## PAGE 166

၁၁


ဓမ္မာစရိယ ဦးဌေးလှိုင်

အကြွင်းမဲ့ ပြည့်စုံသော ကမ္ဘာသစ်သို့

ယောဂီသည် ရန်သူနှင့်မိတ်ဆွေကို ခွဲခြားသိမြင်လာပါလျှင် အလုပ်ခွင်၌ အတိုင်းမသိသော
အကျိုးများ ရတော့မည်မှာ သေချာ၏။ ကိုယ်ပိုင် အသိဉာဏ်တွေ တိုးတက်လာမည်ကိုလည်း
ကျွန်ုပ်တို့ ပြောရဲပါ၏။

..

“ရန်သူကို ကြောက်ပြီး အစုန်လမ်း လိုက်ရင် သည့်ထက် ဒုက္ခ ရောက်ရချေရဲ့” ဟု
သဘောပေါက်ကာ ရန်သူကို မကြောက်သည့်အပြင် ပို၍ပင် အားတက်လာပါလိမ့်ဦးမည်။
အထာကို သိနေပြီဖြစ်၍လည်း ဒေါသမဖြစ်၊ စိတ်လည်းမညစ်တော့။ ပျော်၍ပင် နေတော့မည်။
အနှောက်အယှက် တစ်ခါတွေ့လျှင် တစ်ဆင့်တိုးတက်သွားသည်ကို ယောဂီကိုယ်တိုင်
သိနေပြီဖြစ်သောကြောင့်တည်း။

ယောဂီသည် ထိုအသိကို ယုံယုံကြည်ကြည် သိမ်းပိုက်ထားပါလျှင်ကား ကြာလျှင်
မိမိခန္ဓာကိုယ်၊ မိမိပတ်ဝန်းကျင်မျှလောက်သာမက တစ်ကမ္ဘာလုံး စကြဝဠာအနန္တ ဖြစ်ရပ်များ
အထိ ဖြန့်ချိထိုးထွင်း၍ လင်းလင်းချင်းချင်းကြီး သိမြင်လာပါလိမ့်မည်။ “ငယ်ဦးမှ
ကြီးရာသည်” ဟူသကဲ့သို့ အသိကလေးမှ အသိကြီးဖြစ်လာရ၏။ အဘိညာဉ်၏ ရှေ့တော်ပြေး
အသိများပင်တည်း။ ထိုကမ္ဘာ့ဖြစ်ရပ်၊ စကြဝဠာဖြစ်ရပ်များကို ခြုံလိုက်လျှင် “အလုံးစုံသော
သင်္ခါရ၏ အနှစ်သာရ ဘာမျှမရှိ” ဟူသော အနိစ္စအချက်ကို ဒက်ခနဲမိလေသောအခါ
အရိယာကိစ္စကြီးပင် အပြီးတိုင်နိုင်လေတော့သည်။

ကျွန်ုပ်တို့ ဤမျှ ရှည်လျားစွာ နိဒါန်းခင်းနေသည်မှာ အကြောင်းရင်းရှိပါ၏။
တစ်စုံတစ်ခုသော လောကီကျိုးကို မျှော်ကိုး၍ ကြိုးစားနေသော ဂန္ဓာရီ တန်ခိုးရှင်များ၊
ယင်းတို့၏ အသင်းအပင်းများ စသည်တို့အား ရှုတ်ချလို၍ဟု ယူဆကောင်း ယူဆစရာရှိပါ၏။
စင်စစ်ကား မဟုတ်ပါ။ မိမိတို့ အသိဉာဏ် ရှိသလောက် အားထုတ်နေကြသူချည်းသာ
ဖြစ်၍ အပြစ်လည်းမတင်။ လူသားတို့အား အထိုက်အလျောက် အကျိုးပြုနိုင်သည်ပင်
ဖြစ်၍လည်း (ထိုမျှလောက်ကိုသာ အလှမ်းမီသူတို့အတွက်) အတန်ငယ် နှစ်သက်ဖွယ်ကား
ရှိပါပေသည်။

သို့ရာတွင် ပဓာန ရည်ညွှန်းချက်ကို ရိုးသားစွာ ပြောပါရစေ။ ဤခေတ်ကား
ထိုမျှလောက်ဖြင့် ရောင့်ရဲနေရမည့်အခါမျိုး မဟုတ်ပါ။ မပြတ်မသား မတိမကျ မခိုင်မမာ
ယာယီအငှား အကြားအမြင်မျိုးကို မဆိုထားဘိ။ တကယ့် အဘိညာဉ်ရရုံမျှဖြင့်ပင်
ကျေနပ်ထိုက်သည့်အခါ မဟုတ်သေး။ ကမ္ဘာကြီး ကျယ့်ပြောလာသည်နှင့်အမျှ အသိအတတ်
ပညာရပ်မျိုးစုံနေသောခေတ်ဖြစ်၍ သုက္ခဝိပဿက ရဟန္တာ ဖြစ်ရုံမျှဖြင့်လည်း ယနေ့
သာသနာတော်အတွက် လုံလောက်ပြီ မဆိုနိုင်သေး။

ဤခေတ် ဤကမ္ဘာကြီးကမူ တန်ခိုးအဘိညာဉ်တို့နှင့် ပြည့်စုံသော ရဟန္တာအရှင်
မြတ်ကြီးများကိုသာ တောင်းဆို ပင့်လျှောက် နေပါချေပြီ။ ဤခေတ် ဤ ကမ္ဘာကြီးက

