## PAGE 172

၁၁၆


ဓမ္မာစရိယ ဦးဌေးလှိုင်

နောင်တော်နှစ်ပါး ပြောမနာဆိုမနာ တရားဆွေးနွေးနေကြသကဲ့သို့ ရှိတော့သည်။ မျက်စိထဲတွင်
မြင်ယောင်စေတော့၏။

“ခွေး၏အပါး ဝက်၏အနီး စောင်းတီးသကဲ့သို ့ ရှိတတ်ကြသည်။ ထိုကဲ့သို့
ငါ့ညီမရှိစေလင့်။ အကျင့်ညစ်လျှင် သံသရာ၌ နစ်မြဲ။ (ဟန္ဒဒါနိ ဘိက္ခဝေ)
သနား၍ မှာထားခဲ့သည်ဟု သိတတ်စေ။ ညီတော်မှတ်လေ။ သံဝေဂမိမိ သတိ
ရရ၊ ယခုဘဝ၌ပင် မဂ်ဖိုလ်ပြီးမြောက် နိဗ္ဗာန်သို့ရောက်အောင် လုံ ့လပြုနိုင်တိုင်း
ကောင်းတော့သည်”(တ၊ ၁၄၂။)

“အရှင်ဓမ္မပိယ ညီလှ၊ သတိမကွာ၊ ပညာနှင့်တကွ ကိုယ်ကျိုးရှိအောင် အခါ
ခပ်သိမ်း ကျင့်သင့်လှတော့သည်။ အမြဲအံသွားခဲ၍ ကျင့်လေ။ (၁၄၉) ဟုတ်
မှန်တိုင်းကို မသိဘဲလျက် မေ့မေ့လျော့လျော့ မနေသင့်။ ပြသနိုင်သော ဆရာကို
ရှာ၍ ဟုတ်မှန်စွာ သိအောင် လုံ့လပြုလေ၊ အားထုတ်လေ” (၁၅၁။)

“ငါ၏ ကိုယ်ဟု မဟုတ်မမှန်ပြောဆိုမှတ်ယူသူ...ငါ၏ သာသနာတော်သို့
မဝင်ပြီ။ “ပုထုဇ္ဇနော ဥမ္မတ္တက သဒိသော’ သူရူးနှင့် တူသော ပုထုဇဉ်ဟု
ဘွဲ့ချည်၍ လွှတ်သည်မှတ်။ သည်အတိုင်းသာ မှန်လျှင် မဂ်စော် ဖိုလ်စော် မနံ၊
နိဗ္ဗာန်နှင့် ဝေးသည်ထက် ဝေးလိမ့်မည် ခွေးဟူလို (၁၇၉)။ ယခု ခွေးထီး ခွေးမ
တို့သည်လည်း မင်းသမီး မင်းသားဟောင်း၊ နတ်သမီး နတ်သားဟောင်း
တို့ပင်။” (၁၅၆။)

ဆရာတော်သည် “နမောတဿ, ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ' အဓိပ္ပာယ်မှအစ ယေဘုယျ
နားလည်မှုမျိုးကို ကျော်လွန်ကာ သတိပဋ္ဌာန် အာနာပါန အလုပ်စခန်းသို့ အရောက်
အင်အားပါပါနှင့် တွန်းပို့တော် မူထားလေသည်။ ဒါန သီလခန်းလည်း မလွတ်။ ဘုရား
ဒကာ ဘုရားအမ၊ ကျောင်းဒကာ ကျောင်းအမတို့ မိစ္ဆာဒိဋ္ဌိ ဖြစ်မှန်းမသိ ဖြစ်နေတတ်ပုံမှအစ
လူတန်းစား အသီးသီးအတွက် ရေးသားတော် မူခဲ့သည်။ သာသနာတော်နှင့် ကြုံရသည့်အခါ
“ဘာ အရေးကြီးဆုံးလဲ” ဆိုသည်ကို အခြေခံမှစ၍ ထောက်ပြထား၏။

