## PAGE 178


၁၂၂

ဓမ္မာစရိယ ဦးဌေးလှိုင်

စစ်မေးသော် မိမိသန္တာန်၌ ဖြစ်ပေါ်သမျှ အခြင်းအရာကို အပိုအလိုမပါ ဟုတ်တိုင်းမှန်ရာ
လျှောက်ထားရန်သာ ရှိသည်။ ငါလည်း ဤသို့ပင် အစစ်အမေး ခံမည်” ဟု ကြိုတင်
သတိပေးထားလိုက်၏။

တရားအားထုတ်သူများ၌ ဤအချက်သည် အရေးကြီးလှ၏။ မိမိတွေ့မြင်သည်ကို
တွေ့မြင်သည့်အတိုင်း အပိုအလိုမရှိ အစစ်ခံခြင်း၊ ဆွေးနွေးခြင်းသည် ပဓာနိယင်္ဂတရား
ငါးပါးတွင် “အသဌော၊ အမာယာဝီ” ပင်တည်း။ ထိုရိုးဖြောင့်မှု ရှိမှသာ တိုးတက်နိုင်လေသည်။
သတ်မှတ်ထားသော နေ့တွင် ဆရာတော်ကြီးလေးပါး ကြွလာတော်မူ၍ ရေစကြိုမြို့တွင်း
တည်းကျောင်းမဏ္ဍပ်၌ သီတင်းသုံးကြသည်။ အရှင် မုနိန္ဒဃောသ ဆရာတပည့် နှစ်ပါးကို
ပင့်၍ - စစ်မေးတော် မူကြသည်။ အရှင်မုနိန္ဒဃောသက-

“ဘုရားတပည့်တော် ပထမဈာန်မှစ၍ စတုတ္ထဈာန်တိုင်အောင် ကောင်းစွာ ရပါသည်။
ဝသီဘော်ကိုကား လေ့ကျက်ပါသော်လည်းလေ့ကျက်၍ မဖြစ်နိုင် ရှိနေပါသည် ဘုရား” ဟု
လျှောက်ထား၏။

“ငါ့ရှင်တို့မှာ တရားဆုံးမသောဆရာများ ရှိပါသလား” ဟု စစ်မေးတော် မူကြ

သောအခါ -

“ဘုရားတပည့်တော်မှာ တရားဆုံးမသောဆရာ မရှိပါ။ ဝိသုဒ္ဓိမဂ်ကျမ်းကို ကြည့်ရှု၍သာ
အားထုတ်ရပါသည် ဘုရား” ဟု အရှင်မုနိန္ဒဃောသက လျှောက်ထား၏။

တပည့် အရှင်ဂမ္ဘီသာရကလည်း ဆရာသမား ပြောကြား တိုက်တွန်းပုံမှစ၍
အာရုံနိမိတ်မြင်ပုံစသော မိမိသန္တာန်၌ ဖြစ်သမျှကို မကွယ်မဝှက် ပြက်ပြက်ထင်ထင် အကုန်
အစင် လျှောက်ထားလေသည်။

ဆရာတော်ကြီး လေးပါးတို့က အကြိမ်ကြိမ် စစ်မေးစဉ်းစားကြပြီးလျှင်-

“အိမ်း-ငါ့ရှင်တို့ အစစ်ခံချက်အတိုင်း အချို့ကား တရားကျမ်းဂန်နှင့် ညီညွတ်ပေ၏။
အချို့ကား မညီညွတ်” ဟု မိန့်တော်မူကြ၏။ ထိုအခါ အရှင်မုနိန္ဒဃောသက-

“အဘယ်အရာသည် တရားကျမ်းဂန်နှင့်ညီ၍ အဘယ်အရာသည် မညီကြောင်း
အမိန့်ရှိတော်မူပါ ဘုရား” ဟု လျှောက်ထားလေလျှင်-

