## PAGE 181

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၂၅

ဘယ်အရပ်သို့ ရောက်နေကြောင်း စုံစမ်းမရသဖြင့် ပဘာချောင်သို့ တစ်ပါးတည်း ကြွလာခြင်း

ဖြစ်၏။

အလုပ်ခွင် မဝင်မီ ကြိုတင်ပြင်ဆင်မှ

အရှင်သဒ္ဓမ္မာလင်္ကာရသည် ပဘာချောင် ဈာနလာဘီပုဂ္ဂိုလ်ထံသို့ ခြေတော် ဦးခိုက်ရှိ
ခိုးကာ ကမ္မဋ္ဌာန်းတရား ချီးမြှင့်ရန် ရိုသေစွာလျှောက်ထားသည်။ ထိုအခါ ယောဂီတို့
လိုက်နာရမြဲဖြစ်သော ကမ္မဋ္ဌာန်းဘာဝနာ၏ ပရိကံ (ရှေ့ပြေးပြင်ဆင်မှု) များကို မိန့်တော်မူသည်။
ပလိဗောဓ ၁၀-ပါးကို တင်းကျပ်စွာ အရှောင်ခိုင်းသည်။

“ငါ့ရှင်၊ သီလကို ဦးစွာ စင်ကြယ်စေရမည်။ သီလခြေထောက်မပါဘဲ သွား၍ မရ။
၂၂၇-သွယ် အကျယ်အားဖြင့် များပြားလှသော်လည်း ကိုယ်နှုတ်စိတ်သုံးပါးစောင့်နိုင်လျှင်
ပြီးတော့သည်။ ထိုသုံးမျိုးတွင်လည်း မိမိစိတ်တစ်ခုကို နိုင်လျှင် မည်သည့်ကျင့်ဝတ်မျှဝန်မလေး။
အလုံးစုံ ပေါ့ပါးသွားတော့သည်။ ပရိက္ခရာရှစ်ပါးမှ တစ်ပါးအပို မိမိပိုင်မထားရ၊ ပစ္စည်းအပို
ထားလျှင် တစ်ပါးတည်း နေသော်လည်း ဧကစာရ မမည်။ “မီးခိုးမစဲ ရဟန်းခွဲ” ဆိုသကဲ့သို့
လျှာအလိုလိုက်လျှင် ဆုံးဖွယ် မရှိ၊ ရသမျှနှင့် ရောင့်ရဲရမည်။ ငါ့ရှင် တတ်နိုင်မည်လော”
ဟု မေးတော်မူ၏။

အရှင်သဒ္ဓမ္မာလင်္ကာရကလည်း “ဆရာခိုင်းသမျှ မဖြစ်မနေ လိုက်နာပါမည်” ဟု

လျှောက်သည်။

အာနာပါန သတိနှင့် ရတနာ့ထောင်ထုပ်

ထိုအခါ ဆရာက ဆက်၍ မိန့်သည်မှာ-

“ငါ့ရှင် ကောင်းလှပေ၏။ ဤသို့ဆိုလျှင် ဦးစွာ ဘုရားရှေ့မှာ ဂုဏ်တော်ကို အာရုံပြု
ဝတ်တက်ရလိမ့်မည်။ ကိုယ်နှင့်အသက်ကို ဘုရားရှင်အား ရက်ရက်ဝံ့ဝံ့ စွန့်လှူပြီး မေတ္တာကို
စူးစူးစိုက်စိုက်ပွား။ နိဗ္ဗာနဓာတ်ကို စိတ်ကုန်လွှတ်ပြီးနောက် အာနာပါနကမ္မဋ္ဌာန်းကို ပွားများ
ရမည်။ ထွက်လေဝင်လေ နှာသီးဝမှ ထွက်တိုင်းဝင်တိုင်း ထိသည်ကို သိအောင် စောင့်ကြည့်
ရမည်။ စိတ်ကို အပြင်သို့မထွက်စေရ။ ကမ္မဋ္ဌာန်းကား မခက်၊ လုပ်နိုင်သည့် သဒ္ဓါ ဝီရိယ
သာ လိုတော့သည် ငါ့ရှင်၊ တစ်ခုတည်းသော အသင်္ခတဓာတ် မြတ်သော နိဗ္ဗာန်ကိုသာ
ရှေ့ရှုရမည်။