## PAGE 167


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၁၁

လေးနက် ပြင်းပြစွာ 'တောင်းဆိုနေသော အရာလည်း မကြာ မမြင့် မဖွင့်မ၍ မလွဲမသွေ
ဧကန်မုချ ပြည့်စုံရမည်ဟု (ခေတ်ကိုသိမြင်သူတိုင်း) အကြွင်းမဲ့ ယုံကြည်နေကြ၏။
ဗုဒ္ဓရှင်တော်မြတ်၏ ဒေသနာတော်ကလည်း အတိအလင်း ထုတ်ဖော် ခွင့်ပြုထားလေပြီ။
ဤသာသနာဝင်၌ ပါသော အရိယာ အရှင်မြတ်ကြီးများကလည်း ရှေ့သွားသာဓက
ပေးတော်မူခဲ့ကြကုန်၏။

ထိုသို့သော စွယ်စုံ အာဇာနည် ပုဂ္ဂိုလ်ထူးကြီးများအတွက် သိပ္ပံပညာသည် ဤကမ္ဘာအား
ဆေးကြောမွမ်းမံလျက် ရှိလေပြီ။

(ဧဝရူပေန ခေါ သာရိပုတ္တ ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျ။
မဟာဂေါသိင်္ဂသုတ်။ မူလပံ-၂၈၁။)

ထို့ကြောင့် ထူးမြတ်သော ဤခေတ်အခါမျိုးတွင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းရာ
ငြိမ်းချမ်းကြောင်း ကောင်းသည်ထက် ကောင်း၊ ပို၍ကောင်း၊ အကောင်းဆုံးသော လမ်းစဉ်သို့
သက်ဝင်လာကြပါစေရန် ရည်သန်ရိုးရင်း နှလုံးသွင်းဖြင့် ပွင့်လင်း ရိုးသားစွာ ထုတ်ဖော်ရ
ပါကြောင်း။

## PAGE 168


၁၁၂

ဓမ္မာစရိယ ဦးဌေးလှိုင်

၇-ကုန်းဘောင်ခေတ် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ

စတုဂီရိ-တောင်လေးလုံး ဆရာတော်
( ၁၀၈၈ ၁၁၈၆ )

-

“သားတော်ကြီး၊ မောင်ပဇင်း ရေးသားသည့် ရှုဖွယ်များမှာ ဘုရားရှင် ကိုယ်တော်မြတ်
အလိုတော်ကျ သာသနာ့ဝန်ထမ်းတဲ့ ကျမ်းကောင်းကြီးများ ဖြစ်ပေတယ်။ နေ ့စဉ် ရှုရှိုက်
ကွေးဆန့်ပြီး နေကြပေမယ့် ရှုမှန်းရှိုက်မှန်း ကွေးမှန်းဆန့်မှန်း မသိသူတွေက အများကြီး။
မိမိသူတစ်ပါး အကျိုးများအောင် ကြိုးစားပြီး ပြုစုပါလေ မောင်ပဇင်း”

“မှန်လှပါ၊ ခမည်းတော် အရှင်ဘုရား”

“ယခုဤရှုဖွယ် ကျမ်းလည်း ခမည်းတော် အမြဲတစေ ကြည့်လိုက ကြည့်ရှုတော်မူရန်နှင့်
ခမည်းတော်ကို အကြောင်းခံပြီး စိတ်အကြံရသလို နိဗ္ဗိန္ဒဉာဏ် ရင့်သန်ကြီးပွားရလေအောင်
သားတော်ကိုယ်တိုင် ပေမှာတင်ပြီး စီရင်ခဲ့ပါသဖရား”

သက်တော် သုံးဆယ်ခန့် ရှိသော “အံတော်ချောင်း၊ ဒီဃာယုဂါမဝါသီ (သက်ရှည်ရွာနေ)
ရဟန်းပျို၊ ဦးမေဓာဝီက ခမည်းတော် ဦးပဉ္စင်းကြီးအား ‘နာမရူပနိဗ္ဗိန္ဒရှုဖွယ်’ ပေစာကို
ဆက်ကပ်စဉ် ပြောဆိုနေကြပုံ ဖြစ်၏။

ဦးပဉ္စင်းကြီးကား ကျီးမနိုး တောရကျောင်း၌ တစ်ပါးတည်း ရဟန်းတရားကို
နှလုံးသွင်းနေရာ ရဟန်းဝါအားဖြင့် ငါးဆယ့်နှစ်ဝါ သက်တော်အားဖြင့် ရှစ်ဆယ် ရှိလေပြီ။
သားဖြစ်သူဦးမေဓာဝီ နှစ်နှစ်သား အရွယ်ကပင် ရဟန်းပြုခဲ့၏။

အချိန်ကား အင်းဝပြည်ကြီး အပြီးတိုင် ပျက်စီးရန် ငါးနှစ်ခန့်မျှသာ လိုတော့သည့်
ခေတ်ပျက်ကြီးပင်တည်း။

ဦးမေဓာဝီကား ထို အင်းဝကုန်းဘောင် ကြားကာလ ၁ဝ၈၈-ခုနှစ်တွင် လူလာဖြစ်ရရှာ၏။
ဇာတိကား ရွှေဘိုနယ် ဥသျှစ်ကျေးရွာ ဖြစ်သည်။ အလောင်းမင်းတရားကြီး မင်းဖြစ်သော
(၁၁၁၄) အခါ ရဟန်းပြု၍ ခြောက်ဝါမျှသာ ရှိသေး၏။ ဘွဲ့-ဦးမေဓာဝီ ခေါ်တွင်သည်။
ဘိုးတော်မင်းတရား လက်ထက်တွင် “မုနိန္ဒာဘိလင်္ကာရ သဒ္ဓမ္မသာမိ မဟာဓမ္မရာဇဂုရု'
ဘွဲ့တံဆိပ်တော်ခံယူရသည့် တောင်လေးလုံး ဆရာတော် ဟူသည် ဦးမေဓာဝီပင်တည်း။

နဝမကြိမ်
