## PAGE 193


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၃၈

မွေး ပေးလှူကြသည်။ ညအခါ ရပ်ကွက်တွင်းသို့ လှည့်၍ ပရိတ်ဓမ္မစကြာ ရွတ်ဖတ်ကြသည်။
သီတင်းဝါလကျွတ်လျှင် တစ်မြို့လုံးရှိ ဝတ်အသင်းတိုင်းက မဟာမုနိ ဘုရားကြီးအား-နံနက်
စောစောကြီး အရုဏ်ကပ်ကြ၏။ စည်တော် ခရုသင်း အတီးအမှုတ်များဖြင့် လည်းကောင်း၊
သိုင်းကျိုင်းစသော မင်းခမ်းမင်းနားဖြင့် လည်းကောင်း တစ်မျှော်တစ်ခေါ်ကြီး စီတန်း၍
အရုဏ်ဆွမ်း ကပ်သွားကြသည်မှာ ကြည်နူးစရာကောင်းလှ၏။ သီတင်းဝါလကျွတ်ပြီးနောက်
ရပ်ကွက်တိုင်း လမ်းမတိုင်း ကထိန်ပွဲလမ်းများက တစ်လမ်းလုံး ခြိမ့်ခြိမ့်ညံလေတော့၏။

ဤကား အခြေခံပဋိပတ္တိသာသနာခေါ် ကိုယ်ကျင့်တရားကို အောက်ခြေထိ စိမ့်ဝင်အောင်
တီထွင်ခဲ့သော မင်းတုန်းမင်းကြီး၏ ကျေးဇူးတော်ပင် မဟုတ်လော။ ပတ်ဝန်းကျင် အာရုံ
ကောင်းရန် ဖန်တီးပေးခြင်းဖြင့် ကုသိုလ်ပြု လွယ်လာရပေသည်။

ဝါတွင်းတွင် ဥပုသ်ဇရပ်၌ စုဝေးကြ၍ ဝါလကျွတ်လျှင် ဆိုင်ရာ တန်ခိုးကြီး
ဘုရားစေတီ၌ အရုဏ်တော်ကပ်ပွဲ လုပ်ထုံးမှာ မြို့ရွာတိုင်းက အတုယူဖို့ ကောင်းလှ၏။

ရာဇဂုရု ဆရာတော်ကြီး တောထွက်ခန်း

ရတနာပုံ မန္တ လေးခေတ်တွင် မင်းမိဖုရားတို့ ကိုယ်တိုင် အပြိုင်အဆိုင် ထောက်ပံ့
လှူဒါန်းကြ၍ ပရိယတ္တိသာသနာကား ဆိုဖွယ်ရာမရှိ၊ အထူးစည်ပင်လှသည်။ အချို့ကျောင်းတိုက်
များတွင် ထောက်ပံ့ငွေဖြင့် ဆွမ်းကွမ်း ချက်ပြုတ်ရသော ကပ္ပိယ ကာရက (ဝိနည်းနှင့်
ညီညွတ်အောင် စီမံရသူ) များကိုပါ ခန့်ထားပေး၏။ ဝိနည်း ဒေသနာတော်ကို အသက်လောက်
မြတ်နိုး စောင့်ရှောက်သည့် ရဟန်းတော်များလည်း ပေါများလှသေးသည်။

သီးလုံးဆရာတော်၏ တပည့်များဖြစ်ကြသော ရွှေကျင်ဆရာတော်၊ မဟာဗိုလ်
ဆရာတော်၊ ရှမ်းကလေးကျွန်း ဆရာတော်၊ ကျောင်းတော်ရာ ဆရာတော်၊ မဟာဝိသုဒ္ဓါရာမ
ဆရာတော် စသူတို့မှာ သီးလုံးဆရာတော်၏ ပဋိပတ်အမွေကို မြတ်နိုးတနာ လွန်စွာ တန်ဖိုး
သိသော ဆရာတော်များဖြစ်ကြ၏။ မင်းမိဖုရားတို့ဆောက်လှူသော မိုးပါးထိနီး ရွှေကျောင်းတော်
ကြီးများမှ ဖဲခွာ၍ မကြာခဏ တောရဝင်တော်မူကြသည်။ ‘ဂန္ထ ပလိဗောဓ” ခေါ် ပရိယတ်
သံယောဇဉ်ကြိုးကြီး ခိုင်မာရသည့်အထဲ “အာဝါသ ပလိဗောဓ' ခေါ် သိန်းကျော်တန်
ကျောင်းတိုက်ကြီးများ တစ်တိုက်ပြီး တစ်တိုက် အလှူခံနေကြရ၏။ ဥဒါန်းတင်လောက်အောင်
သီလဖြူစင်တော်မူကြသလောက် ပရိယတ္တိအရာတွင်လည်း ပြောင်မြောက်တော်မူခဲ့ကြပါပေ၏။
ပဋိပတ္တိ သာသနာဝင်တွင်ကား မော်ကွန်းထိုးလောက်အောင် ပါရမီ ပေးတော်မူကြဟန် မရှိ၊