“ထိနမိဒ္ဓ အဝိဇ္ဇာမောဟ နှိပ်စက်လွန်းအားကြီး၍ လဲလျောင်းအိပ်ရစေကာမူ နှာသီးဝမှ
သတိကို မလွှတ်ရ။ ခြင်္သေ့မင်းများ အိပ်သကဲ့သို့ နိုးလာသောအခါတွင်လည်း အိပ်စက
ကိုယ်နေ ခြေလက် မပျက်စေရဘူး။ ထိုမှတစ်ပါး ဥစ္စာထောင်ထုပ်နှင့် ရတနာများကို
ဆောင်ယူ၍ ခရီးသွားသော ယောက်ျားသည် အိပ်လိုသော်လည်း မအိပ်စက်။ မောပန်းလှသဖြင့်


## PAGE 182

၁၂၆..


ဓမ္မာစရိယ ဦးဌေးလှိုင်

တစ်ခုသော သစ်ပင်ရိပ်၌ အိပ်ပျော်သွားစေကာမူ ဥစ္စာ၌ ကြောင့်ကြ၍ စိတ်ချလက်ချ
မအိပ်ဘဲ နိုးလျှင်နိုးချင်း ဥစ္စာထုပ်ကို ကိုင်မိလျက်သားရှိသကဲ့သို့ ထွက်လေဝင်လေကို
ဤကဲ့သို့ စောင့်ရှောက်ရမည် ငါ့ရှင်။

“အာနာပါန ကမ္မဋ္ဌာန်း မထင်နိုင်သေးလျှင် ဆွမ်းခံသွားရာ ရေခပ်သွားရာ စသည်တို့၌
ဗယ်ခြေလှမ်းလျှင် ဗယ်ခြေလှမ်းသည်။ ညာခြေလှမ်းလျှင် ညာခြေလှမ်းသည်ဟု ခြေ၌.သတိ
ကပ်၍ အာရုံစိုက် မှတ်သားရမည်။

“ငါ့ရှင်ကား စာပေပရိယတ္တိ ကျွမ်းသဖြင့် တော်ပေသည်။ စာမတတ်သူများကား
မိမိအသိကို ထင်စားလွန်း၍ ပျက်စီးတတ်သည်။ အရာရာ သဒ္ဓါပညာ, ဝီရိယ, သမာဓိ မျှတ
အောင် ကြိုးစားလေတော့ ငါ့ရှင်” စသည်ဖြင့် ကမ္မဋ္ဌာန်းနှင့် စပ်သမျှ လိုလေသေး မရှိ
ရအောင် နည်းပေး ညွှန်ပြတော်မူသည်။

မအိပ်မနေ သေစေတော့

အရှင်သဒ္ဓမ္မာလင်္ကာရလည်း ပဘာချောင် ဂူတစ်ခု၌ နေရာရ၍ အားထုတ်တော်မူ၏။
ဦးစွာ ဝတ်တက်၏။ ဘုရားရှင်အား ခန္ဓာကိုယ်ကို မငဲ့မကွက် အပြီးအပိုင် လှူသည်။ နောက်
မေတ္တာပို့
အမျှဝေသည်။ ဤနည်းဖြင့်အားထုတ်ရာ မောဟ တရား ထိနမိဒ္ဓများက နှိပ်စက်သဖြင့်
နေ့အားထုတ်လိုက်၊ ညအခါ မောဟဖုံးလိုက် မောဟတစ်ထပ်, အမောဟ (ဉာဏ်ပညာဝိဇ္ဇာ)
တစ်ထပ် ဖြစ်နေသည်။ စင်္ကြံသွားခြင်း၊ -ရေအေးအေးနှင့် မျက်နှာသစ်ခြင်း၊ စာရွတ်ခြင်း၊
နားရွက်ဆွဲခြင်း စသည်ဖြင့် အိပ်လိုစိတ်ကို ဖြေရသည်။