“အိမ်း......သူတစ်ပါး သန္တာန်၌ ဖြစ်သော တရားမှာ ကိုယ့်သန္တာန်၌ ဖြစ်သော
တရားမဟုက်ရကား အမှားအမှန် ဧကန်ဧက ဆရာတို့ မဆိုနိုင်” ဟု အမိန့်ရှိတော်မူကြ၏။
ဆရာတော်ကြီး လေးပါးလည်း နေပြည်တော်သို့ ပြန်၍ ကြွတော်မူ၏။ များမကြာမီ
ဘိုးတော်မင်းတရားကြီးလည်း နတ်ရွာစံလေသည်နှင့် ပြဿနာမပြီးမပြေ ရှိလေ၏။ ဘိုးတော်
နတ်ရွာစံသော နှစ်ကား ၁၁၈၁-ခုနှစ် ဖြစ်၏။

ထို့နောက် ဘကြီးတော်မင်းတရားကြီး (၁၁၈၁-၁၁၉၉) လက်ထက် အရှင် မုနိန္ဒဃောသ
သူမြတ်သည် စစ်ကိုင်းတောင်ရိုး ပဘာချောင်တောရ၌ ပြောင်းရွှေ့ သီတင်းသုံးတော်မူရ၏။
(ပဘာချောင်းကား ပုညရှင်, ဥမင်ကိုးဆယ်အနီး ယခုတိုင် ရှိသည်။ ပဗ္ဗာချောင် ဟုလည်း
ရေးထုံးရှိသည်။) မင်းတရားကြီးကလည်း ပစ္စည်းလေးပါး ထောက်ပံ့တော်မူသည်။ ပဘာချောင်၌


## PAGE 179

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၂၃ -

အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ တပည့်အပေါင်း တို့အား ကမ္မဋ္ဌာန်း ဘာဝနာတရား
ဟောကြားပြသပေးတော်မူသည်။ ဈာနလာဘီ အရှင်သူမြတ်ဟု... အရပ်လေးမျက်နှာ၌
ကျော်စော၏။ (ဘာဝနာနယ ဒီပနီကျမ်းတွင် လာ၏။)

## PAGE 180


အင်းဝမြို့ ရဟန္တာ အရှင် သဒ္ဓမ္မာလင်္ကာရ

ဘကြီးတော်လက်ထက် အင်းဝမြို့ မိုးထိကျောင်း၌ စာပေပရိယတ္တိ သင်ယူနေဆဲ
သီတင်းသုံးဖော် မိတ်ဆွေရဟန်း နှစ်ပါးရှိ၏။ တစ်ပါးက အရှင်သဒ္ဓမ္မာလင်္ကာရ၊ တစ်ပါးက
အရှင်ဝိသုဒ္ဓါစာရ၊ ဝိနည်းအရာ၌ ရိုသေလေးစား၍ တစ်ပါးကိုတစ်ပါး အလွန်ချစ်ကျွမ်း
ဝင်ကြသည်။ စာပေပရိယတ္တိလည်း ကျွမ်းကျင်ကြ၏။

