေရပေသည်။ ဣသိသိင်္ဂရသေ့ကလေး အကြောင်းက
ရုတ်တရက် ဝင်လာသဖြင့် “ငါကား ဘုရားရှင့် တပည့်သား၊ ၆၀-ကျော်၊ သေလုပြီ” ဟု
အားတင်းရပြန်သည်။ တစ်ချက်တစ်ချက်တွင် ဒကာမကလေး၏ ညည်းသံပေါ်လာပြန်သည်။
ဆရာတော်ကား ဘာမျှ မေးတော်မမူ၊ ဥပေက္ခာရှု၍သာ နေလိုက်ရ၏။

တောင်ဖီလာ,စေတီမှ ဆည်းလည်းသံသည် အမြဲတမ်း ဆရာတော်ဘက်က ရှိနေလေ၏။
တစ်ချီတစ်ချီ လန့်ဖျပ်၍ ပျံသွားသော. လင်းပြာချိုးငှက်တို့၏အသံက စိုးရိမ်မကင်းသော
ဘဝကို ဖော်ပြနေသည်။ လသာသာတွင် ကြောင့်ကြမဲ့ ပျော်ရွှင်မြူးထူးနေသော ညဉ့်ငှက်သံ
များမှာ ကြည်နူးဖွယ် ရှိလေ၏။ ကျားသစ်ရဲတို့ ဘေးကြောင့် ခွေးအနှင့် သားသမင်တို့၏
အော်မြည်ပြေးလွှားသံများကိုလည်း ကြားနေရပြန်သည်။ “ကျားကိုက်၍သေမူ တစ်ဘဝ
မျှသာတည်း” ဟု အာရုံနောက်သို့ လိုက်ကာ ဆင်ခြင်နေမိ၏။

ဝမ်းမီးကောင်းသူအတွက် စားသမျှ အစာသည် အားဖြစ်၏။ သတိဉာဏ် ရှိသူအတွက်
တွေ့သမျှ အာရုံသည် တရားချည်းပင်တည်း။

မိုးလင်းရန့် တစ်ဖြည်းဖြည်း နီး၍လာသဖြင့် ဆရာတော်မှာ တအားတက်လာ၏။
ပုညရှင်စေတီမှ ကျောက်စည်ထိုးသံကိုပင် သဲ့သဲ့ကြားနေရသည်။

“အမယ်လေး ကယ်တော်မူပါ ဆရာတော်ဘုရား၊ တပည့်တော်မ သေရပါလိမ့်မယ်”
အသံကြောင့် ဆရာတော်မှာ-

“ဟဲ့ ဒကာမ ဘာဖြစ်ရပြန်တာလဲ” ဟု ငေါက်ရင်း မီးအိမ်ကို ဖြုတ်ကာ အနီးသို့
သွားရပြန်ရာ နေမကောင်းသော အမူအရာဖြင့် တဟီးဟီး တုန်ခိုက်နေသည်ကို တွေ့ ရ၏။
“အလို-ဘုရား-ဘုရား” ဟု ရေရွတ်ကာ မျက်နှာလွှဲ၍-

“ငါ့မှာ ဘာဆေးမျှ မရှိ၊ မိုးလင်းတော့မည်၊ သည်းခံပြီး ဘုရားအာရုံပြုလေ” ဟု
မိန့်တော်မူ၏။ ဒကာမကလေးမှာကား ခြေသလုံးကို သိမ်းကြုံး ပွေ့ဖက်တော့မည့်ဟန်
ပြင်နေသဖြင့် ရုတ်တရက် အကြံရကာ ကျောင်းနံရံတွင် ထိုးစိုက်ထားသော ဒန်ပူသတ်သည့်
ဓားမောက်ကို သွား၍ ယူလိုက်၏။ ပြီးလျှင် မိမိခြေသလုံးအား ဓားနှင့် မွှန်းလေတော့သည်။
သွေးစိမ်းရှင်ရှင် ပန်း၍ ထွက်ကျလာ၏။

.

ဒကာမကလေးမှာ ဓားယူစဉ်ကပင် ကြောက်ရာမှ သွေးများကို မြင်ရလျှင် အံ့အားသင့်
ထိတ်လန့်သွားရှာ၏။

“တပည့်တော်မအား ခွင့်လွှတ်ပါ ဘုရား၊ တပည့်တော်မ မှားပါပြီ” ဟု ကန်တော့လေ၏။
မကြာမီ မိုးစင်စင်လင်း၍ ဒကာမကလေးကား ပြန်ထွက်သွား၏။ ပြန်ထွက်သွား၍
မကြာမီပင် ခပ်လှမ်းလှမ်းမှ မကြားစဖူး လူသံများလည်း ကြားယောင်နေရ၏။ မကြာမီ
အသံများ တိတ်သွားသည်။

အဖြစ်အပျက်ကား ဆန်းကြယ်လေ၏။ ကြံကြီးစည်ရာဟု ထင်ဖွယ်ရှိသည်။ အကြောင်း
ကား မိုးခေါင်ခြင်းသည် တောင်ဖီလာဆရာတော် အကျင့်သီလပြင်းထန်၍ဟု အမတ်အချို့က