လေးငါးရက် ရသောအခါ ဆရာက-

“ငါ့ရှင်၊ အိပ်လိုခြင်းကို သည်းမခံနိုင်၍ အိပ်လျှင် တစ်သံသရာလုံး နိုးတော့မည်မဟုတ်။
အိပ်ခဲ့ရလှပြီ။ ယောဂီတို့အတွက် မအိပ်ချင်သော နေရာရှိသည်၊ ငါရှင်ရောက်အောင်သွားရမည်”
ဟု မိန့်တော်မူရာ အားကျမခံသော သဒ္ဓါဝီရိယဖြင့်-

“တပည့်တော် နိသဇ်ဓုတင်ခွင့်ပြုလျှင် ဆောင်ပါမည်” ဟု လျှောက်ရာ ဆောင်ရန်
တိုက်တွန်းတော်မူသည်။

နိသဇ်ဓုတင်ဟူသည် နေ့ရောညပါ မအိပ်ပါဟု ဆောက်တည်ရသော အကျင့် ဖြစ်
သည်။ မအိပ်ရုံသာမဟုတ်၊ နိုးလျက်လည်း ကျောခင်း၍ မနေရ။ မောဟနှင့် ထိနမိဒ္ဓကို
အပြတ်တိုက်သော အဓိဋ္ဌာန်နည်းတစ်မျိုးပင် ဖြစ်သည်။ အရှင်မြတ်သည် မအိပ်မနေ
သော် သေစေတော့ဟု နာမကျန်းဖြစ်သည်ကိုပင် ဂရုမထားဘဲ ပွားများရာ ထိနမိဒ္ဓပြင်းပြ၍
စင်္ကြံလျှောက်ရင်းက လဲကျသည့်အခါ ကျသည်။ ကျလျှင် ပြန်ထ၍ လျှောက်၏။ .

တစ်ခုသော ညဉ့်ဦးယံတွင် ပဘာချောင် မှ ပုညရှင်စေတီသို့ တက်၍ ဆရာသမား
ရှေ့တွင်မျှမက မြတ်စွာဘုရားရှေ့၌ပင် နိသဇ်ဓုတင်ကို လျှောက်ထား၍ ထပ်မံ တင်းကျပ်စွာ
ဆောက်တည်သည်- “ငါသည် အသက်ရှင်သမျှ ရဟန္တာ မဖြစ်သမျှ မအိပ်တော့ပြီ။”


## PAGE 183

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

သည်။


၁၂၇

ပထမတွင် ခက်ခဲသည်ထင်ရသော်လည်း သဒ္ဓါ ဆန္ဒ ဝီရိယတက်လျှင် လွယ်ကူတော့

မကြာမီ တရုဏဝိပဿနာ ယထာဘူတဉာဏ်သို့ သက်ဝင်၍ ရုပ်နာမ် အဖြစ်အပျက်
များကို မြင်ရလေတော့သည်။ ကိလေသာကို တဒင်္ဂ, ဝိက္ခမ္ဘန အားဖြင့် ပယ်သတ်နိုင်တော့၏။
ဤသို့သော လုံ့လဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိ ပွားသူမှာ ယခုဘဝ၌ပင် ရဟန္တာဖြစ်လျှင်ဖြစ်၊
မဖြစ်သော် ခုနစ်ဘဝထက် မလွန်ပြီဟု အင်္ဂုတ္တရ အဋ္ဌကထာ၌ မိန့်ဆို၏။

ပဘာချောင်ရှိ ရဟန်းရှင်လူ ယောဂီများတွင် အရှင်သဒ္ဓမ္မာလင်္ကာရ၏ သတင်းသည်
တစ်နေ့တခြား ကျော်ကြား၍ ဆရာ၏ အားရကျေနပ်ခြင်း ခံရသူ ဖြစ်လေသည်။