တစ်နေ့သောအခါ အရှင်သဒ္ဓမ္မာလင်္ကာရက အရှင်ဝိသုဒ္ဓါစာရအား-

“ငါ့အရှင်၊ ငါတို့သည် ရခဲသော လူ့ဘဝတွင် ရဟန်းဘဝကိုလည်း ရခဲ့ကြပြီ။ စာပေ
ပရိယတ္တိလည်း စွမ်းအားရှိသလောက် တတ်မြောက် ကြပြီ၊ အပြစ်မရောက်ရုံ နေသည်မှအပ
ရဟန်းကိစ္စကား မလုပ်ကြရသေး၊ ရဟန်းကိစ္စ မပြီးသေးသမျှ သံသရာဘေးကား ရင်လေးစရာ
ဖြစ်ပေသည်။ အလွန်ကြီးမားသော ပိင်္ဂလငါးကြီး တစ်ကောင်မှာ လွန်ခဲ့သော ဘဝက
ကျောင်းတိုက်ပေါင်းများစွာ တပည့်ပေါင်းများစွာကို ပရိယတ္တိ သင်ကြားပေးခဲ့ဖူးသော
လွန်စွာ ကျမ်းဂန်တတ် မထေရ်ကြီးတစ်ပါး ဖြစ်သတတ်။ ပရိယတ္တိမျှဖြင့် အပါယ်ဘေးမှ
မအေးနိုင်သေးချေ။ “ပရိယတ္တိ ဗဟုလော နော ဓမ္မဝိဟာရီ” စာပေကျမ်းဂန် တတ်သိရုံမျှဖြင့်
တရားရှိသူမမည်သေး။ ဝိပဿနာ တရားအားထုတ်ရန် အချိန်တော်ပြီဟု အောက်မေ့သည်
ငါ့ရှင်” ဟု တိုင်ပင်လေသည်။

"

အရှင်ဝိသုဒ္ဓါစာရလည်း နဂိုကပင် သံဝေဂဉာဏ် ပါရမီ ဓာတ်ခံ ရှိသည့်အားလျော်စွာ-
“ယခုအခါ မဂ်ဖိုလ်နိဗ္ဗာန် ဈာန်အဘိညာဉ် တရားများ ရကောင်းသည်ဟု တပည့်တော်
ယုံကြည်ပါသည်။ ရှေးမဆွကပင် ဝိပဿနာ အားထုတ်ရန် ဆန္ဒရှိပါသည်ကို ယခုကဲ့သို့
အမိန့်ရှိ၍ ဝမ်းမြောက်လှပါသည်။ သို့သော်လည်း ဤအလုပ်သည် ဆရာနှင့်ကင်း၍
မလုပ်အပ်ပါ။ “ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော ရုပ်နှင့် နာမ်ကို အမှန်
တကျ သိရန် ဆရာရှာရမည်ဟုလည်း ဟောတော်မူပါသည်။ ဆရာတွေ့ပါပြီလား ဘုရား”
ဟု ပြန်လည်လျှောက်ထား၏။

“ငါ့ရှင် ပြောသည်ကိုလည်း သဘောကျပေ၏။ ဤသို့ဖြစ်လျှင် ကျမ်းဂန်လည်း
တတ်မြောက်၍ တရားပေါက်အောင်လည်း ပြနိုင်စွမ်းသော ဆရာကို ရှာကြမည်။ ဥပတိဿ
ကောလိတတို့ကဲ့သို့ ငါ့ရှင်လည်း တစ်လမ်းကြွ၊ တပည့်တော်ကလည်း တစ်လမ်းထွက်ပါမည်။
ဆရာကိုတွေ့လျှင် တစ်ဦးကိုတစ်ဦး အသိပေးစတမ်း” ဟု အရှင်သဒ္ဓမ္မာလင်္ကာရက ပြော၍
အချင်းချင်း ကတိကဝတ်ထားကာ သပိတ်တစ်လုံး သုံးထည်သော သင်္ကန်းဖြင့် ဆရာရှာ
ထွက်ကြရာ နှစ်နှစ်ကျော် ကြာခဲ့လေသည်။

အရှင် သဒ္ဓမ္မာလင်္ကာရသည် ရောက်လေရာရာ သတင်းကိုစုံစမ်း နာခံရင်း နောက်ဆုံးတွင်
စစ်ကိုင်းတောင်သို့ ရောက်လေသည်။ ထိုအချိန်ကား ရေစကြိုမှ ဈာနလာဘီ အရှင်မြတ်
ပဘာချောင်၌ သီတင်းသုံးတော် မူစဖြစ်သည်။ အရှင်သဒ္ဓမ္မာလင်္ကာရသည် အရှင်ဝိသုဒ္ဓါစာရ