ဘိုးတော်အတွက် ရာဇကြေးမုံရှုဖွယ်

တောင်လေးလုံး ဆရာတော်အား ရသမျှ ပစ္စည်းကို ကိုယ်ပိုင်မထား၊ စွန့်လှူမြဲဖြစ်၍
အကျင့်သီလ မြင့်မြတ်ကြောင်း ၊ ဘိုးတော်မင်းတရားကြီးက “ရာဇဂုရု” ဘွဲ့ အပ်လှူကြောင်း
“သီလဝိသောဓနီကျမ်း’(၁၂၃၊ ၁၇ဝ) ၌ ဖော်ပြ၏။

၁၁၂၃-ခုနှစ် အလယ်နန်း မိဖုရားကြီးမှ ဖွားမြင်သော ငယ်မည် ရှင်မင်းတုတ်ခေါ်
ဟင်္သာတမြို့၊ တလုတ်မြို့စားမင်းသမီးက ကိုးကွယ်ကြောင်း ဆရာတော်ကိုယ်တိုင် ရေးခဲ့သည်။

ဆရာတော်သည် မူလက စတုဂီရိခေါ်သော ရွှေတောင်, ငွေတောင်, မြတောင်,
ပတ္တမြားတောင်တို့ဖြင့် အလွန်တင့်တယ်သော မန္တ လေးခေါ် တောင်ဝှမ်းတောကျောင်း၌


## PAGE 173

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၁၇

ရဟန်းတရားဖြင့် သီတင်းသုံးရာ နောင်အခါတွင်မှ အမရပူရမြို့ (အနောက်) မြောက်
မင်းရွာတိုက်၌ ပြောင်းရွှေ့ကြွလာရတော်မူဟန် ရှိသည်။

ထိုအခါမှစ၍ ၎င်းတိုက်ကိုလည်း တောင်လေးလုံးတိုက် (စတုဂီရိ) ဟု ခေါ်တွင်ဟန်ရှိ၏။
(ငခုန်ဆရာတော်ရေး ခုဒ္ဒက ပါဌဋီကာ နိဂုံး။)

မူလတောင်လေးလုံးဟူသည် “ဝေဟာစင်္ကမ=လေဟာပြင်စင်္ကြံ၊ အစ္ဆရိယ ပဗ္ဗာရ=အံ့ဖွယ်
ရှိသော တောင်ဝှမ်း' စသည်ဖြင့် မိမိ သီတင်းသုံးရာဌာနကို ဖော်ပြရာ၌ “မန္တလေး” ဟု
တိုက်ရိုက်ပါရှိသည်ကို တွေ့ရသဖြင့် ယခုရှိသော မန္တလေးတောင်သာလျှင် ဖြစ်ဖွယ်
များလေသည်။ အတိအကျ မဆိုနိုင်။

မည်သို့ပင်ဖြစ်စေ၊ ဘိုးတော်လက်ထက်၌ မင်းမိဖုရားများသာမက အမရပူရ နေပြည်
တော်၊ ဈေးတော်ကြီးရပ်နေ ဘုံသုံးဆင့် ရွှေကျောင်းကြီး ဒကာ စသော အရပ်သူအရပ်သား
လူကုံထံများပါ ကိုးကွယ် ဆည်းကပ်ရသည့် ထင်ရှားသော သာသနာပြု ပုဂ္ဂိုလ်ကြီး ဖြစ်
ကြောင်းမှာ ငြင်းဖွယ်မရှိချေ။

သက္ကရာဇ် ၁၁၄၈-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် သုံးရက်နေ့တွင် ဘိုးတော်
မင်းတရားကြီးသည် ရခိုင်သို့ သာသနာပြုလွှတ်ရန် ကိစ္စနှင့်စပ်၍ တံဆိပ်ရဆရာတော်ကြီး
ခုနစ်ပါးကို နန်းတော်သို့ ပင့်၍ လျှောက်ရာ၌-

“မင်းကျင့်တရားနှင့် မညီဟု ထင်သော အရာရှိလျှင် ဆုံးမတော်မူကြပါဘုရား၊ ကျင့်
နိုင်သည်ကို ကျင့်ပါမည်။ မကျင့်နိုင်သေးလျှင်လည်း ဤအရာဖြင့် မကျင့်နိုင်သေးကြောင်း
လျှောက်ပါမည်။ ဆရာတော်ဘုရားတို ့ အမိန့်တော်ကို နာခံ၍ ကျင့်ဆောင်ရပါမှ ဆရာတော်
ဘုရားတို့ကို ကိုးကွယ်ရကျိုးရှိပါမည်” ဟု ရွှင်ကြည်ဝမ်းမြောက်စွာ လျှောက်ထားလေ၏။