ထိုခေတ်က ကြီးကျယ်သော သံဃာ့အရံကြီး၏ ဦးစီးနာယက ရာဇဂုရု ဘွဲ့တံဆိပ်
တော်ရ နာမည်ကျော် ဆရာတော်ကြီးတစ်ပါးသည် သံဃာလေးငါးရာရှိ သံဃာ့အရံကြီးကို
စွန့်ပယ်၍ ကပ္ပိယတစ်ဦးကိုသာ အဖော်ခေါ်လျက် တောထွက်တော်မူခဲ့၏။ ပရိသတ်နှင့်
နေရသည်ကို လွန်စွာ ငြီးငွေ့တော်မူ၏။ ကမ္မဋ္ဌာန်းကျမ်းကြီးကိုလည်း ပြုစုတော်မူထား၍
“နေက္ခမ္မဇ္ဈာသယ” (တောထွက်လိုစိတ် ပြင်းပြမှု) လည်း များတော်မူ၏။ သူရေးသော ကျမ်း


## PAGE 194


၁၃၈

ဇမ္ဗောဇရိယ ဦးဌေးလှိုင်

ကို ကြည့်၍ “ ဤကျမ်းမျိုးပြုသည့် ပုဂ္ဂိုလ်ကား ဧကန်တရားပေါက်သည့် ပုဂ္ဂိုလ်ဖြစ်ရမည်”
အထင်ဖြင့် အောက်ပြည်အောက်ရွာမှ ထိုကမ္မဌာန်းကျမ်း ပေထုပ်ကြီးကို ထမ်း၍ လာရောက်
စုံစမ်းသည့် ရဟန်းများပင် ရှိခဲ့ဖူးသည်။ ကမ္မဋ္ဌာန်းကျမ်း ဆိုသော်လည်း ဝိသုဒ္ဓိမဂ်အတိုင်းပင်
ဖြစ်၏။ စာတတ်သဖြင့် ရေးသားပုံ ထိမိလှသည်။

အဆိုပါ ဆရာတော်ကြီးသည် ဆိတ်ငြိမ်အေးချမ်းသည့် … တောရကျောင်းငယ်၌
ဝါဆိုဦးကပင်ရောက်လာ၍ ရောက်စနေ့မှစလျက် အပြင်းအထန်ကျင့်ကြံတော်မူ၏။ ပရိသတ်
များကို အုပ်ချုပ်၍ စာတတ်ပုဂ္ဂိုလ်ကြီး အဖြစ် နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ရသည်ကိုပင်
နောင်တဖြစ်တော်မူသည်။ တစ်နေ့တခြား သမာဓိအား ကောင်းလာ၏။ သမာဓိကောင်း
သလောက် ပီတိ, သုခနှင့် ပဿဒ္ဓိ (ငြိမ်းအေးမှု) စသော အရသာတို့လည်း တိုး၍ တိုး၍
လာတော့၏။

ထိုအခါ တစ်စုံတစ်ယောက်သောသူက “မင်းဒီအလုပ်ကို မလုပ်နှင့်၊ လုပ်လျှင်
ဓားနှင့် ခုတ်သတ်မည်” ဆိုငြားအံ့။ အသက်သာ အသေခံမည်၊ တရားမရှုမှတ်ဘဲမနေ။
ကိုယ်တွေ့ချမ်းသာဖြစ်၍ နောက်မဆုတ်တော့ပြီ၊ အခြားသူတို့က တိုက်တွန်းရန်ပင် မလိုတော့။
“တကယ်လုပ်လျှင် အလွယ်ကလေးပါကလား” ဟု တစ်ပတ်အတွင်းမှာပင် တရားတော်၏
သန္ဒိဋ္ဌိကဂုဏ်ကို တွေ့ရ၍ ထိုတရားအရသာကို မိမိရင်ဝယ် အမြဲသိမ်းပိုက် ထားလိုသော
သြပနေယျကဂုဏ်လည်း အလိုလို ပေါ်ထွက်လာတော့သည်။