## PAGE 155


ရဟန္တာနှင့်ပုဂ္ဂိုလ်ရေးက

၉၉

သံတော်ဦး တင်ကြသည်။ မင်းကြီးကား ပထမတွင် မယုံလေး ထိုအမတ်တို့က နို့လိုနိကာ
ဇာတ်တွင် ဣသိသိင်္ဂရှု့သူ အကျင့်ပြင်းထန်၍ ကာသိတိုင်း၌ မိုးသုံးနှစ် ခေါင်နေသဖြင့်
သိကြားမင်းသည်ပင် ဗာရာဏသိမင်း၏သမီး ဗိုလိနိကာအား အဖျက်ခိုင်းရဖူးသည်ဟု
သာဓက ဆောင်ကြပြန်လေသည်။ နောက်ဆုံးတွင် မင်းကြီးပါ သဘောတူရ၍ အမူအရာကောင်း
ရုပ်ချောမင်းသမီး တစ်ပါးကို သွန်သင်၍ အဖော်များထည့်ကာ စေလွှတ်ခြင်း ဖြစ်လေသည်။
မဖြစ်သင့်သောနေရာမှ မဖြစ်ထိုက်သောကိစ္စများ ဖြစ်တတ်သည်မှာ ဓမ္မတာပင်တည်း။

မင်းသမီးလည်း “စေခိုင်းသည့်အတိုင်း တောင်ဖီလာ ဆရာတော်အား သီလအကျင့်ကို
ဖြားယောင်း ဖျက်ဆီးခဲ့ပါပြီ” ဟု အပြစ်မှ လွတ်ရန် သံတော်ဦး တင်ရ၏။ ထိုသတင်းမျိုးသည်
ကြော်ငြာခ မကုန်သော သတင်းမျိုး ဖြစ်သည့်အတိုင်း တစ်မုဟုတ်ချင်း ပြန့်ကားသွားတော့သည်။
ယုံသူလည်းယုံ မယုံသူလည်း မယုံကြ။ ထိုအခါ အလှူအတန်း ပြုလိုဟန်ဖြင့် လာသော
မင်းကြီးနှင့် ပရိသတ်တို့အား သင်္ကန်းစုတ် ပတ်တီးစည်းထားသော ခြေထောက်ပြရင်း
ဓားမောက်ကို ယူကာ-

“ငါ၏ သီလပျက်စီးပါမူ ဤဓားမောက်သည် ချသောခဏ ရေ၌ မြုပ်ပါစေသား။
စင်ကြယ်ပါမူ ရေဝယ်ကူးစေသား” ဟု တောင်ဖီလာကန်၌ပင် သစ္စာဓိဋ္ဌာန်၍ ပြတော်မူလေသည်။
ဓားမောက်လည်း ရေတွင်ဖြတ်သန်း၍ ငါးကဲ့သို့ တလန်းလန်းကူး သောဟူ၏။ ဆရာတော်ကား
၁၀၁၂-ခုနှစ် သက်တော် ၇၂-နှစ်တွင် ပျံလွန်တော် မူခဲ့သတည်း။

ယခုတိုင် ထိုတောရ၌ “ဓားမကူးကန်” ဟူ၍ ရှိနေသေးသည်။ ၁၂၂၈-ခုနှစ်တွင်
မင်းတုန်းမင်း၏ မြောက်သားတော် စိန်တုံးမိဖုရားက ကန်ဟောင်းကို ထပ်မံ၍ ပြင်ဆင်ကြောင်း
ကျောက်စာထိုးထားသည်ကို ကျွန်ုပ်ကိုယ်တိုင် ရေးကူးမှတ်သားခဲ့ရပါ၏။ ထိုခေတ်က
စက်တော်ရာပွား နှစ်ဆူကိုလည်း တောင်ဖီလာတောရ၌ ယခုတိုင် အမိုးအကာမဲ့ တွေ့နိုင်ပေသည်။

ဆရာတော်သည် ဝိနယာလင်္ကာရ ဋီကာကျမ်း နိဂုံး၌ သမ္မာသမ္ဗုဒ္ဓ ဘုရား ဆုပန်ကာ
ဂန္ဓမာဒနတောင်၌ ရုက္ခစိုးကြီး အဖြစ်ဖြင့် မင်းကောင်း မင်းမြတ်များအား သာသနာရေး
အားပေးကူညီရလိုကြောင်း ဆုတောင်းထားလေသည်။

(သာသနာဝင်များနှင့် ၁၂၉၇-ခုနှစ်ရိုက် ရွှေပြည်ဦးဘတင်ရေး စစ်ကိုင်း
တောင် သမိုင်းလာ အကြောင်းအရာကို ခေတ်သားတို့ ဖတ်စဖွယ် မူရင်းမပျက်
စာတန်းဆာ ဆင်လိုက်ပါသည်- ။ စာပြုသူ။)

ပထမပိုင်းပြီး၏။


## PAGE 156