တစ်နေ့သောအခါ ဈာနလာဘီ ပုဂ္ဂိုလ်ထံ ခွင့်ပန်၍ ယခင်ကတိရှိဖူးသော အရှင်
ဝိသုဒ္ဓါစာရအား အသိပေးရန် တာဝန်လည်း ရှိသည့်အတွက် ပဘာချောင်မှ ထွက်ခွာခဲ့လေသည်။
ထွက်လာသည့် အချိန်မှစ၍ အရှင်ဝိသုဒ္ဓါစာရ၏ သတင်းကို စုံစမ်းရာ သတင်းအစအန
မရရှိသဖြင့် မိမိနေခဲ့ဖူးသော အင်းဝမြို့ မိုးထိတိုက်သို့ သွား၏။ အရှင်ဝိသုဒ္ဓါစာရလည်း
နှစ်နှစ်၊ သုံးနှစ် လှည့်လည်၍ ဆရာရှာမရသည့် အဆုံး စိတ်ပြေလက်ပျောက် မိုးထိတိုက်မှာ
စာချနေခိုက် ဖြစ်၍ ပက်ပင်းတွေ့ကြလေသည်။ သို့နှင့် ပဘာချောင် ဆရာတော်အကြောင်းများကို
အာလာပ သလ္လာပ ပြောဆိုကြပြီးလျှင် အရှင်ဝိသုဒ္ဓါစာရလည်း ပဘာချောင်သို့ လိုက်ရန်
သဘောတူ လက်ခံလိုက်၏။ မိုးထိကျောင်းမှ နှစ်ပါးအတူ ထွက်လာ၍ ဈာနလာဘီ
ပုဂ္ဂိုလ်ထံ၌ အတူ တရားထိုင်ကြလေသည်။

များမကြာမီ အရှင်သဒ္ဓမ္မာလင်္ကာရကား အားရကျေနပ်လောက်အောင် အားထုတ်ပြီး
နောက် ဆရာအား ရိုသေစွာ လျှောက်ထား၍ ပဘာချောင်မှ ထွက်ခွာခဲ့သည်။ အမရပူရမြို့၏
အရှေ့ လမိုင်းနယ်စီရင်စု နတ်စုရွာကို ဂေါစရဂါမ် ပြု၍ သီတင်းသုံး နေတော်မူ၏။ သမထ,
ဝိပဿနာတရားကို မိမိလည်း ကျင့်မြဲကျင့်၍ ရဟန်းရှင်လူအပေါင်းကိုလည်း နည်းပေး
ညွှန်ပြတော်မူသည်။

ရောဂါတိုးလေ ကြိုးစားလေ

ကာလတောင်တာ ကြာလတ်သော် အရှင်သဒ္ဓမ္မာလင်္ကာရ၌ သေဝပါးနီး ကြောက်ဖွယ်
သည်းသော ရောဂါကြီးတစ်မျိုး စွဲကပ်လေတော့၏။ မည်မျှလောက် ရောဂါ ပြင်းထန်စေကာမူ
ကြိတ်မှိတ် သည်းခံတော်မူလျက် ဦးခေါင်းနှင့် ကျောက်ကုန်းကို ခေါင်းအုံးနှင့်အိပ်ရာ၌
မည်သည့်အခါမျှ မချဘဲ (မအိပ်စက်ဘဲ) ငုတ်တုတ် အားထုတ်မြဲ အားထုတ်တော်မူရာ မြင်ရ
သူ တပည့်များအတွက် စိတ်စက်မသာ ကရုဏာ ဖြစ်ကြရသည်။ နောက်ဆုံး တပည့်အများ
တိုင်ပင်ကြ၍-

“ဆရာတော်ဘုရား၊ ပင်ပန်းလှပါပြီ၊ ရောဂါလဲ သက်သာလာပါတော့မည်။ နိသဇ်
ဓုတင်ကို ခဏချထား၍ ကျန်းမာလာမှ ဆက်လက်အားထုတ်ရန်သင့်ပါမည်” ဟု တောင်းပန်