ထိုအခါ နိုင်ခြေရှိသည်ကို ရိပ်မိသော စစ်ဗိုလ်သည် ရှေ့သို့သာ အားသွန်ချီတက်၍
ရန်သူ့တပ်ကို နင်းဖြိုသကဲ့သို့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာခေါ် ဗိုလ်ချုပ် ငါးဦး
တို့သည်လည်း သူ့စစ်ကြောင်းနှင့်သူ ရှေ့သို့သာ ဦးတည်ချီတက်၍ အကုသိုလ်ရန်တပ်များကို
နှိပ်နင်းလေတော့သည်။ ဗိုလ်ငါးဦးတို့ အဆုတ်အတက် အထိုးအခံ ပုံမှန်အပေးအယူမျှနေလျှင်
ရန်သူကို အလွယ်တကူဖြင့်ပင် အနိုင်ယူနိုင်တော့သည်။ ဆုတ်သူဆုတ်၊ တက်သူတက်၊
အဆက်အစပ် အပေးအယူ မရှိလျှင်မူကား ရန်သူ့နယ်လွန်၍ ကျွံသွားသော ဗိုလ်ချုပ်မှာ
ရန်သူ့လက်ခုပ်တွင် ကျရောက်သွားရ၏။ ကျန်လေးတပ်လည်း ကစဉ့်ကလျား ပျက်သွား
နိုင်လေသည်။

ထိုဥပမာတိုင်းပင် ဆရာတော်ကြီးသည် တရားရှုမှတ်၍ တစ်လကျော်လျှင်ပင်
ကိုယ်တွေ့များကြောင့် ရံခါ ယုံကြည်ချက်များ လိုအပ်သည်ထက်ပင် တိုးပွားလာ၏။ ရံခါ
နေ့ချင်းညချင်း တရားထူးရတော့မည်ကဲ့သို့ မအိပ်မနေ ကြိုးစား၏။ တပ်မှူး ဗိုလ်ချုပ်အချို့
နယ်ကျွံ၍ ကျွံ၍သွားသည်ကို သတိမပြုမိ။ ကပ္ပိယအား တစ်နေကုန် တရားဖိ၍ ဟောသည့်အခါ
ဟောသည်။ မိမိ စေတနာထားသလောက် တပည့်က လိုက်နာပုံ မပေါ်သောအခါ မိမိသာ
လျှင် မော၍ ဒေါမနဿ ဖြစ်ရပြန်သည်။ ရံခါ နေပြည်တော်ပြန်၍ ဝိဇ္ဇာစရဏ ဘက်စုံ
သာသနာကြီး ဖြစ်အောင် လုပ်ဆောင်မည်ဟုလည်း စီမံကိန်း ဆွဲနေမိ၏။

သာသနာနှင့်စပ်သော ကုသိုလ်ရေး စိတ်ကူးကြီးများဖြစ်၍ အရပ်ထဲတွင် တန်ဖိုး
ရှိသော်လည်း ကမ္မဋ္ဌာန်း ကျောင်းအတွက်မူ ကြီးစွာသော ရန်သူကြီး ဖြစ်၏။ ဝိပဿနာ


## PAGE 195

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၃၉

ညစ်ညူးကြောင်းဖြစ်၏။ သဒ္ဓါဗိုလ် နယ်ကျွံခြင်းပင်တည်း။

“တရားကို နာနာဖိမှတ်၊ မခံနိုင်လျှင် ပါးရာကပေါက်ထွက်လိမ့်မည်” ဆိုသကဲ့သို့
ယောဂီတိုင်း အားနည်းချက်ရှိရာက ပေါက်၍ထွက်မြဲဖြစ်၏။ ဒေါသစရိုက် ရှိသူဖြစ်အံ့၊
တရားထိုင်သောအခါ ပို၍ ဒေါသကြီးလာတတ်၏။ ဆေးစားစတွင် ရောဂါကြွသကဲ့သို့တည်း။
ရောဂါပြိုအောင် မဖိနိုင်က ထိုနေရာမှ တပ်လန်ရလေတော့သည်။