ဘိုးတော်၏ လျှောက်ထားပုံမှာ လေးနက် သိမ်မွေ့လှပေ၏။ ပျူငှာယဉ်ကျေးလှပေစွာ့။
ထိုအကြောင်းနှင့်စပ်၍ ဆရာတော်က “ရာဇကြေးမုံရှုဖွယ်’ အမည်ဖြင့် ရေးသား
ဆုံးမတော်မူရသည်။ ဆရာတော် ရေးသားသည့် အကြောင်းအရာနှင့် ရေးသားပုံတို့မှာ
ရေးရိုးရေးစဉ် မင်းကျင့်တရားမျိုး မဟုတ်ချေ။ ခေါင်းဆောင်လုပ်သူတိုင်း သိထားသင့်သော
အချက်များ ဖြစ်ပေသည်။

ခေါင်းဆောင်လုပ်သူသည် အရာရာတွင် တောင်လိုမြင့်မားမှ သူ့ကိုမှီရသည့် သစ်ပင်
ငယ်သားတို့ မြင့်မားနိုင်ပုံမှအစ လိမ်လည်မှု၊ အမျက်ထွက်မှု၊ ပေါ့ပြက်လျော့လျဲမှု သုံးမျိုးကို
ကျော်လွန်နိုင်စေရန် အကျိုးအပြစ်နှင့်တကွ ရေးသားဆုံးမထားလေသည်။

အချုပ်အားဖြင့် “ရာဇကြေးမုံ ရှုဖွယ်” သည် အိမ်ခေါင်းဆောင်မှ အစ ခေါင်းဆောင်တိုင်း
ကြည့်မှန်အဖြစ် နေ့စဉ်ကြည့်ရှု အသုံးပြုရမည့် ခေါင်းဆောင်မှု လမ်းညွှန်ကျမ်းကြီးပင်တည်း။

ထူးဆန်းစွာ ပျံလွန်တော်မူခြင်း

ဆရာတော်ဘုရားကြီးသည်. အမရပူရ နေပြည်တော်၏ ... မြောက်မင်းရွာတိုက်သုံး
ထပ်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် တစ်နေ့သောအခါ ဒကာများကို ခေါ်၍-


## PAGE 174

၁၁၈


ဓမ္မာစရိယ ဦးဌေးလှိုင်

“ငါ အသက်အရွယ် ကြီးပြီ၊ သေချိန်နီးပြီ၊ ခေါင်းနှစ်ခု ပြုလုပ်ပြီး လာလှူလှည့်ကြ”
ဟု မိန့်တော်မူ၏။ ဒကာများမှာလည်း မည်သို့မျှ ပြန်မလျှောက်ရဲကြ။ ကျောင်းမှ ပြန်လာ
ကြကာ အမြန်ဆုံးနှင့် အကောင်းဆုံး ဖြစ်အောင်သာ စီစဉ်ပြုလုပ်ကြရသည်။

ခေါင်းနှစ်လုံး လုပ်ပြီးလျှင် ကျောင်းသို့ ယူဆောင်လာကြ၏။ ခေါင်းတစ်လုံးကို
သင့်တော်ရာ၌ နေရာချထားပြီးနောက် ခေါင်းတစ်လုံးကို နမူနာအဖြစ် ဆရာတော်အနီးသို့
ယူချ၍ ပြကြသည်။ ဆရာတော်ကား နေရာမှထကာ-

“နင်တို့ခေါင်း ငါနှင့်တော်ရဲ့လား” ဟု ပြောပြောဆိုဆို ခေါင်းထဲသို့ဝင်၍ အိပ်
စမ်းကြည့်တော်မူ၏။ ပြန်၍ ထတော်မမူပြီ။ လျောင်းပြီးသည်နှင့် ဝိညာဉ်ချုပ်ငြိမ်း ဘဝဇာတ်
သိမ်းတော် မူလေ၏။

ဒကာများလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မည်သို့ လုပ်ရမည်မသိ၊
အတန်ကြာ မင်တက်မိနေကြ၏။ ထိုအခိုက် ဒကာများအနီးသို့ အာဂန္တုက ဘုန်းကြီးတစ်ပါး
ကြွလာသဖြင့် အားလုံး လှုပ်ရှားလာကာ ဘုန်းတော်ကြီးအား ဦးချကြသည်။ အာဂန္တုက
ဘုန်းတော်ကြီး၏ မျက်နှာတွင်ကား တစ်စုံတစ်ရာ ထူးခြားအံ့သြသည့် အမူအရာကို
မတွေ့ရ။ တောင်လေးလုံး ဆရာတော်၏ အလောင်းတော် အနီးသို့ သွား၍-

“အင်း-ဒကာကြီးတို့ ဆရာတော်ဘုရားကြီး ပျံလွန်တော် မူလေမှကိုး” ဟု သာ
ပြောဆိုလေ၏။ မတ်တတ်ရပ်လျက်ကပင် မျက်စိကို စုံမှိတ်ပြီး သင်္ခါရ တရားကို နှလုံးသွင်း
ဆင်ခြင်၍ ငြိမ်သက်စွာ နေတော်မူလေသည်။

ဒကာများလည်း အလိုက်သိစွာ စကားတစ်စုံတစ်ရာ မလျှောက်သေးဘဲ ငြိမ်၍
လက်အုပ်ချီနေကြစဉ်မှာပင် ထိုအာဂန္တုက ဘုန်းတော်ကြီးသည် မျက်စိကိုဖွင့်၍ ကျောင်း
တစ်နေရာသို့ လှမ်းကြည့်ရင်း-

“ဪ….. ဟိုမှာလဲ ခေါင်းတစ်လုံးပါလား” ဟု အခြား ခေါင်းဆီသို့ ကြွရောက်
ကြည့်ရှု၏။ ခေါင်းထဲသို့ ဝင်၍ လဲလျောင်းကြည့်တော်မူသည်။ ထိုဘုန်းတော်ကြီးလည်း
ပြန်၍ ထလာတော်မမူ။ ဝိညာဉ်ချုပ်ငြိမ်း ဘဝဇာတ်သိမ်းတော် မူပြန်၏။

ဒကာများလည်း အကျိုးအကြောင်းပင် လျှောက်ချိန်မရဘဲ ပို၍ အံ့အားသင့်ကြရ
ပြန်လေသည်။ ခေါင်းနှစ်လုံး အလုပ်ခိုင်းသည်ကို ယခုမှပင် နားလည်သွားကြရ၏။

အာဂန္တုက ဘုန်းတော်ကြီးကား တောင်လေးလုံး ဆရာတော်ဘုရားကြီး၏ ညီတော်
ဦးဓမ္မပိယပင်တည်း။

တောင်လေးလုံးဆရာတော် ညီနောင်နှစ်ပါး ယင်းသို့ ထူးဆန်းစွာ ပျံလွန်တော်မူကြပုံ
ညောင်လေးပင်တောရ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးအရိယအရှင်မြတ်ကြီး ရေးသား
တော်မူသော “ဝိသုဒ္ဓိမဂ်အရသာ' စာမျက်နှာ ၁၂၉-၌ ပါရှိသည့်အတိုင်း ဖော်ပြပါသည်။
သို့ရာတွင် ထိုစာအုပ်၌ အာဂန္တုက ဘုန်းတော်ကြီးမှာ တောင်လေးလုံး ဆရာတော်၏
နောင်တော်ဟု ပါရှိရာ အခြေအနေအရပ်ရပ်ကို ထောက်ဆ၍ “ဓမ္မပိယရှုဖွယ်” လာ ညီတော်
ဓမ္မပိယဆရာတော်ပင်ဖြစ်ဖွယ်များသဖြင့် ညီတော် ဦးဓမ္မပိယပင်တည်း” ဟု ရေးလိုက်ပါသည်။