တောထွက်မိတာ မှားလော

ဆရာတော်ဘုရားကြီးသည် ဝါလယ်လောက် ရောက်သောအခါ “တောထွက်မိတာ
နောက်ကျလေခြင်း” အစား “တောထွက်မိတာ မှားပြီ” ဟု ဖြေမဆည်နိုင်အောင် ဖြစ်ရ
ပြန်သည်။ ရောက်စက ဆိတ်ငြိမ်အေးချမ်း၍ ပျော်စရာ ကောင်းလှသည်ဆိုသော တောရ
ကျောင်းကလေးသည် လူသူမနီး ပျင်းစရာကြီးဖြစ်နေ၏။ နေ့တာ ညတာရှည်၍ ဝါကျွတ်
ခဲသည်ဟု အောက်မေ့တော်မူ၏။ မချိမဆန့် ပျင်းရိနေ၏။ တရားရှုပွားရန် သတိမရ၊
နေကာမတ္တ၊ စားကာမတ္တ ဖြစ်နေသည်။ မာရ်နတ် တပ်မကြီးဆယ်တပ်တွင် “အရတိ”
ခေါ်သော ဒုတိယ တပ်မကြီးပင်တည်း။

ဝါလယ်လောက်တွင် နေပြည်တော်မှ တပည့်ကြီးအချို့ တောရကျောင်းလေးသို့
လိုက်လာ၏။ အစစအရာရာ သပ္ပာယ (အဆင်ပြေမှု) ဖြစ်မဖြစ် သိလို၍ ဖြစ်သည်။ ကို
အချိန်ကား တောရကျောင်းလေးမှ ပြေးထွက်ချင်လောက်အောင် ပျင်းရိသောအချိန် ဖြစ်၏။
နေပြည်တော်ပြန်ကြွရန်လည်း ဝါမကျွတ်သေး၍ ခက်နေသည်။ တစ်ဝါတစ်ချီမျှ မအောင့်နိုင်၍
ပြန်ရသော် အများ ပြောစမှတ်ကြီးဖြစ်၍ နေတော့မည်။ ဆရာတော်ကြီးသည် တောင်စဉ်ရေမရ
အပျင်းနယ်ချဲ့ကာ သစ်ပင်အောက်တွင် တုတ်ချောင်းကလေးကို ကိုင်ကာ မြေကြီး၌ ရေးခြစ်
နေလေ၏။ ရဟန်းတော်များသည် မြေ၌ မရေးခြစ်ကောင်း။ အလွန်ဝိနည်းသိက္ခာ လေးစားလှ
သော ဆရာတော်ကြီးကား ထိုဝိနည်း ဥပဒေကိုပင် မေ့လျော့ကာ မချိမဆန့် ပျင်းရိတော်မူနေ၏၊
နေပြည်တော်မှရောက်လာသည့် တပည့်ကြီးမှာ ထိုအဖြစ်အပျက်ကို မြင်တွေ့ ရလျှင် မဆုတ်သာ
မတိုးသာ ရှိနေလေ၏။

“အရတိ” ခေါ် အလုပ်ခွင်၌ ပျင်းရိမှု မာရ်နတ်၏ ဒုတိယတပ်မကြီးကို မကျော်လွန်
နိုင်သဖြင့် ဝါကျွတ်သည်နှင့်တစ်ပြိုင်နက် နေပြည်တော်သို့ ပြန်ကြွတော်မူလေ၏။ နေပြည်တော်
ရှိ တိုက်ကြီးတွင် လစဉ် ထောင်ချီ၍ ထောက်ပံ့လှူဒါန်းမည့် ဒကာများကလည်း စောင့်မျှော်
နေကြ၏။ ရဟန်း တပည့်ကြီးများကလည်း “ဆရာတော်မှ မရှိလျှင် မဖြစ်ပါ” ဟု
ဇွတ်ပင့်ရန် ပြင်ဆင်ကြသည်နှင့်လည်း အတော်ပင် ဖြစ်နေ၏။

ရွှံ့နွံ မှ ရွှေကို ကျင်ယူရသကဲ့သို့ အရိယာ သူတော်ကောင်းတစ်ပါး ထွက်ပေါ်ရန်
မလွယ်ကူလှချေတကား။

ရာဇဂုရု တံဆိပ်တော်ရ သာသနာ ဦးကိုင်ဆရာတော်ကြီး၏ ပဋိပတ် ဖြစ်စဉ်မှာ ဤ

